အလောင်းစည်သူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မင်းစည်သူ နတ်

အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် ရာဇကုမာရ မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ ဘွဲ့အမည်မှာ ဂြီ့ဘုဝနာဒိတျာ ပဝရဓမ္မရာဇာ ဖြစ်သည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇဝင်များ၌ ရေးသားဖေါ်ပြ ကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ ၊ ကျန်စစ်သားတို့ကဲ့သို့ ဆောင်ရွက်ခဲ့သည်။ အလောင်းစည်သူဖြတ်ထုံးများ ဟု ဓမ္မသတ်ကျမ်း တစ်စောင်ပေါ်ခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့ အား၎င်း တစ်နိုင်ငံလုံး တညီတညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့ သည် ဟု မြန်မာ ရာဇဝင်များ ၌ ရေးသား ထားသည်။ နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။ မြန်မာရာဇဝင် များ ၏ ရေးသားထားချက်အရ မြန်မာဂီတ နှင့် တူရိယာများသည် အလောင်း စည်သူမင်း လက်ထက် တွင်ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။

ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အတွက်လည်း စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်းအထောက်အထားများ တွေ ့ရှိရသည်။ အလောင်းစည်သူ ဆောင်ရွက်ခဲ့သည့် သာသနာ ကောင်းမှုတော်များ ထဲတွင် ပုဂံ မှ သဗ္ဗ ညုပု ထိုးတော်ကြီးသည် ကြီးကျယ် ထင်ရှားပေသည်။

အလောင်းစည်သူမင်းသည် မြန်မာနိုင်ငံတော် တိုးတက်ရန် အခြားနိုင်ငံများနှင့် ရောင်းဝယ်ဖောက်ကားခြင်း ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိတ်ဆွေဖြစ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ် သည့် သီဟိုဠ် ၊ မာလာယု ၊ အိန္ဒိယနိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုနိုင်ငံများသို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာရာဇဝင်များ၌ ရေးသားထားသည့် အလောင်းစည်သူမင်း တိုင်းတစ်ပါးသို့ ခရီးထွက် လှည့်လည်ရာ နောက်ဆုံး ဇမ္ဗုသပြေပင်ရင်းသို့ပင် ရောက်ခဲ့သည်ဟု ရေးသားထားကြသည်မှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့သည်ကို တင်စားရေးသားထားပုံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။ [၁]

မင်းစည်သူနတ်[ပြင်​ဆင်​ရန်​]

မင်းစည်သူနတ်သည် ပုဂံအလောင်းစည်သူမင်းကြီး(၄၅၄-၅၂၉) ဖြစ်သည်။ သားတော်ကုလားကျမင်း (ခေါ်) နရသူမင်း ကမျက်နှာတော်ကို အဝတ်ပုဆိုးဖြင့်အုပ်ဖိ၍ သတ်ရာမှနတ်ဖြစ်သည် ဟုဆိုသည်။ နတ်ရုပ်မှာအောက်ခုံပလ္လင်၊ ယာဒူးထောက်ဝဲဒူးချ၊ ယာဒူးပေါ်တွင်ယာလက်ရုံးတင်၍လက်ညှိုး ထိုးဟန်၊ ဝဲလက်ကဒူးစွန်းကိုထောက်လျှက် ဗောင်းစလွယ်၊ နားတောင်း ရှေ့ဘယက် နောက်ဘယက်နှင့် ထုလုပ်ရသည်။[၂]

နတ်ရွာစံခြင်း[ပြင်​ဆင်​ရန်​]

အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ် နရသူကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား ကျန်စစ်သား၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် အနှစ် (၇၀) တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူဘုရားတွင် ထားလေသည်။ မင်းကြီးလည်း သတိရတော်မူသောအခါ `ငါ့နန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း `နန်းတော်မဟုတ် ကောင်းမူတော်´ဟု လျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ ခေါင်းအုံးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။


အလောင်းစည်သူမင်း(မြန်မာ ၄၇၄-၅၂၉)[ပြင်​ဆင်​ရန်​]

ပုဂံရာဇဝင်၌ ဘုန်းတန်ခိုးကြီးသော အလောင်းစည်သူမင်းသည် ကျန်စစ်သား မင်းကြီး၏ သမီးတော် ရွှေအိမ်သည်နှင့် စောလူးမင်း၏ သားတော် စောယွန်းတို့၏ သားတော် ဖြစ်သည်။


