မာတိကာသို့ ခုန်သွားရန်

ဘတ္တဂ္ဂဝတ်

ဝီကီပီးဒီးယား မှ
(ဘဂ္ဂဝတ် မှ ပြန်ညွှန်းထားသည်)

ဆွမ်းစားရာ (ဆွမ်းလုပ်ကျွေးရာဌာနဖြစ်သော ကျောင်းကိုဖြစ်စေ၊ ဇရပ်ကိုဖြစ်စေ၊ အိမ်ကိုဖြစ်စေ ဘတ္တဂ္ဂ-ဟု ခေါ်၏။ (ဘတ္တ=ဆွမ်း+ ဂ္ဂ= ယူရာဌာန) ထိုဆွမ်းစားရာ ဆွမ်းလုပ်ကျွေးရာဌာန၌ ပြုကျင့်အပ်သောကြောင့် ဘဂ္ဂဝတ်-ဟု ဆိုရသည်။

ဘတ္တဂ္ဂဝတ္တေတိ ဘတ္တံ ဂဏှန္တိ ဧတ္ထာတိ ဘတ္တံ၊ ပရိဝိသနဌာနံ၊ တသ္မိံ ကတ္တဗ္ဗံ ဝတ္တံ ဘတ္တဂ္ဂတ္တံ။ (စူဠဝါ ယောဇနာ)

ဘဂ္ဂဝတ် ပြုကျင့်ရပုံများ

[ပြင်ဆင်ရန်]

ရွာတွင်းဖြစ်စေ၊ ကျောင်းဥပစာအတွင်းဖြစ်စေ သားမယားနှင့်တကွ လူဒါယကာများ ဆွမ်းလုပ်ကျွေးရာဌာန (ဘတ္တဂ္ဂ) သို့ အချက်ပေးပင့်လျောက်၍ ကြွသွားခဲ့သော် သင်းပိုင်ကို အဝန်းညီစွာ ဝတ်ရုံခြင်း၊ ခါးပန်းကို ဖွဲ့ခြင်း၊ သင်္ကန်းရုံခြင်း၊ အနားပတ်သီးတပ်ခြင်း၊ သပိတ်ဆေး၍ ယူလာရခြင်း၊ မနှေးမလျင် ဘတ္တဂ္ဂသို့ဝင်ရခြင်း၊ မထေရ်ကြီးကို ရှောင်၍ ရှေ့သို့မသွားပဲ မထေရ်ကြီးတို့ နောက်မှ လိုက်ရခြင်း၊ ရွာတွင်း ဘတ္တဂ္ဂသို့ သွားခြင်း၊ နေခြင်း၊ ပြန်ခြင်းတို့၌ ရွာတွင်းကျင့်ကြံရသော သေခိယသိက္ခာပုဒ်တို့ကို လိုက်နာကျင့်ကြံရခြင်း၊ မထေရ်ကြီးတို့ကို တိုးဝှေ့၍ မနေထိုင်ရခြင်း၊ သီတင်းငယ်တို့အားလည်း ရှိနေသော နေရာကို မထိုင်နှင့်ဟု မတားမြစ်ရခြင်း၊ မဟာထေရ်ကြီးနေသော နေရာနှင့် အမြင့်အမြတ် တူမျှသော နေရာအများရှိခဲ့အံ့၊ သီတင်းငယ်သည် တနေရာနှစ်နေရာတို့ကို အကြားထား၍ ထိုင်နေရခြင်း၊ ရဟန်းတို့ ရေတွက်၍ ခင်းထားသောနေရာမျိုး၌ မထိုင်ပဲ ရပ်နေရမည်။ မထေရ်ကြီးက ထိုင်လော့ဟုဆိုမှ ထိုင်ရခြင်း၊ မထိုင်ပဲနေလျက် မထေရ်ကြီးက ဘာမှ မပြောပဲနေလျှင် သီတင်းငယ်က “အရှင်ဘုရား ဤနေရာကား မြင့်မြတ်ပါ၏ဘုရား”ဟု လျှောက်ရမည်၊ ထိုသို့ လျှောက်၍ မထေရ်ကြီးက ထိုင်ပါဟု ဆိုခဲ့လျှင် ထိုင်ရခြင်း၊ လျှောက်ကြားလျက် မထေရ်ကြီးက ဘာမျှမဆိုချေသော် ထိုင်သော သီတင်းငယ် အပြစ်မရှိ၊ မထေရ်ကြီး အာပတ်သင့်၏၊ မထေရ်ကြီးက ထိုင်လော့ဟုလည်း မပြောပဲ မိမိကလည်း ဤနေရာ မြင့်မြတ်ပါ၏ဟု ပန်ကြား မလျှောက်ထားပဲ ထိုင်လျှင် သီတင်းငယ် အပြစ်ရောက်၏။ ရွာတွင်း၌ ရုံထားသော သံဃာဋိ နှစ်ထပ်သင်္ကန်း ကိုယ်ရုံသင်္ကန်းတို့ကို မပင့်မြှောက်ပဲ ဖိ၍ မထိုင်ရခြင်း၊

