မိုးကုတ်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုးကုတ်မြို့

မြန်မာနိုင်ငံ၏ မိုးကုတ်မြို့ကို မြန်မာများသာမက ကမ္ဘာသိ အောင်ထိပင်ကျော်ကြားသည့် အရပ်ဒေသဖြစ်သည်။ ကမ္ဘာ့ပထမတန်းစား ကျောက်မျက်များထွက်ရှိရာဒေသ၊ ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ပတ္တမြားများထွက်ရှိရာ ပတ္တမြားမြေ ဟုအထင်ကရကျော်စောပါသည်။ မိုးကုတ်ဒေသမှထွက်သည့် ပတ္တမြား၊ နီလာအစပြုကာ ယခုနောက်ဆုံး ပိန်းနိုက် (Painite) အထိ ကျောက်မျက်ရတနာကုန်သည်များ အကြားအလွန် ရေပန်းစားပါသည်။

မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်း တိုင်း၊ ရွှေဘိုခရိုင်တွင်ပါဝင်သော မိုးကုတ်နယ်၊ မိုးကုတ်မြို့နယ် တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထိုကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံ တွင်သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု တွင်သည်။ မြန်မာနိုင်ငံ၏ အဖိုးတန် မြေ ဖြစ်သည်။

မိုးကုတ်နယ်သည် ရွှေဘိုခရိုင်၏ အရှေ့ဘက်တွင် ကျရောက်၍ ရှမ်းပြည်နယ်များနှင့် ဆက်စပ်လျက်ရှိသည်။ မိုးကုတ်နယ်တွင် မိုးကုတ်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ ပါဝင်သည်။ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၂၆,၃၂၈ ယောက်ရှိသည်။

မိုးကုတ်နယ်သည် ကျောက်တောင်ထူထပ်၏။ ပေ ၇ယ၅ဝဝ ကျော်မြင့်သောတောင်များရှိသည်။ တောင်များမှာ လျှို၊ မြောင်၊ ချောက်များဖြင့် ပြတ်လျက်ရှိသည်။ ဤကျောက်များ ကား လိပ်သည်းကျောက်၊ ပုံဆောင်ထုံးကျောက်တို့ ဖြစ်၏။ ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီအပြင် ဣန္ဒ နီလာ၊ ဥဿဖယား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ အညံ့ ကျောက်၊ ရွှေတွင်းဝါ၊ နဂါးသွဲ့မှတ်မီး စသည်တို့ ထွက်သည်။ မိုးကုတ်နယ်တွင်းရှိ ကျပ်ပြင်မှာ ရှေးအခါက ပတ္တမြားကုမ္ပဏီ ၏ ဌာနချုပ်တည်ရာ ဖြစ်သည်။

မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက် ၃၆ မိုင် ကွာလှမ်း၍ ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းဒေသတွင် ပင်လယ်ပြင်အထက် ပေ ၄,ဝဝဝ ခန့် မြင့်ရာအရပ်၌ တည်ရှိ သည်။ မြို့၏အရှေ့ဘက်တွင် ပေ ၆,၇၃၃ မြင့်သောကြေးနီ တောင်၊ အနောက်ဘက်တွင် ပေ ၅,၃၄၅ မြင့်သော ပင့်ကူ တောင်၊ တောင်ဘက်တွင် ပေ ၅,၆ဝ၆ မြင့်သော ထင်းရှူး တောင် နှင့် မြောက်ဘက်တွင် ပေ ၇,၅၄၄ မြင့်သော တောင် မည်းတောင်တို့ တည်ရှိသည်။ ထိုတောင်များ၏အကြားရှိ ချိုင့် ဝှမ်းတွင် ခပ်ခွက်ခွက်တည်ရှိပေသောကြောင့် မိုးကုတ်မြို့၏ ပုံသဏ္ဌာန်သည် ဒယ်အိုးသဖွယ်ဖြစ်၏။ တောများဖုံးလွှမ်းလျက် ရှိသော တောင်များဖြင့် ဝန်းရံလျက်ရှိသောကြောင့် မိုးကုတ်မြို့ ပတ်ဝန်းကျင်ရှုခင်းမှာ သာယာပေသည်။ တောင်ကုန်းမြင့်ပေါ် တွင် တည်ရှိသဖြင့် အခြား မြေပြန့်ဒေသများထက် အေးသော ဥတုရှိသည်။ ဆောင်းရာသီတွင် ဖာရင်ဟိုက် ၃၇ ဒီဂရီအထိပင် ကျဆင်းတတ်သည်။ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ကွာတွင်ရှိသော ဗားနဒ်မြို့မှာ ပို၍ မြင့်သောကြောင့် ပို၍ပင် အေးသေးသည်။

မိုးကုတ်နယ်နှင့် မိုးကုတ်မြို့တို့တွင် နေထိုင်သူတို့သည် ကျောက်တွင်းများကို အမှီသဟဲပြု၍ နေသူများဖြစ်ရကား ကျောက်များတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်များဖြင့် အထည်ပြုလုပ်ခြင်း၊ ကျောက်ရောင်းခြင်း၊ ကျောက်ပွဲစားလုပ် ခြင်းတို့မှာ အဓိကလုပ်ငန်းဖြစ်၏။ ကျောက်တွင်းပိုင်တို့သည် ကံကောင်းထောက်မ၍ ကျောက်အောင်ပါက နေ့ချင်း ညချင်း ဆိုသလိုပင် ငွေကြေးချမ်းသာနိုင်ပေသည်။ ကုန်းမြင့်ဒေသတွင် ဖြစ်သောကြောင့် တောင်ယာများကိုသာ စိုက်ပျိုးလုပ်ကိုင်သည်။ အစားအသောက်များစွာ မထွက်ဘဲ အခြားနယ်များမှ တင်သွင်း ရသည်။ မိုးကုတ်တွင် ၅ ရက်တစ်ဈေးရှိသည်။ မြို့ပေါ်ရှိ လူဦးရေမှာ ၈,၃၃၄(၁၉၅၃) ဖြစ်၍၊ အိမ်ခြေပေါင်း ၁ယ၈ဝဝ ခန့် ရှိလေသည်။

မိုးကုတ်နယ်တွင်း၌ မီးရထားလမ်း မရှိပေ။ မိုးကုတ် နယ် အပိုင် သပိတ်ကျင်းမြို့မှာမူ ဧရာဝတီမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိကာ မန္တလေး-ဗန်းမော်သွား သဘေ‡ာများ ဆိုက်ကပ်ရပ်နား၍ ကုန်တင် ကုန်ချများသော ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ မိုးကုတ်သို့ ရောက်ရှိနိုင်ရန် သပိတ်ကျင်းမှသည် ကားလမ်းအတိုင်း ၆ဝ မိုင်မျှ သွားရပေသည်။ လမ်းခရီးမှာ အထူး စိတ်ကြည်နူးဖွယ်ကောင်းသည်။ တောင်တက်လမ်းပင် ဖြစ်သော်လည်း ကျောက်ခင်းလမ်းဖြစ်သဖြင့် သွားလာရ သက်သာလွယ်ကူသည်။ ထိုလမ်းတွင် စရပ်ဖြူပေမြင့်စခန်းမှာ ပေ ၄,၈၁ဝ အမြင့်ရှိ၍ ထိုနေရာတွင် သပိတ်ကျင်းနှင့် မိုးကုတ် မြို့နယ်တို့၏ နယ်နိမိတ်ကို ကျော်ဖြတ်သည်။ ထိုတောင်ထိပ်မှ နေ၍ ကြည့်လျှင် ဧရာဝတီမြစ်ကိုမြင်ရပေသည်။ ပေ ၄,၅ဝဝ အမြင့်တွင်ရှိသော ကျပ်ပြင်မှသည် မိုးကုတ်မြို့ ရောက်သည် အထိ ပေ ၇ဝဝ မျှ တောက်လျှောက်လျှော၍ ဆင်းသွားရပေ သည်။ ယခုအခါ မိုးမိတ်လမ်းမှာ ဗန်းမော်သို့ပင် ပေါက်ပြီဖြစ် ၍ ဗန်းမော်မှတစ်ဆင့် မြစ်ကြီးနားသို့တိုင်အောင် မော်တော်ကား ဖြင့် သွားနိုင်ပေပြီ။ မိုးကုတ်မှ ၇၆ မိုင်ကွာဝေးသော ကျောက်မဲ မြို့သို့လည်း ကားလမ်းပေါက်သည်။

