မင်းတုန်းမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မင်းတုန်းမင်း
Mindon Min-2.JPG
(၁၁၇၆-၁၂၄ဝ)
နန်းသက် ၁၈၅၃-ခု၊ ဖေဖေါ်ဝါရီလ ၁၈-၁၈၇၈-ခု၊ အောက်တိုဘာလ ၁
အမည်အပြည့်အစုံ
ငယ်မည် မောင်လွင်
ဘွဲ့အမည်
အမည်ကွဲ
နံတော်
မွေးဖွားသည့်နေ့ ၁၁၇၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၄ ရက်နေ့
မွေးရာဇာတိ အမရပူရ
ဖခမည်းတော် သာယာဝတီမင်း
မယ်တော် သီရိသုစန္ဒာ မလ္လာမဟေ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကြင်ရာတော် မိဖုရား ၄၅ ပါး
နန်းစံရာ နေပြည်တော် အမရပူရ၊ ရတနာပုံ မန္တလေး
နတ်ရွာစံသည့်နေ့ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆ ရက်၊ အင်္ဂါနေ့
နတ်ရွာစံသည့်နေရာ ရတနာပုံ မန္တလေး
မြှုပ်နှံရာနေရာ မန္တလေး၊ နန်းတွင်း
ဆက်ခံခဲ့သောမင်း ပုဂံမင်း
ဆက်ခံမည့်မင်း သီပေါမင်း
မင်းဆက် ကုန်းဘောင်ခေတ် ဆယ်ဆက်မြောက်မင်း


မင်းတုန်းမင်းတရားကြီး

ပဉ္စမ သင်္ဂါယနာတင်မင်း[ပြင်​ဆင်​ရန်​]

မင်းတုန်းမင်းသည် မန္တလေး ရတနာပုံ ပထမမြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာတင်မင်းဟူ၍ လည်းကောင်း၊ ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရားဟူ၍ လည်းကောင်း ထင်ရှားသည်။ နိုင်ငံချင်းချင်းဆက်ဆံရေး၊ နိုင်ငံ တွင်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသာနာရေးစသည်တို့၌ အမြော်အမြင်ကြီးစွာ ဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေးကို အထူးမြတ်နိုးသော မင်းတရားကြီးဖြစ်သည်။

မင်းတုန်းမင်း(မြန်မာ ၁၁၇၆-၁၂၄ဝ)[ပြင်​ဆင်​ရန်​]

မင်းတုန်းမင်းသည် ကုန်းဘောင်ဆက် ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်၍ အင်္ဂလန်နိုင်ငံ ဝိတိုရိယဘုရင်မကြီးနှင့် နန်းပြိုင်ဖြစ်သည်။ မန္တလေး ရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်တော်မူသဖြင့် မန္တလေး ရတနာပုံ ပထမမြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာ တင်တော်မူ သည်ကိုစွဲ၍ ပဉ္စမသင်္ဂါယနာတင် မင်းဟူ၍လည်းကောင်း၊ စော်ဘွားများကဆက်သသော ဆင်ဖြူတော်များကို ခံယူရသဖြင့် ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရား ဟူ၍လည်းကောင်း၊ ငယ်စဉ်က မင်းတုန်းမြို့ကိုစားရသဖြင့် မင်းတုန်းမင်းဟူ၍လည်း ကောင်း ထင်ရှားသည်။ ငယ်မည်မှာ မောင်လွင်တည်း။ အမရပူရ ဒုတိယမြို့တည် နန်းတည် သာယာဝတီမင်း နှင့် တောင်ဆောင်တော် ကျောက်မော်မြို့စား မိဖုရားသီရိသုစန္ဒာ မလ္လာမဟေ တို့မှ ဖွားမြင်သော သားတော် ၂ ပါးအနက်သား တော်ကြီးဖြစ်သည်။ ၁၁၇၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၄ ရက်နေ့တွင် ဖွားမြင်တော်မူသည်။ ညီတော်မှာ သီရိပဝရ မဟာဓမ္မရာဇာဘွဲ့ခံ အိမ်ရှေ့မင်းသားအရာ အပ်နှင်းခံရသော ကနောင်မင်းသားကြီး ဖြစ်သည်။


ခမည်းတော် သာယာဝတီမင်းနှင့် နောင်တော် ပုဂံမင်း တို့လက်ထက် မြို့ဝှန်းတိုက် မင်းတုန်းမြို့များကို ကံကျွေးခံရ သည်။ သီရိသုမဟာဓမ္မရာဇာဘွဲ့၊ သီရိမဟာသီဟသူရဘွဲ့များနှင့် မင်းသားကြီးတို့နေရာ အဆောင်အရွက်ပေးတော်မူ၍ လွှတ်တက် စီရင်ရသည်။ နောင်တော် ပုဂံမင်း စီမံအုပ်ချုပ်မှု ညံ့ဖျင်းသော ကြောင့် မင်းတုန်းမင်းသားသည် ညီတော် ကနောင်မင်းသားနှင့် အတူ လူသူစုရုံး၍ ထီးနန်းကိုလုပ်ကြံကာ အမရပူရမြို့နှင့်တကွ ထီးနန်းကို ၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက်နေ့တွင် သိမ်းပိုက်တော်မူသည်။ ထိုနှစ် တပေါင်းလပြည့်ကျော် ၅ ရက် နေ့တွင် ထီးဆောင်းမင်္ဂလာ ဥကင်သ ဖွင့်တော်မူသည်။ ခမည်း တော် မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့မှမြင်သည့် သမီး တော်ကြီး၊ ပုဂံမင်း၏ နှမတော်အား သီရိပဝရ မဟာရာဇိန္ဒာ ဓိပတိ ရတနာဒေဝီဘွဲ့ပေးအပ်၍ မိဖုရားခေါင်ကြီး တင်မြေ|ာက် တော်မူသည်။ မိဖုရားခေါင်ကြီးကား ပိဋကတ်ဗေဒင် ကျွမ်းကျင် လိမ္မာတော်မူသဖြင့် ခမည်းတော်၊ မောင်တော်မင်းတရားကြီး ၂ ပါး၏ အတိုင်ပင်တော် အမြဲခံရရုံမက အပြစ်ကြီးစွာသင့်သူတို့ ကို နုတ်ယူနိုင်သော ဇီဝိတဒါနဆုကိုလည်း ရတော်မူသည်။ နောင်တော် ပုဂံမင်းတရားကြီးကိုမူ မင်းတုန်းမင်းတရားကြီး သည် ရွှေဘိုမြို့၌ တင့်တယ်လှပသော အိမ်တော်ဆောက်၍ မိဖုရားအခြွေအရံ အပြည့်အစုံနှင့် ထားတော်မူသည်။ မင်းတုန်းမင်း တရားကြီးသည် အမရပူရ မြို့တော်တွင် ၄ နှစ်ခန့် စံတော်မူပြီးနောက် အမရပူရ မြို့တော်သည် မြို့သူ မြို့သား ကုန်သည် ဆင်းရဲသားများအတွက် အနေအထားကျဉ်း သည်ကို သိမြင်သဖြင့် ၁၂၁၈ ခုနှစ် တပို့တွဲလမှစ၍ ယခု မန္တလေးမြို့တည်ရာအရပ်တွင် ရတနာပုံ မန္တလေးနေပြည်တော်ကို စတင် တည်ထောင်တော်မူသည်။ ၁၂၁၉ ခုနှစ် ဝါခေါင်လဆန်း ၁၂ ရက်နေ့တွင် နန်းမြို့တော်သို့ ဝင်တော်မူ၍ ၁၂၂ဝ ပြည့်နှစ် ဒုတိယ ဝါဆိုလဆန်း ၆ ရက်နေ့တွင် ရွှေနန်းတော်ကြီးကို တက်သိမ်း စံပယ်တော်မူသည်။ ရွှေနန်းတော်ကို အုတ်မြို့ရိုး ပတ်လျက် တည်သည်။ အုတ်မြို့ရိုးကိုပတ်လျက် ကျုံးတူးသည်။ အုတ်မြို့ရိုးအပြင် အရပ်လေးမျက်နှာ၌ မြို့သူမြို့သား ကုန်သည် ဆင်ရဲသားများအား အလုပ်အကိုင်နှင့် လူမျိုး၏အမည်အလိုက် နေရာချပေးလေသည်။ ရွှေမျက်ပါးခတ်သူတို့ နေရာရပ်ကွက်ကို မျက်ပါးရပ်ဟုခေါ်၍ ဗရင်ဂျီအများ နေထိုင်ရာကို ဗရင်ဂျီရပ်ဟု ခေါ်သည်။ မြို့ပတ်ဝန်းကျင်တွင်လည်း ဥယျာဉ်စိုက်ခြင်း၊ မြောင်းဖောက်ခြင်း၊ ကန်ဆည်ခြင်းတို့ ပြုထားရာ ရတနာပုံ မန္တလေးမြို့သည် သာယာလေသည်။


မင်းတုန်းမင်းလက်ထက်တွင် မြန်မာမင်းပိုင် မြန်မာ နိုင်ငံသည် မြေထဲမြို့၊ တောင်ငူမြို့တို့၏ မြောက်ဘက် အထက် ပိုင်းဒေသမျှသာဖြစ်၍ အလောင်းဘုရားလက်ထက် မြန်မာနိုင်ငံ ၏ ထက်ဝက်မျှ ကျဉ်းသွားလေသည်။


ထိုကြောင့် မင်းတုန်းမင်းသည် ပဲခူးတိုင်းကို ပြန်ရ လိုသဖြင့် ၁၂၁၆ ခုနှစ်တွင် ကာလကတ္တားမြို့ရှိ အင်္ဂလိပ် ဘုရင်ခံချုပ် လော့ဒါလဟိုဇီထံ မြန်မာမှူးမတ်များ လွှတ်လေ သည်။