ဤ၌ “န သံဃာဋိံ ဩတ္တရိတွာ အန္တရဃရေ နိသီဒိတဗ္ဗံ” ဟူသော ပါဠိတော်ကို “ပါရုတသံဃာဋိ အဝတ္ထရိတွာ အနုက္ခိပိတွာတိအတ္ထော” ဟု ဝိမတိ၌ ပါရုတ-သဒ္ဒါနှင့် ဖွင့်သည်ကို ထောက်၍ သံဃာဋိ-သဒ္ဒါသည် တထပ်ရှိ ကိုယ်ရုံနှင့် နှစ်ထပ် ဒုကုဋ်ကို ဟောသည်ဟု ညောင်လေးပင် ရှင်ကျင့်ဝတ်၌ ပါရှိ၏၊ အချို့နှစ်ထပ် ဒုကုဋ်ကိုသာ ယူကြသည် ထိုဆရာတို့ အလိုဖြင့် ဝိမတိ၌ ပါရုတသည် ရုံထားတဲ့ ဒုကုဋ်သာ ဖိမထိုင်ရ၊ မရုံတဲ့ ဒုကုဋ်ကိုကား ဖိ၍ ထိုင်နိုင်သည် ဟူသော အဓိပ္ပါယ် ယူကြဟန် ရှိသည်၊ သင့်လျော်လှပေ၏၊ အကပ်ခံရာတို့၌ လက်နှစ်ဘက်ဖြင့် ခံယူရခြင်း၊ ဒကာတို့ ရေစက်သွန်းချလိုသည်ရှိသော် ရှေ့၌ သပိတ်ထားလျက် ခံယူရခြင်း ဆွမ်းစားသောအခါ သေခိယနှင့်ညီစွာ စားသောက်ရခြင်း၊ ဆွမ်းစားခါနီးဖြစ်စေ၊ ဆွမ်းစားပြီးနောက် ဖြစ်စေ လက်စသည်ဆေးသောအခါ ရေသံ, ပလုပ်ကျင်းသံ စသည် မကြားရအောင် ငြိမ်သက်စွာ ဆေးရခြင်း၊ အနီးအပါး ပုဂ္ဂိုလ်များကို ရေမစင်အောင် သတိထား၍ လက်ဆေးခံ, ထွေးခံတို့၌သာ ဆေးရ, ထွေးရသည်၊ ဆွမ်းစားပြီး ဆွမ်းစားရာ ဘတ္တဂ္ဂ ကျဉ်းမြောင်း၍ ပြန်ကြွရာ၌ သီတင်းငယ်တို့က ထွက်ရာ တံခါးဝ စသည်နှင့် နီးအံ့၊ မထေရ်ကြီး ထွက်စရာမရှိ၍ သီတင်းငယ်တို့ အရင်ထွက်ပြီး တံခါးဝ၌ ရပ်နေရသည်၊ မထေရ်ကြီးများ ထွက်လာပြီးမှ အစဉ်အတိုင်း ကြွရသည်၊ ထွက်ရန် မထေရ်များ နေရာထွက်ပေါက်ဦး၌ နေသည်ရှိသော် မထေရ်ကြီးများ ရှေ့ဦးကြွ၍ ထွက်ပြန်ရခြင်း၊ ကိုယ်ချင်းချင်း မထိခိုက်စေပဲ အကြားအကြား၌ လူများ သွားနိုင်အောင် ကွာကျဲသော အစဉ်ဖြင့် ပြန်ကြွရခြင်း။

န တာဝ ထေရေန ဘုဉ္ဇိတဗ္ဗံ ယာဝ န သဗ္ဗေသံ ဩဒနော သမ္ပတ္တော ဟောတိ-ဟူသော ဘတ္တဝတ်လာ ပါဠိတော်၏ အဓိပ္ပါယ်ကား ဘယ်လိုလဲ?

[ပြင်ဆင်ရန်]

လူဒါယကာတို့က အားလုံးရောက်၍ စုံစေ့သောအခါ ရှိခိုးလိုသော ရဟန်းအပိုင်းအခြားရှိ၍ ဘတ္တဂ္ဂ၌ အားလုံးသော ရဟန်းတို့ ဆွမ်းမရောက် သေးသမျှ မထေရ်ကြီးမှာ ဆွမ်းမစားရသေး၊ ငံ့လင့်နေရမည်၊ အချို့ နေရာ ဆွမ်းစားကုန်လျက် အချို့နေရာ ရေသုံးနေ၍ ကျယ်ဝန်းသော ဘတ္တဂ္ဂ၌ကား မထေရ်ကြီး လင့်ဖွယ်မလို၊ အလိုရှိတိုင်း စားနိုင်၏ဟု အဋ္ဌကထာ ဆိုသည်။

န တာဝ ထေရေန ဥဒကံ ပဋိဂ္ဂဟေတဗ္ဗံ ယာဝနသဗ္ဗေဝ ဘုတ္တာဝိနော ဟောန္တိ-ဟူသော ဘတ္တဂ္ဂဝတ်လာ ပါဠိတော် အဓိပ္ပါယ်ကား ဘယ်လိုလဲ?

[ပြင်ဆင်ရန်]

အားလုံး ဆွမ်းစားမပြီးသေးမီ မထေရ်ကြီးသည် အပြီးသတ် လက်ဆေးရေ ယူအပ်ဟု ဆိုလိုသည်။ အဋ္ဌကထာ၌ ရေဟူသည် လက်ဆေးရေကို ဆိုလိုသည်၊ လူတို့ကလည်းကောင်း၊ ရဟန်းတို့က လည်းကောင်း ဆေးပါ ယူပါဟုဆိုလျှင် ယူအပ်သည်ဟု ဖွင့်၏၊ ဆွမ်းမဝသေးမီ အကြား၌ကား ရေငတ်၍လည်းကောင်း၊ ဆွမ်းနင်၍လည်းကောင်း ရေသောက်ပြီးလျှင် လက်မဆေးအပ်ဟု အဋ္ဌကထာ ဖွင့်သည်၊ ဋီကာတို့ မနှစ်သက်ကြ၊ လက်ဆေးအပ်၏ ဟူ၍သာ ဖြစ်သင့်သည်ဟု ဆိုကြကုန်၏။ [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း