မိုးကုတ်မြို့နယ်တွင် ရှမ်းအမျိုးသားများမှာ အများစု ဖြစ်၍ ဗုဒ္ဓဝါဒီများ ဖြစ်ကြပေသည်။ တရုတ်နှင့် အိန္ဒိယ အမျိုးသား အနည်းအကျဉ်းလည်းရှိပေသည်။ မြန်မာ၊ မြေလတ်၊ ဓနု၊ လီရှော၊ ဟူမှိုင်းပလောင်နှင့် ရှမ်းတရုတ်များကိုလည်း တွေ့နိုင်ပေသည်။

မိုးကုတ်မြို့ပေါ်တွင် ရုံးများ၊ အထက်တန်းကျောင်းနှင့် အခြားစာသင်ကျောင်းများ၊ ထောင်၊ ဈေးနှင့် အိမ်ကြီး အိမ် ကောင်းများအပြင် ဘုန်းကြီးကျောင်းပေါင်း ၃ဝ ကျော် ရှိ၏။ မြို့ပတ်ဝန်းကျင်နှင့် မြို့နယ်တွင်းရှိ တောင်တန်းများပေါ်၌လည်း ထယ်ဝါသော ဘုန်းတော်ကြီးကျောင်းများနှင့် စေတီ ဖြူဖြူ ဖွေးဖွေးများကို တွေ့နိုင်ပေသည်။ မိုးကုတ်မြို့တွင်ရှိသော ဘုရား များအနက် ထင်ရှားသည်ကား ပုဂံပြည် အလောင်းစည်သူမင်း တည်ခဲ့သော ဖောင်တော်ဦးဘုရား ရွှေဆင်းတုရုပ်ပွားတော်ကြီး ဖြစ်ပေသည်။

မိုးကုတ်မြို့ကို သက္ကရာဇ် ၅၇၉ ခုနှစ်တွင် တည်သည် ဟုဆို၏။ ထိုစဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။ ထိုနောက်တွင်ကား မြန်မာဘုရင်များက ပိုင်သည့် အခါပိုင်ခဲ့၍၊ မိုးမိတ်စော်ဘွားများ၏ လက်တွင် တည်မြဲသည့် အခါ တည်မြဲခဲ့လေသည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့ မိုးကုတ်နယ်မြေကို လက်လွှတ်ရပြန်သည်။ မင်းတုန်းမင်း လက် ထက်တွင် မိုးကုတ်မှပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက် နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်း လက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော် လုပ်ကိုင်ခွင့် တောင်းဆိုရာ သဘောတူခွင့်ပြုချက်ရသည်တွင် အင်္ဂလိပ်တို့သည် ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ် ခဲ့သည်။ ထိုခွင့်ပြုချက်သည် မြန်မာနိုင်ငံအား အင်္ဂလိပ်တို့ အမြန်သိမ်းအောင် ဖန်တီးသော အကြောင်းတစ်ရပ်လည်း ဖြစ် ပေမည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်မြို့ သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ် တို့ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် ကြသေး၏။

အဂ‡လိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးသည့် နောက်တွင် ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့၏။ ၁၉၂ဝ ပြည့်နှစ်တွင် မိုးကုတ် ပတ္တမြားတွင်းခရိုင်ကို ဖျက်လိုက်၍ ကသာခရိုင်နှင့် ပေါင်းလိုက်သောအခါ နယ်မျှသာ ဖြစ်လာလျက် မိုးကုတ်မြို့သည် နယ်ပိုင်ရုံးစိုက်မြို့ဖြစ်လာသည်။ စစ်ပြီးခေတ်ဖြစ်သော ၁၉၄၇ ခုနှစ်တွင် မိုးကုတ်နယ်ကို ရှမ်းပြည်နယ် တောင်တန်းဒေသနှင့်ပူးပေါင်းရန် ကြံစည်သေး သည်။ မအောင်မြင်ပေ။ ၁၉၄၇ ခုနှစ်မှစ၍ ရွှေဘိုခရိုင်တွင် နယ်တစ်ခုအဖြစ်ပါဝင်သွားလေသည်။

မိုးကုတ်ဟူသော အမည်သည် မြို့အေးဟု အဓိပ္ပာယ်ရ သော ရှမ်းစကား မိုင်းကတ်မှ ရွေ့လျောလာသည်ဟူ၍ လည်း ကောင်း၊ မြို့ခမောက်၊ မြို့ဒယ်အိုးဟု အဓိပ္ပာယ်ရသော ရှမ်း စကား မိုင်းကွတ်မှ ရွေ့လျောလာသည်ဟူ၍လည်းကောင်း ယူဆ ကြသည်။[၁]

သမိုင်း[ပြင်​ဆင်​ရန်​]

ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

“ကိတ်၊ နဂါး၊ ကြွက် သုံးစဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်” ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၄င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာပါသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရပါသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသောတောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ထူးခြားသည်ဆိုပြီးသွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကိ်ု တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွွားကြီးကို ဆက်သခဲ့ကြပါသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိ်ုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့ပါသည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲဲ့ပါသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိ်ုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။

မြန်မာ့သမိုင်းအစမှ ၁၈၈၅ ခုနှစ်အထိ[ပြင်​ဆင်​ရန်​]

မိုးကုတ်မြို့သည် မန္တလေးတိုင်းအတွင်း မန္တလေးမြို့၏ အရှေ့ဘက် (၁၂၆)မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၃၇၅၀)ခန့် အမြင့်တွင် တည်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း (၈၀၀)ခန့်ကပင် မိုးကုတ်သည် ကမ္ဘာ့ပတ္တမြား ပင်ရင်းဒေသ ဖြစ်ခဲ့သည်။ မြန်မာ့ပတ္တမြားအကြောင်း ဥရောပတိုက်သားများ၏ ခရီးသွားမှတ်တမ်းများတွင် စတင်တွေ့ရှိရသည်မှာ ...