ဘကြီးတော်ဘုရား လက်ထက်က တနင်္သာရီတိုင်းကိုပင်ရရှိသော အကျိုးအမြတ် ထက် အကုန်အကျကပိုများသဖြင့် ကြေးငွေနှင့် အလဲအလှယ်ပြု ရန် ပြောဆိုခဲ့ဘူးသော အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ထက်ဝက်မျှ သိမ်းပိုက်မိသောအခါ အတိုင်းမသိ နယ်ချဲ့မာန် တက်ခဲ့ကြသည်။ နယ်မြေ တောင်းရန်လာသော မြန်မာမှူးမတ် များအား လော့ဒါလဟိုဇီက နေမင်းသည် မိုးကောင်းကင်၌ ရှိနေသမျှ ကာလပတ်လုံး အင်္ဂလိပ်မင်းအလံသည် အင်္ဂလိပ်မင်း တိုက်ခိုက်သိမ်းယူခဲ့သော နယ်မြေများပေါ် တွင် တလူလူလွင့်ပျံ လျက်နေမည်သာဖြစ်သည်။ သို့ရာတွင် အင်္ဂလိပ်မင်းသည် မြန်မာမင်းနှင့် ငြိမ်းချမ်းစွာဆက်ဆံပါမည် ဟု အမိန့်ရှိလိုက် လေသည်။ မင်းတုန်းမင်းသည် လော့ဒါလဟိုဇီ၏ နယ်ချဲ့မာန် စကားကို ကြားသောအခါ စိတ်မသာမယာဖြစ်သော်လည်း လွတ်လပ်နေသေးသော အထက်မြန်မာနိုင်ငံ၏ အကျိုးကို ထောက်ထား၍ အမြော်အမြင ်ကြီးစွာဖြင့် သည်းခံကာ အင်္ဂလိပ်အစိုးရနှင့် သင့်မြတ်အောင် ဆက်ဆံလေသည်။ ယင်းသို့တောင်း ဆိုခြင်း မပြုမီလည်း ဗြိတိသျှတို့အကျိုးကို များစွာလိုက်လျော ခြင်း ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် စစ်သူပုန်ထ၍ မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များကို ရုပ်သိမ်းကာ ဗြိတိသျှတို့ အိန္ဒိယ၌ အားသွန်တိုက်ခိုက်နေရစဉ် ဗြိတိသျှတို့အား နောက်ပိုင်းမှအကျပ် ကိုင်တိုက်ခိုက်ဖို့ အချို့က တိုက်တွန်းသော်လည်း မင်းတုန်းမင်း သည် တိုက်ခိုက်ခြင်းမပြုရုံမက စစ်သူပုန်ကြောင့် ဒုက္ခရောက် ကြသူများအား ကယ်ဆယ်ရေးအတွက် အလှူငွေ ပေါင် ၁ဝဝဝ ထည့်ဝင်လှူဒါန်းခဲ့ဖူးသည်။ ထိုအချိန်အခါလောက်က အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှစသော လက်နက်နိုင်ငံကြီးများသည် အရှေ့ဘက်တစ်လွှား၌ အပြိုင်နယ်ချဲ့နေကြချိန် ဖြစ်သဖြင့် အဆင်အခြင်နှင့်ပြည့်စုံသော ဘုရင်ပီပီ အားမတန် မာန်လျှော့၍ သင့်မြတ်အောင်ဆက်ဆံခြင်း ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များ နှင့် ပိုမိုသင့်မြတ်စေရန် ၁၂၃၄ ခုနှစ်တွင် မင်းတုန်းမင်းသည် ကင်းဝန်မင်းကြီးအား သံအကြီးခန့်၍ အင်္ဂလန်ပြည်သို့ စေလွှတ် လေသည်။


အင်္ဂလန်သို့အသွား မြန်မာသံအဖွဲ့သည် ပြင်သစ်၊ အီတလီနိုင်ငံတို့သို့ ပါဝင်၍ မဟာမိတ်ပြုသည်။ ထိုနှစ်တွင်ပင် အီတလီနိုင်ငံမှ သံများ မြန်မာနိုင်ငံသို့ရောက်လာကာ ကင်းဝန်မင်းကြီးနှင့် ညိ|နှိုင်းရေး သားသောစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးကြသည်။ နောက်တစ်နှစ်တွင် ပြင်သစ်သံအဖွဲ့ ရောက်လာကြပြန်သည်။ သို့ရာတွင် မင်းတုန်းမင်းတရားကြီးသည် နေပြည်တော်သို့ ထွက်ဝင် လာရောက်ကြသော အင်္ဂလိပ်သံတို့အား အခြား အကြောင်းတို့ကိုသာ မေးမြန်းပြောဆိုတော်မူ၍ အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံကို အသိအမှတ်ပြုရမည့်စာချုပ်နှင့် စပ်လျဉ်း သော စကားကိုမူ အမြွက်မျှပြောဆိုတော်မမူဘဲ ယဉ်ကျေး သိမ်မွေ့စွာ တိမ်းရှောင်တော်မူသည်။ ၁၂၃၇ ခုနှစ်တွင် အင်္ဂလိပ် မင်း၏ သားတော် ဥပရာဇာ ဝေလာမင်းသား အိန္ဒိယနိုင်ငံသို့

လာရောက်သောအခါ ကင်းဝန်မင်းကြီးအား မြန်မာကိုယ်စား လှယ်အဖြစ် စေလွှတ်၍ နှုတ်ခွန်းဆက်စေခဲ့ခြင်ဖြင့် မဟာမိတ် ဝတ်တရား ကျေအောင် ဆောင်ရွက်တော်မူခဲ့ကြောင်း ရတနာပုံ နေပြည်တော် သတင်းစာ ဒုတိယတွဲ ဂဏန်း ၃၃ တွင် ဖော်ပြ ထားလေသည်။ မင်းတုန်းမင်းသည် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီနိုင်ငံ တို့နှင့်သာမဟုတ်၊ အမေရိကန်နိုင်ငံနှင့်လည်း ချစ်ကြည်ရေး ရာဇသံများ ပေးပို့ဆက်သွယ်ခဲ့သည်။ ၁၂၁၈ ခုနှစ်တွင် မင်းတုန်းမင်းကြီးက အမေရိကန် သမ္မတကြီးဂျိမ်းဗတ်ကနန်ထံ သဝဏ်လွှာပေးပို့၍ အမေရိကန်သမ္မတကြီးက ၁၂၁၉ ခုနှစ် တွင် ၂ ပြည့် တစ်ပြည် ချစ်ကြည်ရေးသဝဏ်လွှာ ပြန်လည် ပေးပို့ခဲ့သည်။ အမေရိကန်သံတော်များအားလည်း တခမ်းတနား ကြိုဆိုခဲ့လေသည်။ မင်းတရားကြီးကား နိုင်ငံခြားတိုင်းပြည်များ နှင့် အသင့်အတင့် ကျင့်တော်မူသည် မှန်သော်လည်း အင်္ဂလိပ် တို့နှင့် မန္တလေးမြို့ရှိ အင်္ဂလိပ် ကိုယ်စားလှယ်တို့က မင်းတရား ကြီးရှေ့တော်သို့ ဝင်သောအခါ ဖိနပ်စီး ဓားလွတ်စွဲလျက်ဝင်လို ကြောင်း တောင်းဆိုသည်နှင့် ထိုကစ၍ ထိုအင်္ဂလိပ်သံ အင်္ဂလိပ် ကိုယ်စားလှယ်တို့ကို ဖူးမြော်ခွင့်မပေးတော့ဘဲ မှူးမတ်တို့နှင့်သာ ဆက်ဆံစေလေသည်။ မြန်မာ့ဂုဏ်နှင့် ယျဉ်ကျေးမှုကိုကား အနှိမ့်အချ မခံခဲ့ချေ။


