အမရပူရမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးပိန်တံတား
တောင်သမန်အင်း

အမရပူရမြို့ (တောင်မြို့) သည် မန္တလေးတိုင်းတွင် မန္တလေးမြို့နှင့် ၁၁ ကီလိုမီတာဝေးသော မြို့ဖြစ်သည်။

အမည်နှင့် အဓိပ္ပါယ်[ပြင်​ဆင်​ရန်​]

အမရပူရမြို့သည် ကုန်းဘောင်ခေတ်က မင်းနေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် မြို့ဖြစ်သည်။ ယနေ့တွင်မူ မန္တလေးမြို့မြို့နယ်အတွင်းရှိ တောင်မြို့ ဟုခေါ်သော မြို့နယ်အဖြစ် ပါဝင်လျက်ရှိပါသည်။ အမရပူရမြို့၏ အဓိပ္ပါယ်မှာ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဖြစ်၍ မသေသောမြို့ ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှည် သော အဖိုးအဖွားများစွာ နေထိုင်ကြသည်ကို တွေ့ရပေသည်။

အမရပူရမြို့သမိုင်း[ပြင်​ဆင်​ရန်​]

အမရပူရမြို့ကို စတည်သူမှာ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား(ခေါ် )ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် အင်း၀တွင် နန်းစံနေရာမှ အင်္ဂလိပ်တို့၏ သင်္ဘောမှာ တောင်တမန်အင်း ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း ရှိကြောင်းသိသဖြင့် မြို့သစ်နန်းသစ် တည်ရန်ကြံသည်။ သို့ဖြင့်၍ မြို့တည်ရန် နေရာရွှေးရာ လက်ဆယ်ကန်ရွာ နေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍ ၁၀၊ အောက်တိုဘာ၊ ၁၇၈၁ တွင်အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ ၊မေ၊၁၇၈၃တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃၊ မတ်၊ ၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ် လောင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရပြန်သည်။ သို့ဖြင့် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ဒီဇင်ဘာ၊၁၈၁၀ တွင် ပြန်လည်စိုးစံသည်။ ထူးခြားချက်မှာ အမရပူရ နန်းတော် တည်ဆောက်ရာတွင် အုတ်ခုံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့သော နန်းတော်တည်ဆောက်ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုပါသည်။

ထိုနောက် ဘကြီးတော်မင်းလက်ထက်တွင် အင်း၀သို့ ပြန်လည်ပြောင်းရွှေ့ နန်းစိုက်ကာ သာယာဝတီမင်း လက်ထက်တွင် အမရပူရကို နန်းမြို့အဖြစ် ပြန်လည်သတ်မှတ်ကာ နန်းစိုက်ခဲ့သည်။ ထိုနောက် မင်းတုန်းမင်းလက်ထက်တွင် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကို တည်ဆောက်ကာ ပြောင်းရွှေ့နန်းစံရာ အမရပူရလည်း နန်းမြို့အဖြစ်မှ လျောကျခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကိုလွမ်းခြုံသွားရာ အမရပူရမြို့သည်လည်းသီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့တွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။

ဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

မန္တလေးမှ အနောက်ဖက် စစ်ကိုင်းတိုင်းသို့ သွားရာလမ်းအဖြစ်သာမက ရန်ကုန်-မန္တလေး အမှတ်(၂)လမ်းမကြီးနှင့်ပါ ချိတ်ဆက်တည်ရှိသည့်အတွက် သွားလာရေးလွယ်ကူသည်။ ထို့ပြင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းဖြတ်သန်းရာ ဒေသလည်းဖြစ်သည်။

ပညာရေး[ပြင်​ဆင်​ရန်​]

ရတနာပုံတက္ကသိုလ် သည် အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအနီး တည်ရှိသည်။ အ.ထ.က ကျောင်းများက မြို့ထဲတွင် တည်ရှိသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

အမရပူရမြို့သည် မြန်မာပြည်တွင် ရက်ကန်းမြို့အဖြစ် တင်စားလောက်သော မြို့ဖြစ်ပေသည်။ တစ်မြို့လုံးနီးပါး ရက်ကန်းအတတ်ကို တတ်ကြသည်။ မြို့ကို ဖြတ်သွားသော မန္တလေး စစ်ကိုင်းလမ်းပေါ်တွင် ဆောင်းဒါး ရက်ကန်းကျောင်းလည်း ဖွင့်လှစ်ထားသည်။ ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများ အဓိက စီးပွားရေး အဖြစ်လုပ်ကိုင်ကြသည်။ တောင်သမန်အင်း၊ တက်သေးအင်းများ တည်ရှိ၍ အင်းလုပ်ငန်းများဖြင့်လည်း စီးပွားရှာကြလေသည်။ ဆေးရွက်ကြီး ဆေးပေါင်းရုံများလည်း ရှိ၍ ဆေးပေါင်းသော လုပ်ငန်းလည်းရှိသည်။