တစ်ဆယ့်ငါးရာစုနှစ်ခန့်က ဖြစ်ခဲ့သည်။ မြန်မာ့ပတ္တမြားကျောက် ရောင်းဝယ်ရန်အတွက် ပထမဦးဆုံး ပဲခူးသို့ ရောက်ရှိလာသူ အီတလီလူမျိုး ဗားသီးမား၏ မှတ်တမ်းတွင် ပဲခူးမှ ရက်ပေါင်း(၃၀)ခရီးအကွာတွင်ရှိသည့် ကပ္ပလန်အရပ်တွင် ထွက်သည်ဟု ဖော်ပြထားပါသည်။ ပေါ်တူဂီလူမျိုး ဘာဆိုစား၏ မှတ်တမ်းတွင် ဖော်ပြထားသည့် အင်းဝနေပြည်တော်၌ အလွန်ကြွယ်ဝသော ကပ္ပလန်ဆိုသည်မှာလည်း နိုင်ငံခြားသားများ ကျပ်ပြင်ကို နားကြားလွဲဲ၍ ခေါ်ဝေါ်သောအမည်ဖြစ်သည်။ ပတ္တမြားမြေသည် မြန်မာမင်းတို့လက်အောက်မရောက်မှီက မိုးမိတ်စော်ဘွားပိုင်နက်ဖြစ်သည်။ ပထမဆုံး ပတ္တမြားမြေကို ချီတက်တိုက်ခိုက်သိမ်းပိုက်သည့် မြန်မာမင်းမှာ ဟံသာဝတီ ဆင်ဖြူများရှင် (ခေါ်) ဘုရင့်နောင် ဖြစ်သည်။ ညောင်ဦးရွှေစည်းခုံရှိ ခေါင်းလောင်းအတွင်း ဘုရင့်နောင်မင်းတရားကြီးအား မိုးမိတ်၊ သီပေါနှင့် ပတ္တမြားတွင်း၏ အရှင်သခင်အဖြစ် ဖော်ပြထားသည်။ ဘုရင့်နောင်၏သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် မိုးကုတ်အား မိုးမိတ်စော်ဘွားထံမှ တကောင်းနှင့် အလှဲအလှယ်လုပ်ခဲ့သည်။၁၅၉၇-ခုနှစ်တွင်မူ မိုးမိတ်နယ်အား အဝမြို့တော် စီရင်စုလုပ်သည့် အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။ အမိန့်တော်ပါရက်စွဲအရ ယင်းအမိန့်တော်သည် အင်းဝမှ ထုတ်ပြန်သော ညောင်ရမ်းမင်း၏ အမိန့်တော်ဖြစ်သည်။ ပဒုံမင်းလက်ထက်တွင် ပတ္တမြားမြေ၏ နယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခဲ့ကြောင်း ၁၇၈၃-ခုနှစ် စစ်တမ်းများအရ သိရှိရသည်။ ပတ္တမြားမြေ၏ နယ်နိမိတ်သည် ညောင်ရမ်းမင်းလက်ထက်တွင် သတ်မှတ်ခဲ့သော မူလနယ်နိမိတ်ထက် ပို၍ ကျယ်လာသည်။ မြန်မာမင်းက ပတ္တမြားတွင်းလုပ်ငန်းကို အုပ်ချုပ်ရန် ကျောက်ဝန် ခေါ် အရာရှိတစ်ဦးကို ကျပ်ပြင်သို့ စေလွွတ်ခန့်ထားသည်။ ပဒုံမင်းလက်ထက်သို့ ရောက်ရှိသောအခါ စို့သူကြီး ဟူသော အခေါ်အဝေါ် ပေါ်ပေါက်လျှက်ရှိနေပြီဖြစ်သည်။ ပတ္တမြားမြေကို စို့သူကြီး တစ်ဦးတည်းဖြင့် ကျပ်ပြင်မှ အုပ်ချုပ်စေသည်။ ပဒုံမင်းလက်ထက်တွင်ပင် ကသည်းကို ကျပ်ပြင်မှ ခွဲထုတ်ကာ စို့သူကြီး တစ်ဦး ထပ်မံခန့်ထားလျှက် သီးခြားအုပ်ချုပ်စေရာမှ စို့သူကြီးသုံးဦး ဖြစ်လာသည်။ စို့သူကြီးတို့ နှစ်စဉ်ကောက်ခံဆက်သရသော အခွန်များတွင် အရေးအကြီးဆုံးမှာ စီတော်မံတော် ဟု ခေါ်သော ဒေသထွက်ကုန်ဖြစ်သည်။ ပတ္တမြားကိုပင် သတ်မှတ်ထားသည့် အရွယ်အစား၊ အရေအတွက်နှင့် တန်ဖိုးအတိုင်း စီတော်မံတော် ပေးဆောင်ရသည်။ စီတော်မံတော်တွင် ခေါင်းခေါ် ငွေသားတစ်ပိဿာနှင့် တန်ဖိုးချင်းညီမျှသော ပတ္တမြားကြီးတစ်လုံး၊ တစ်လုံးလျှင် ငွေတစ်ကျပ်သားခန့် တန်သော ပတ္တမြားအလုံး (၁၅၀)နှင့် ထုပ် ခေါ် နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား စသည့် ကျောက်မြို့းစုံပါဝင်သော စုံစီကျောက်ထုပ် တစ်ထုပ် ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် တူးဖော်ရရှိသည့် ကျောက်များမှ သတ်မှတ်ထားသည့် အရွယ်အစားနှင့် အရည်အသွေးရှိသော လက်ရွေးစင်ကျောက်များကို ဘုရင်မင်းမြတ်အား ဆက်သရသည်။ ဆက်သသည့် ပတ္တမြား၏ အဆင့်အတန်းကိုလိုက်၍ ဆင်၊ လှော်ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်ကြိုယူလာလေ့ ရှိသည်။ ဤသို့ဖြင့် ဆင်တင်ပတ္တမြား၊ လှော်ကားငယ်တင်ပတ္တမြား၊ လှော်ကားကြီးတင်ပတ္တမြား စသည့် အခေါ်အဝေါ်များ ပေါ်ပေါက်လာရသည်။ ကမ္ဘာကျော် ပတ္တမြား ငမောက်မှာ လှော်ကားကြီးတင်ပတ္တမြား ဖြစ်သည်။ နေပြည်တော်သို့ ရောက်သောအခါ ကြိုယူလာသော ပတ္တမြားကို ဘုရင့်ကျောက်ဆက်ဝန်ထံ အပ်နှံရသည်။ ၄င်းကတစ်ဆင့် ဘုရင်မင်းမြတ်အား ကျောက်ရှင်နှင့်အတူ အပ်နှံရသည်။ ဘုရင်မင်းမြတ်က ရာဖြတ်တော်များကို ပြသ၍ တန်ဖိုးများကို ဖြတ်စေပြီး ကျောက်ရှင်အား ထိုက်တန်သော ဆုတော် လာဘ်တော်များ ချီးမြှင့်ပေးသနားသည်။ မြန်မာမင်းများလက်ထက်တွင် ပတ္တမြားသည် မြန်မာနိုင်ငံ၏ ပဓာနအကျဆုံး ထွက်ကုန်ဖြစ်ခြင်းကြောင့် မြန်မာမင်းတို့သည် ပတ္တမြားကို ကုန်တော်အဖြစ် သတ်မှှတ်ခဲ့သည်။ ၁၉-ရာစုသို့ ရောက်သောအခါ အနောက်တိုင်းသားတို့သည် မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာများကို ပို၍ စိတ်ဝင်စားလာကြသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ကျပ်ပြင်၊ ကသည်းရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ လက်ဝါးကြီးအုပ် တူးဖော်ခွင့်ပေးရန် သီပေါမင်းထံ လျှောက်ထားသည်။ သီပေါမင်းက သဘောတူသဖြင့် မြန်မာနှင့် ပြင်သစ်တို့ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးကြသည်။ ဤစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်တို့သည် ကျူးကျော်စစ်ကို ဖန်တီးပြီး မြန်မာတစ်နိုင်ငံလုံးကို အကြောင်းရှာ သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါမင်းသည် မိုးကုတ်ကျောက်တွင်းလုပ်ငန်းအား ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. အား ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျှက်ရှိရာ ပါတော်မူသည့်အတွက် လိုင်စင် ပျက်ပြယ်ခဲ့သည်။