ငြိမ်းချမ်းရေးဝါဒကို နှစ်သက်တော်မူသော မင်းတုန်း မင်းတရားကြီးသည် နိုင်ငံခြားတိုင်းပြည်များနှင့် ဤသို့ အသင့် အမြတ် ဆက်ဆံခဲ့ရုံမက ပြည်တွင်း၌လည်း မင်းညီမင်းသား မှူးမတ် စသည်တို့အားလည်းကောင်း၊ စော်ဘွားများအားလည်း ကောင်း၊ ချင်း၊ ကချင်၊ ကရင်၊ တောင်အုပ် တောင်ကဲများအား လည်းကောင်း အမေ့အကျန်မရှိ အထိုက်အလျောက် မစ ချီးမြှင့်၍ နိုင်ငံတော်ကို ထိန်းသိမ်းအုပ်ချုပ်ခဲ့လေသည်။ ထို ကြောင့်လည်း မင်းတရားကြီးလက်ထက် တိုင်းနိုင်ငံငြိမ်းချမ်းခဲ့ ခြင်း ဖြစ်လေသည်။ မင်းတုန်းမင်းတရားကြီးသည် ပြင်ပဘေးကို သံတမန် များ နည်းအရ ကြိုးစားကာကွယ်တော်မူသကဲ့သို့ တစ်ဖက်၌ လည်း နိုင်ငံတွင်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသနာရေး စသည်တို့တွင်လည်း အမြော်အမြင်ကြီးစွာ ဆောင်ရွက်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် သာသနာကိုလေးစားသော မင်း ဖြစ်သည့်အားလျော်စွာ ၁၂၃၃ ခုနှစ်တွင် ပိဋကတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကမ္ပည်းအက္ခရာတင်၍ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားတွင် စိုက်ထားကိုးကွယ်သည်။


မြန်မာနိုင်ငံအတွင်း ပထမပြန် စာမေးပွဲများကိုလည်း မင်းတုန်း မင်းတရားကြီးလက်ထက်တွင် ကျင်းပပေးခဲ့သည်။ ( ပထမပြန် စာမေးပွဲ-။)

သာသနာရေးသာမက ပညာသင်ကြားရေး ကိုလည်း မင်းတုန်းမင်းသည် အားပေးသည်။ မှူးသားမတ်သား၊ မင်းညီမင်းသားတို့ အင်္ဂလိပ်စာသင်ကြားစေရန် ခရစ်ယာန်ဘုန်း ကြီး ဆရာမှတ်၊ ပြင်သစ် ဗရင်ဂျီဘုန်းကြီး ဘီဂန်းဒက်တို့အား လည်း မြေရာနှင့်ငွေကြေး ထောက်ပံ့သည်။


