ဂါမဏိဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧကကနိပါတ် - အပဏ္ဏကဝဂ် -၈ - ဂါမဏိဇာတ်။ ။ ဆရာ့စကားကို လိုက်နာသဖြင့်နောင်တော်များ နှစ်သက်၍ မင်းမြှောက်ခံသော ဂါမဏိမင်းသား အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]တရားထူးမရ အားလျှော့ချ
[ပြင်ဆင်ရန်]နတ် လူ တို့၏ ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ရဟန်းတစ်ပါးသည်ငါးဝါ ပြည့်သောအခါ ဆရာဥပဇ္ဈာယ် တို့ကို ပန်ကြား၍ ကမ္မဋ္ဌာန်း သင်ယူပြီးလျှင်ကောသလတိုင်း ဇနပုဒ်ရွာတစ်ခုကို အမှီပြုကာ နေထိုင်လျက် ကမ္မဋ္ဌာန်ကို အားထုတ်လေ၏။ဝါတွင်းသုံးလပတ်လုံး အားထုတ်သော်လည်း တရားထူးကို ရရှိရန် အရိပ် နိမိတ်မျှ မထင်လေ။
ထိုအခါ ရဟန်းသည် “ငါကား မြတ်စွာဘုရားဟောကြားတော်မူသော ပုဂ္ဂိုလ်လေးမျိုးတွင် ‘ပဒပရမ ပုဂ္ဂိုလ်ဖြစ်တန်ရာ၏။ ဤဘဝတရားအထူးကို ရနိုင်မည် မဟုတ်၊ တော၌နေသဖြင့် အကျိုးမရှိ၊ မြတ်စွာဘုရား အဆင်းတော်ကိုကြည်ညိုကာ တရားတော်ကို နားကြား၍ အချိန်ကုန်လွန်စေမည်” ဟု လုံ့လဝီရိယကိုလျှော့ပြီးလျှင် ဇေတဝန်ကျောင်းတော်သို့ ပြန်လေ၏။
တရားပြသ ဆိုဆုံးမ
[ပြင်ဆင်ရန်]အဆွေခင်ပွန်းရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရား အထံတော်သို့ ပို့ကြ၏။ မြတ်စွာဘုရားလည်းထိုအကြောင်းကို သိတော်မူလျှင် -
ချစ်သားရဟန်း ... အဘယ့်ကြောင့် လုံ့လဝီရိယကို လျှော့ဘိသနည်း၊ လုံ့လဝီရိယ မရိသောသူအား အရဟတ္တဖိုလ်ကို မရနိုင်၊ သင်သည်ရှေးအခါ၌ လုံ့လဝီရိယ ရှိ၏။ အဆုံးအမကို နာယူ၏၊ ထို့ကြောင့် ဗာရာဏသီမင်း၏ သားတော်တစ်ရာတို့တွင် အထွေးဆုံး ဖြစ်လျက် မင်းအဖြစ်ကို ရဖူးပြီ -
ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ပြည်သူချစ်အောင် ဂါမဏိဆောင်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္ဒတ်မင်း မင်းပြုသည်ရှိသော် ဂါမဏိမင်းသားသည် အသားတော်တစ်ရာတို့တွင် အထွေးဆုံးမင်းသား ဖြစ်လေ၏။ မင်းကြီးသည် တစ်ယောက် တစ်ယောက်သော သားတော်တို့ကို ပညာသင်ကြားရန် တစ်ယောက် တစ်ယောက်သော အမတ်အားအပ်နှင်း၍ ထားလေ၏။ ဂါမဏိမင်းသား၏ ဆရာဖြစ်သော အမတ်ကား ပညာရှိ၏၊ လိမ္မာ၏၊ အဖအရာ၌တည်၏။
မင်းကြီးလည်း သားတော်တို့အား အတတ်ပညာပြည့်စုံသောအခါ အသီးသီး ဇနပုဒ်တို့ကိုပေး၍ စေလွှတ်လိုက်၏။ ဂါမဏိမင်းသားကားဇနပုဒ်ကို ပေး၍ လွှတ်သော်လည်း မသွားဘဲ မင်းကြီးထံခွင့်ပန်ကာ ခြေရင်း၌ အမြဲ ခစားလျက်နေရစ်၏။
ဂါမဏိမင်းသားလည်း ဆရာအမတ်၏ အဆုံးအမ၌တည်၍ မင်းကြီး၏ အမှုကိစ္စဟူသမျှကို ဆောင်ရွက်သဖြင့် နန်းတွင်း နန်းပြင်ရှိအလုံးစုံသော တိုင်းသူပြည်သားတို့၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရလေ၏။
