ရာဇာဂါရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပထမသိက္ခာပုဒ်၊ စိတ္တာဂါရဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ဆန်းကြယ်စွာ ပြုလုပ်အပ်သော အိမ်တော်ကို အကြည့် သွားကြ။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]

ဆန်းကြယ်သော အိမ်တော်[ပြင်ဆင်ရန်]

ကောသလမဟာရာဇာ၏ မင်းဥယျာဉ်အတွင်း၌ နဂိုကပင် အဆန်းတကြယ် ဆောက်လုပ်ထားသော အိမ်တော်ဝယ် ပန်းချီဆေးရေးရုပ်တို့ဖြင့် ဆန်းကြယ်စွာ ခြယ်လှယ်ထားသောကြောင့် လူအများပင် အကြည့်အရှု သွားကြလေသည်၊ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဩဝါဒခံ ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့လည်း အကြည့်အရှု သွားကြသောကြောင့် “လူဝတ်ကြောင် မိန်းမတွေလို ဒီဘိက္ခုနီတွေကလဲ ဆန်းကြယ်သောအိမ်တော်ကို အကြည့်အရှု သွားပဲ သွားရဲကြတယ်”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ရာဇာဂါရံ ဝါ စိတ္တာဂါရံ ဝါ အာရာမံ ဝါ ဥယျာနံ ဝါ ပေါက္ခရဏိံ ဝါ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

မင်းနန်းတော်ကိုဖြစ်, ဆန်းကြယ်သောအိမ်ကိုဖြစ်စေ, အာရာမ်(ခြံ)ကို ဖြစ်စေ, ဥယျာဉ်ကို ဖြစ်စေ, ရေကန်ကို ဖြစ်စေ, တမင်္ဂလာ အကြည့်အရှု သွားသောဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

ရာဇ-စိတ္တာဂါရ[ပြင်ဆင်ရန်]

ရှင်ဘုရင်၏ တစ်ရံတစ်ခါ ပျော်ပျော်ပါးပါး နေထိုင်ဖို့ရာ ဆောက်လုပ်အပ်သော အိမ်တော်ကို “ရာဇာဂါရ”ဟုခေါ်၏။

နန်နန်းကို “နတ်ကွန်း” ဟု ခေါ်သကဲ့သို့ ထိုအိမ်တော်ကိုလည်း “မင်းကွန်း = စံနန်း”ဟု ခေါ်၏၊ လူအများ၏ ကစားပျော်မြူးဖို့ရာ ဆန်းကြယ်စွာ ဆောက်လုပ်ထားသော အိမ်ကို “စိတ္တာဂါရ”ဟု ခေါ်၏၊ [စိတ္တ= ဆန်းကြယ်သော+အဂါရ = အိမ်၊ ယခုအခါ မြို့ကြီး များ၌ “ကလာပ်”များနှင့် တူ၏။

အာရာမ, ဥယျာန[ပြင်ဆင်ရန်]

မြို့ကြီးများ၌ အထူးတလည် ပြုပြင်ထား၍ လူအများ ပျော်စရာကောင်းသော ပန်းခြံများကို “အာရာမ”ဟု ခေါ်၏၊ လူအများ ပျော်မွေ့ဖို့ရာ သစ်သီးဥယျာဉ်, ပန်းဥယျာဉ်များကို “ဥယျာန”ဟု ခေါ်၏။

ပေါက္ခရဏီ[ပြင်ဆင်ရန်]

ရန်ကုန်မြို့တော်၏ ကန်တော်ကြီးကဲ့သို့ လူအများစိတ်ကြည်နူးဖို့ရာ သာသာယာယာ ပြုပြင်ထားသော ရေကန်ကို “ပေါက္ခရဏီ”ဟု ခေါ်၏၊ ထို ၅-မျိုးတွင် တစ်မျိုးမျိုးကို သက်သက် အကြည့်သွားလျှင် ခြေလှမ်းတိုင်း ဒုက္ကဋ်၊ မြင်လောက်သော အရပ်၌ ရပ်၍ တစ်မျိုးကြည့်လျင်(ဘိက္ခုနီတို့မှာ)ပါစိတ်တချက်၊ ၅-မျိုးလုံးကို လှည့်၍ ကြည့်လျှင် ပါစိတ် ၅ ချက်သင့်၏၊ ဘိက္ခုတို့အတွက်ကား အားလုံး ဒုက္ကဋ် အာပတ်ချည်းသာဟု(အဋ္ဌကထာ)ဆို၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး