ဘလ္လိကနှင့် တပုဿ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြတ်စွာဘုရားသည် ကုန်သည်ညီနောင်အား ဆံတော်ပေးနေပုံ

ဘလ္လိကနှင့် တပုဿတို့သည် ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ခရဝတီမြို့(ဝါ) အသိတဉ္စန နဂိုရ်မြိုံမှ ကုန်သည်ညီနောင်တို့ဖြစ်၏။ တပုဿကားအကြီး၊ ဘိကကား အငယ်ဖြစ်သည်။

မြတ်စွာဘုရား သခင်သည် မဟာဗောဓိပင်မှ တောင်မျက်နှာ အလံ ၄ဝ ကွာတွင် လင်းလွန်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး သမာပတ်ကို ဝင်စားတော်မူ၍ ခုနစ် ရက်စေ့သော နံနက်၌၊ မျက်နှာသစ်တော်မူလိုသော အကြံ တော်ဖြစ်လေသော်၊ သိကြားမင်းသည် ကြဇုသီး၊ ကွမ်းရိုးဒန်ပူ၊ နောတတ် ရေများကို ကပ်လှူလာ၍ သုံးဆောင်တော် မူပြီးစ အခါတွင်၊ ရာမညတိုင်း ဥက္ကလာဇနပုဒ်၊ ပေါက္ခရဝတီမြို့မှ တပုဿနှင့် ဘိကကုန်သည် ညီနောင်တို့သည် ကုန်သွယ် ခြင်းငှာ လှည်းငါးရာနှင့် မဇ္ဈိမဒေသသို့လာကြသည်တွင် ဘုရားရှင်ရှိရာ အရပ်သို့ရောက်လေသော် မိမိတို့အဆွေ ဖြစ်ဘူးသော နတ်က လှည်းကို မသွားနိုင်အောင် ချုပ်နှောင်၍၊ ဗလိနတ်စာ ပြုသောကာလ၊ နတ်က ကိုယ်ထင်ပြလျက် လောကသုံးပါးတွင် အတုမရှိသော ဘုရားထင်းရှား ဖြစ်တော်မူ၍ ယခု လင်းလွန်း ပင်ရင်း၌ သီတင်းသုံးနေ တော်မူသည်။ သင်တို့အကျိုးစီးပွားများလိုမူကား တစ်စုံ တစ်ခုဖြင့် လှူဒါန်းပူဇော်ချေ ဟု ဆို၏။

ထိုစကားကို ကြားလျှင် ညီနောင်နှစ်ပါးတို့သည် အားရဝမ်းသာရှိ၍ မိမိတို့တွင်ပါသော ကြွက်ကျစ်မုန့်၊ ပျားမုန့်ဆုပ်တို့ကိုယူ၍ ကပ်လာ၏။ ထိုအခါ ဋီကာရ ဗြဟ္မာလှူသော သပိတ်တော်သည် သုဇာတာ နို့ဆွမ်းလှူစကပင် ကွယ်ခဲ့၍ အဘယ်ဝတ္ထုဖြင့် ခံသော်လျော်အံ့နည်း၊ နောင်တော် ဘုရားတို့သည် အဘယ်ဝတ္ထုဖြင့် ခံသနည်း ဟု ရှုတော် မူသော်၊ နောင်တော်ဘုရားတို့သည် သပိတ်တော်ဖြင့် ခံတော်မူ ကြသည်ကိုမြင်၍၊ သပိတ်တော်ကို အောက်မေ့လျက် ထိုမုန့်ကို ခံလိုသော အကြံတော်ဖြစ်လေသော် စာတုမဟာရာဇ် နတ်မင်း ကြီး လေးယောက်တို့သည် န္ဒနီလာ ကျောက်ညိုဖြင့် ပြီးသော သပိတ်လေးလုံးကို ကပ်လာ၏။ ဘုရားသခင်သည် လည်း သပိတ်ကို ခံတော်မမူ၊ ယင်းသို့ခံတော် မမူသော် ပဲနောက်အဆင်းရှိသော ကျောက်သပိတ်လေးလုံးကို လှူပြန်၏။

