မဃဒေဝဇာတ်

ဝီကီပီးဒီးယား မှ
(တတိယသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ် မှ ပြန်ညွှန်းထားသည်)

ဧကကနိပါတ် - အပဏ္ဏကဝဂ် - ၉- မဃဒေဝဇာတ်။ ။ ဦးခေါင်း၌ဆံဖြူတစ်ပင်ကို မြင်သဖြင့် သံဝေဂရကာ တောထွက်သော မဃဒေဝမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဘုရားတောထွက်ချီးမွမ်းချက်[ပြင်ဆင်ရန်]

နတ် လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် မြတ်စွာဘုရား တော်ထွကတော်မူခြင်းကို ချီးမွမ်းကာ နေကြကုန်၏။

ထိုအခါမြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ “ရဟန်းတို့ ... ယခု ငါဘုရား ကြွလာတော်မူသောအခါတရားသဘင်ဝယ် ဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း” ဟု မေးတော်မူလျှင်၊ ရဟန်းတို့သည်အရှင်ဘုရား တောထွက်တော်မူခြင်းကို ချီးမွမ်းအံ့ဩ ပြောဆိုကြပါ ကြောင်းလျှောက်ထားကြသောအခါ “ ရဟန်းတို့ ယခုအခါသာ တော်ထွက်တော်မူသည် မဟုတ်၊ ရှေးအခါကလည်းတောထွက်တော်မူခဲ့ပြီ” ဟု မိန့်တော်မူ၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဇရာကာလဆံဖြူရ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဝိဒေဟရာဇ်တိုင်း မိဓိလာပြည်ဝယ် မဃဒေဝ မင်းကြီးသည် နှစ်ပေါင်းများစွာ တရားသဖြင့်မင်းပြုတော်မူ၏။ ထိုမင်းကြီးသည် တစ်နေ့သ၌ ဆတ္တာသည်ကို ခေါ်စေပြီးလျှင် “အမောင်ဆတ္တာသည် .. ငါ့ဦးခေါင်း၌ ဆံဖြူပင်ကို မြင်လျှင် ငါ့ကို ပြောကြားပါ” ဟု မှာထားလေ၏။

ကာလရှည်ကြာလတ်သော်ဆတ္တာသည်သည် မင်းကြီး၏ မုတ်ဆိတ် ဆံပင်တို့ကို ပြုပြင်စဉ် မင်းကြီး၏ ဦးခေါင်း၌ဆံဖြူတစ်ပင်ကို မြင်၍ “ အရှင်မင်းကြီး ... အရှင်မင်းကြီး၏ ဦးခေါင်း၌ ဆံဖြူတစ်ပင်မြင်ပါသည်” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း “ အချင်း ဆတ္တာသည် ... ထိုသို့ ဖြစ်လျှင် နုတ်၍ ငါ့လက်ပေါ်သို့တင်ပြပါ” ဟု ဆိုလေလျှင် ဆတ္တာသည်လည်း ရွှေမွှေးညှပ်ဖြင့် နုတ်ပြီးလျှင် မင်းကြီးလက်ပေါ်သို့ တင်ပြလေ၏။

ဆံဖြူတစ်ပင်ရတရားကျ[ပြင်ဆင်ရန်]

မင်းကြီးလည်း ထိုအခါနှစ်ပေါင်း ရှစ်သောင်း လေးထောင် တိုင်အောင် အသက်ကြွင်း ရှိသေး၏။ ထိုသို့အသက်တာရှည်နေရဦးမည်ဖြစ်သော်လည်း လက်ဝါးပေါ်၌ ဆံဖြူပင်ကို တစိမ့်စိမ့် ကြည့်ရှုကာသေမင်းလာပြီး အနီးတွင် ထိုင်နေသကဲ့သို့ လည်းကောင်း၊ မီးတပြောင်ပြောင်တောက်လောင်နေသော သစ်ရွက်မိုးအိမ်အတွင်း၌ တည်နေရသကဲ့သို့ လည်းကောင်း ကြောက်ရွ့ထိတ်လန့်ခြင်း သို့ ရောက်လေ၏။

“ ဟယ်မဃဒေဝမင်းမိုက် ... သင်ကား ဆံပင်ဖြူ၍ အိုမင်းသည့်တိုင်အောင် ထီးနန်းအာရုံကာမဂုဏ်ညစ်တို့ကို မစွန့်ပစ်နိုင်ပါတကား” –