အနောက်နိုင်ငံများသို့လည်း ပညာတော် သင် ၉ဝ ကျော်တို့ကို စေလွှတ်၍ စက်မှုလက်မှုအတတ်များကို သင်စေသည်။ ယင်းတို့တွင် ဒီပဲယင်းဝန်ထောက် ဦးမြဲ၊ ညီ ဦးခဲ၊ ဖန်ချက်ဝန် ဦးဖန်၊ ကျောက်မြောင်း အတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင်သူ တို့ပါသည်။ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် ပညာတော်သင်များ ပြန်လာသော အခါ စက်မှုလက်မှုလုပ်ငန်းရုံများကိုဖွင့်စေသည်။ နေပြည်တော် တွင် ဆန်၊ သကြား၊ ကျွန်းသစ်၊ ပိတ်ချော ပိတ်ကောင်းပိုမို ထုတ်လုပ်နိုင်စေရန် ဆန်စက်၊ သကြားစက်၊ သစ်စက်၊ ရက်ကန်းစက်တို့ကို ဥရောပတိုက်မှ ဝယ်ယူတည်ထောင်သည်။ ယင်းစက်ရုံများသာမက ဖန်ချက်စက်၊ စာပုံနှိပ်စက်၊ ဒင်္ဂါးစက်၊ လက်နက်ကိရိယာစက် စသည်တို့ကိုဖွင့်လှစ်၍ သားတော် မက္ခရာမင်းသားအား ကြီးကြပ်အုပ်ချုပ်စေသည်။ ရွှေနန်းတော် ကြီးအတွင်း ဆောက်လုပ်သော စာပုံနှိပ်တိုက်တော်မှ ပထမဆုံး ပုံနှိပ်သောစာအုပ်မှာ ယောအတွင်းဝန်ဦးဘိုးလှိုင် စီရင်ရေးသား သော ကာယာနုပဿနာကျမ်း ဖြစ်သည်။ တိုင်းသူပြည်သားများ သက်သာချောင်ချိရေးအတွက် ငွေကြေး လွယ်ကူစွာသုံးစွဲနိုင်ရန် မင်းတုန်းမင်းတရားကြီးသည် ၁၂၂၉ ခုနှစ်မှစ၍ ဒေါင်းတံဆိပ် ဒင်္ဂါများကို သွန်းလုပ်သုံးစွဲစေသည်။ နိုင်ငံတော်တွင် ပုဂံခေတ်ကစ၍ အမြစ်တွယ်ခဲ့သော ကံကျွေးချပဒေသရာဇ်စနစ်နှင့် အခွန်တော် ကောက်ခံစနစ်တို့ကို ပြုပြင်ပြောင်းလဲ၍ ၁၂၂၉ ခုနှစ်က စတင်ကာ စနစ်တကျ၊ အခွန်တော်ခန့်ခွဲသည်။ ရှေးက နယ်စား မြို့စား ရွာစားများက အခွန်တော်ကို ကောက်ခံပြီးလျှင် မိမိတို့အတွက် ဝေပုံစုကိုနုတ် ကာ ဘဏ္ဍာတော်တိုက်သို့ပေးပို့ရာ ယင်းတို့က ပို၍ကောက်ခံ လျှင် ဆင်းရဲသားတို့ နစ်နာရသည်။ ထိုကြောင့် မင်းတုန်းမင်း ၏ လက်ထက်တွင် နယ်စားပယ်စားများဖြင့်လည်းကောင်း၊ မြို့စားရွာစားများဖြင့်လည်းကောင်း မင်းတိုင်းကြေး အခွန်တော် စသည် မကောက်ခံတော့ဘဲ ဝင်ငွေနှင့် အိမ်ထောင်စုအလိုက် သာ စည်းကြပ်သော သဿမေဓ အခွန်တော်ကို ကောက်ခံစေ သည်။ အမှုထမ်းအရာထမ်းများကိုလည်း ရှေးကကဲ့သို့ မြို့စား ရွာစား မပေးတော့ဘဲ သဿမေဓ အခွန်ကောက်ခံရငွေမှ လစာ ရိက္ခာတော်များ ပေးကမ်းချီးမြှင့်လေသည်။ နေပြည်တော် အရပ် လေးမျက်နှာ၌ သက်ကြီးရွယ်အိုတို့ မှီခိုနေထိုင်ရန် သူအိုရုံများ ထားသည်။ နာမကျန်းသူတို့အတွက်လည်း နေပြည်တော်တွင် သူနာရုံ ၁ဝ ရုံထား၍ အတွင်းလူနာ၊ အပြင်လူနာအဖြစ် ကုသ ပေးသည်။ သမားတော် ၃ ယောက်စီ အလှည့်ကျကုသရသည်။ လယ်မြေပေါများသော မြန်မာနိုင်ငံ အောက်ပိုင်းကို အင်္ဂလိပ်တို့ သိမ်းယူထားသဖြင့် မင်းတုန်းမင်းသည် မိမိနိုင်ငံ

တော်ပိုင်နက်တွင် တောများကိုခုတ်ထွင်ရှင်းလင်း၍ လယ်လုပ် ငန်းကို အကြီးအကျယ်လုပ်ကိုင်စေသည်။ မိုးနည်းသဖြင့် စပါးစိုက်ပျိုးရန် မိုးရေအလုံအလောက် မရသည်ကို မူးမြစ်ဒေသ ၌လည်းကောင်း၊ လယ်တွင်းကိုးခရိုင် (ကျောက်ဆည်ခရိုင်) ၌ လည်းကောင်း ရှိသောဆည်ဟောင်း မြောင်းဟောင်းများကို ထပ်မံပြုပြင်သည်။ မိတ္ထိလာကန်မှစ၍ ကန်အမြောက်အမြားကို လည်း ပြုပြင်သည်။ မန္တလေးမြို့ အရှေ့ဘက် နန္ဒာကန်ကို ပြုလုပ်၍ လယ်ပယ်တည်ကာ လယ်သမားများကို စရိတ်ကြေး ငွေ ထောက်ပံ့သည်။ ကုန်စည်များကို ဘုရင်တစ်ဦးတည်း ရောင်းဝယ်ခွင့်ကို ဖျက်သိမ်း၍ အင်္ဂလိပ်နယ်ထဲသို့ ကုန်စည်များ လွတ်လပ်စွာ ရောင်းခွင့်ပြုသည်။


နိုင်ငံသူ နိုင်ငံသားတို့ ထက်အောက်စုန်ဆန် ခရီးသွား လာမှု လွယ်ကူစေရန် ရေနန်းစကြာ၊ ရေနန်းယာဉ်သာ၊ မြနန်း စကြာ၊ စကြာယာဉ်မွန်၊ စကြာယာဉ်ပျံ၊ တုယာဉ်ပျံချီ၊ တုယာဉ် ပျံကျော်ဟူသော မီးသင်္ဘောခုနစ်စင်းကိုလည်း ဝယ်ယူအသုံးပြု သည်။ အင်္ဂလိပ်မင်းပိုင် မြန်မာနိုင်ငံနှင့် မြန်မာမင်းပိုင် မြန်မာ နိုင်ငံတို့သည် မင်းအချင်းချင်း ဆက်ဆံမှုကောင်းသောကြောင့် တစ်ကြောင်း၊ ခရီးသွားလာမှု လွယ်ကူသဖြင့်တစ်ကြောင်း၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ တစ်နိုင်ငံတည်း ကဲ့သို့ အကူးအသန်းအဆက်အဆံမပြတ် ရင်းနှီးမြဲရင်းနှီးကြ သည်။ အထက်မြန်မာနိုင်ငံမှ ကင်းဝန်မင်းကြီး အစရှိသော မြန်မာမှူးမတ်များ အင်္ဂလိပ်မင်းပိုင် ရန်ကုန်မြို့သို့ရောက်သော အခါ မြို့သူမြို့သားများက အရေးတယူ ပြုစုခဲ့ကြသည့် အနည်း တူ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၌ ရန်ကုန်မြို့သူမြို့သားများ ကရွှေချ၍ ထီးတင်လိုသောအခါ မင်းတုန်းမင်းကြီးက ရတနာ ကိုးပါး စီခြယ်သော ထီးတော်ကို လည်းကောင်း၊ လုံးတော်ပြည့် ရွှေချနိုင်အောင် ရွှေဆိုင်းများကိုလည်းကောင်း ပေးပို့လှူဒါန်းခဲ့ လေသည်။ မင်းတုန်းမင်းတရားကြီးသည် နိုင်ငံတော်အတွင်း ဆက်သွယ်ရေး ပိုမိုလွယ်ကူစေရန် ကြေးနန်းတိုင်များကိုလည်း စိုက်ထူ အသုံးပြုခဲ့သည်။ ထိုမျှသာမက ခေတ်နှင့် လျော်ညီစွာ နေ့စဉ် ဖြစ်ပျက်ပေါ်ပေါက်လျက်ရှိသော ကျိုးကြောင်းချင်းတ များ၊ သတင်းများ၊ အကြံဉာဏ် ပေးချက်များနှင့် ဝေဖန်ချက် များကို တိုင်းသူပြည်သားတို့ ပွင့်လင်းစွာ ဖတ်ရှုရေးသားနိုင်ကြ စေရန် မင်းတုန်းမင်းတရားကြီးသည် ၁၂၃၆ ခုနှစ်တွင် ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေစေခဲ့သည်။ စာတည်းမှာ ဖိုးဝဇီရဖြစ်သည်။

လဆန်း ၇ ရက်၊ ၁၃ ရက်၊ လဆုတ် ၇ ရက်၊ ၁၃ ရက်နေ့များတွင် ထုတ်၍ တစ်လ ၄ ကြိမ် ထွက်လေသည်။ မင်းတရားကြီးသည် သတင်း စာရေးသားမှုတွင် အချက် ၂၆ ချက်နှင့် လွတ်လပ်ခွင့်ပေးခဲ့ သည်။ မြန်မာနိုင်ငံသတင်းစာများ

မင်းတရားကြီးအား ယင်းသို့ ပြည်တွင်းလုံခြုံရေး၊ နိုင်ငံတွင်း စက်မှုလက်မှုထွန်းကားရေး၊ နိုင်ငံတော် စည်ပင် သာယာရေးစသော နိုင်ငံအုပ်ချုပ်ရေး၌ အမြော်အမြင်ကြီး၍ ထက်မြက်သော ညီတော် ကနောင်မင်းသားက အမြဲတစေ ဂရုစိုက် ၍ အကူအညီပေးခဲ့သဖြင့် အောင်မြင်ခဲ့သည်။ မင်းတရားကြီး မူကား လောကီရေးရာများထက် လောကုတ္တရာရေးရာများတွင် အာရုံစိုက်သဖြင့် နိုင်ငံကာကွယ်ရေး၊ စစ်တပ်များခေတ်မီရေး၊ လက်နက် တပ်ဆင်ရေးတို့တွင် လစ်ဟင်းခဲ့သည်။ မင်းတရား ကြီးသည် သတ္တဝါတို့၏ အသက်အန္တရာယ်များစေသည်ဟုယူဆ ကာ လက်နက်ဆန်းများထွင်ခြင်းကို ပိတ်ပင်ခဲ့လေသည်။ အမြော်အမြင်ကြီးစွာနှင့် ယင်းကဲ့သို့ မင်းတရားကြီးတို့ ညီနောင် ၂ ပါး ကြိုးပမ်းဆောင်ရွက်နေစဉ် ၁၂၂၈ ခုနှစ်တွင် စည်းလုံးညီညွတ်မှုကိုပျက်ပြားစေသော နန်းတွင်းလုပ်ကြံမှုကြီး ပေါ်ပေါက်လာသဖြင့် လှေလှော်ရင်း တက်ကျိုး ဖြစ်ခဲ့ရလေ သည်။ ညီတော် ကနောင်မင်းသားအား မင်းတုန်းမင်းကြီးက အိမ်ရှေ့အရာ ပေးအပ်သည်ကို မကျေနပ်သော သားတော် မြင်းကွန်းနှင့် မြင်းခုန်တိုင်မင်းသားတို့ ပုန်ကန်သဖြင့် နိုင်ငံ တော်ကို ခေတ်သစ် နိုင်ငံတော်ဖြစ်အောင် ထူထောင်ခဲ့သော ကနောင်မင်းသားကြီး တိမ်းပါးခဲ့လေသည်။ မြင်းကွန်း မြင်းခုန်တိုင်မင်းသားများ


မင်းတုန်းမင်းကြီးမူကား မြို့တော်အတွင်း ဝင်နှင့်သဖြင့် သီသီကလေး လွတ်လေသည်။ တစ်ဖန် အိမ်ရှေ့ ဘုရားလွန်လေသော် အိမ်ရှေ့မင်း သားတော် ပန်းထိမ်းမင်းသား ရွှေဘိုသို့ထွက်၍ ပုန်ကန်သည်ကို ဖမ်းဆီးကွပ်မျက်ရသည်။ ထို အချိန်မှစ၍ မင်းတရားကြီးသည် သားတော်များကို အိမ်ရှေ့ မပေး၊ အခြွေအရံ အမှုထမ်းတို့ကို ရုပ်သိမ်းထားသည်မှာ နတ်ရွာစံသည်အထိ ဖြစ်သည်။ ထိုကြောင့်လည်း မင်းတရားကြီး နတ်ရွာစံသောအခါ ထီးမွေ နန်းမွေကိစ္စ ရှုပ်ထွေးခဲ့ရလေသည်။ ၁၂၄ဝ ပြည့်နှစ် ဝါခေါင်လတွင် မင်းတရားကြီး ကျန်းမာတော် မမူ၍ တိုင်းရေးပြည်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခြင်းမပြုနိုင် သော အခြေအနေရောက်လေသော် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် အလိုပါ မှူးတော်မတ်တော်တို့တိုင်ပင်၍ သားတော် သီပေါ မြို့စားသီပေါမင်းအား တော်သလင်းလပြည့်ကျော် ၉ ရက်နေ့တွင် အိမ်ရှေ့ နှင်းလေသည်။