၁၈၈၅-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ[ပြင်​ဆင်​ရန်​]

ပါတော်မူပြီးနောက် ဗြိတိသျှတို့ စတင်အုပ်ချုပ်ချိန်တွင် ကျောက်မျက်ရတနာကုန်သည် တစ်ဦးဖြစ်သူ အက်ဒဝင်စတရိတာ (Edwin Streeter) က စိတ်ဝင်စားလာခဲ့သည်။ Streeter Syndicate ဖွဲ့စည်းပြီး ဆင်ဒီကိတ်လူကြီးဖြစ်သူ ဗိုလ်ကြီး Aubrey Palton မြန်မာနိုင်ငံသို့ရောက်ချိန်၊ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ကာလကတ္တားအခြေစိုက် Gillander Arbuthnot (G&A Co) က ရူပီးနှစ်သိန်းဖြင့် ကျောက်တူးခွင့်ရရန် ကမ်းလှမ်းထားကြောင်း တွေ့ရသည်။ Streeter က ရူပီးလေးသိန်းဖြင့် ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်အား ၁၈၈၆-ခုနှစ် ဧပြီလတွင် ယာယီလက်ခံပြီး ၁၈၈၇-ခုနှစ် ဧပြီလတွင် ယာယီ ငါးနှစ်ခွဲလိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ မိုးကုတ်ကျောက်တူးလုပ်ငန်းတွင် ပထမဆုံး ကျောက်မြိုု့င်းကုမ္ပဏီမှာ Streeter Co. ဖြစ်ပြီး F.Atlay မှာ ပထမဆုံး ကျောက်မြိုု့င်း မန်နေဂျာဖြစ်သည်။ ၁၈၈၇-ခုနှစ် အောက်တိုဘာလတွင် အထက်မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်း ကို ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလတွင် မိုးကုတ်ရတနာနယ်မြေ သတ်မှတ်သည်။ မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်းအရ ဒေသခံများကိုသာ ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့သည်။ ထိုနောက်ပိုင်းတွင် မိုးကုတ် ကျောက်မျက်ရတနာတူးဖော်ခွင့် လုပ်ငန်းများကို ဗြိတိသျှ ဒု-ကော်မရှင်နာက အုပ်ချုပ်ခဲ့သည်။ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ကျောက်မျက်သတ္တုသိုက်ကို သုံးသပ်အကဲဖြတ်ရန် ဘူမိဗေဒပညာရှင် C-Barrington Brown ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် London Rothschilds ကုမ္ပဏီနှင့် ပူးပေါင်းပြီး Burma Ruby Mines (B.R.M) ကို ထူထောင်ခဲ့သည်။ ၁၈၈၈-ခုနှစ်တွင် ဘားမားရူးဘီမိုင်း ကုမ္ပဏီကို ဖွဲ့စည်းသည်။ (၂၂.၂.၁၈၈၉) တွင် မိုးကုတ်ရတနာနယ်မြေ၌ ကျောက်မျက်တူးဖော်ရောင်းဝယ်ဖောက်ကားခွင့်ပြုသည့် လိုင်စင်ကို Streeter Syndicate က ရရှိသည်။ Streeter Syndicate သည် ဖေဖော်ဝါရီလ ၂၇-ရက်နေ့တွင် ပေါင်စတာလင်သုံးသောင်းဖြင့် ရရှိသော အဆိုပါ တူးဖော်ခွင့်လိုင်စင်ကို ပေါင်စတာလင် ငါးသောင်းငါးထောင်ဖြင့် B.R.M သို့ ရောင်းချခဲ့သည်။ B.R.M သည် မိုးကုတ်ကျောက်တူးဖော်ခွင့်လိုင်စင် ရရှိပြီးနောက် သပိတ်ကျင်း-မိုးကုတ်လမ်း ဖောက်လုပ်ခြင်း၊ ၄၀၀-ကီလိုဝပ် ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ခြင်း၊ မြေလွတ်ဒေသများတွင် ရှာဖွေစမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မိုးကုတ်တွင် ကျောက်မျက်များကို တစ်ဦးတည်း စက်ဖြင့် တူးဖော်ခွင့်လိုင်စင်ရပြီး နှစ်စဉ် လိုင်စင်ကြေး ပေါင်စတာလင် သုံးသောင်းနှင့် အမြတ်၏၃၀%ကို ပေးဆောင်ရန်ဖြစ်သည်။ ၁၈၈၉-ခုနှစ်မှ ၁၈၉၆-ခုနှစ်ထိ ပထမခုနှစ်နှစ် လိုင်စင်သက်တမ်းတွင် အနည်းငယ်သာ မြတ်သည်။ ကုမ္ပဏီသည် ဆက်တိုက်ရရှိလုပ်ကိုင်ခဲ့ရာ ဒုတိယပါမစ် သက်တမ်းကာလ ၁၈၉၇-ခုနှစ်မှ ၁၉၀၃-ခုနှစ်တွင် အမြတ်ကောင်းစွာ ရခဲ့သည်။ တတိယလိုင်စင်သက်တမ်း ၁၉၀၄-ခုနှစ်မှ ၁၉၁၂-ခုနှစ်တွင် မြေအောက်ရေကြောင့် တူးဖော်မှုများ အဟန့်အတား ဖြစ်ရသဖြင့် မြေအောက်စိမ့်ရေများကို ထုတ်ရန်အတွက် မြေအောက်ပေ ၁၀၀ အနက်တွင် တစ်မြိုု့င်ခန့်အရှည်ရှိ ရေနှုတ်မြောင်းတစ်ခုကို တူးဖော်ဆောင်ရွက်ခဲ့သည်။ ရေနှုတ်မြောင်းကို ၁၉၀၈-ခုနှစ်တွင် ပြီးစီးအောင် တူးဖော်ခဲ့ရာ အောင်မြင်မှုရပြီး ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အဆိုပါနှစ်တွင် Verneuil ပတ္တမြားအတု ချက်လုပ်အောင်မြင်မှုကြောင့် ပတ္တမြားဈေးများ ထိုးကျခဲ့ပြီး တတိယပါမစ်သက်တမ်းကာလအတွင်း အမြတ်နည်းပါးခဲ့သည်။ စတုတ္ထလိုင်စင်သက်တမ်းကာလတွင် ပတ္တမြားဈေးများ ဆက်လက်ကျဆင်းမှုကြောင့် စီးပွားရေးထိခိုက်ပြီး ၁၉၂၅-ခုနှစ်တွင် မြေအောက်ရေနှုတ်မြောင်းကြီးအား ယမ်းခွဲဖျက်ဆီးခံရပြီး လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ၁၉၂၅-ခုနှစ် နိုဝင်ဘာလတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ပြီး ၁၉၃၁-ခုနှစ်တွင် လိုင်စင် ပြန်အပ်ခဲ့သည်။ B.R.M လုပ်ကိုင်ခဲ့သည့် ၄၂-နှစ်တာကာလတွင် ဗြုံးတန်ချိန် သန်း(၃၀) ဆေးခဲ့ပြီး စတာလင်ပေါင် (၂.၃၅)သန်းခန့်တန်သော ကျောက်မျက်များ ရခဲ့သည်။ B.R.M ဖျက်ပြီးနောက် ၁၉၃၄-ခုနှစ်တွင် Ruby Mines Ltd ကို B.R.M ကုမ ္ပဏီ လူကြီးများက ပြန်၍ ဖွဲ့စည်းခဲ့သည်။ ယခင် B.R.M မှ လုပ်ခဲ့သော လျှပ်စစ်မီးစက်မှ ဓာတ်အားကို ရောင်းစားရန်နှင့် ပတ္တမြားရောင်းဝယ်ရေးကို အရံလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ဖြစ်သော်လည်း လုပ်ငန်းများ မအောင်မြင်ပဲ ၁၉၄၁-ခုနှစ်တွင် ပျက်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗိုလ်မှူးကြီးကီမူရာခေါင်းဆောင်သော ဂျပန်တပ်များ မိုးကုတ်သို့ ရောက်လာချိန်တွင် မိုးကုတ်သားများက ကျောက်တွင်းများကို ကျောက်တုံးများဖြင့် ပိတ်ဆို့ကွယ်ဝှက်ထားခဲ့သည်။ ဂျပန်ခေတ်တလျှောက်လုံးတွင် ကျောက်တွင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ၁၉၄၅-ခုနှစ် မတ်လတွင် မဟာမိတ်တပ်များ မိုးကုတ်ကို သိမ်းပြီးချိန်မှစ၍ ပတ္တမြားနှင့် လေထီးစများ လဲလှယ်ရောင်းဝယ်မှုလုပ်ငန်း ကျယ်ပြန့်လာပြီး ကျောက်တွင်းလုပ်ငန်း အသက်ပြန်ဝင်လာသည်။ ပင်လုံစာချုပ်ချုပ်ဆိုရန် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးချိန်တွင် မိုးကုတ်ကျောက်တွင်း လုပ်ငန်းများအား မိုးမိတ်စော်ဘွား အုပ်ချုပ်မှုအောက်တွင် ထားရန် မိုးမိတ်စော်ဘွား စောခွန်ချိုက တင်ပြခဲ့ရာ လောလောဆယ်တွင် လက်ရှိအတိုင်း စီမံအုပ်ချုပ်ရန် ညှိနှိုင်းခဲ့ကြပြီး စောခွန်ချိုအား ရှမ်းပြည်နယ်ရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း ပူးတွဲတာဝန် ပေးခဲ့သည်။ စောခွန်ချိုသည် ၁၉၅၈-ခုနှစ်အထိ ၄င်းတာဝန်များတွင် ထမ်းဆောင်ခဲ့သည်။ မိုးကုတ်ကျောက်တွင်း လုပ်ငန်းများသည် နိုင်ငံရေးမတည်ငြိမ်မှုများ၏ နှောင့်ယှက်မှု မခံရပဲ လုပ်ကွက်(၁၀၀၀)ကျော် ပုံမှန်တူးဖော် ထုတ်လုပ်လျှက်ရှိခဲ့သည်။ မိုးကုတ်ကျောက်တွင်းလိုင်စင် ခွင့်ပြုစနစ်တွင် တွင်းတူးသမားများအား တွင်းစားအဖြစ် သတ်မှတ်ပေးပြီး ၄င်းတို့ရရှိသည့် ကျောက်အမြတ်ပေါ်မှ ခွဲဝေခံစားခွင့်ပြုလာသည်။ လွတ်လွတ်လပ်လပ် ရောင်းချခွင့်များ တွင်ကျယ်လာသည်။ မှောင်ခိုမှုများလည်း အထိုက်အလျောက် ရှိလာသည်။