ဟု ညည်းညူကာစဉ်းစားဆင်ခြင်နေစဉ် ပူပင်သောကရောက်လျက် တစ်ကိုယ်လုံး ချွေးဒီးဒီးကျကာဝတ်ဆင်ထားသော အဝတ်တို့ စိုစွတ်လျက် ညှစ်ယူ၍ရမတတ် ဖြစ်ပြီးလျှင် “ ငါသည် ... ယနေ့ပင်တောထွက်အံ့” ဟု ကြံစည် ဆုံးဖြတ်လျက် ဆတ္တာသည်အး အခွန်တစ်သိန်းထွက်သော ရွာဆုကိုပေးသနားတော်မူ၏။

ထီးနန်းအပ်နှံတောထွက်ရန်[ပြင်ဆင်ရန်]

တစ်ဖန် သားကြီးကိုခေါ်စေပြီးလျှင် “ ချစ်သား ... ငါ့ဦးခေါင်းတွင် ဆံဖြူပင် ပေါက်ကာ အိုမင်းခြင်းသို့ရောက်ပေပြီ၊ လူတို့ ကာမဂုဏ်ချမ်းသာကို ခံစား၍ ပြီးချေပြီ၊ ယခု အခါ နတ်တို့ကာမဂုဏ်ချမ်းသာကို ရှာမှီးရန် တောထွက်ချိန်တန်ပြီ” ဟု သားကြီးအား ထီးနန်းကိုလွှဲအပ်ပြီးလျှင် ရဟန်းပြုလျက် မဃဒေဝ ဥယျာဉ်မှာပင် တရားအားထုတ်၍ နေတော့မည်ဟုဆိုလေ၏။

သေလွန်ရရှာဗြဟ္မာ့ရွာ[ပြင်ဆင်ရန်]

ထိုအခါ အမတ်တို့လည်း “အရှင်မင်းကြီး ... အဘယ်ကြောင့် ရဟန်းပြုပါသနည်း၊ ရဟန်းပြုခြင်း အကြောင်းကိုအမိန့်ရှိပါ” ဟု လျှောက်ကြလေလျှင် “ အို အမတ်တို့ ... သေမင်းတမန် ဖြစ်၍အိုမင်းခြင်းကို ညွှန်ပြတတ်သော ဆံဖြူပင် ဦးခေါင်း၌ ပေါက်ရောက်၍ လာချေပြီ၊သို့အတွက် ရဟန်းပြုဖို့ အချိန်တန်ပြီ” ဟု မိန့်ကြားကာ ထိုနေ့ပင် ရဟန်းပြုလေ၏။ရဟန်းပြုပြီးလျှင် မဃဒေဝ ဥယျာဉ်တော်သို့ ဝင်လျ် နှစ်ပေါင်းရှစ်သောင်းလေးထောင်ပတ်လုံး ရဟန်းတရား အားထုတ်ကာ မယုတ်သောဈာန်ဖြင့် သေလွန်လျှင်ဗြဟ္မာ့ပြည်သို့ ရောက်လေ၏။ ထိုမှတစ်ဖန် စုတေပြန်လျှင် မိဓိလာပြည်ဝယ် နေမိမင်း ဖြစ်၍မိမိ အနွယ်တော်ကို ဆက်စပ်ကာ ဆံဖြူကိုမြင်၍ တစ်ဖန် တောထွက်ပြီးလျှင်ဗြဟ္မာ့ဝိဟာရတရားကို ပွားများအားထုတ်ကာ သေလွန်လျှင် ဗြဟ္မာ့ပြည်သို့ ရောက်ပြန်၏။

ဤဒေသနာတော်၏အဆုံးဝယ် တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်အဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆတ္တာသည်သည် - ယခုအခါ အာနန္ဒာ။

သားတော်သည် - ရာဟုလာ။

မာဃဒေဝမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁)ဆံဖြူပေါက်ရာ၊ အိုမင်းကာ၊ ရောက်လာနတ်တမန်။

(၂)ဆံဖြူမြင်က၊ တောထွက်ကြ၊ မဃအနွယ်မှန်။

မဃဒေဝဇာတ်ပြီး၏။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