မင်းတရားကြီး၏ရောဂါတော်သည် တိုးသည်ထက်တိုးလာကာ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆ ရက် အင်္ဂါနေ့၌ သက်တော် ၆၄ နှစ်၊ နန်းစံ ၂၆ နှစ်တွင် နတ်ရွာစံလွန်တော်မူသည်။ မင်းတုန်းမင်း ကြီးတွင် ရတနာဒေဝီ မိဖုရားခေါင်ကြီးအပြင် အိမ်နိမ့်စံစဉ်က ကောက်ယူတော်မူသော မြောက်နန်းမိဖုရား မယ်သဲ၊ ဘကြီး တော်နှင့် မိဖုရားခေါင်ကြီးမယ်နုမှမြင်သော အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့အပါအဝင် ထင်ရှားသော မိဖုရား ၄၅ ပါး ရှိ၍ သားတော် ၅၅ ပါး၊ သမီးတော် ၅၃ ပါး ပေါင်း ၁ဝ၈ ပါး ရှိ သည်။

မင်းတုန်းမင်းကြီး ၏ အုတ်ဂူတော်

မင်းတုန်းမင်း၏ အလောင်းတော်ကို မန္တလေးမြို့တွင် သင်္ဂြိုဟ်၍ အရိုးပြာသာဒ် တည်ထားလျက်ရှိသည်။ မင်းတရား ကြီး နတ်ရွာစံရာ ရွှေနန်းဆောင်ကို သားတော် သီပေါမင်း လက်ထက် ဖျက်၍ အတုမရှိကျောင်းတော်ကြီး ဝင်းအတွင်း၌ ဖျက်သိမ်းသည့် ပန္နက်ပုံအတိုင်း ရွှေနန်းတော်ကျောင်း ဆောက် လုပ် လှူဒါန်းထားသည်။


မင်းတရားကြီးကား သဘောပြည့်ဝသည်။ အမြော် အမြင်နှင့် ပြည့်စုံသည်။ ပြည်သူ့အကျိုးကို ကြည့်သည်။ စစ်ကို မလိုလား၊ သနားတတ်သူဖြစ်သည်။ ရတနာသုံးပါးကို အလွန် လေးစား ရိုသေသည်။


မင်းတရားကြီး၏ ကုသိုလ်တော်များကား မန္တလေး တောင်ပေါ်တွင် တည်ဆောက်ထားသော တန်ဆောင်း ပြာသာဒ် တော်ကြီးနှင့်တကွ ဗျာဒိတ်ညွှန်းရွှေရပ်တော်ကြီးဘုရား၊ တောင် ခြေရှိ မဟာသကျ မာရဇိန်ကျောက်တော်ကြီးဘုရား၊ စန္ဒမုနိ ဘုရားနှင့် မဟာလောက မာရဇိန်စေတီတော်၊ ထိုစေတီတော် အတွင်းရှိ ပိဋကတ်သုံးပုံ ကျောက်ချပ်နှင့် အုတ်ဂူ ၇၂၉ ခုစီ၊ ရန်ကင်းတေင်ခြေရှိ မဟာကျော်စေတီတော်၊ ရွှေတိဂုံစေတီ ထီး တော်နှင့် လုံးတော်ပြည့် ရွှေဆိုင်းတော်ချခြင်း၊ ဘုရားပွင့်တော်မူ ရာ မဟာဗောဓိပင်တော် အနောက်မြောက်ဘက်တွင် အုတ်ဇရပ် တော်ကြီးတစ်ဆောင်၊ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ် ထားသည့် မက္ကာမြို့ ဘုရားဝတ်ပြုသည့်ကျောင်းအနီး စတုဒီသာ ဇရပ်ကြီးတစ်ဆောင်နှင့် ပဋ္ဌာန်းဟော သိမ်ကြီးတစ်ဆောင်၊ မဟာဗောဓိ ဒက္ခိဏသာခါ လက်ယာတောင်ကိုင်းကို မြတ်စွာ ဘုရား အရပ်တော်ပမာဏအတိုင်း ရုပ်ပွားတော်မြတ် ထုလုပ် ကိုးကွယ်သည့်အပြင် အပ္ပရာဇိတပလ္လင်မြေကို ဌာပနာသွင်း၍ တစ်မိုက် လေးသစ်ခန့် ရွှေချစေတီတော် ထုလုပ်ပြီးလျှင် မှန်အိမ်ထည့်သွင်းကာ ရှစ်သောင်း လေးထောင်သော ရဟန်း ရှင်လူ အပေါင်းတို့အား တစ်ဆူကျစီ ဝေငှပေးစေတော်မူသည်။ ရွှေမြို့တော် အရှေ့မြောက်ဘက်တွင် အတုလဝေယန် အုတ် ကျောင်းတော်ကြီး၊ အရှေ့ပြင်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာအတုလဘုံစံ ရွှေကျောင်းတော်ကြီး၊ အနောက်ဘက်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာဇောတိကာရာမတိုက်ရတနာဘုံစံ ကျောင်းတော်ကြီးတို့ကို ဆောက်လုပ်လှူဒါန်းလေသည်။ ထိုမျှ မက ရွှေမြို့တော်ဝန်းကျင်၌ အုတ်ဇရပ်တော်များ၊ ဓမ္မာရုံ ဇရပ်များ၊ တရားတင်းကုပ်များ၊ ရေကန်များ စသည်တို့ကို မြောက်မြားစွာ လှူဒါန်းတော်မူသည်။ သာသနာတော် စင်ကြယ် ရန် ဟူသော ရည်ရွယ်ချက်ဖြင့် မင်းတုန်းမင်းတရားကြီးသည် ၁၂၁၇ ခုနှစ်တွင် ဆရာတော်များနှင့်တိုင်ပင်၍ ဓမ္မဝိနယအမိန့် တော်ပြန်တမ်းကို မင်းမိန့်နှင့် ထုတ်ပြန်သည်။ သို့ရာတွင် မင်းတရားကြီး ရည်ရွယ်တော်မူရင်းသို့ မရောက်ဘဲ ယင်းဓမ္မ ဝိနယစာတမ်းကို အကြောင်းပြု ဂိုဏ်းကွဲမှု စသော မလိုအပ် သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ရသည်။ မင်းတရားကြီးသည် ပြည်သူပြည်သား အပေါင်းတို့အားလည်း သီလနှင့် ကုသိုလ် တရား မမေ့မလျော့စေရန် လစဉ်လဆန်း ၅ ရက်နေ့ ရောက် တိုင်း ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကြီးကို ပြည်တွင်းပြည်ပ လှည့်လည်ဖတ်ကြား စည်လည်စေသည်။ ယင်းသို့ဖြင့် သာသနာ နေရောင်လရောင်ပမာ ထွန်းပြောင်စေရန် မင်းတရား ကြီး အားပေးချီးမြေ|ာက်တော် မူသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် သာသနာရေးသာ မက စာပေလည်းထွန်းကားသည်။ ကဗျာ လင်္ကာဘက်၌ စာ ကောင်းပေကောင်းကြီးများ ထွန်းကားခဲ့သည့်နည်းတူ စကားပြေ ဘက်၌လည်း ယခင်ခေတ်မျာကထက် ပိုမိုကောင်းမွန်သော စာ ကြီးပေကြီးများကို တွေ့နိုင်သည်။ မင်းတရားကြီးလက်ထက်တွင် ဘောလယ်ဟူသော ကဗျာသီချင်းတစ်မျိုးနှင့် ညဉ့်ချင်းပြီး ပြဇာတ်အရေးအသားများ ပေါ်ပေါက်လာသည်။ ဘကြီးတော် လက်ထက် ရေးသားသော မှန်နန်းရာဇဝင်သည် ၁၁၈၃ ခုနှစ် အထိသာ ရောက်သဖြင့် မင်းတုန်းမင်းတရားကြီး လက်ထက် ဆက်လက်ရေးသားစေရာ ကုန်းဘောင်ဆက် မဟာရာဇဝင်ဟူ၍ ပေါ်ပေါက်လာသည်။ ထိုမင်းလက်ထက် ထင်ရှားသော စာဆို တော်များကား ဦးရွှေခြည်၊ စလေဦးပုညလှိုင်ထိပ်ခေါင်တင်ယောအတွင်းဝန် ဦးဘိုးလှိုင်ကင်းဝန်မင်းကြီး ဦးကောင်း၊ မန်လည်ဆရာတော် စသည်တို့ဖြစ်သည်။ [၁]


မင်းတုန်းမင်းတရားကြီးသည် မြန်မာနိုင်ငံနှင့် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး ၁၈၀၈ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်လွင်ဖြစ်သည်။ ညီတော် ကနောင်မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။ ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီးနောက် နေပြည်တော်ကို မန္တလေးသို့ ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန် ၊ ပြင်သစ် ၊ အီတလီနှင့် အမေရိကန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ်စွာ၏ ပိဋကတ် သုံးပုံကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ၁၈၇၁ တွင် ရွှေတိဂုံစေတီတော် ကို ထီးတော်အသစ် တင်လှူခဲ့သည်။ ၁၈၇၁ တွင်ပင် ပဉ္စမ သင်္ဂါယနာ တင်နိုင်ခဲ့သည်။ နောင်တော်ပုဂံမင်းလက်ထက်က အင်္ဂလိပ်ထံဆုံးရှုံးခဲ့ရသည့် နယ်မြေများအတွက် စာချုပ်များကို လက်မှတ်ရေးထိုးရန် လျစ်လျူရှုခဲ့သဖြင့် အင်္ဂလိပ်-မြန်မာဆက်ဆံရေးတွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ လတ်တလော ရှင်းလင်းရမည့် နိုင်ငံရေးကိစ္စများကို အရေးမမူဘဲ မြို့သစ်တည်ခြင်း၊ ဘုရားတည်ခြင်း၊ သင်္ဂါယနာတင်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် ထီးနန်းဆက်ခံရန် အိမ်ရှေ့စံ အပ်နှင်းခြင်း မရှိခဲ့ပေ။ မင်းတုန်းမင်းကြီး မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင် မိဖုရားကြီးက နန်းတွင်းရေးများကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်းရည်ရှိသော မင်းသားအများအပြားကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့် သီပေါမင်းကို နန်းတင်ခဲ့သည်။

အခြားကြည့်ရန်[ပြင်​ဆင်​ရန်​]

မင်းတုံးမင်း ၏ မိဘုရားများ နှင့် သားတော် သမီးတော်များ စာရင်း

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)