ကထိနုဒ္ဓါရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဒဿမသိက္ခာပုဒ်၊ နဂ္ဂဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—တရားလမ်းကြောင်းကျသော ကထိန်နုတ်ခြင်းကို တားမြစ်မှု။

အမှုသည်—ထုလ္လနန္ဒာ။ [၁]

ကထိန်နုတ်ခွင့်[ပြင်ဆင်ရန်]

ဥပါသကာတစ်ယောက်သည် သံဃိကလှူဖို့ရန် ကျောင်းဆောက်ပြီးနောက် ကျောင်းရေစက်ချသောအခါ ပထမ ဝါကျွတ်သော သံဃာသာမက, ရှိသမျှသံဃာအားလုံးကို သင်္ကန်းလှူလို သောဆန္ဒရှိ၏၊ ထိုအချိန်၌ ဘိက္ခု-ဘိက္ခုနီ သံဃာ ၂-ဘက်လုံးမှာပင် ကထိန်ခင်းပြီး ဖြစ်နေသောကြောင့် သံဃိကသင်္ကန်းလှူလျှင် ကထိန်အာနိသင်ရထားသော(ထိုကျောင်းတိုက်၌ ပထမဝါကျွတ်သော) သံဃာများသာ ရခွင့်ရှိ၏၊ ထို့ကြောင့် လာလာသမျှ သံဃာအားလုံးနှင့် သက်ဆိုင်အောင် လှူလိုသော ဒါယကာသည် ခင်းပြီးကထိန်ကို ပြန်၍ နုတ်ဖို့ရန် လျှောက်ထားသဖြင့် ရဟန်းများက ဘုရားရှင်အား တဆင့်လျှောက်ကြသောကြောင့် ကထိန်နုတ်ခွင့်ပြုတော်မူရလေသည်။ [သံဃာစည်းဝေး၍ ဘုရားအမိန့်တော် ကမ္မဝါစာဖြင့် ခင်းပြီး ကထိန်ကိုပြန်၍ ရုပ်သိမ်းမှုကို “ကထိန်နုတ်”ဟု ခေါ်သည်။]

ထုလ္လနန္ဒ၏ တားမှု[ပြင်ဆင်ရန်]

ထိုသို့ကထိန်နုတ်ခွင့် ပြုတော်မူသောကြောင့် ကထိန်နုတ်မည်ဟု သံဃာစည်းဝေးသောအခါ ထုလ္လနန္ဒာသည် (လှူမည့်သင်္ကန်းကို နောက်လာသူများနှင့် မဆိုင်စေဘဲ ပထမဝါကျွတ်သော သူတို့တစုသာ ပိုင်ဆိုင်လိုသောကြောင့်) ထိုကထိန်နှုတ်ခြင်းကို တားမြစ်ထားလေသည်၊ ထိုအကြောင်းကို ကြားရသော ကျောင်းဒါယကာ ဥပါသကာသည် ထုလ္လနန္ဒာ၏လုပ်ပုံကို မကျေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဓမ္မိကံ ကထိနုဒ္ဓါရံ ပဋိဗာဟေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

တရားနှင့်လျော်သော ကထိန်နုတ်ခြင်းကို တားမြစ်သော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဤ ကထိန်နှုတ်ခွင့်ပြုတော်မူခြင်းမှာ သံဃာအားလုံး ညီတူညီမျှ သံဃိကသင်္ကန်းကို ရပါစေတော့ဟု သဘောထား၍ ခွင့်ပြုတော်မူခြင်း ဖြစ်သော်လည်း ပထမဝါကျွတ်သော သံဃာများမှာ အရနည်းနေလျှင် မသင့်လျော်ချေ။ သို့ဖြစ်၍ ကထိန်နုတ်ခြင်းကြောင့် ရှိမည့်လာဘ်သည် ကထိန်အာနိသင် လာဘ်အောက်နည်းနေလျှင် “ဓမ္မိက ကထိနုဒ္ဓါရ = တရားနှင့်လျော်သော ကထိန်နုတ်ခြင်း”မဟုတ်၊ ကထိန်နုတ်ခြင်းကြောင့် နောက်ထပ်ရရှိမည့်လာဘ်က ကထိန်အာနိသင် လာဘ်ထက် များသော်လည်းကောင်း, တန်းတူသော်လည်းကောင်း, ဖြစ်မှ “ဓမ္မိက ကထိနုဒ္ဓါရ”ဖြစ်သည်။ နဂ္ဂဝဂ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး