သထုံမြို့
| သထုံမြို့ | |
|---|---|
| — မြန်မာနိုင်ငံရှိ မြို့များ — | |
|
|
|
| Coordinates: | |
| နိုင်ငံအမည် | |
| ပြည်နယ် | |
| ခရိုင် | သထုံ |
| လတ္တီကျု | (၁၆)ဒီဂရီ၊ (၅၅)မိနစ် |
| လောင်ဂျီကျု | (၉၇)ဒီဂရီ၊ (၂၂)မိနစ် |
| မြို့နယ်ရုံးစိုက်ရာမြို့ | သထုံမြို့ |
| Time zone | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
သထုံမြို့ [ပြင်ဆင်ရန်]
သထုံမြို့သည် မြန်မာပြည်မွန်ပြည်နယ်တွင် မြို့တစ်မြို့ဖြစ်သည်။ သထုံခရိုင်၏ ရုံးစိုက်မြို့ဖြစ်သော သထုံမြို့သည် မုတ္တမကွေ့ကို မျက်နှာပြုလျက် မြသပိတ်ဘုရားနှင့် လဝတောင်ဘုရားတို့တည်ရှိသည့် သထုံတောင်တန်းကို နောက်ခံပြုထားလေသည်။ မြို့တည်နေပုံသည် သစ်ပင် တောအုပ်တို့ဖြင့် စိမ်းစိုသာယာသော တောင်စောင်းဆင်ခြေလျှောကို နောက် ခိုင်းကာ တောင်ကုန်းနှင့် မြေပြန့်အကြား၌ရှိလေရာ ရှုခင်းသာယာလှပသောမြို့ဖြစ်သည်။ သထုံမြို့သည် မြန်မာနိုင်ငံ၌ ဗုဒ္ဓအယူဝါဒ စတင်ပွင့်လင်းရာ အရပ်တခုပေတည်း။
သထုံမြို့သည် ပြန့်ပြူး၍ သစ်ပင်ကြီးငယ်များ ပေါများသည်။ အရှေ့ဘက်တွင် တောင်တန်းကြီးဖြင့် ကာဆီးနေသော်လည်း မြောက်ဘက် နှင့် အနောက်တောင်ဘက်တွင် လယ်ကွင်းများရှိသောကြောင့် ဆောင်းနှင့် မိုးအခါတွင် လေဒဏ်မိုးဒဏ်ကို ခံရသည်။ သို့သော် သထုံမြို့၏ ရာသီ ဥတုသည် အပူအအေး မျှတကောင်းမွန်သည်။ မိုးများသော်လည်း ရေဆင်း ကောင်းသည်။ ဂဝံကျောက်မြေပေါ်တွင် တည်ထားသောမြို့ဖြစ်၍ ရေဝပ်ခြင်း ကင်းကာ ရေလည်း အလွယ်တကူ လျှောကျသွားနိုင်လေသည်။ အပူချိန် သည် ၉၅ ဒီဂရီထက် ကျော်လွန်သည့်အခါ ကျော်လွန်သော်လည်း ပင်လယ်လေရနေသဖြင့် အပူရှိန်သက်သာသည်။ သထုံမြို့သည် ပင်လယ်မှ ၁၆ မိုင်ခန့်သာ ဝေးလေသည်။
သထုံမြို့သည် ခုနစ်စတုရန်းမိုင် ကျယ်ဝန်းပြီးလျှင် နောက်ဆုံး ခန်းမှန်းခြေစာရင်းအရ လူဦးရေ ၄၆,၉ဝ၂ (၁၉၇၂)ယောက်ရှိသည်။ မြို့ပေါ် တွင်လည်းကောင်း၊ မြို့နယ်တွင်လည်းကောင်း တိုင်းရင်းသားများဖြစ်ကြသော မြန်မာ၊ မွန်၊ ကရင်၊ ပအို့ဝ် (တောင်သူ)တို့ အများအပြားနေထိုင်ကြ၍ နိုင်ငံခြားသား တရုတ်၊ အိန္ဒိယလူမျိုးများလည်းရှိသည်။ ရာခိုင်နှုန်း ၇၅ ခန့်မျှသော လူများစုသည် ဗုဒ္ဓဝါဒီများဖြစ်ကြ၍ ခရစ်ယန်များလည်းရှိကြပေသည်။ သထုံမြို့ မြူနီစီပယ်အဖွဲ့ကို ၁၈၈၇ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့၍ မြို့စည်ပင်သာယာရေးကို ဆောင်ရွက်ခဲ့သည်။ ခရိုင်စည်ပင်သာယာရေး အတွက် ဒေသန္တရအုပ်ချုပ်ရေးကောင်စီကို ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းသည်။ သထုံမြို့ပေါ်တွင် နေထိုင်ကြသော သူများသည် ကုန်သည်များ၊ အစိုးရအမှုထမ်းများနှင့် အေးချမ်းစွာ လာရောက်အခြေစိုက်နေထိုင်ကြသော ပင်စင်ရ အစိုးရအရာရှိဟောင်းများသာ များပြားလေသည်။ သထုံမြို့၏ မြောက်ဘက်တွင် ခရိုင်ဝန်ရုံး၊ ခရိုင်စက်ရှင်တရားသူကြီးရုံး၊ ခရိုင်ရဲဝန်ရုံး စသောအစိုးရရုံးအဆောက်အအုံများရှိသည်။ အစိုးရအထက်တန်ကျောင်း တစ်ကျောင်းနှင့် အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများလည်း သထုံမြို့ပေါ်တွင် ရှိလေသည်။ သထုံမြို့သည် ခရိုင်အတွင်း ကူးသန်းရောင်းဝယ်မှု အချက်အချာ ကျသောမြို့ဖြစ်သည်။ ရန်ကုန် - မော်လမြိုင် မီးရထားလမ်းသည်လည်း ကောင်း၊ မော်တော်ကားလမ်းသည်လည်းကောင်း၊ သထုံမြို့ကို ဖြတ်သန်းသွား သဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသည်။ ထို့ပြင် လေယာဉ်ပျံကွင်းလည်းရှိ၍ လေကြောင်းခရီးဖြင့်လည်း သထုံမြို့နှင့် ဆက်သွယ်နိုင်လေသည်။
သထုံမြို့သည် ရှေးပဝေဏီအခါက မထင်ရှားသော တံငါရွာ ကလေးများသာဖြစ်သည်။ ထိုစဉ်က လဝလူမျိုးများ နေထိုင်ကြသည်ဟုဆို သည်။ နောင်အခါ မွန်လူမျိုး၊ ပအိုး(တောင်သူ) လူမျိုးတို့လည်း လာ ရောက်နေထိုင်ကြသည်။ ပင်လယ်ကမ်းနားတွင် တည်ရှိသည်ဖြင့် အိန္ဒိယ တောင်ပိုင်းနိုင်ငံများနှင့် ပင်လယ်ခရီးဖြင့် ဆက်ဆံမှုရှိသဖြင့် သထုံသည် လူနေအိမ်ခြေ တိုးတက်စည်ကားလာပြီးလျှင် မြို့ပြဖြစ်လာလေသည်။ အချို့ သမိုင်းဆရာတို့၏အဆိုမှာ သထုံသည် မွန်လူမျိုးတို့၏ ရှေးဦးစွာ တည်ထောင်သောမြို့ဖြစ်၍ မြတ်စွာဘုရား၏ဘိုးတော် အဉ္စနမင်းကြီးဖြုကြွင်း သက္ကရာဇ် ၉၄ ခုနှစ်တွင် တည်ထောင်သည်ဟု ဆိုလေသည်။
တစ်စတစ်စနှင့် သထုံသည် မင်းနေပြည်တော်ဖြစ်လာ၍ မင်း ၅၉ ဆက် စိုးစံခဲ့သည်ဟုဆိုသည်။ သထုံကို မင်းနေပြည်တော်ပြု၍ ပထမဆုံး စိုးစံခဲ့သောမင်းသည် သီဟရာဇာဖြစ်လေသည်။ မင်းနေပြည်တော်ဖြစ်လာ သည်အထိ ရှေးခေတ်သထုံတိုးတက်လာရခြင်း၏ အကြောင်းရင်း အထောက်အခံများရှိပေသည်။ မြို့၏နောက်ခံတောင်တန်း၏ အရှေ့ဘက်တွင် သံလွင် နှင့် ဒုံမိမြစ်ဝှမ်းကိုသို့ သွားရောက်နိုင်သော လမ်းပေါက်များရှိသည်။ ယင်းတို့သည်ယခု ဒုံဝန်း၊ ကင်ပွန်းခြုံ၊ သိမ်ဆိပ်ရွာများရှိရာ အရှေ့ဘက်သို့သွားသောလမ်းများနှင့် သထုံအရှေ့ဘက်ရှိ ဈေးမသွယ်နှင့် ဒူးရင်းဆိပ်သို့ပေါက်သော ဘင်လှိုင်တောင်ကြားလမ်းတို့ဖြစ်သည်။ တောင်ဘက်၌လည်း ဝင်းစိန်ရွာ၏အရှေ့ဘက်၌ တောင်ကြားလမ်းရှိသေးသည်။ တောင်တန်းတစ်လျှောက်၌လည်း တောင်ပေါ်ဖြတ် လူသွားလမ်းများရှိလေသည်။
အဆိုပါ လမ်းပေါက်များရှိသဖြင့် ရှေးခေတ်သထုံတည်နေရာသည် သံလွင်မြစ်ဝှမ်းနှင့်အဆက်အသွယ်ရခြင်း၊ သံလွင်မြစ်ဝှမ်းမှ ထွက်ကုန် အထူးသဖြင့် ဆန်စပါးကို အားထားနိုင်ခြင်း၊ ထိုစဉ်က ကမ်းရိုးတန်းလွင်ပြင်သည် ကျဉ်းမြောင်း၍ ယခုကဲ့သို့ ဆန်ရေစပါး မပေါသေးသော်လည်း ဝင်းစိန်မြေပြန့်မှ ဆန်စပါးရနိုင်ခြင်း၊ ပင်လယ်ကိုမျက်နှာမူထားသော မြို့ဖြစ်သဖြင့် အနောက်ဘက်နိုင်ငံများ (အထူးသဖြင့် အိန္ဒိယ အရှေ့ကမ်းခြေဒေသ တိုင်းပြည်များ)နှင့် ကူးသန်းရောင်းဝယ်မှု ပြုနိုင်ခြင်းကြောင့် တိုးတက်စည်ကားလာခဲ့ခြင်း ဖြစ်ပေသည်။
ရှေးသထုံပြည်၏ မြို့တော်နေရာသည် ယခုခေတ် သထုံမြို့တည်ရာအရပ်ပင်ဖြစ်ကြောင်း သုတေသနအထောက်အထားများအရ သိရပေသည်။ အချို့သမိုင်းဆရာများကမူ ပါဋ္ဌိဘာသာဖြင့် ပါဋ္ဌ မုတ္တိက နဂရခေါ် ကေလာသတောင်ခြေရင်းရှိ အရက်သည်မရွာနေရာဖြစ်သည့် တိုက်ကုလားမြို့ဟောင်းသည် ရှေးသထုံမြို့တည်ရာဟု ဆိုပြန်သည်။ အချို့ကလည်း သာသနာသက္ကရာဇ် ၁၃၇ ခုနှစ်တွင် သထုံပြည်ကို ရေလွှမ်းမိုး၍ ပျက်သည်နှင့် သက္ကရာဇ် ၁၄၄ ခုနှစ်တွင် သထုံမြို့ဟောင်းတောင်ဘက် ကေလာသတောင်အနီးတွင် မြို့သစ်တည်ရသည်။ မင်းဆယ်ဆက် စိုးစံပြီးမှ မြို့ဟောင်းသို့ပြန်ပြောင်းရသည်ဟု ဆိုပြန်လေသည်။
မည်သို့ပင်ဖြစ်စေ ရှေးခေတ်သထုံနှင့် ယခုခေတ်သည် မြေမျက်နှာသွင်ပြင် အနေအထားအားဖြင့် ခြားနားနေလေပြီ။ ရှေးခေတ်သထုံသည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ ပင်လယ်ရေပြင်သည် ယခုမုတ္တမတောင်တန်း ၏ အနောက်ဘက်ရှိ စိုက်ပျိုးဖြစ်ထွန်းသော မြေနိမ့်လွင်ပြင်ဒေသများကို ဖုံးလွှမ်းနေခဲ့သည်။ ယခု အရက်သည်မရွာတည်ရှိသော ကေလာသတောင်ခြေရင်းသို့တိုင်အောင် ပင်လယ်ရေရောက်ခဲ့သည်။ ထို့ကြောင့် အရက်သည်မရွာနှင့် သထုံမြို့မြေကြီးထဲမှ မင်းတုပ်သံချောင်းများ၊ ကျောက်ဆူးများ စသည့် နိုင်ငံခြားသင်္ဘောပစ္စည်းများဟု ယူဆရသော ပစ္စည်းအတိုအစများကို တူးဖော် ရရှိသည်။ နှစ်ကာလကြာမြင့်လေသော် ပင်လယ်ရေသည် တစ်ရွေ့ရွေ့ဆုတ်သွားတော့သဖြင့် အရက်သည်မရွာသည် ကုန်းခေါင်ခေါင်ဖြစ်သွားခဲ့သည်။ သထုံပြည်ကို အနော်ရထာတိုက်စဉ်ကပင် ယင်းသည် ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်တော့ချေ။ စစ်တောင်းမြစ်ဝတွင် သဲသောင်ပေါ်ထွန်း၍ ပင်လယ်ကမ်းခြေ ဆုတ်သွားသည်နှင့် သင်္ဘောဆိပ်အဖြစ် အသုံးမကျတော့ခြင်း ဖြစ်ပေသည်။ သထုံပြည်၏ နောက်ဆုံးမင်းသည် မနုဟာမင်းဖြစ်သည်။ အချို့ မွန်ကျောက်စာတို့၌ မကုဋမင်းဟုလည်းခေါ်သည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်း လာရောက်တိုက်ခိုက်သဖြင့် မနူဟာမင်းလည်း ပုဂံပြည်သို့ ပါသွားပြီးလျှင် သထုံပြည်လည်း ပျက်လေသည်။ အနော်ရထာမင်း သထုံပြည်သို့ ချီတက်တိုက်ခိုက်စဉ် အချိန်ကာလ၌ သထုံသည် သင်္ဘောဆိပ်ကမ်း မဟုတ်တော့ချေ။ သို့တိုင်အောင် ရန်သူတို့ ရုတ်တရက် ချဉ်းကပ်တိုက်ခိုက်ရန် မလွယ်ကူဘဲ မြို့အနေအထား ကောင်းမွန်ပေသည်။ သုတေသနပြုချက်များအရ သထုံမြို့တော်ဟောင်းသည် အရှေ့ဘက်၌ မတ်စောက်မြင့်မားသော ပေ ၇ဝဝ ကျော်ရှိသည့် တောင်တန်းများက ကာကွယ်ထားသည်။ အနောက်ဘက်၌ ပင်လယ်ရှိသည့်အပြင် ဒီရေရောက်သော ရေဖုံးသော ရွှံ့ပြင်များရှိသည်။ မြောက်ဖက်၌လည်း မြို့ရိုးလေးထပ် ခံတပ်ကြီးတစ်ထပ်ဖြင့် ကာကွယ်ထားသည်။ တောင်ဖက်၌ မြို့ရိုးနှစ်ထပ်အပြင် ခံတပ်တစ်ခု၊ ဘင်လှိုင်တောင်ကြားလမ်းကို တောင်ဘက်မှခံတပ်တစ်ခု၊ သို့ဖြင့် ခံတပ်နှစ်ခုဖြင့် ထိန်းထားခဲ့သည်။ သို့သော် ဆန်ရေစပါးပေါများသော သံလွင်မြစ်ဝှမ်းနှင့် ဝင်းစိန်မြေပြန့်ကို မြန်မာတို့ စီးမိထားပြီးလျှင် သထုံကို စားနပ်ရိက္ခာပြတ်လပ်စေကာ ဘင်လှိုင်တောင်ကြားလမ်းမှ မြန်မာတို့ သထုံမြို့တွင်းသို့ဝင်ရောက်၍ မြို့ကို စီးနင်းနိုင်ခဲ့သည်ဟု ယူဆရလေသည်။
သထုံမြို့ဟောင်း တည်ထားပုံသည် လေးထောင့်ဖြစ်သော်လည်း စတုဂံပုံ တည့်မတ်စွာမကျပေ။ မြို့၏နောက်ခံတောင်၏အနေအထားကိုလိုက်၍ တည်ထားခြင်းဖြစ်ပေရာ နောက်ခံတောင်တန်းအလိုက်ပင် အနောက်ဘက်သို့ ခပ်စောင်းစောင်း ဖြစ်နေခဲ့သည်။ မြို့သည် တောင်နှင့်မြောက် ရှည်လျား၍ အရှေ့နှင့်အနောက် အလျားတိုသည်။ မြို့ရိုးအတွင်းရှိ မြို့၏ အလျားအနံတို့သည် မြောက်ဘက်အပြင်မြို့ရိုးမှသည် တောင်ဘက်အပြင်မြို့ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
|
|||||||||||||||||
|
||||||||