(မိုးကုတ်ဖော်တော်ဦးမြတ်စွာဘုရား သမိုင်းကျောက်စာမှ ကူးယူဖော်ပြပါသည်။)

တည်နေရာ[ပြင်​ဆင်​ရန်​]

မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိပါသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက် ဖက်စွန်းတွင် တည်ရှိပြီး ယခုအခါ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းတွင် ပါဝင်သည်။ မိုးကုတ်မြို့၏ အရှေ့ဖက်နှင့် မြောက်ဖက် တွင် မိုးမိတ်မြို့နယ်၊ တောင်ဖက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဖက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတုကို ခံစားရပါသည်။ မိုးကုတ်မြို့မှာ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိပါသည်။ ပုံမှန်မြိုု့းရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မြိုု့းရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်ပါသည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိပါသည်။

မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း[ပြင်​ဆင်​ရန်​]

ဘူမိဗေဒပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသ အောက်ခံကျောက်ဖျာထုသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မိုးကုတ်ဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ရေနီချောင်းသည် ကျေးနီတောင်မှ စိမ့်ရေ၊ စမ်းရေများကို အခြေပြု၍ မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလာပြီး တပ်သားတောင်မှ စိမ့်ရေ၊ စမ်းရေတို့ကို အခြေပြု၍ စီးဆင်းလာသော ရေပူချောင်းနှင့် တောင်ကချင်ရပ်ကွက်အနီးတွင် ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းသို့ စီးဝင်သည်။ မိုးကုတ်ဒေသတစ်ဝိုက်ရှိ အမြင့်ဆုံးတောင်များမှာ ... တောင်မင်းတောင်(တောင်မဲတောင်) - ၇၅၄၄ ပေ ကျေးနီတောင် - ၆၇၃၃ ပေ တောင်တော် - ၆၂၂၃ ပေ မြို့မြင်တောင် - ၅၉၅၅ ပေ ထင်းရှူးတောင် - ၅၆၀၆ ပေ ပင့်ကူတောင် - ၅၃၄၅ ပေ ဒေါ်နန်းကြည့်တောင် - ၅၂၇၇ ပေ

လူဦးရေ[ပြင်​ဆင်​ရန်​]

မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိ၍ လူဦးရေမှာ ၂၀၀၅-ခုနှစ် စာရင်းအရ (၁၈၀၄၀၈)ဦး ရှိပါသည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်တွင် (၃၉၈)ဦး ရှိပါသည်။ မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးမှာ(၁း၁.၈၁)ဖြစ်ပါသည်။ ကျား-မ လူဦးရေ အချိုးမှာ (၁း၀.၉၁)ဖြစ်ပါသည်။ အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ ရှမ်း၊ လီဆူ၊ ပလောင်၊ ဂေါ်ရခါးနှင့် တရုတ်တို့ ဖြစ်ကြသည်။

သစ်တော[ပြင်​ဆင်​ရန်​]

တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈)မိုင်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး ဒုတိယကမ္ဘာစစ် မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

