From Wikipedia

မင်းတုန်းမင်းတရားကြီးသည် မြန်မာနိုင်ငံနှင့် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး ၁၈၀၈ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်လွင်ဖြစ်သည်။ ညီတော် ကနောင်မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။ ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီးနောက် နေပြည်တော်ကို မန္တလေးသို့ ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန် ၊ ပြင်သစ် ၊ အီတလီနှင့် အမေရိကန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ်စွာ၏ ပိဋကတ် သုံးပုံကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ၁၈၇၁ တွင် ရွှေတိဂုံစေတီတော် ကို ထီးတော်အသစ် တင်လှူခဲ့သည်။ ၁၈၇၁ တွင်ပင် ပဉ္စမ သင်္ဂါယနာ တင်နိုင်ခဲ့သည်။ ၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် ထီးနန်းဆက်ခံရန် အိမ်ရှေ့စံ အပ်နှင်းခြင်း မရှိခဲ့ပေ။ မင်းတုန်းမင်းကြီး မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင် မိဖုရားကြီးက နန်းတွင်းရေးများကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်းရည်ရှိသော မင်းသားအများအပြားကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့် သီပေါမင်းကို နန်းတင်ခဲ့သည်။