ဆင်ဖြူရှင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆင်ဖြူရှင်[ပြင်​ဆင်​ရန်​]

ရှေးအခါက စစ်တပ်ဖွဲ့ရာတွင် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေသည်တပ်ဟူ၍ စစ်အင်္ဂါလေးပါးထားသည်။ ထိုစစ်အင်္ဂါလေးပါးတွင်လည်း ဆင်တပ်သည် အလွန်အရေးကြီး ပေသည်။ ထိုကြောင့် ဟတ္ထိသမော၊ ဆင်နှင့်တူသော၊ ယောဓေါ၊ သူရဲသည်၊ နတ္ထိ၊ မရှိ။ ဟတ္ထိသမော၊ ဆင်နှင့်တူသော။သခါ၊ စစ်မြေ၌အဖေါ်သဟဲသည်။ နတ္ထိ၊ မရှိ။ ဟတ္ထိသမော၊ဆင်နှင့် တူသော။ ဗန္ဓု၊ စစ်မြေ၌ အဆွေခင်ပွန်း မည်သည်။နတ္ထိ၊ မရှိ။ ဟတ္ထိသမံ၊ ဆင်နှင့်တူသော။ ဗလံ၊ ဗိုလ်ပါမည်သည်။နတ္ထိ၊ မရှိ၊ ဟူ၍၎င်း၊ ရာဇူနံ၊ မင်းတို့၏။ သဂဇံ၊ ဆင်ရတနာနှင့် ပြည့်စုံခြင်းသည်။ သောဘနံ၊ တင့်တယ်သော။ ဗလံ၊ခွန်အား မည်၏။ ဟူ၍၎င်း ရာဇသေဝက ဒီပနီစသောကျမ်းဂန်တို့၌ လာသည်။ ထို့ကြောင့်လည်း မဇ္ဈိမဒေသမင်းများမှစ၍မြန်မာ မင်းများ၊ သီဟိုဠ်မင်းများ၊ ယိုးဒယားမင်းများသည်ဘုန်းတန်ခိုး ကြီးရာ ကြီးကြောင်းအတွက် ဆင်ရတနာကိုနှစ်သက်လိုလား ကြပေသည်။

ဆင်တွင်လည်း ကာလာဝကဆင်၊ ဂင်္ဂေယျဆင်စသည်ဖြင့် ဆယ်မျိုးရှိပြန်ရာ၊ ထိုဆယ်မျိုးတွင် ဥပေါသထနှင့် ဆဒ္ဒန်ဆင် မျိုးတို့သည် အမြတ်ဆုံးဖြစ်ကြပေသည်။ ထိုဆင်နှစ်မျိုးမှာ အရောင်အားဖြင့် ဖြူကြကုန်သည်။ သာသနာတော်ကျမ်းတို့အရ ကြာဖြူပုဏ္ဍရိတ်အဆင်းနှင့် တူကြကုန်သည်။ လောကီဂဇကြန္န ကျမ်းများတွင်မူ ဥပေါသထဆင်သည် ဖွပ်သစ်စပုဆိုးဖြူနှင့် တူသောအဆင်းရှိ၏။ ဆဒ္ဒန်ဆင်သည် ငွေမင်းစံနှင့် တူသော အဆင်းရှိ၏ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါမင်းတို့သည် ဥပေါသထမျိုး၊ ဆဒ္ဒန်မျိုးဖြစ်သော ဆင်ဖြူတို့ကို အထူး နှစ်သက်လိုလားကြပေသည်။

ထိုမှတစ်ပါးလည်း ဆင်ဖြူနှင့်ပတ်သက်၍ ကျမ်းဂန်၌ အထူးဆိုမိန့်ကြပြန်သေးသည်။ ဥပမာအားဖြင့်ကား ဝေဿန္တရာ ဇာတ်တော်တွင် တဿ၊ ထိုမင်းကြီးအား။ သဗ္ဗသေတာ၊ ကိုယ် လုံးဖြူသော။ မင်္ဂလဟတ္ထီ၊ မင်္ဂလာရှိသော ဆင်သည်။ အတ္ထိ ကိရ၊ ရှိသတတ်။ တဿ၊ ထိုဆင်၏။ ဂတ၈တဌာနေ၊ သွား လေရာ သွားလေရာအရပ်၌။ ဒေဝေါ၊ မိုးသည်။ ဝဿိကိရ၊ ရွာ သတတ်ဟု ဆင်ဖြူ၏ ဂုဏ်ကိုဆိုသည်။ ဒုမ္မေဓဇာတ်၌လည်း အလုံးစုံဖြူသော ဆင်မြတ်မည်သည်ကား စကြဝတေးမင်းအား လျှောက်ပတ်၏ဟု ဆိုသည်။