မိုးကုတ်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကျောက်မျက်တူးဖော်ခြင်း ဖြစ်ပါသည်။ ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်မျက်အရောင်းအဝယ်များ ရှိသည်။ မိုးကုတ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ လယ်ယာမြေကွက်များ ပြောပလောက်အောင် မရှိခြင်းကြောင့် ဆန်စပါးများ မထွက်လှပေ။ မြို့နေလူထုစားသုံးရန်အတွက် မိုးမိတ်နယ်နှင့် အောက်အရပ်ဒေသမှ ဆန်များကို မှီခိုအားထားရသည်။ လက်ဖက်စိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ်ရှိသည်။

လူမှုရေး[ပြင်​ဆင်​ရန်​]

မိုးကုတ်မြို့တွင် သာရေး-နာရေး လူမှုကိစ္စများအတွက် ရပ်ကွက်တိုင်းတွင် ဧည့်ခံအဖွဲ့၊ ထမင်းကျွေးအဖွဲ့၊ လူပျို၊ အပျို စသဖြင့်အဖွဲ့များ ဖွဲ့ကာ တက်ညီလက်ညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ဦးက ထွက်ခွာသွားသည့်အခါတွင် ကျန် တစ်ဦးက ဖြေးဖြေးနော် ဟု နှုတ်ဆက်လေ့ရှိကြသည်။

ဘာသာရေး[ပြင်​ဆင်​ရန်​]

မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ ဂေါ်ရခါးလူမျိုးများမှာ ဗုဒ္ဓဘာသာနှင့်ဟိန္ဒူဘာသာ များကို ကိုးကွယ်ကြပါသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိပါသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။တရုတ်ဘုရားကျောင်းများမှာ လယ်ဦး ရပ်ရှိ ငါးပါးသီလ ဘုံကျောင်းနှင့် အောင်ချမ်းသာ ရပ် ရှိ ဘုရားတစ်ထောင် ဘုံကျောင်းတို့ ဖြစ်ပါသည်။

အမည်အခေါ်အဝေါ်ဆင်းသက်လာပုံ[ပြင်​ဆင်​ရန်​]

မိုးကုတ်ဟူသည့်အမည်နာမ ၏နောက်ကြောင်းကိုလေ့လာသော် ဖြစ်နိုင်ဖွယ်နောက်ခံအချက်အနေဖြင့် ၄ မျိုးလေ့လာတွေ့ရှိရပါသည်။၄င်းတို့မှာ

မိန်းကု[ပြင်​ဆင်​ရန်​]

ရှမ်းဘာသာစကားဖြစ်သည်။မိန်း မှာ မြို့၊ ကု မှာခမောက် ဖြစ်သည်။အဓိပ္ပာယ်မှာ ခမောက်နှင့်တူသောမြို့ ဟူ၍ ဖြစ်သည်။မိုးကုတ်မြို့မှာ တောင်များကာရံထားသည့် ချိုင့်ဝှမ်းကြီးအတွင်းတွင်ရှိပြီး ခမောက်တစ်ခုကို ပက်လက်လှန်ထားသည့် ပုံနှင့်တူသောကြောင့် ယခုကဲ့သို့ဗခါ်ခြင်းဖြစ်သည်ဟုသိရပါသည်။

မိန်းကွတ်[ပြင်​ဆင်​ရန်​]

ရှမ်းဘာသာစကားပင်ဖြစ်သည်။မိန်း မှာ မြို့၊ ကွတ် မှာကောက်ကွေ့ခြင်း ဟုအဓိပ္ပာယ်ရသည်။ ကောက်ကွေ့သောမြို့ဟုဆိုလိုပါသည်။မိုးကုတ်သို့သွားရာလမ်းမှာ ကောက်ကွေ့သည့် တောင်ပတ်လမ်းများဖြစ်သည်ကတစ်ကြောင်း၊ မြို့၏တည်နေပုံကလည်း ကောက်ကွေ့သည့်အနေအထားတွင်ရှိသည်ကြောင့်တစ်ကြောင်း ဤကဲ့သို့ ခေါ်ခြင်းဖြစ်သည်။

မိန်းကတ်[ပြင်​ဆင်​ရန်​]

ရှမ်းဘာသာစကားပင်ဖြစ်သည်။မိန်းမှာ မြို့၊ကတ်မှာ ချမ်းအေးသည်ဟုအဓိပ္ပာယ်ရသည်။ အလွန်ချမ်းအေးသည့်မြို့ဟုဆိုလိုပါသည်။အမှန်လဲရေခဲသည်အထိအေးဖူးသည့် နှစ်များရှိသည်။

မိုးချုပ်[ပြင်​ဆင်​ရန်​]

မြန်မာစကားဖြစ်သည်။မိုးစောစောချုပ်သည့်အတွက် မိုးချုပ်ဟုခေါ်ကြရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟုဆိုကြပြန်သည်။

မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ[ပြင်​ဆင်​ရန်​]

Moegootsayartaw .jpg


မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ ့တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။ ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော်အား ဥပဇ္ဈာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ၁၂၈၆-ခုနှစ်တွင် မင်္ဂလာ ကျောင်းတိုက်အတွင်း၌ ကျောင်းထိုင်စာချဖြစ်ကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ စာဝါများ ပို့ချတော်မူခဲ့သည်။ နောင်တွင် ပထမကျော်ဆရာကြီး ဦးအုန်း လက်စမသတ်ခဲ့ရသော အဘိဓမ္မာတံခွန်ကျမ်းကြီးကို လက်စသတ် ရေးသားတော်မူသည်။ ထို့နောက် ယမကမဉ္ဖူရီကျမ်းနှင့် ပုထုဇနအလင်းပြကျမ်း များကိုလည်း ပြုစုတော်မူခဲ့သည်။ ဆရာတော် ဦးဝိမလသည် စာသင်သားရဟန်းတော်များအား စာပေပို့ချတော်မူလျှက်ပင် တစ်ဖက်မှလည်း လူဒါယကာ ဒါယိကာမအပေါင်းတို့ကို အဘိဓမ္မာတရားတော်များ ဟောကြားပြသတော်မူခဲ့သည်။ ဆရာတော်ဦးဝိမလအား မိုးကုတ်မြို့၊ ဂျော့ချ်တောင်ရပ် (ယခု စည်ပင်သာယာရပ်ကွက်)မှ ကျောင်းဒကာကြီး ဦးလယ်နှင့် ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ၁၂၉၄-ခုနှစ်မှ စတင်ကာ မိုးကုတ်သို့ နှစ်စဉ်ကြွရောက်၍ တရားတော်များကို ဟောကြားပြသတော်မူသည်။ ၁၃၁၆-ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့မှ မိုးကုတ်မြို့တွင် မင်္ဂလာတိုက် ဟု ကမ္ဗည်းထိုးကာ တိုက်ကျောင်း ဆောက်လုပ်လှူဒါန်းသည်ကို အလှူခံ ရရှိတော်မူသည်။ ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးစက်လာရာ စစ်ဘေး စစ်ဒဏ်တို့ကို ရှောင်တိမ်း၍ ဆရာတော်ဘုရားသည် မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူခဲ့သည်။ ထို့နောက် စစ်ဒဏ် ဗုံးဒဏ်တို့မှ ပို၍လုံခြုံစိတ်ချရန် မိုးကုတ်မြို့နှင့်လေးမိုင်ခန့်ဝေးသော ဘော်ဗဒန်းရွာသို့ ကြွရောက်သီတင်းသုံးကာ ထိုရွာအနီးရှိ ကျောက်လှိုဏ်ဂူအတွင်း၌ ဝိိပဿနာတရားများကို ကျင့်ကြံအားထုတ်တော်မူခဲ့သည်။ ထိုလှိုဏ်ဂူအတွင်း၌ပင် ၁၃၀၄-ခုနှစ် ဝါဆိုဦးမှစ၍ လေးနှစ်လေးမိုးတိုင်တိုင် ကျင့်ကြံအားထုတ်ခဲ့ပြီး တရားထူးများ ရရှိခဲ့လေသည်။ ယခင်ဟောကြားသော တရားတော်များနှင့် ကွာခြားလာပြီး စစ်ပြီးကာလတွင် ဟောသော တရားတော်များမှာ ပို၍ထူးခြားလာကာ လေးနက်မှုအပြည့်အဝရှိလာခဲ့သည်။


