ကုန်းဘောင်မင်းဆက်
From Wikipedia
ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။
ထို ကုန်းဘောင်မင်း ၁၁-ဆက်တို့ကို အကျဉ်းမျှပြဆိုပါမည်။
Contents |
[ပြင်ဆင်ရန်] အလောင်းမင်းတရား
(၁)ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ်)
[ပြင်ဆင်ရန်] စစ်ကိုင်းမင်း
(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း (နောင်တော်ကြီးမင်းဟုလည်းခေါ်) မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်တော် ဦးလောက်ဖြစ်ပြီး အသက်ကြီးလာသော ဦးအောင်ဇေယျဖြင့် နာမည်ဆိုးနှင့် လူသိများလာသည်။ သူသည် မွန်လူမျိုးကို အမျိုးပြုန်းတီးအောင် သတ်ဖြတ်ခဲ့သော မြန်မာစစ်ဘီလူးဘုရင်တစ်ပါးဖြစ်သည်။ သူ့ကြောင့် မွန်နှင့်မြန်မာတို့သည် ချစ်ကြည်ရေး လုံးဝ မတည်ထောင်နိုင်သည်အထိ ကမ္ဘာ့ရန်သူအဖြစ်ဖြင့် ဖြစ်သွားသည်။ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။
[ပြင်ဆင်ရန်] ဆင်ဖြူရှင်မင်း
(၃)ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော်၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ဒုတိယသားတော်၊ငယ်မည် ဦးရွ။အခြားလူသိများသည့် အမည်မှာ မြေဒူးမင်း ဖြစ်သည်။
[ပြင်ဆင်ရန်] စဥ့်ကူးမင်း
(၄)သားတော် စဥ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။
[ပြင်ဆင်ရန်] ဖောင်းကားစား မောင်မောင်
(၅)ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ နောင်တော်ကြီးဘုရား၏ သားတော် ငယ်မည် မောင်မောင်။ဖောင်းကားစား မောင်မောင် ဟုအသိများသည်။
[ပြင်ဆင်ရန်] ဗဒုံမင်း
(၆)ဗဒုံမင်း(ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) ဘိုးတော်ဘုရား (ခေါ်) အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။၄င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နှင်းရသေးသည်ဟုဆိုသည်။
[ပြင်ဆင်ရန်] ဘကြီးတော်
(၇)ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထအဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
[ပြင်ဆင်ရန်] သာယာဝတီမင်း
(၈)ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ရွှေဘိုမင်းဟုလည်းကောင်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာအမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
[ပြင်ဆင်ရန်] ပုဂံမင်း
(၉)သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
[ပြင်ဆင်ရန်] မင်းတုန်းမင်း
(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။
[ပြင်ဆင်ရန်] သီပေါမင်း
(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယိကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ကုလားဖြူတို့က မင်းနှစ်ပါးအားဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး ကိုသိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထား၍ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။
[ပြင်ဆင်ရန်] သုံးသပ်ချက်
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုပ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋိကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။