အမရပူရမြို့[ပြင်​ဆင်​ရန်​]

အမရပူရမြို့သည် ယခင်က အထက်မြန်မာနိုင်ငံ မန္တလေးတိုင်း မန္တလေးခရိုင်တွင် ပါဝင်ခဲ့၍ အမရပူရနယ်နှင့် မြို့နယ်တို့ ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ယခု အမရပူမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ အမရပူရမြို့နယ်သည် မန္တလေးတိုင်း၌ ပါဝင်လေသည်။ အမရပူရမြို့နယ်သည် ယခင် အမရပူရနယ်၏ တောင်ဘက်မြို့နယ်ဖြစ်၍ မြောက်ဘက်တွင် မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ ရှိကြလေသည်။ အမရပူမြို့သည် ၉၁ စတုရန်းမိုင် ကျယ်ဝန်း၍ ကျေးရွာပေါင်း ၄၆ ရွာ ပါဝင်ပြီးလျှင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်အရ လူဦးရေ ၁ဝ၆၁၄၉ ယောက် ရှိသည်။

အမရပူရမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဘက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်၌ လည်းကောင်း၊ မန္တလေး-စစ်ကိုင်း-ရွှေဘို မော်တော်ကားလမ်းပေါ်တွင်လည်း ကောင်း တည်ရှိ၍ မန္တလေးမြို့မှ မီးရထားလမ်းအတိုင်း ခြောက်မိုင်မျှသာဝေး၍ မော်တော်ကားလမ်းအတိုင်း ငါးမိုင်မျှသာ ဝေးသည်။ မြို့၏ အနီးတွင် တောင်သမန်အင်း ရှိသည်။ ပုဂံမင်း လက်ထက်က မြို့စာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်သားတံတားကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ ထိုတံတားကို ဦးပိန်တံတား ဟုခေါ်တွင်သည်။ အမရပူရမြို့ အနောက်တောင်ထောင့်တွင် စစ်ကိုင်းမင်း အမည်ခံ မှန်နန်းရှင် ဘကြီးတော် မင်းတည်ထား ကိုးကွယ်ခဲ့သော စည်း ခုံတော်ပုထိုးတော်ကြီး စေတီရှိရာ ဘွဲ့တော်မှာမဟာဝိဇယရံသီ ဖြစ်၍ အလွန် ထင်ရှားသည်။ တောင်သမန်အင်း တစ်ဘက်တွင် ပုဂံမင်း တည်ထားခဲ့သော ကျောက်တော်ကြီးဘုရား ရှိသည်။ အမရပူရမြို့၏ အဓိကလုပ်ငန်းမှာ ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြစ်၍ ရက်ကန်းစင်များ အိမ်တိုင်းလောက်မှာပင် ရှိကြသည်။ ယင်းပိုးထည်လုပ်ငန်းကြီးကို အကြောင်းပြု၍ ခရစ် ၁၉၁၂ ခုနှစ်လောက် ကတည်းက ဆောင်းဒါးရက်ကန်းကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီးလျှင် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ရက်ကန်းကျောင်းသူ ကျောင်းသားများအား ပညာသင် အထောက်အပံ့ကြေးပေးကာ လာရောက်သင်ကြား စေလေသည်။ အမရပူရမြို့သည် မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည့်အားလျော်စွာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စာတိုက်၊ ပြည်သူ့ဆေးရုံ၊ အစိုးရတန်းမြင့်ကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ ဈေးစသည့်အဆောက်အအုံများ သိုက်မြိုက်စွာ ရှိလေသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁ဝ၅၁၉ ယောက်ခန့်ရှိ၍ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုး၊ အများဆုံး နေထိုင်ကြသည်။