အလောင်းစည်သူအား ဖွားမြင်သောအခါ ဥကင်သတံခါး လည်း သူမဖွင့်ပဲပွင့်သည်။ အိမ်ရှင်စည်ကြီးလည်း သူမတီးပဲ အလိုလိုမြည်သည်။ မင်းသားလည်း ဖွားသည့်နေ့မှစ၍ ပြင်းပြ စွာ မဆိတ်မညံငိုသည်။ ထီးလှိုင်ရှင် မင်းကြီးလည်း မြေးတော် ငိုသောအကြောင်းကို ဟူးရားဖြူ ဟူးရားညိုတို့အား မေးတော် မူ၏။ ဟူးရားဖြူ ဟူးရားညိုတို့လည်း မြေးတော်သည် တိုင်း ကားနိုင်ငံ အပိုင်းအခြားကို သိလို၍ ငိုပါသည်ဟု နားတော် လျှောက်၏။ ထိုအခါ ထီးလှိုင်ရှင် ကျန်စစ်သားမင်းလည်း နိုင်ငံအပိုင်းအခြားကို ရွှေပေတွင် ရေးစေ၍ ဖတ်လျှောက်မှ ငိုသံဆိတ်သောဟူ၏။ ထိုသို့ အံ့ဖွယ်သူရဲကို ဘိုးတော်မြင်လျှင် ငါ့မြေးတော်နန်းကို ငါစောင့်ခြင်းသာ ဖြစ်ပါသည်ဟူ၍ မိန့်တော်မူပြီးသော် မြေးတော်ကို ရင်ခွင်၌ပိုက်လျက် ရာဇပလ္လင်ထက် တင်၍ သီရိဇေယျသူရဟူသော အမည်နှင့် ဘိသိက်သွန်း၍ မင်းမြေ|ာက်တော်မူသည်။


သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ကျန်စစ်သားမင်း နတ်ရွာစံသော် မြေးတော် အလောင်းစည်သူ နန်းတက်သည်။ နိုင်ငံတော် ကာကွယ်ရေးကို အနော်ရထာမင်းစောနှင့် ကျန်စစ်သားမင်း တို့က ဆောင်ရွက်ခဲ့သဖြင့် အင်အား တောင့်တင်းခဲ့ပြီဖြစ်၍ အလောင်းစည်သူမင်းကြီးသည် နိုင်ငံခြား ဆက်သွယ်ရေးကို အထူးအရေးပေး ဆောင်ရွက်တော်မူရာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခရီးရောက်ခဲ့သည်။ မင်းကြီးသည် ပုသိမ် သဘေ‡ာဆိပ်မှ မလ္လာယုကျွန်းဆွယ်သို့လည်းကောင်း၊ ရခိုင် ကမ်းရိုးတန်းရှိ ကျွန်းများသို့လည်းကောင်း၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ရှိ ကမ်းရိုးတန်းဒေသများသို့ လည်း ကောင်း ရေလမ်းခရီးဖြင့် သွားရောက်ခဲ့လေသည်။ ထိုနောက် ကုန်းလမ်းခရီးဖြင့် တရုတ်ပြည်သို့လည်း စွယ်တော်ပင့်ရန် ရောက်ကြောင်းနှင့် ဆိုသည်။ အိန္ဒိယနိုင်ငံ အရှေ့ကမ်းရိုးတန်း တစ်လျှောက် သွားလာစဉ် ပဋိက္ကယားကုလားမင်းက သမီးတော် ဆက်၍ မဟာမိတ် ပြုတော်မူသည်။ ဗုဒ္ဓဂယာဒေသသို့လည်း သံအမတ်များစေလွှတ်၍ သာသနာတော် အဆောက်အအုံများကို မွမ်းမံစေခဲ့သည်။ မဟာဗောဓိရှိရာ မဇ္ဈီမဒေသကျောက်စာတွင် အလောင်းစည်သူကို ပျူတစ်သိန်းမင်းဟု ရေးထိုးထားသည်ကို တွေ့ရ၏။