ထို့ကြောင့်လည်း မဇ္ဈိမဒေသ ယဉ်ကျေးမှုမှ ဆင်းသက်လာ သော မြန်မာနိုင်ငံယဉ်ကျေးမှုတွင် ဆင်ဖြူတော်သည် ကျက်သ ရေမင်္ဂလာ ပြုရေးအတွက်၎င်း၊ စစ်ရေးမက်ရေးအတွက်၎င်း၊ တိုင်းပြည်သာယာဝပြောရေးအတွက်၎င်း အလွန်အရေးပါအရာ ရောက်ခဲ့ပေသည်။ ပျူလူမျိုးတို့ဒေသ သရေခေတ္တစ်ရာပြည်တွင် သံတောင် တစ်ရာခန့်မြင့်သော ဆင်ဖြူရုပ်ရှိ၍၊ ဘေးဥပဒ်တစ်စုံ တစ်ရာကပ်ရောက်သောအခါ ပြည့်ရှင်မင်းနှင့် တိုင်းသူပြည်သား တို့သည် ထိုဆင်ဖြူရုပ်ကို ပူဇော်ကန်တော့လျက် ဆုမွန်ကောင်း တောင်းကြသည်ဟု တရုတ်တို့၏ မှတ်တမ်းများကထွက်ရှိသည်။ အနော်ရထာမင်းတရားကြီးသည် သထုံပြည်မှ ဆင်ဖြူတော် ၁၂ စီးကို ပုဂံပြည်သို့ ယူဆောင်ခဲ့ဘူးသည်။ ပင်းယ၊ သီဟသူမင်း သည် အသက်နှင့် ဆင်ဖြူကို မရနိုင်၍ စမုံမြစ်ဝယ် မျောသော ဆင်ဖြူကိုပင် စက်ဖြင့်ထူပြီးသော် ရတနာကတင်၍ စီးပြီးလျှင် တစ်စီးရှင်ဟူသောအမည်ကို ခံယူ သည့်ထုံးလည်း ပေါ်ပေါက် ခဲ့ဘူးသည်။ ထို့ပြင်လည်း ညီတော်ပင်လယ်စားကျော်စွာသည် ဆင်ဖြူငါးစီးကို ရသည်ဟုကြားလျှင် နောင်တော်ပုဂံမင်း ဥဇနာ သည် ခန့်ညားရွံ့ရှာသည်ဖြစ်၍ ညီတော်အား ထီးနန်းလွှဲအပ် ပေးသည့်ထုံးလည်း ရှိခဲ့ဘူးသည်။ ကျော်စွာလည်း ငါးစီးရှင် ဟူသော အမည်ကိုခံယူသည်။

ဆင်ဖြူကြောင့် မဟာမိတ်ဖြစ်ရပုံ၊ ဆင်ဖြူကြောင့်ပင် ရန်စစ်ကြီးစွာ ခင်းခဲ့ရပုံတို့သည်လည်း သီဟိုဠ်၊ မြန်မာ၊ မွန်၊ ယိုးဒယားရာဇဝင်တစ်လျှောက်တွင် များစွာရှိပေသေးသည်။ ဆင်ဖြူတော်ကား မြန်မာနိုင်ငံသမိုင်းတွင် မန္တလေးခေတ်တိုင် အောင် ဘုန်းကြီးခဲ့ပေသည်။ ဆင်ဖြူများကို တော၌တွေ့၍ ဖမ်းယူဆက်သကြသောအခါ စာဆိုပညာရှိများသည် ထိုဆင်ဖြူ တို့အကြောင်းကို မော်ကွန်းကဗျာ ရေးဖွဲ့ဖတ်လျှောက် ဆက်သ ကြရသည်။ ရှင်ထွေးညို၏ ရွှေစာတိုင်ဆင်တော်မော်ကွန်း၊ ရှင်သံခို၏ ရတနာပြောင်မွန် ဆင်တော်မော်ကွန်း၊ ဝန်ထောက် မောင်ညို၊ ရွှေမင်းဘုန်းဆင်တော်မော်ကွန်းတို့ကား ယနေ့တိုင် ထင်ရှားကျန်ခဲ့ပေသေးသည်။ ဟံသာဝတီပြည်တွင် ဘုရင့်နောင် ကျော်ထင်နော်ရထာမင်းကြီးသည် ဆင်ဖြူများရှင်ဟူသော အမည်ကို ခံယူခဲ့သည်။ အလောင်မင်းတရားကြီး၏ဒုတိယသား တော်ကြီးလည်း မင်းအဖြစ်သို့ရောက်သောအခါဆင်ဖြူ့ရှင် အမည်ခံယူသော်လည်း၊ ကွယ်လွန်ပြီးနောက်တွင်ဤအမည်ဖြင့် မထင်ရှားသော မင်းတို့လည်း များစွာရှိလေသေး၏။ (ဦးဝန်)[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)