မိုးကုတ်မြို့မှဒကာများက ပင့်ဖိတ်၍ မိုးကုတ်သို့ကြွရောက် တရားဟောတော်မူခြင်း၊ မိုးကုတ်မြို့ရှိ ဒကာ ဒကာမ အပေါင်းတို့၏ ကြည်ညိုလေးစားတော်မူခြင်း၊ မိုးကုတ်မြို့မှပင် လာရောက်ပြီး ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ထိုမိုးကုတ်ကျောင်းကြီးပေါ်၌ သီတင်းသုံးတော်မူခြင်း စသည့် အကြောင်းအရင်းများကြောင့် မိုးကုတ်ဆရာတော်ဘုရား ဟု အမည်တွင်ခဲ့ရလေသည်။


မိုးကုတ်ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရားအလိုတော်အတိုင်း သစ္စာလေးပါးတရားတော်များကို ဟုတ်တိုင်းမှန်ရာ သိရှိနားလည်နိုင်စေရန်နှင့် ယောနိသောမနသိကာရ နှလုံးသွင်းမှန်စေရန် ရည်ရွယ်၍ အများနားလည်သော စကားများဖြင့် နည်းမျိုးစုံသုံးကာ ဟောကြားတော်မူခဲ့သည်။ ဆရာတော်၏ဟောဟန်မှာ အများခေတ်စားသလို သံနေသံထားအမျိုးမျိုး အသံနိမ့်မြင့်ဖြင့် ဟောခြင်းမျိုးမဟုတ်။ အကြောင်းအရာတစ်ခုကို အရပ်သုံးစကားဖြင့် ရှင်းပြခြင်းမျိုး ဖြစ်လေသည်။ ပရိယာယ်မပါ မှန်ရာကိုသာ တည့်တည့်ကြီးဟောပြောနေခြင်းမျိုး ဖြစ်သည့်အတွက် နားကြားရသူအဖို့တွင် နားလည်သဘောပေါက်လွယ်ကြသည်။ ဟောပြောရာတွင်လည်း မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ မရှိပဲ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ စေတနာအပြည့်ဖြင့် ဟုတ်တိုင်းမှန်ရာ ဟောပြ ညွှန်ပြတော်မူလေ့ ရှိပါသည်။ ယောဂီများအတွက်လည်း အခက်အခဲမရှိ တရားအားထုတ်နိုင်ရန် ဝိပဿနာကျင့်စဉ်များကို နေ့စဉ်သုံးစကားဖြင့် သွန်သင်ဆုံးမထားခဲ့ပါသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးကပင်လျှင် မိုးကုတ်ဆရာတော်၏ ဟောချက်များနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်တွေကို မြန်မာဘာသာနှင့် မြန်မာလူမျိုးတွေ နားလည်အောင် ဟောကြားတဲ့နေရာမှာ မြတ်စွာဘုရားသာရှိမယ်ဆိုရင် မြန်မာအဋ္ဌကထာ ဆရာကြီးရယ်လို့ ဧတဒဂ်ဘွဲ့ထူး ပေးရလောက်ပါပေတယ် ဟု မှတ်ချက်ပြုတော်မူခဲ့သည်။


၁၃၆၂-ခုနှစ်၊ ဝါဆိုလဆန်း(၇)ရက်၊ (၈.၇.၁၉၆၂)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောင်စီ အစိုးရ၏ သာသနာရေးဦးစီးဋ္ဌာနမှ လှူဒါန်းဆက်ကပ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။ ဒုတိယကမ္ဘာစစ် မဖြစ်ပွားမှီ ၁၉၃၆-ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၉၈-ခုနှစ်)တွင် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ)၊ အနုရာဓမြို့ရှိ မဟာစေတီတော် ဂေါပကအဖွဲ့မှနေ၍ မေတ္တာရပ်ခံ အကူအညီတောင်းခံချက်အရ ဆရာတော်မှ ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမအပေါင်းတို့ လှူဒါန်းသော အဖိုးတန်ပတ္တမြားအပါအဝင် ကျောက်လုံးရေ (၄၃၅၀)၊ ရွှေချိန် (၃)ပိဿာ၊ ဘော်ချိန် (၄၁)ပိဿာခွဲဖြင့် မွမ်းမံပြုလုပ်ထားသည့် ဉာဏ်တော်အမြင့် (၁၈)လက်မရှိသော စိန်ဖူးတော်ကြီးကို ရန်ကုန်မှတဆင့် ပင်လယ်ကူးသင်္ဘောဖြင့် သီရိလင်္ကာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ တဖန် သီဟိုဠ်ကျွန်း မဟာစေတီတော်ကြီး၏ စိန်ဖူးတော်အတွက် မိုးကုတ်မြို့မှနေ၍ ပေးပို့လှူဒါန်းလိုက်ကြောင်းကို ကြားသိရသော ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင်စေတီတော် ဂေါပကအဖွဲ့ကလည်း ဗိုလ်တစ်ထောင်စေတီတော်တွင် လိုအပ်လျှက်ရှိသော စိန်ဖူးတော်ကို ထပ်မံအလှူခံပြန်ရာ ဆရာတော်မှပင် ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမများ စုပေါင်းကာ ဝိုင်းဝန်းလှူဒါန်းကြပြီး ၁၉၃၇-ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်)တွင် မန္တလေးမှ ရန်ကုန်မြို့သို့ လေယာဉ် စင်းလုံးငှားဖြင့် ပေးပို့လှူဒါန်းခဲ့ပါသည်။


မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခန္ဓာဝန်ချတော်မူကာ အကြွင်းမဲ့ အေးငြိမ်းတော်မူလေသည်။ ဆရာတော်ဘုရားသည် ခန္ဓာဝန်မချမှီအချိန်တိုင်အောင်ပင် သစ္စာလေးပါး တရားတော်များကို မရပ်မနား ဟောကြားသွားတော်မူခဲ့သည်။ သစ္စာလေးပါး တရားတော်ကို အဟောအပြော သက်သက်မျှ မဟုတ်ပဲ အလုပ်သဘောဖြင့် ကိုယ်တော်တိုင် သက်သေပြတော်မူခဲ့လေသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါးတရားတော်များမှာ တရားခွေများ၊ ဒစ်ဂျစ်တယ် အမ်ပီသရီး စီဒီများဖြင့် ပုဒ်ရေ တစ်ထောင်ခန့် ကျန်ရှိခဲ့ရာ ယခုတိုင် နာကြားနေကြရဆဲ ဖြစ်ပါသည်။ ထို့ပြင် အသံသွင်း တိတ်ခွေများမှတဆင့် စာအုပ်အဖြစ်သို့ ပုဒ်ရေငါးရာကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။ ဆရာတော်ဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ သီရိလင်္ကာ စသည့် နိုင်ငံခြားတိုင်းပြည် များတွင်လည်း ဘာသာပြန်ဆိုကာ လေ့လာအားထုတ်လျှက် ရှိကြပါသည်။


မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအသင်း သည်လည်း ယခုအခါ မြန်မာပြည်အနှံ့တွင် အဖွဲ့ခွဲပေါင်း (၂၆၉)ဖွဲ့နှင့် အဖွဲ့စိတ်ပေါင်း သုံးထောင်ကျော်ခန့် ရှိပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး မရှိတော့သော်လည်း ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါး တရားတော်များမှာကား ယနေ့တိုင် ရှင်သန်နေဆဲပင် ဖြစ်ပါတော့သည်။

စေတီပုထိုးများ[ပြင်​ဆင်​ရန်​]

စိတ်ဝင်စားဖွယ်နေရာများ[ပြင်​ဆင်​ရန်​]

မိုးကုတ်ကျောက် ရောင်းဝယ်ရေးလုပ်ငန်းများကို ထာပွဲဟု ခေါ်သောနေရာတွင် စုပေါင်းလုပ်ကိုင်ကြပါသည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်များဖွင့်ပြီး လုပ်ကိုင်ကြသော်လည်း နည်းပါးသေးသည်။

ထာပွဲ[ပြင်​ဆင်​ရန်​]

ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်ပြရာတွင် " ထာ " ခေါ် ကြေးလင်ဗန်းကြီးများတွင် ထည့်ပြီး ပြသရသည်။ ထို ထာ ခေါ် ကြေးလင်ဗန်းကို အစွဲပြုပြီး ထာပွဲဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ (ထာပွဲ = ကျောက်မျက်ရတနာ အရောင်းအဝယ်ပြုလုပ်ရာနေရာ) မိုးကုတ်ကျောက်ရောင်းဝယ်ရေးလုပ်ငန်းများကို ခြုံကြည့်လိုက်မည်ဆိုလျှင် အကြမ်းဖျဉ်းအားဖြင့် လူတန်းစား (၄) ရပ်ခွဲခြားတွေမြင်နိုင်ပါသည်။

(၁) ပွင့်ကောက်သမား

(၂) အစပ်ကျောက်သမား

(၃) ဝယ်/ ရောင်းသမား

(၄) ပွဲစား ဟု တွေမြင်ရပါသည်။


ပွင့်ကောက်သမား[ပြင်​ဆင်​ရန်​]

ပွင့်ကောက်သမားများကို တစ်နည်းအားဖြင့် ကုန်သည်ကြီးပိုင်းလို့ သတ်မှတ်လို့ရပြီး တန်ဖိုးမြင့်သောကျောက်များကိုသာ တစ်ပွင့်ချင်း စိတ်ကြိုက်ဝယ်ယူကြသူများ ဖြစ်သည်။

အစပ်ကျောက်သမား[ပြင်​ဆင်​ရန်​]

အစပ်ကျောက်သမား ဆိုသည်မှာ မိုးကုတ်တွင်းထွက်ကျောက်များစွာ ရှိသည့်အနက် မိမိကျွမ်းကျင်သည့်ကျောက် တစ်မျိုးထဲကိုသာ ဦးစားပေးဝယ်ကြသူများ ဖြစ်ပါသည်။ အစင်အားသန်သူက အစင်၊ ဂေါ်ကြိုးအားသန်သူက ဂေါ်ကြိုး၊ အညံ့အားသန်သူက အညံ့ စသည်ဖြင့် သီးခြားဝယ်ယူကြသူများဖြစ်သည်။ အစပ်ကျောက်သမားလိုင်းတွင် အရိုင်းစပ်သမား နှင့် အယဉ်စပ်သမား ဆိုပြီး နှစ်မျိုးခွဲခြားတွေ့မြင်နိုင်ပါသေးသည်။ အရိုင်းစပ်သမားဆိုသည်မှာ တွင်းမှထွက်လာသောကျောက်များကို နဲနဲစီဝယ်ပြီး များလာလျှင် အရိုင်းအတိုင်း အထုပ်လိုက်ပြန်ရောင်းသူများဖြစ်သည်။ အယဉ်စပ်သမားဆိုသည်မှာ အဓိကဝယ်ထားသော ကျောက်များကို အရိုင်း (မသွေးရသေးသောကျောက်)ြဖြစ်စေ၊ အယဉ် (သွေးပြီးသားကျောက်) ဖြစ်စေ တစ်ပွင့်ချင်း၊ နှစ်ပွင့်ချင်းဝယ်ယူကြသည်။ အရိုင်းများကိုမူ သွေးယူပြီး အယဉ်ပြုလုပ်ကာ ကိုယ်မှန်ထားသော ကျောက်ချိန်အတိုင်း (ကလပ် ၅၀၊ ကလပ် ၁၀၀) စသဖြင့်ရမှ ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြသူများ ဖြစ်သည်။

ဝယ်/ ရောင်းသမား[ပြင်​ဆင်​ရန်​]

ဝယ်/ ရောင်းသမား ဆိုသည်မှာ ကျောက်တွင်းတူးလုပ်ငန်းများသို့ သွားရောက်ပြီးဖြစ်စေ၊ ထာပွဲဖြစ်ရာ နေရာများသို့ဖြစ်စေ သွားရောက်ပြီး မြတ်နိုင်မည်ထင်သောကျောက်များကို ဝယ်ယူပြီး ပြန်ရောင်းကြသူများဖြစ်သည်။ ဝယ်ရောင်းသမားများ အရည်အချင်းမှာ အဓိက ကျောက်မျိုးစုံ အကြောင်းနားလည်ရန်ပင် ဖြစ်သည်။

ပွဲစား[ပြင်​ဆင်​ရန်​]

အရောင်းအဝယ်လောကတိုင်းတွင် ပွဲစားရှိသကဲ့သို့ မိုးကုတ်ကျောက်လောကတွင်လည်း ကျောက်ပွဲစားများ များစွာတွေ့ရပါသည်။ မိုးကုတ်ကျောက်ပွဲစားများ အရည်အချင်းမှာ ဆက်ဆံရေးနှင့် နာမည်ကောင်းရဖို့ပင် ဖြစ်ပါသည်။ မိုးကုတ်မြို့မှာ ကျဉ်းလှသဖြင့် ဆက်ဆံရေးကောင်းလျှင် ကောင်းသလိုမိတ်ဆွေပေါများပြီး နာမည်ပျက်မရှိသရွေ့ ကျောက်ထည့်ပေးသော ကုန်သည်များက မည်မျှတန်ဖိုးကြီးမားသော ကျောက်ပင်ဖြစ်စေ ပွဲစားအား ယုံယုံကြည်ကြည်ထည့်ပြီး ရောင်းခိုင်းကြပါသည်။ မိုးကုတ်ကျောက်ပွဲစားတို့ အကျိုးခံစားခွင့်မှာ ၁၀၀ ကျပ် တည့်လျှင် ၅ ကျပ်နှုန်းဖြစ်သည်။ [၂]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ)
  • မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်

ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]

၁၉၂၀ ဝန်းကျင်မှ ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]