မင်းတရားကြီးသည် နိုင်ငံတွင်း နိုင်ငံပ လှည့်လည်နေဖန် များသောအခါ နိုင်ငံတွင်း၌ ထကြွ လှုပ်ရှားမှုများ ပေါ်ပေါက် လာခဲ့ပြန်သည်။ မြန်မာနိုင်ငံ တောင်ဘက်အစွန်းဒေသဖြစ်သော တနသ‡ာရီ၌ ထကြွသဖြင့် ကိုယ်တော်တိုင် ချီတက်နှိမ်နင်းရ၏။ ရခိုင်တောင်ပိုင်းမှ သက်တို့၏ဘုရင် ကတုံထကြွသည်ကိုလည်း နှိမ်နင်းရသည်။ ရခိုင်ပြည်တောင်ပိုင်း၌ မင်းရိုးဘီလူးကို သူပုန် အမတ်လုပ်ကြံ၍ ဆုံးသည်တွင် မင်းဘီးလူးသား မင်းရဲဘယ အကူအညီ ရလိုရငြားဟူ၍ ဘိုးတော် ကျန်စစ်သားမင်းကြီး လက်ထက်က လာရောက်ခစားသည်။ အခွင့်မရပေ။ မင်းရဲဘယ လွန်၍ သူ၏သား လက်ယာမင်းနန်း အလောင်းစည်သူထံ ခစားရသည်။ ထိုတွင်မှ အလောင်းစည်သူ ရခိုင်ကိုတိုက်၍ လက်ယာမင်းနန်ကို နန်းတင်ရသည်။


အလောင်းစည်သူမင်းကြီးသည် နိုင်ငံတွင်း၌ စည်းလုံးမှု ပိုမိုခိုင်မြဲစေရန် နိုင်ငံတော် အုပ်ချုပ်မှုနှင့် တရား စီရင်မှုတို့ တပြေးတည်းညီညွတ်အောင် ကိုယ်တော်တိုင် ကြီးကြပ်ကြီးရှု သည့်ပြင် အများပြည်သူ လိုက်နာကြရန် ဓမ္မသတ်ကိုလည်း စီရင်ခဲ့သည်ဟု အဆိုရှိသည်။ အလောင်းစည်သူ၏ တရားစီရင် ထုံးတို့ကို စုဆောင်း၍ အလောင်းစည်သူဖြတ်ထုံးဟု ပြုစုရေး သားထားလေသည်။ ဤနည်းဖြင့် အုပ်ချုပ်မှုရေးရာများ လွယ်ကူလာပေတော့သည်။ ထိုပြင် မြန်မာနိုင်ငံ အရပ်ရပ်သို့ ကြွတော်မူ၍ ကန်ချောင်းဆည်မြောင်းပြုပြီးသော် တောင်ယာ ဝေ၍ လယ်ပယ်ဖွဲ့ပြီးမှ သူရဲသူခက် ဆင်လုံးမြင်းရင်းတို့ အစာ ဖြစ်ကောင်းသောအရာကို အစာဖြစ်စေ၍ ထိုသို့ အစုစုသော မြေတို့ကိုပေါင်း၍ ခရိုင်မြို့ပြဖြစ်ကောင်း အရာတို့ကိုလည်း ခရိုင်မြို့ပြ ဖြစ်စေသည်။ ဤသို့ စီရင်တော်မူပြီးမှ နိုင်ငံတော် အစပ်တို့တွင် ကင်းတိုကင်းရှည်ထားတော်မူသည်။ အုပ်ချုပ်ရေး၌သာမဟုတ် ကူးသန်းရောင်းဝယ်ရေး၌လည်း နိုင်ငံတော်အလုံး၌ အသုံးအဆောင် တစ်ချက်တည်း ဖြစ်စေလို သောကြောင့် ချိန်၊ ကျပ်၊ ခွဲ၊ မတ်၊ မူး၊ ပဲတို့ကိုလည်းကောင်း၊ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်၊ စလယ်တို့ကိုလည်း ကောင်း တညီတညွတ်တည်း ကိုက်ညီစေရန် မင်းမိန့်ဖြင့် ပြဋ္ဌာန်းသတ်မှတ်တော်မူသည်။ ဤနည်းဖြင့် နိုင်ငံတွင်း စီးပွား ရေး ဖလှယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူစေလေ သည်။ ထိုပြင် နိုင်ငံသား အားလုံးတို့အား ညီညွတ်မှုဖြင့် စည်းလုံးရေး စိတ်ဓာတ်ကို ကောင်းစွာ သွတ်သွင်းပေးရာလည်း ရောက်လေသည်။

မင်းတရားကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာ မဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီ ပုတိုး ဂူကျောင်း စသည်တို့ကို တည်ခဲ့သည်။ မင်းတရားကြီး၏ ကောင်းမှုတော်တို့ကား ပုဂံတွင် သဗ္ဗညုဘုရား၊ အညာတွင် ကျော်လေးဆူအဝင် သီဟတောဘုရားတို့ ဖြစ်ကြသည်။


မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူသည်။ ထိုမင်းလက် ထက် ရှင်အရဟံမထေရ် ပျံလွန်တော်မူ၍ ပံ့သုကူမဟာထေရ်က သာသနာဦးဆောင်အဖြစ် ဆက်ခံရသည်။

အလောင်းစည်သူမင်းကြီးသည် တိုင်းကားနိုင်ငံတော်ကို အဘက်ဘက်မှ ပြုစုတော်မူပြီးနောက် စည်းစိမ်တော် အနှစ် ၇ဝ၊ သက်တော် ၈၅ နှစ်တွင် သားတော်အလတ် နရသူလုပ်ကြံ ၍ နတ်ရွာစံတော်မူသည်။


မင်းကြီးတွင် ရာဇဘိသိက်ခံ မိဖုရားလေးပါး ရှိသည်။ ရတနာပုံလည်းတစ်ပါး၊ တိလောကစန္ဒာဒေဝီလည်း တစ်ပါး၊ ရာဇကုမ္မာရီလည်းတစ်ပါး၊ တောင်ပြင်သည်လည်းတစ်ပါး ပေါင်းလေးပါးတည်း။ မိဖုရား ရတနာပုံတွင် မြင်သည့် သားတော် မင်းရှင်စောကို မင်းကြီးမျက်၍ ပြည်မှ နှင်ထုတ် သောကြောင့် ပုဂံမှ အလုံးအရင်း နှင့် ထွက်သွား၍ ယခု မန္တလေးတည်ရာ အရှေ့ဘက် ထွန်တုံးပုတက်တွင် မြို့ပြတည် ထောင်နေကာ အောင်ပင်လယ်ကန်၊ တမူဆိုးကန်တို့ကို ဆည်ခဲ့ သည်။


မိဖုရား တိလောက စန္ဒာဒေဝီကို နောက်ဦးဆောက်ပန်းဟူသော အမည်သမုတ်သည်။ ထိုမိဖုရားမှ ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော်သမီးတော်မရှိ။ မိဖုရားတောင် ပြင်တွင် သမီးတော်နှစ်ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော်မူ၏။ အငယ်ကို ရွှေချဟူ၍ မှည့်သည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ အမတ် ဓမ္မကျင်သမီးကိုလည်း ကိုယ်လုပ်တော်အဖြစ် ထားသည်။ ထိုကိုယ်လုပ်တော်မှ နရသူကို မြင်သည်။

အမည်ခုနစ်မျိုး[ပြင်​ဆင်​ရန်​]

မင်းတရားကြီးကား အမည်ခုနစ်မျိုးဖြင့် ထင်ရှားခဲ့ကြောင်းဖြင့် မဟာရာဇဝင်ကြီး၌ ဆိုသည်။

  1. ဖွားမြင်သည်နှင့် အိမ်ရှင်စည်ကြီးမြည်သည်ကို အကြောင်းပြု၍ အချို့သော ရာဇဝင်တွင် လောင်းစည်သျှူ ဟူ၍ ရေးမှတ်ကြသည်။
  2. မင်းဖြစ်တော်မူ၍ ရှေးဦးစွာ ရွှေဂူဘုရားတည်တော်မူသည် ကို အကြောင်းပြု၍ ရွှေဂူဒါယကာ ဟူ၍ ရေးမှတ်ကြသည်။
  3. ဘိုးတော်ပေးသော သီရိဇေယျသူရဟူသော အမည်ဖြင့် လည်း ရေးမှတ်ကြသည်။
  4. ငယ်ကငိုတော်မူရာတွင် ချက်တော်တစ်မိုက်ခန့် ထွက်သည် ကို အကြောင်းပြု၍ ချက်တော်ရှည်ဟူ၍လည်း ရေးမှတ်ကြသည်။
  5. ဇမ္ဗူ့သပြေပင်ရင်း၌ သိကြားမင်းပေးသော သီရိတြိ ဘာဝနာတိတျာပဝရ ပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိစည်သူ ဟူသော အမည်ဖြင့်လည်း ရေးမှတ်ကြကုန်သည်။
  6. သိကြားပေးသော အမည်ရင်းတွင် အဖျားကိုယူ၍ နရပတိစည်သူဟူ၍လည်း ကလျာဏီကျောက် စာစသော သမိုင်းမော်ကွန်းတို့၌ ရေးမှတ်ကြကုန်သည်။
  7. ရှင်ဖြူဘုရား ဗလဝါမုက္ခ၌ စဉ်ကျပေသောအခါ အလောင်းစည်သူငါ့ကိုယူလော မိန့်တော်မူသည်ကို အကြောင်းပြု၍ အလောင်းစည်သူဟု ရေးမှတ်ကြသည်။ [၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (မသက်ဇင် ၏ မြန်မာရာဇဝင်များထဲ မှ နန်းသက်အရှည်ဆုံးဘုရင်)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနစ်မင်း
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)