အင်းဝမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မန္တလေးတိုင်း အတွင်းရှိ အင်းဝမြို့သည် မြန်မာ့သမိုင်းတွင် အလွန်ကျော်စော်သောမြို့ဖြစ်သည်။ မြို့သက်မှာ ၁၉၁နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်ပါသည်။:ထိုမင်းဆက်များမှာ

  1. အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)
  2. ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့်
  3. ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်)

တို့ဖြစ်ကြသည်။

အင်း၀မြို့ဟောင်း ရှိအကြွင်း အကျန်များ

တည်နေရာ နှင့် အမည်ရင်းမြစ်[ပြင်​ဆင်​ရန်​]

အင်းဝမြို့သည် ဧရာ၀တီမြစ်နှင့် မြစ်ငယ်မြစ်(ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာအရပ်ဖြစ်သည်ကြောင့် လည်းကောင်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်၀တွင်ရှိသည်ကြောင့် လည်းကောင်း အင်းဝ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။ ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းနဝဟူ၍လည်းခေါ်ကြသည်။ သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အဝရွှေဝ အစရှိသဖြင့် ခေေါ်ဝါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုံးမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။့်

ရှေးခေတ် အင်းဝမြင်ကွင်း

အမည်ကွဲများ[ပြင်​ဆင်​ရန်​]

အင်းဝမြို့၏၅မျိုးမှာ
  1. အင်းဝ
  2. အင်းနဝ
  3. ရွှေဝ
  4. အဝ နှင့်
  5. ရတနာပူရ
တို့ဖြစ်ကြသည်။

အင်းဝမြို့ သမိုင်း[ပြင်​ဆင်​ရန်​]

အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ သတိုးမင်းဖျား ဖြစ်သည်။ဧရာဝတီ၊ ဒုဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟုလည်းကောင်း၊ နန်းတော်အား ရွှေဘုံသာ ဟုလည်းကောင်း သမုပ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများသို့မဟုတ်ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကိုပထမရှမ်းခေတ်ဟုခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အား ကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထိုနောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်း၀ဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၄င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။

အင်းဝမြို့တံခါး

ထိုနောက် ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးကလည်း ၁၆၀၀တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ အနောက်ဖက်လွန်မင်း လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျောက်လုံးနီးပါးမျှ ဟံသာဝတီတွင် နန်းစိုက်နေခဲ့ရသည်။ သာလွန်မင်း (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့် တစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့် တစ်ကြောင်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး နောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်း၀ကို သိမ်းပိုက်ကာ အင်း၀ဘုရင် မဟာဓမ္မရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)

အင်းဝမြို့တစ်နေရာ

ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ပြီးနောက်တွင် သာယာ၀တီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။

အင်းဝ နန်းမြှင့် မျှော်စင်