ပဒုမ္မာရွှေကြာ၊ ဘိုးတော်စံရာ၊ နတ်ပြည်နှင့်တူလေခြင်း၊ ဘိုးတော်စံခင်းဟူသည်နှင့်အညီ အမရပူမြို့သည် ခေတ် ကောင်းချိန် ရှေးနှစ်ပေါင်း ၁၈ဝ လောက်ကဆိုလျှင် နတ်ဘုံ နတ်နန်းတမျှ ခမ်းနား သိုက်မြိုက်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဘူးလေသည်။ သေခြင်းကင်းရာ ပြည်သာယာဟု အဓိပ္ပါယ်ရသည့် အမရပူရမြို့၏ ပထမမြို့တည်နန်းတည်ဖြစ်သော မင်းကား အလောင်းမင်းတရားကြီး၏ စတုတ္ထားတော် ဖြစ်၍ ငယ်မည် မောင်ဝိုင်း အမည်ရ ဘိုးတော် ဗဒုံမင်းတရားကြီးပင်တည်း။ ဘိုးတော်ဘုရားသည် သက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် အင်းဝထီးနန်းကို သိမ်းပိုက်အုပ်စိုးပြီးသည်နောက် မကြာမတင်ပင် အမရပူရမြို့ကို ပထမဆုံး တည်ဆောက်စေခဲ့ပြီးလျှင် ၁၁၄၅ ခုနှစ်တွင် အင်းဝ နေပြည်တော်မှ အမရပူရနေပြည်တော်သို့ ပြောင်းရွှေ့ စိုးစံတော်မူခဲ့သည်။ ၃၆ နှစ်တိုင်တိုင် စိုးစံတော်မူပြီးသည်နောက် ၁၁၈၁ ခုနှစ်တွင် နတ်ရွာစံသည်။ ထိုနောက် ဘကြီးတော် အမည်ရ မြေးတော် စစ်ကိုင်းမင်း၊ သာယာဝတီမင်းခေါ် ကုန်းဘောင်မင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ အသီးသီး အမရပူရနန်းမွေကို ဆက်ခံလာကြရာ ၁၂၁၉ ခုနှစ်တွင်မှ မင်းတုန်းမင်းကြီးသည် အမရပူရ နေပြည်တော်ကြီးကို စွန့်ခွာ၍ မန္တလေးမြို့တော်သို့ ပြောင်းရွှေ့လာခဲ့လေသည်။ ယင်းသို့ဖြင့် အမရပူရ ရွှေမြို့တော်ကြီးတွင် မင်းဆက် ငါးဆက် စိုးစံခဲ့၍ နန်းသက်အားဖြင့် ၇၄ နှစ်ကျော်ကျော်မျှ ကြာမြင့်ခဲ့ရာ မည်မျှ ခမ်းနားသိုက်မြိုက်၍ စိုပြည်သာယာခဲ့ ကြောင်း သိနိုင်ပေသည်။

အမရပူရနန်းတော်ရာ၌ ထင်ရှားစွာ တည်ရှိနေသေးသော အဆောက်အအုံများအနက် ဘိုးတော်ဘုုရား၏ ပြာသာဒ်ဂူ၊ ဘကြီးတော်ဘုရား၏ ပြာသာဒ်ဂူ၊ ကုန်းဘောင်မင်း၏ ပြာသာဒ်ဂူများလည်း ပါဝင်သည်။ ယခုအခါ အမရပူရမြို့ကို မြို့ဟောင်းဟူ၍လည်းကောင်း၊ တောင်မြို့ဟူ၍လည်းကောင်း ခေါ်ကြသည်။ [၁]

စိတ်ဝင်စားဖွယ်နေရာများ[ပြင်​ဆင်​ရန်​]

  1. ဆောင်းဒါး ရက်ကန်းကျောင်း
  2. ဦးပိန်တံတား
  3. တောင်သမန်အင်း
  4. တက်သေးအင်း
  5. မဟာဂန္ဓာရုံကျောင်း
  6. ဗားကရာဘုန်းကြီးကျောင်း
  7. ရတနာ့ဂူ နတ်ပွဲ
  8. ပုထိုးတော်ကြီး(အမရပူရ)
  9. ကျောက်တော်ကြီးဘုရား(အမရပူရ)
  10. သဗြေတန်းခံတပ်
  11. ရွှေကြက်ယက်စေတီ
  12. ရွှေကြက်ကျစေတီ
  13. မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏ မင်္ဂလာ ဓာတု ဓမ္မစေတီတော်
  14. သံသေကပ်ကျော် ဘုရား
  15. တောင်သမန်အင်းစောင်းက တောင်လေးလုံးဘုန်းကြီးကျောင်း

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)