ထိုကျောက် သပိတ်ကို ခံတော်မူလျက် လေးလုံးသော သပိတ် ကို ဓိဋ္ဌာန်၍ နှိပ်လျှင်၊ အနားရေး လေးခုရှိသော သပိတ် တစ်လုံးတည်း ဖြစ်သဖြင့် ထိုသပိတ်နှင့် ခံတော်မူ၏။ ထိုကုန်သည် ညီနောင်တို့အားလည်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ ဟူသော ဒွေဝါစိက သရဏဂုံကို ပေးတော်မူသည်။ ဦးခေါင်းတော်ကို သုံးသပ်၍ ဆံတော်ဓာတ် တစ်လက်ဆုပ်ကိုလည်း အပ်တော်မူလိုက်၏။

ကုန်သည် ညီနောင်တို့လည်း အသိတဉ္စနနဂိုရ်မြို့သို့ ရောက်ပြန်လာသောအခါ၊ လူအပေါင်းအား ကုသိုလ် ကောင်းမှု ဖြစ်စေလိုသောကြောင့်၊ မိမိသွားရာရာ ပူဇော်အံ့သောငှာ ဆံတော်နှစ်ဆူကိုထား၍၊ ကျန်သော ဆံတော်တို့ကို ရွှေကြုတ်၌ ထည့်၍ အသိတဉ္စနနဂိုရ်မြို့၏ အရှေ့မျက်နှာရှိ တမ္ဗဂုတ္တ တောင်ထိပ်၌ ဌာပနာ၍ စေတီ လည်းကောင်း၊ စေတီယင်္ဂဏ လည်းကောင်း ပြု၍ပူဇော်ကုန်၏။

သွားရာရာ ဆော်အံ့ဟူ၍ ယင်းတို့ထားသော ဆံတော် နှစ်ဆူကိုမူကား၊ ယင်းတို့၏ မေ့လျော့သောအဖြစ် ကိုကြည့်၍ ဇယသေနမည်သော နဂါးမင်းသည် ဘူမိန္ဓရမည်သော နဂါး ပြည်သို့ဆောင်လေ၍ ပူဇော်ပသ၏။

ဤတပုဿ ဘလ္လိကမည်သော ညီအစ်ကို နှစ်ယောက် တို့တုံလည်း၊ ဘုရားသခင် ဇေတဝန်ကျောင်းတော်၌ နေတော် မူ၍၊ ဥပသကာများတို့ကို အစဉ်အတိုင်း ဌာနန္တရ၌ တည်တော် မူလတ်သော်၊ ရှေးဦးစွာသော သရဏဂမန ကိုယူသောဥပသကာ များတို့တွင် ဧတဒဂ္ဂ ထားတော်မူသတည်း။

အခါတစ်ပါး ဘုရားသခင် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံး နေတော်မူလတ်သော်၊ တစ်ဖန်လည်းကောင်း ဤတပုဿ ဘလ္လိက ကုန်သည်နှစ်ယောက်တို့သည် ဘုရား သခင်သို့ကပ်လေ၍၊ ဘုရားသခင်ကို ရှိခိုး၍၊ တင့်အပ်သော နေရာ၌ နေကုန်၏။ ဘုရားသခင်လည်း ယင်းတို့ကို တရား ဟောတော်မူပေ၏။ တပုဿသည် သောတာပန်ဖြစ်၍ ဥပသကာ လျှင်ဖြစ်၏။ ဘလ္လိကမူကား အဘိဉာဉ်ခြောက်ပါးရှိသော ဘလ္လိကထေရ်မည်သော ရဟန္တလျှင် ဖြစ်၏။

တပုဿသည် အသိတဉ္စနနဂိုရ်မြို့သို့တစ်ဖန်ပြန်တုံ၍၊ တမဗဂုတ္တ တောင်ထိပ်ထက်၌ ဌာပနာသော ဆံတော်ဓာတ် စေတီ၌ ဝတ်ပဋိပတ်မူ၍၊ အသက်တိုင်း နေပြီးသော် လွန်လေ ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)