သံဃာဋိစာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(စတုတ္ထသိက္ခာပုဒ်၊ နဂ္ဂဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အခြားသင်္ကန်းများကို အပ်နှံထားခဲ့၍ သင်းပိုင်ဧကသီ နှင့်သာ ဒေသစာရီလှည့်နေ။

အမှုသည်—ဘိက္ခုနီအများ၊ [၁]

သင်္ကန်းများ မှိုတက်နေခြင်း[ပြင်ဆင်ရန်]

ဘိက္ခုနီတို့မှာ သင်္ကန်း ၅-ထည် ကိုယ်ပိုင်ထားခွင့်ရှိ၏၊ တချို့ဘိက္ခုနီတို့သည် ထိုသင်္ကန်း၅ ထည်တွင် (သင်္ကန်းကြီး, ရေသနပ်, ရင်စည်းတဘက်) ၃-ထည်ကို အခြား ဘိက္ခုနီတို့ထံ အပ်နှံထားခဲ့၍ သင်းပိုင်, ဧကသီ ၂-ထည်ဖြင့်သာ ဒေသစာရီ လှည့်လည် (ခရီးသွား)ကြကုန်၏၊ အပ်နှံထားခဲ့သော သင်္ကန်းတို့ကား ဝတ်လည်းမဝတ်ရ, နေလည်း မလှမ်းရခြင်းကြောင့် အောက်စော်လည်းနံ၍ မှိုလည်းတက်နေကုန်၏၊ ထိုသင်္ကန်းတို့ကို အပ်နှံခံရသော ဘိက္ခုနီတို့သည် နေလှမ်းပေးကြရကုန်၏၊ ထိုနေလှမ်းနေကြသော ဘိက္ခုနီတို့ကို အခြား ဘိက္ခုနီတို့က မေးကြသောအခါ ခရီးသွားနေသော ဘိက္ခုနီတို့၏သင်္ကန်း ဖြစ်ကြောင်းကို ပြောပြကြသဖြင့် သင်္ကန်းရှင် ဘိက္ခုနီတို့ကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ပဉ္စာဟိကံ သံဃာဋိစာရံ အတိက္ကာမေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် ၅-ရက်ကို သင်္ကန်းတို့၏လှည့်လည်ခြင်းကို လွန်စေအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

“သင်္ကန်းတို့၏ လှည့်လည်ခြင်း” ဟူသည် သင်္ကန်းတို့ကို အထုပ် သေတ္တာစသည်၌ ငြိမ်သက်၍ မနေစေဘဲ အနဲဆုံး ငါးရက်တစ်ကြိမ်ကျ ဝတ်သော်လည်း ဝတ်ပေးခြင်း, နေသော်လည်း လှမ်းပေးခြင်းတည်း၊ သင်္ကန်း ၅-ထည်ကို ၅-ရက်မြောက်နေ့ရောက်လျှင် ဝတ်သော်လည်းဝတ်, မဝတ်လျှင် နေလှမ်းရမည်၊ ဝတ်လဲမဝတ်, နေလဲမလှမ်းဘဲ ၅-ရက် လွန်လျှင် ပါစိတ် အာပတ်သင့်သည်’ဟူလို။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး