အနောက်ဖက်လွန်မင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း(၁၆၀၆-၁၆၂၈)သည် ညောင်ရမ်းမင်းဆက်၏ ဒုတိယမြောက်မင်းဖြစ်သည်။ ဖခင်ဖြစ်သူ ညောင်ရမ်းမင်းတရားကြီးမပြီးပြတ်ခဲ့သည့် နိုင်ငံသိမ်းသွင်းရေးလုပ်ငန်းများကို ဆက်လက်၍ အားထုတ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

နယ်ပယ်သိမ်းသွင်းခြင်း[ပြင်​ဆင်​ရန်​]

ပြည်[ပြင်​ဆင်​ရန်​]

ညောင်ရမ်းမင်းတရားကြီး လွန်၍ ၂နှစ်အကြာ၊ ဟံသာ၀တီပျက်သုဉ်းပြီး ၇နှစ်အကြာ ၁၆၀၇တွင် ပြည်ကို တိုက်ခိုက်သည်။ ရှစ်လကြာဝန်းရံတိုက်ခိုက်၍ ၁၆၀၈အရောက်တွင် ပြည်မြို့ကိုရသည်။ ပြည်တွင်မင်းပြုနေသော ရန်နိုင်စားကို မသတ်ပဲ ခမည်းတော်၏ မှာကြားချက်ကို အလေးထားသည်အားဖြင့် အသက်မှလွတ်သည်။ ပြည်မင်းကြီးနှောင်း ညောင်ရမ်းကို တိုက်ရန်လာစဉ် ရန်နိုင်စားလုပ်ကြံသဖြင့် ညောင်ရမ်းသက်သာရာရသည့်အတွက် ရန်နိုင်စားကျေးဇူးရှိသည်ဟု မှတ်ကာ ညောင်ရမ်းမင်းတရားကြီးက မှာခဲ့ခြင်းဖြစ်သည်။

တောင်ငူ[ပြင်​ဆင်​ရန်​]

ထိုနောက် ၁၆၁၀အရောက်တွင် တောင်ငူသီဟသူရဘွဲ့ဖြင့် မင်းပြုနေသည့် နတ်သျှင်နောင်အား သွားရောက်တိုက်ခိုက်သည်။ တောင်ငူသားတို့ အစွမ်းကုန်ခုခံသဖြင့် သိမ်းပိုက်ခြင်းမပြုနိုင်ပေ။ ထိုစဉ်က နတ်သျှင်နောင်သည် အနောက်ဖက်လွန်မင်းနှင့် စီးချင်းထိုးရန်ကြံသော်လည်း သွေးစုနာပေါက်သဖြင့် အကြံအစည် အထမမြောက်ခဲ့ပေ။ ထိုနောက် ညီတော်များနှင့် ဆရာတော်များ၏ တိုက်တွန်းချက်ကြောင့် အနောက်ဖက်လွန်မင်းထံ လက်နက်ချအရှုံးပေးလိုက်တော့သည်။ အနောက်ဖက်လွန်မင်းလည်း နတ်သျှင်နောင်အား တန်းတူထား၍ လက်ခံတွေ့ဆုံသည်။ ထိုနောက် တောင်ငူနန်းမှ မှန်ကင်းအထွတ်ချကာ သာမန်ပဒေသရာဇ်လက်အောက်ခံအဖြစ် ထား၍ နတ်သျှင်နောင်ကိုပင် ပြန်လည်၍ မြို့စားအရာပေးလေသည်။ သို့သော် တောင်ငူမှ မင်းညီမင်းသားများသာမက စာပေ၊ အနုပညာ၊ လက်မှုပညာ တတ်ကျွမ်းသူများကို အင်း၀သို့ ခေါ်ခဲ့သည်။

သန်လျင်[ပြင်​ဆင်​ရန်​]

နတ်သျှင်နောင်က သန်လျင်တွင် အုပ်ချုပ်ရမ်းကားနေသည့် ငဇင်ကာအား တောင်ငူကိုသိမ်းရန် စာစေသဖြင့် ၁၆၁၂တွင် တောင်ငူကို ငဇင်ကာ တပ်များဖြင့် သိမ်းပိုက်ကာ တောင်ငူနန်းတော်ကို မီးတိုက်ဖျက်ဆီးသည်။ထိုတိုက်ပွဲတွင် နတ်သျှင်နောင်၏ ညီတော်ဖြစ်သူ မင်းရဲကျော်စွာ ကျဆုံးခဲ့သည်။ ထိုသတင်းကို ကြားသည့် အင်း၀တပ်များ တောင်ငူသို့ ချီလာသော်လည်း ရမည်းသင်းအရောက်တွင် တောင်ငူကျ၍ နတ်သျှင်နောင် သန်လျင်သို့ ပါပြီဖြစ်ကြောင်း သိရသဖြင့် အင်း၀သို့ပြန်ရသည်။ ထိုနောက် နတ်သျှင်နောင်လည်း ငဇင်ကာနှင့် ပူးပေါင်း၍ သန်လျင်မှ ပုန်ကန်သောကြောင့် အနောက်ဖက်လွန်မင်း ချီတက်နှိမ်နှင်းရသည်။

၁၆၁၂မှ စတင်သည့် တိုက်ပွဲများသည် ၁၆၁၃အရောက်မှ အောင်မြင်ကာ နတ်သျှင်နောင် နှင့် ငဇင်ကာတို့ကို ကွပ်မျက်စေသည်။ ထိုတစ်နှစ်ကြာတိုက်ပွဲများအတွင်း အင်း၀တပ်များသည် လက်နက်အစွမ်းသာသည့် ပေါ်တူဂီတပ်များကြောင့် များစွာအထိနာခဲ့ရသည်။ ဖမ်းဆီးရရှိသမျှ ပေါ်တူဂီအနွယ်တို့ကို စာရင်းကောက်ယူစေရာ လူ၄၀၀၊၅၀၀မျှရှိသည်။ ထိုသူတို့ကို အင်း၀မြောက်ဖက်တွင် အကွက်ချ၍ နေထိုင်စေသည်။ နောင်တွင် ဘရင်ဂျီများ ဟုခေါ်​ဝေါ်ကြသည်။

တနင်္သာရီ[ပြင်​ဆင်​ရန်​]

သန်လျင်ကို ရပြီးနောက် အနောက်ဖက်လွန်မင်းသည် ဟံသာ၀တီတွင် နန်းစိုက်ကာ အောက်ပြည်ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက်သည်။ ရှေးဦးစွာ မုတ္တမစားဗညားဒလ လာရောက်သစ္စာခံသည်။ ဗညားဓမ္မရာဇာဘွဲ့ပေးကာ မုတ္တမကိုပင် ပြန်စားစေသည်။ သို့သော် ဆက်သသည့် ဆင်၊မြင်း၊ သားသမီးတို့ကို သိမ်းယူသည်။ ရေးမြို့စားဗညားရံကို အနားတွင်ခေါ်ထားပြီး ညီတော်စစ်ကိုင်းစားကို ရေးမြို့စားအဖြစ် ခန့်အပ်သည်။ မိုးကာလအတွင်း ဟံသာ၀တီနန်းတွင် စံနေခဲ့ပြီး မိုးကုန်လျှင် မုတ္တမသို့ သွားရာ ညီတော်စစ်ကိုင်းစားအား ယိုးဒယားနှင့် ဩဇာခွ ထားဝယ်စားတို့မှ လာရောက်တိုက်ခိုက်ဖမ်းဆီးသွားကြောင်းသိရသည်။

တိုက်ပွဲများအတွင်း ၁၆၁၃အကုန်တွင် ထားဝယ်စား ဆင်ထက်၌ ကျဉ်သင့်၍ လွန်သည်။ ညီတော်စစ်ကိုင်းစားကို ပြန်ရသည်။ ထိုနောက် ရေးမြို့မှနေကာ တနင်္သာရီဒေသတစ်ခုလုံးကို တပ်များဖြန့်ကာ ချထားစေသည်။ ထိုတပ်များသည် နယ်မြေအနေအထား မကျွမ်းကျင်သဖြင့် ဒုက္ခများတွေ့ကြသော်လည်း ကျူးကျော်လာကြသည့် ယိုးဒယားတပ်များကိုမူ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။ ၁၆၂၂မတိုင်မှီပင် တနင်္သာရီဒေသတစ်ခုလုံးကို လက်ရယူနိုင်ခဲ့သည်။

ဇင်းမယ် နှင့် ရခိုင်[ပြင်​ဆင်​ရန်​]

မုတ္တမတွင်ရှိနေစဉ် ဇင်းမယ်နန်းတွင်း၌ ရှုပ်ထွေးနေကြောင်းသိရသဖြင့် ဇင်းမယ်သို့ ချီတက်လုပ်ကြံသည်။ ၁၆၁၄တွင် စတင်ချီတက်ပြီး ၁၆၁၅တွင် ဇင်းမယ်အရေးပြီးစီးသဖြင့် ဟံသာ၀တီသို့ပြန်သည်။

ရခိုင်မင်းက ကွမ်းသီးကျွန်းနှင့် အုန်းသီးကျွန်းတို့ကို တောင်းယူသဖြင့် ချီတက်တိုက်ခိုက်သည်။ သံတွဲစားက ရွတ်ရွတ်ချွံချွံ ခုခံသော်လည်း အနိုင်ရကာ လူသူဆင်မြင်း သုံ့ပန်းများစွာ ရရှိခဲ့သည်။

သာသနာရေးနှင့် တိုင်းပြည်အရေးများ ဆောင်ရွက်ခြင်း[ပြင်​ဆင်​ရန်​]

ရွှေမော်ဓောစေတီမဟာစေတီ ၊ ပြင်းနတ်ဘုရားများကို ထီးတော်တင်လှုသည်။ ဟံသာ၀တီအနီးရှိ ဟောင်းနွမ်းပျက်စီးနေသည့် စေတီပုထိုးများကို ပြုပြင်သည်။ ရွှေတိဂုံစေတီတော်ကို ပြင်ဆင်မွမ်းမံသည်။ ပုညစေတီဘုရားကို ကိုယ်လုံးတော်ပြည့် ရွှေထည့်ပူဇော်သည်။ အင်း၀နေပြည်တော် အနောက်တောင်ထောင့်တွင် ပြသာဒ်ရွှေကျောင်း၊ စစ်ကိုင်းမင်းဝံတောင်ထိပ်တွင် လေးထပ်ရွှေကျောင်းတော်တို့ကို တည်ဆောက်လှုဒန်းခဲ့သည်။ မဟာမြတ်မုနိကိုလည်း ရွှေကိုယ်လုံးတော်ပြည့် ကပ်လှုပူဇော်ခဲ့သည်။

ထို့ပြင် ခမည်းတော်လက်ထက်ကဲ့သို့ပင် အမှုထမ်းများကို အစုလိုက် နေရာချထားပြီး ဘွဲ့အမည်အရည်များပေးကာ ချီးမြှောက်သည်။ ပြည်ပမှ သံတမန်များကို လက်ခံတွေ့ဆုံသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဟံသာ၀တီချောင်းသစ်အနောက်ဖက်တွင် ယာယီနန်းတည်၍ နေထိုင်နေစဉ်သားတော် မင်းရဲဒိဗ္ဗက ကိုယ်လုပ်တော် ကျိုင်းတုံစော်ဘွားသမီး နှင်းခမ်းပေါနှင့် ရည်ငံသည်ကို သိသဖြင့် အမျက်ထွက်ကာ သားတော်အား သံအိုကွင်းနှင့် ကြော်မည် ဟုဆူပူကြိမ်းမောင်းသည်။ ထိုနောက် သားတော် မင်းရဲဒိဗ္ဗက လုပ်ကြံသဖြင့် ၂၉၊ မေ၊ ၁၆၂၈တွင် နတ်ရွာစံသည်။ နန်းစံသက် ၂၂နှစ်၊သက်တော် ၅၀အတွင်းတွင်နတ်ရွာစံခြင်းဖြစ်သည်။ မှုးမတ်များလည်း နတ်ရွာစံသည်ကို ချက်ချင်းမသိပဲ တစ်ရက်လွန်မှ သိကြသည်။ အနောက်ဖက်လွန်မင်းဟု အမည်တွင်သည်ကလည်း ထိုကဲ့သို့ ဟံသာ၀တီနန်းတော်၏ အနောက်ဆက် ယာယီနန်းဆောင်တွင် နတ်ရွာစံသောကြောင့်ဖြစ်သည်။ အနောက်ဖက်လွန်မင်း နတ်ရွာစံလျှင် မှုးမတ်တို့လည်း အဝေး ရောက်နေသည့် အိမ်ရှေ့မင်း ညီတော် သတိုးဓမ္မရာဇာ နှင့် ညီတော်အငယ် မင်းရဲကျော်စွာကို အကြောင်းကြားရန် အခွင့်မသာပဲ အင်အားကြီးနေသည့် မင်းရဲဒိဗ္ဗ၏ ဘက်သားများကြောင့် မင်းရဲဒိဗ္ဗကိုသာ နန်းတင်လိုက်ကြတော့သည်။

အနောက်ဘက်လွန်မင်း (မြန်မာ ၉၆၇-၉၉ဝ)[ပြင်​ဆင်​ရန်​]

ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး စည်းရုံးတည် ထောင်ခဲ့သော မြန်မာနိုင်ငံတော်ကြီးသည် သားတော် ငါးဆူဒါယကာနန္ဒဘုရင် လက်ထက်တွင် အစိတ်စိတ် ကွဲသည်ကို မြေးတော် အနောက် ဘက်လွန်မင်းတရားလက်ထက် တစ်ဖန် ပြန်လည်စည်းရုံး ပြီးစီးနိုင်ခဲ့သည်။



အနောက်ဘက်လွန်မင်းတရားကြီးသည် ညောင်ရမ်းမင်း တရားနှင့် မိဖုရားခေါင်ကြီးတို့မှ သက္ကရာဇ် ၉၃၉ ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ကြီး သခင်လတ်ဖြစ်သည်။


ခမည်းတော် အထွတ်အမြတ်သို့ ရောက် သည်နှင့် မဟာဥပရာဇာအမည်နှင့် အိမ်ရှေ့စံရသည်။ ခမည်း တော် နတ်ရွာစံတော်မူသောအခါ သက္ကရာဇ် ၉၆၇ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက် တနင်္ဂနွေနေ့တွင် ခမည်းတော် အရိုက်အရာ ဖြစ်သော ရတနာပူရအဝရွှေနန်းကို သိမ်းမြန်း စိုးစံတော်မူသည်။ မဟာဓမ္မရာဇာဟူသော အမည်ကိုလည်း ခံတော်မူသည်။

ရွှေနန်းတက်ပြီးသည်နှင့်တစ်ပြိုင်နက် မင်းတရားကြီးသည် ကျွန်တော်မျိုးအပေါင်းတို့၌ ခမည်းတော်ဘုရား အစုအဖွဲ့တွင် ကျန်လေသသူတို့ကို စိစစ်တော်မူ၍ မြန်မာလူမျိုး၊ ရှမ်းလူမျိုးတို့ ပါဝင်သော ဆင်သည်စု၊ မြင်းသည်စု၊ ခြေသည်စုတို့ကို အသစ် ဖွဲ့စည်း၍ စစ်အင်အားဖြည့်တင်းတော်မူသည်။ ထိုနောက် ခမည်းတော် မင်းတရားလက်ထက် နိုင်ငံတော် စည်းရုံးရေး လုပ်ငန်းသည် ထက်ဝက်ခန့်မျှသာ ပြီးသေးသည်ကို ဆက်လက် ဆောင်ရွက်တော်မူသည်။ အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည် တလွှားသည် ခမည်းတော်လက်ထက်ကပင် လက်နက်နိုင်ငံ ဖြစ်ပြီးသော်လည်း ပြည်၊ တောင်ငူ၊ ပဲခူး၊ သံလျင်စသော ဒေသ များကို သိမ်းသွင်းရန် ကျန်ရှိ နေသေးသည်ကို မင်းတရားကြီး သည် သိမ်းသွင်းတော်မူသည်။

ရှမ်းပြည်တစ်လွှားမှ ဆင့်ဆိုထားသောတပ်များ အညီအညွတ် ရောက်လာသောအခါ သက္ကရာဇ် ၉၆၉ ခုနှစ် တန်ဆောင်မုန်း လဆန်း ၄ ရက်နေ့တွင် တပ်မတော်နှင့်တကွ ပေါင်းခုနစ်တပ် တွင်ပါသည့် ကတ္တူလွန်းကြင် စသော သားလှေငှက်လှေ ၄ဝဝ၊ လှော်ကားသံလှေ ၃၆ဝ၊ ရိက္ခာတင် ကုန်လှေ ၂ဝဝ၊ စစ်သည် သူရဲ ခုနစ်သောင်းနှင့် ပြည်မြို့သို့ ချီတော်မူသည်။ မြို့စီးပြစီး များသည်နှင့် ပြောင်းသေနတ်ထူထပ်လှသောကြောင့် အထိအပါး အရှအနများစွာခံရလျက် ဝန်းရံပြီးမှ ရှစ်လခန့်အကြာ သက္ကရာဇ် ၉၇ဝ ပြည့် ဝါခေါင်လဆန်း ၁၁ ရက်နေ့တွင်မှ ပြည်မြို့ကို ရတော်မူသည်။ ပြည်မြို့ပျက်သော်လည်း ဘယဂါမဏိတူ အသက် ၁၃ နှစ်သာ ရှိသေးသော ငထင်ငယ်သည် သူ့အရှင် ပြည်မင်း ရန်နိုင်စား၏ ကျေးဇူးသစ္စာတော်ကို အသက်နှင့်လဲ၍ ကာကွယ်မည်ဟူ၍ ဓားတစ်ဖက် တစ်စင်းစွဲကိုင်ကာ တစ် ယောက်တည်း ခံနေခဲ့သည်။ ဦးရီးတော် မြို့ပျက်၍ ပြည် အလုံးကို သူ့ရဲမက်ဖြစ်ပြီးမှ တစ်ယောက်တည်းသာခံ၍ တတ် နိုင်မည်လောဆိုမှ သူ့ဆန်ကို စားသောကြောင့် ရဲရတော့ သည် ဆို၍ လက်နက်ချလေသည်။ မင်းတရားကြီးသည် ငထင်ငယ်အား ကျေးဇူးတရား သိတတ်သူ ဟူ၍ အတွင်း၌ ထား၍ စေတော်မူသည်။ ဘဝရှင်မင်းတရားကြီးသည် ကျေးဇူး သစ္စာသိတတ်သူကို မည်မျှလေးစားသနည်းဟူမူ ခမည်းတော် ဘုရားက ကွယ်လွန်ခါနီးတွင် နောင် ပြည်မြို့ကို လုပ်ကြံ၍ အလိုပြည့်လျှင် ရန်နိုင်စားကို မကွပ်မျက်ပါနှင့်၊ ရန်နိုင်စား ကျေးဇူး မောင်တို့ငါတို့တွင် ရှိချေသည်ဟု မှာတော်မူခဲ့သည် နှင့်အညီ ပြည်မင်းနှင့်မိဖုရားကို အလုပ်အကျွေး လူတစ်ရာ ကျော်ခန့်နှင့် နေပြည်တော် အင်းဝသို့ ပို့၍ တော်သလင်းတဲ တော်ဆိပ်တွင် ကောင်းမွန်စွာ တဲနှင့်နေစေသည်။ မင်းမှူးမတ် တို့ကိုမူ သစ္စာတော်ပေး၍ နေကောင်းသသူတို့ကို နေစေခဲ့ပြီး လျှင် ယူကောင်းသသူတို့ကို ယူခဲ့သည်။ တိပိဋကလင်္ကာရ တောင်ဖီလာ အကျော်ဆရာတော်ကိုလည်း ပင့်ခဲ့သည်။ ထိုကြောင့် မင်းတရားကြီးက ပြည်မြို့ကို ငါ သိမ်းယူသည်၊ ရှင်တစ်ဆူ လူတစ်ယောက်သာရခဲ့သည်ဟု အမိန့်တော်ရှိခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက်ကား သစ္စာရှိသော ငထင်ငယ်တည်း။ သက္ကရာဇ် ၉၇၂ ခုနှစ်တွင် မြင်းခြောက်တပ်၊ တပ်ပေါင်း ၂၃ တပ်တွင် ပါသည့်တိုက်ဆင် ၅ဝဝ၊ မြင်း ၁၆ဝဝဝ၊ စစ်သည်သူရဲတစ်သိန်းနှစ်သောင်းနှင့် မင်းတရားကြီးသည် တောင်ငူကြောင်း ချီတော်မူပြန်သည်။ မြင်းခြောက်တပ်နှင့် ကော်တော်ရန္တမိတ် (မိုးည|င်းစလုံကြီးသား စလုံငယ်၊ စလုံငယ် သား စမော်ခန်း၏ဘွဲ့)ကို နေပြည်တော်၌ အစောင့်အနေ ခန့် တော်မူသည်။ တောင်ငူကို အောင်တော်မူလျှင် မင်းဆွေ၊မင်းမျိုး၊ မင်းမှူးမတ်၊ခေါင်းအကြီးအဝန်းရှိသမျှကို သစ္စာတော်ပေးပြီး နောက် တောင်ငူကို မှန်ကင်းချ၍ တောင်ငူဘုရင် နတ်သျှင် နောင်ကိုပင် မင်းပြုစေကာ နေပြည်တော်သို့ ပြန်တော်မူသည်။ သက္ကရာဇ် ၉၇၄ ခုနှစ်တွင် သံလျင်မှ ပေါ်တူဂီလူမျိုး ငစင်္ကာ ခေါ် ဖိလစ် ဒီဗရစ်တိုနှင့် ခမည်းခမက် တော်သူ မုတ္တမစား ဗညားဒလတို့ ပူးပေါင်းလျက် ရေကြောင်း ကြည်း ကြောင်းဖြင့် တောင်ငူကို လာရောက် တိုက်ခိုက်ကာ တောင်ငူ ဘုရင်နတ်သျှင်နောင်အား သံလျင်သို့ ယူဆောင်သွား၍ နန်းတော် ကျောင်းကန် အိမ်ရာများကို မီးတိုက်သွားကြောင်း ကြားတော်မူသဖြင့် မင်းတရားကြီးကိုယ်တိုင် ထိုနှစ်တွင်ပင် သံလျင်သို့ ကြည်းကြောင်းရေကြောင်း ချီတက်တော်မူလေသည်။


ကြည်းဘက်ရေဘက်မှ ဆို့ပိတ်လျက် သုံးလအပြင်းအထန် လုပ်ကြံတော်မူရာ၊ ဒီဗရစ်တိုနှင့်တကွ သံလျင်တစ်မြို့လုံးကို ရတော်မူသည်။ အနောက်ဘက်လွန်မင်း သည် သနားကြင်နာတတ်သည့်အလျောက် ဒီဗရစ်တိုနှင့် နတ်သျှင်နောင်တို့အား အမှားကို သိ၍ အသနားခံ တောင်းပန် လျှင် ခွင့်လွှတ်မည်ဟုဆိုခဲ့သော်လည်း မတောင်းပန်ကြသဖြင့် နှစ်ဦးလုံးကို ကွပ်မျက်လိုက်ရလေသည်။


သံလျင်မြို့ကို အနောက်ဘက်လွန်မင်းတရားကြီး အောင်နိုင်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင်း၌ စတင်ခြေကုပ်ယူနေ သော နယ်ချဲ့စနစ်ကို အမြစ်မှ နုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည် ဟု ဆိုရပေမည်။

သံလျင်ကို အလိုတော်ပြည့်လျှင် မင်းတရားကြီးသည် သံလျင်၌ တစ်လခန့်နေတော်မူပြီးနောက် မွန်၊ မြန်မာ၊ ရှမ်း၊ ကုလားတို့ကို စာရင်းယူပြီးလျှင် ပေါ်တူဂီလူမျိုး လေးငါးရာကို သုံ့ပန်းအဖြစ်ယူ၍ ရွှေဘိုနယ်၊ စစ်ကိုင်းနယ်တို့ဘက်၌ အစုစု ခွဲ၍ ထားတော်မူသည်။ ထိုကြောင့် ယခုတိုင် ထိုအရပ်များ၌ ဗရင်ဂျီရွာဟူ၍ တွင်သောရွာများ ရှိနေခြင်းဖြစ်သည်။ တောင်ငူ သားများကိုမူကား တောင်ငူသို့ပြန်ပို့တော်မူသည်။ ဤသို့ စီရင် ခန့်ရန်တော်မူပြီးမှ ဟံသာဝတီသို့ ချီတက်တော်မူသည်။ မင်းတရားကြီး ဟံသာဝတီသို့ ရောက်ကြောင်းကြားလျှင် မုတ္တမ စား ဗညားဒလသည် မြို့ရံ ၃၂ မြို့စားနှင့်တကွ ဆင်ကြီး၊ မြင်း ကြီး၊ သားသမီး၊ ရွှေငွေ များစွာ လက်ဆောင်တော်ယူ၍ မင်း တရားကြီးထံ ကျွန်ပေးပြီးလျှင် ဗညားဒလအား ဗညားဓမ္မရာဇ ဟူသော အမည်နှင့် မုတ္တမမြို့ကို ပြန်ပေးတော်မူသည်။ သက္ကရာဇ် ၉၇၅ ခုနှစ်တွင် ထားဝယ်မြို့ကို ရတော်မူပြန် သည်။ ထားဝယ်ကိုရပြီးနောက် ၉၇၆ ခုနှစ်တွင် ဇင်းမယ်မြို့သို့ ချီတက်လုပ်ကြံရာ မြို့ရံ ၅၇ မြို့နှင့်တကွ ရတော်မူသည်။ လင်းဇင်းက စစ်ကူလာသော ရဲမက် တော်တို့ကိုလည်း အကုန်ပင် ရတော်မူသည်။ အရေးတော်ပြီးလျှင် မှူးကောင်းမတ် ကောင်း သူရဲသူခက်တို့ကိုလည်း စိစစ်၍ သိမ်းယူတော်မူသည်။ မင်းတရားကြီးသည် ဇင်းမယ်တွင် နေတော်မူပြီးနောက် ၉၇၇ ခုနှစ်တွင်မှ ဇင်းမယ်ဘုရင်၊ သားတော်၊ အမှူးအမတ်၊ ဆင်မြင်း ဗိုလ်ပါတို့ကို ယူတော်မူ၍ ဇင်းမယ်မှ ဟံသာဝတီသို့ ပြန်တော် မူသည်။ ထိုနှစ်တွင်ပင် ရခိုင်ဘုရင်က ကွမ်းသီးကျွန်း၊ အုန်း ကျွန်းတောင်းလာသောကြောင့် အမျက်တော်ရှိ၍ တပ်ကြီးငါး တပ်၊ တိုက်ဆင် ၁၅ဝ၊ မြင်း ၁၅ဝဝ၊ စစ်သည်သူရဲကောင်း ၅ဝဝဝဝ နှင့် သံတွဲဥယျာဉ်ပုကြောင်းကို ချီစေသည်။ သံတွဲ ပျက်၍ တစ်မြို့လုံးကို ရတော်မူသော် လူသူသုံ့ပန်းကိုယူ၍ ပြန်ခဲ့စေသည်။

မင်းတရားကြီး၏နိုင်ငံတော်ကား အထက်ကို ဗန်းမော် အောက်ကို ထားဝယ်ထိ၍ အရှေ့ကို ဇင်းမယ် ထိသည်။ ဗင်္ဂလားမြို့၊ အချည်မြို့၊ ဒေလီမြို့များက လက်ဆောင်များနှင့် သံများရောက်သည်။ ဂိုးအားမြို့ ပေါ်တူကီဘုရင်ခံနှင့်လည်း ဆက်သွယ်ပေါက်ရောက်သည်။

မင်းတရားကြီးသည် ယင်းသို့ နိုင်ငံအလုံး စုရုံးဖွဲ့စည်း ပြီးနောက် ဟံသာဝတီ၌ စံတော်မူမည်ဟု ကြံစည်တော်မူဟန် ရှိသည်။ အင်းဝမှ အပြီးသတ် မပြောင်းရွှေ့ရသေးမီ ဗေဒင်တတ် တို့က ဟံသာဝတီမှာလည်း ယာယီ ရှိသည်၊ ပြောင်းလွှဲတော် မူသင့်သည်ဟု လျှောက်သောကြောင့် ချောင်းသစ်အနောက်ဘက် ယာယီနန်းတော်သို့ ပြောင်းတော်မူသည်။ ယာယီနန်း၌ စံမြန်း နေစဉ် သက္ကရာဇ် ၉၉ဝ ပြည့်နှစ် ပထမဝါဆိုလဆန်း ၈ ရက် နေ့တွင် သားတော်မင်းရဲဒိဗ္ဗ လုပ်ကြံ၍ စည်းစိမ်တော် ၂၃ နှစ် သက်တော် ၅၁ နှစ်တွင် နတ်ရွာစံလွန်တော်မူသည်။ ချောင်း အနောက်ဘက်တွင် နတ်ရွာစံလွန်တော်မူသည်ကို စွဲ၍အနောက် ဘက်လွန်မင်းဟု တွင်ခြင်း ဖြစ်သည်။ မင်းတရားကြီးကား ခမည်းတော်ညောင်ရမ်းဘုရား၏ ယုံကြည်ကိုးစားခြင်းခံရသော မင်းသား ဖြစ်သည်။ စစ်ရေးကိစ္စများကို အတိုင်ပင်ခံရရုံမက ခမည်းတော်၏ မောင့်မြို့မောင့်နန်း ဆိုသည့် ဧကရာဇ် တကာတို့ ပေးခဲ လှစွာသောဆုကို ပေးတော်မူခြင်းခံရသည်။ မင်းတရားကြီးမိဖုရားကား နှမတော် အတုလစန္ဒာဒေဝီ ဖြစ်သည်။ ရှင်မိဖုရားနှင့် သားတော် သမီးတော် မထွန်းကား ချေ။ ကိုယ်လုပ်တော်တို့တွင်မြင်သည့် သားတော်သမီးတော် တို့ကား ခမည်းတော်သမီးတော် မင်းသားဝရသူရနှမတွင် မြင် သည့် မင်းရဲဒိဗ္ဗဧချင်းဘွဲ့ခံ မင်းသားတစ်ပါး၊ မိုးကောင်းပန်ထွာ စား သမီး ခင်မျိုးမြတ်တွင်မြင်သည့် မင်းရဲအောင်ထင်တစ်ပါး၊ လက်ဝဲရန္တမိတ်သမီး ခင်စန္ဒာတွင်မြင်သည့် သမီးတော် မြတ်မျိုး ပဘာ တစ်ပါး၊ ငယ်ကလွန်သမီးတော်တစ်ပါး၊ သားတော် သုံးပါး၊ သမီးတော်နှစ်ပါး ပေါင်း ငါးပါးတည်း။ ပြုတော်မူသော ကောင်းမှုတော်တို့ကား အင်းဝရွှေမြို့တော် အနောက်တောင်ထောင့် လယ်ကြီးအရပ်၌ ပြာသာဒ်ရွှေကျောင်း တော်၊ စစ်ကိုင်းမင်းဝံတော်ထိပ်၌ လေးထပ်ကျောင်းတော်၊ ပုညရှင်အနောက်တောင်ခြေရင်း၌ ရွှေဥမင်နှင့်ရွှေကျောင်းတော် တို့ဖြစ်သည်။ ခမည်းတော်ဘုရား ကောင်းမှုတော် မဟာမြတ် မုနိဘုရားရှင်ကိုလည်း ရွှေလုံးတော်ပြည့်ထည့်၍ ထီးတင်တော် မူသည်။ ပုညရှင်ဘုရားကိုလည်း ရွှေလုံးတော်ပြည့်ထည့် လှူ တော်မူသည်။ ကောင်းမှုတော်တွင် သုဓမ္မာဇရပ် တည်တော်မူ သည်။ လေးထပ်ရွှေကျောင်းကို ပြီးအောင် ဆောက်၍ ဆရာ တော် မဟာရာမဘုန်းကြီးအား လှူတော်မူသည်။ ဟံသာဝတီ ပြည်ကြီး၌ ရွှေမော်ဓောစေတီ၊ ဒဂုန်ဆံတော်ရှင်ဘုရားများကို ပြုပြင်တော်မူသည်။

မင်းတရားကြီးလက်ထက် ထင်ရှားသော စာဆိုကား သာချင်းများကို စတင်ရေးသားသူ မင်းဇေယျရန္တမိတ် ဖြစ်သည်။[၁]


ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)