နောက်အဖို့၌ မင်းကြီးသည်သေရာညောင်စောင်း၌ လျောင်းစက်လတ်သော် အမတ်တို့သည် မင်းကြီးကို “အရှင် မင်းကြီး ...အရှင်မင်းကြီး နတ်ရွာစံလျှင် မည်သူအား ထီးနန်းစည်းစိမ်ကို ပေးရမည်နည်း” ဟုလျှောက်ထားကြကုန်၏။ မင်းကြိးလည်း “အမတ်တို့ ... ငါ့သားတော် အလုံးစုံပင် ထီးနန်းနှင့်ထိုက်တန်ကြကုန်၏။ သို့သော်လည်း သင်တို့ နှစ်သက်သူအား ပေးရစ်ကြကုန်” ဟု မှာကြားပြီးနတ်ရွာစံလေ၏။
ဂါမဏိကိုပင် နန်းသို့တင်
[ပြင်ဆင်ရန်]အမတ်တို့လည်းမင်းကြီး နတ်ရွာစံလျှင် သင်္ဂြိုဟ်ခြင်း ကိစ္စကို ဆောင်ရွက်ကြကာ ခုနစ်ရက် လည်သောအခါစည်းဝေး တိုင်ပင်ကြကုန်၏။ “အမတ်မင်းတို့ ... ကျွန်ုပ်တို့ မင်းကြီးသည်နတ်ရွာစံခါနီးတွင် သင်တို့ နှစ်သက်သူအား ထီးနန်းစည်းစိမ်ကို ပေးရစ်ကြကုန် ဟုမှာထားခဲ့၏။ အကျွန်ုပ်တို့လည်း ဂါမဏိမင်းသားကိုပင် နှစ်သက်ကြကုန်၏။ ၎င်းအားထီးနန်းစည်းစိမ်ကို ပေးကြမည်”ဟု တိုင်ပင် ညီညွတ်လျက် ဂါမဏိမင်းသားကိုမင်းမြှောက်ကြကုန်၏။
ဂါမဏိမင်းသားသည် မင်းအဖြစ်ကို ရသောအခါ“အို ဂါမဏိ ... သင် မင်းဖြစ်ရခြင်း အကြောင်းရင်းကို သိသည် မဟုတ်လော၊ သင်သည်ဆရာအမတ်ကို အမှီပြု၍ နောင်တော် ကိုးကျိပ် ကိုးယောက်တို့ကို လွှမ်းမိုးကာမင်းဖြစ်ကို ရရှိပေပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျုးလေ၏။
ဂါမဏိ လိမ္မာ ပြုပုံမှာ
[ပြင်ဆင်ရန်]ထိုအကြောင်းကို နောင်တော်တို့ ကြားလျှင်စည်းဝေးတိုင်ပင်ကာ “ဂါမဏိမင်းသားကား အငယ်ဆုံးဖြစ်၍ ထီးနန်းစည်းစိမ်နှင့်မထိုက်တန်၊ နောင်တော် အကြီးဆုံးသာ ထိုက်တန်သည်” ဟု အညီအညွတ် ဆုံးဖြတ်ကြပြီးလျှင်စစ်သည်ဗိုလ်ပါတို့ကို စုရုံးကာ စစ်တိုက်ကြရန် ဂါမဏိမင်းကြီးထံ လာကြကုန်၏။
ဂါမဏိမင်းကြီးလည်း နောင်တော်တို့လာကြောင်းကို သိလျှင် ဆရာပညာရှိအမတ်နှင့် တိုင်ပင်၍ ပညာရှိအမတ်၏အဆုံးအမအတိုင်း အဖမင်းကြီး၏အမွေဥစ္စာတို့ကို အပုံတစ်ရာ ပုံပြီးလျှင် ကိုးဆယ့်ကိုးပုံကို နောင်တော်တို့ ထံပို့လေ၏။
နောင်တော်တို့လည်း ညီထွေး ပြုမူချက်ကိုနှစ်သက်သဖြင့် “ ငါတို့ အလုံးစုံလည်း တစ်ပြိုင်နက် မင်းမပြုနိုင်၊ ညီထွေး ဂါမဏိအားမင်းအဖြစ်ကို အပ်နှင်းကြကုန်အံ့” ဟု တိုင်ပင် ညီညွတ်ကြလျက် ဂါမဏိမင်းကြီးထံ ဝင်၍မင်းအဖြစ်ကို အပ်နှင်းကြပြီးလျှင် ခုနစ်ရက်၊ ရှစ်ရက် ရှိသော အခါ မိမိတို့နေရာဇနပုဒ်သို့ ပြန်ကြကုန်၏။
ဂါမဏိမင်းကြီးလည်း ဆရာပညာရှိအမတ်၏အဆုံးအမ ဩဝါဒကို နာခံလျက် တရားသဖြင့် မင်းပြုလေ၏။
ဤဒေသနာတော်၏ အဆုံး၌ လုံ့လဝီရိယယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာဖြစ်စေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-
ရဟန်းတို့ -
- ထိုအခါဂါမဏိမင်းသားသည် - ယခုအခါ လုံ့လ ဝီရိယ ယုတ်လျော့သော ရဟန်း။
- ဆရာပညာရှိအမတ်သည်- ငါဘုရား ဖြစ်လာပြီ-
ဟုဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁)ဆရာဆုံးမ၊ နာယူက၊ မုချအကျိုးရှိ။
(၂)သားတစ်ရာတွင်၊ ထွေးဆုံးပင်၊ ဘုရင်ဖြစ်လေသိ။
ဂါမဏိဇာတ်ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။