ကုလမစ္ဆရိနီသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပဉ္စမသိက္ခာပုဒ်၊ အာရာမဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—မိမိနှစ်သက်သော ဒါယကာအိမ်သို့ သူတစ်ပါးတို့ မသွားအောင် ဝန်တိုမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

ဘိက္ခုနီ၏ အကြံ[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၏ လမ်းမတစ်ခုပေါ်၌ ဆွမ်းခံလှည့်နေသော ဘိက္ခုနီတစ်ယောက်ကို အမျိုးတစ်မျိုးအိမ်က ဆွမ်းကပ်၍ နောက်ထပ်လဲ အခြားဘိက္ခုနီများ ကြွခဲ့ပါစေ”ဟု လျှောက်လိုက်၏၊ ထိုဘိက္ခုနီသည် ယခုမှတွေ့ရသော သူ ဒါယကာအိမ်သို့ အခြားဘိက္ခုနီများ ရောက်သွားမည်စိုး၍ (ဝန်တို၍)ထိုလမ်းကို ညွှန်ပြကာ “မည်သည့်လမ်းဟာ ခွေးအလွန် ဆိုးတယ်, (သို့မဟုတ်) နွားလားကြီးက သိပ်ကြမ်းတာဘဲ, (သို့မဟုတ်) ရွှံ့ညွန်ရှိတယ်” ဤသို့ စသည်ဖြင့် မသွားချင်အောင် အခြားဘိက္ခုနီတို့အား ပြောပြလေသည်။

သူ၏ ပြောပြချက်ကြောင့် များစွာသော ဘိက္ခုနီတို့ ထိုလမ်းကို ဆွမ်းခံ မသွားကြ၊ သို့ရာတွင် ဘိက္ခုနီတစ်ယောက်ကား ထိုလမ်းသို့ ရောက်သွား၍ ထိုအိမ်မှ ပင့်ဖိတ် ဆွမ်းကျွေးပြီးလျှင် “ဘာ့ကြောင့် ဘိက္ခုနီများ ဒီလမ်း မလာကြပါတုန်း”ဟု မေးလေသော် ထိုဘိက္ခုနီသည် ပထမ ဘိက္ခုနီက ပြောထားပုံကို ပြန်၍ ပြောလေရာ, ထိုပထမဘိက္ခုနီ၏ ယုတ်မာသော မစ္ဆေရ (ဝန်တိုမှု)စိတ်ထားပုံကို မကျေနပ်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ကုလမစ္ဆရိနီ အဿ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

မိမိ၏ ဒါယကာ ဒါယိကာမ အမျိုးကို ဝန်တိုသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

စိတ်ထဲ၌ သူတစ်ပါးတို့ မထွက် မဝင်စေလိုဘဲ ဝန်တိုနေရုံ သက်သက်ကား “မနောဒွါရေ အာပတ္တိနာမ နတ္ထိ” = စိတ်သက်သက်ဖြစ်၍ အာပတ်မသင့်သေး၊ ထိုစိတ်အားလျော်စွာ ထိုအမျိုးအိမ်သို့ မသွားချင်အောင် “မည်သည့်အိမ်ဟာ သိပ်သဒ္ဓါတရား နည်းတာဘဲ” စသည်ဖြင့် အမျိုး၏အပြစ်ကိုဖြစ်စေ, လာပြန်လျှင်လည်း အိမ်သူအိမ်သားတို့ မကြည်ညိုချင်အောင် “ဘိက္ခုနီတွေဟာ ဘာမှ အရောတဝင် ဆက်ဆံလို မကောင်းဘူး”စသည်ဖြင့် ဘိက္ခုနီများ၏ အပြစ်ကိုဖြစ်စေ ပြောဆိုမှသာ အာပတ်သင့်၏၊ ဝန်တို၍ မဟုတ်ဘဲ ဟုတ်မှန်သော အဖြစ်ကို သတိထားဖို့ရန် ပြောပေးရာ၌ကား အာပတ်မသင့်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး