သီပေါမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သီပေါမင်း
Konbang-Thibaw.jpg
(၁၈၅၉-၁၉၁၆)
နန်းသက် အောက်တိုဘာ ၁၈၇၈ - နိုဝင်ဘာ ၁၈၈၅
အမည်အပြည့်အစုံ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ
ငယ်မည် မောင်ရေစက်
ဘွဲ့အမည်
အမည်ကွဲ
နံတော် စနေသား
မွေးဖွားသည့်နေ့ ၁၈၅၉ ခု ဇန္နဝါရီ ၁
မွေးရာဇာတိ မန္တလေးမြို့မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ဖခမည်းတော် မင်းတုန်းမင်း
မယ်တော် လောင်းရှည်မိဖုရား
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကြင်ရာတော် စုဖုရားလတ်
နန်းစံရာ နေပြည်တော် ရတနာပုံ မန္တလေး
နတ်ရွာစံသည့်နေ့ ၁၉၁၆ ခု ဒီဇင်ဘာ ၁၉
နတ်ရွာစံသည့်နေရာ ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ၏ အလံတော် အိန္ဒိယ
မြှုပ်နှံရာနေရာ ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ၏ အလံတော် အိန္ဒိယ
ဆက်ခံခဲ့သောမင်း မင်းတုန်းမင်း
ဆက်ခံမည့်မင်း မင်းဆက်ဆုံးသည်။
မင်းဆက် ကုန်းဘောင်ခေတ် ဆယ့်တစ်ဆက်မြောက်မင်း


သီပေါမင်း

သီပေါမင်း (၁၈၇၈-၁၈၈၅) သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်ပြီး မြန်မာဘုရင်စနစ်၏ နောက်ဆုံးမင်းလည်းဖြစ်သည်။ ဘွဲ့တော်မှာ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ခုနှစ်နှစ်ဖြစ်သည်။

မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော်ဖြစ်ပြီး နံတော် စနေသား၊ ငယ်မည် မောင်ရေစက် ဖြစ်လေသည်။ ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။ ထီးနန်းဆက်ခံရန် အလားအလာ အလွန်နည်းသော်လည်း မိဖုရားခေါင်ကြီး ဆင်ဖြူမရှင်၏ သမီးတော် စုဖုရားလတ်နှင့် ရည်ငံနေခြင်းကြောင့်လည်းကောင်း၊ စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် ကင်းဝန်မင်းကြီးဦးကောင်းက ၎င်း၏ပျော့ပျောင်းမှုကို လိုလားသည်ကြောင့်လည်းကောင်း အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့် ရခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်အတူ အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

နန်းတက်စ အခြေအနေ[ပြင်​ဆင်​ရန်​]

ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေးအတွက် အစဉ်အလာအတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ ဩဇာအာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်းဥပဒေအရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သောအခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန် မလိုတော့ဘဲ အရာရှိ အရာခံ မှူးမတ်များကို ဘုရင့် သစ္စာတော်ခံ လုံးဝ ဖြစ်စေရေး အတွက် သစ္စာရေ တိုက်ရန်သာ အားသစ် နေကြသည်။ ရှော မူကား မကျေမနပ် ဖြစ်၍ မြန်မာ ထီးနန်းကို ဒေါမာန်ပွားကာ၊ မင်းညီမင်းသား ဆွေတော် မျိုးတော်တို့အား သတ်ဖြတ်ခြင်းကို အကြောင်းပြ၍ ထိုသတ်ဖြတ်မှုများကို မရပ်စဲလျှင် နေပြည်တော်မှ သူ ထွက်ခွာ သွားမည်ဟု ခြိမ်းခြောက်တော့သည်။ နိုင်ငံခြားသား ကုန်သည်စုကလည်း ရှောနှင့် တသံတည်း ထွက်ကြလေသည်။ အိန္ဒိယ နိုင်ငံရှိ ဘုရင်ခံချုပ် လတ်မင်းကြီး လစ်တန်သည် ဤပြဿနာကို ဖြေရှင်းဖို့ လိုသည်ဟု အင်္ဂလန်သို့ အကြောင်းကြား တိုက်တွန်း၍ မြန်မာ နယ်စပ်သို့ စစ်တပ်များ ပို့စေလေသည်။

သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် ၎င်း၏ အမတော် စုဖုရားကြီး(နိုဝင်ဘာလ၊ ၁၈၈၅ ခုနှစ်)
သီပေါမင်း၏ ကရဝိတ်သဗ္ဗန်တော်

သီပေါမင်းနှင့် မှူးကြီး မတ်ကြီးတို့သည် အင်္ဂလိပ်တို့ ကျေနပ်အောင် လက်ဆောင် ပဏ္ဏာများဖြင့် ကာလကတ္တားသို့ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ တခု စေလွှတ်ကာ အင်္ဂလိပ် မြန်မာ ချစ်ကြည်ရေး တည်မြဲမှုကို ထိန်းသိမ်းထားရန် ပန်ကြားလေသည်။ မြန်မာနိုင်ငံ၌ ရှိကြသော ဗြိတိသျှ အာဏာပိုင်များကမူကား မိမိတို့ အလိုကျ အတိုင်း မြန်မာတို့က မလိုက်လျောလျှင် မစ်ရှင် အဖွဲ့ကို သရက်မြို့ထက် ကျော်လွန်၍ သွားခွင့် မပေးဟု လည်းကောင်း၊ မဟာဝန်ရှင်တော် မင်းကြီးနှင့်လည်း ဆက်သွယ်ခွင့် မပေးဟု လည်းကောင်း၊ ငြင်းဆိုကြသည်။ ထို ဗြိတိသျှတို့၏ အဆိုမှာ မစ်ရှင် အဖွဲ့သည် သာမန် ချစ်ကြည်ရေး ပြုလုပ်ရန်သာ ဖြစ်၍ အကျိုးထူးလှမည် မဟုတ်သည့် အပြင် မစ်ရှင် အဖွဲ့၌လည်း အမှုတို့ကို ဆောင်ရွက်နိုင်သော အာဏာမရှိ ဟူ၍ ဖြစ်လေသည်။ ဤတွင် မန္တလေး နန်းတော်သည် မစ်ရှင် အဖွဲ့ခေါင်းဆောင် သံအမတ်များအား "ပြောရေး ဆိုခွင့် အာဏာများကို သာမက ခေတ္တစာချုပ်ဖြစ်စေ၊ ရာသက်ပန် စာချုပ်ဖြစ်စေ၊ ချုပ်ဆိုနိုင်ခွင့် ရှိသော အာဏာကို လည်းကောင်း၊ ယခု မျက်မှောက် ဖြစ်ပျက်နေသော နှစ်နိုင်ငံ ပြဿနာ အရေးအခင်းတို့ကို ဖြေရှင်းရေး အတွက် ပြောဆိုနိုင်သော၊ စီစဉ်နိုင်သော၊ တိုင်ပင်နိုင်သော အာဏာကို လည်းကောင်း၊ အနာဂတ်၌ နှစ်နိုင်ငံ အရေးအခင်း ရှုပ်ထွေးမည့် ကိစ္စကြီးငယ် မှန်သမျှကို ပြေလည်စွာ ဆောင်ရွက်နိုင်သော အာဏာကို လည်းကောင်း" လွှဲအပ် လိုက်လေသည်။ ရာသက်ပန် ချစ်ကြည်ရေး မဟာမိတ် စာချုပ်တွင် တိုင်းပြည် အသီးသီး၏ အချုပ်အချာ အာဏာပိုင်မှုကို လေးစားခြင်း၊ နိုင်ငံခြားသား ရာဇဝတ်သားကို ဆိုင်ရာ အာဏာပိုင်သို့ ပေးအပ်ရခြင်း၊ ကုန်သည်များ အခွန် ပေးဆောင်ရန် မလိုဘဲ အခမဲ့ ဝင်ရောက် ကုန်ကူးသန်းခွင့် ပေးခြင်း စသည်တို့ ပါဝင်လေသည်။

စင်စစ်မှာ ဗြိတိသျှတို့ကလည်း မန္တလေး နန်တော်ကဲ့သို့ပင် မန္တလေး နန်တော် အပေါ်၌ ငြိမ်းချမ်းရေး လိုလားကြောင်း ပြစေသည် သဘော ဖြစ်လေသည်။ ဗြိတိသျှတို့ ဘက်ကမူ အထက် မြန်မာနိုင်ငံကို နှိမ်နင်းလိုလျှင် အောက်မြန်မာနိုင်ငံရှိ ဗြိတိသျှ စစ်တပ် အပြင် နောက်ထပ် စစ်သည် ၅,ဝဝဝ လိုကြောင်း စစ်ဘက် အကြံပေး အရာရှိက အစီရင်ခံ ထားလေသည်။ ထိုအခါကသော် ဗြိတိသျှတို့သည် အာဖဂန်နီ စတန်နှင့် အာဖရိက တောင်ပိုင်းတွင် နယ်ချဲ့ စစ်ပွဲ ဆင်နွှဲ နေရသည့် အတွက် မြန်မာတို့ကို တိုက်ခိုက်ခဲ့လျှင် ဝန်ထုပ် တခု တိုးလာမည် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာတို့အား နှိမ်နင်းရန် အရေးကို ခေတ္တ ရွှေ့ဆိုင်း ထားကြရလေသည်။ ထိုအချိန်တွင် သီပေါမင်းသည် ခမည်းတော် မင်းတုန်းမင်း အမြှော်အမြင် ကြီးစွာ ဆောင်ရွက်ခဲ့ သဖြင့် ရအပ်သော အကျိုး ကျေးဇူးတို့ကို ခံစားလျက် နေရသည်။ နန်းတက်စ နှစ်များတွင် မြန်မာဘုရင် အုပ်စိုးသော အထက် တခွင်၌ ကူးသန်း ရောင်းဝယ်ရေးသည် တိုးတက်ဖွံ့ဖြိုး ခဲ့လေသည်။

ဗြိတိသျှတို့သည် သီပေါဘုရင်အား ရတနာဂီရိသို့ ခေါ်ဆောင်၍ ဤတိုက်နန်းတော်တွင် ထားလေသည်။

သီပေါမင်း ( မြန်မာ၁၂၂ဝ-၁၂ရ၈)[ပြင်​ဆင်​ရန်​]

ကုန်းဘောင်မင်းဆက်၏နောက်ဆုံးမင်းဖြစ်သော သီပေါမင်းသည် မင်းတုန်းမင်းကြီး နတ်ရွာစံပြိီးနောက် နန်းတက်တော်မူသည်။ မာရ်အောင်ရတနာစေတီတော် တည်ထားကိုးကွယ်သောကြောင့် မာရ်အောင်ရတနာ ဒါယကာဘဝရှင်မင်းတရားဟူ၍လည်းကောင်း၊ ငယ်စဉ်က သီပေါမြို့ကို စားရသောကြောင့် သီပေါမင်းဟူ၍လည်းကောင်း၊ မန္တလေးရတနာပုံမြို့တွင် ဒုတိယနန်းစံသော မင်းဖြစ်သဖြင့် မန္တလေးရတနာပုံ ဒုတိယမြို့နန်းစံမင်းဟုလည်းကောင်း၊ အိန္ဒိယနိုင်ငံ မဒရပ် မြို့သို့ဗြိတိသျှတို့၏ ဆောင်ယူသွားခြင်း ခံရသဖြင့် မဒရပ်ပါမင်းဟူူ၍လည်းကောင်း ထင်ရှားသည်။ ငယ်မည်မှာ မောင်မျိုးဆက်တည်း။

သီပေါကိုပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး နှင့်ဘထွေးတော် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးမင်းသား သမီးတော် သီရိမဟာမင်္ဂလာ သုပဘာဒေဝီဘွဲ့ခံ လောင်းရှည် မိဖုရား ( နန္ဒာ ဒေဝီ) တို့မှ ၁၂၂ဝ ပြည့်နှစ် နတ်တော် လပြည့်ကျော် ၁၂ ရက် စနေနေ့တွင် ဖွားမြင်တော်မူ လေသည်။ မယ်တော်လောင်းရှည်မိဖုရားအား မင်းတုန်းမင်း တရားကြီးက စိတ်အခန့်မသင့်ဖြစ်၍ အိမ်နိမ့်ချထားစဉ် သီပေါမင်းသားသည် တပယ်မင်းသား၏အိမ်တော်၌ ငြိုငြင်စွာနေရသည်။ ထိုနောက် အခြားသားတော်များနှင့်အတူ ဆရာမှတ်ကြီး၏ သံတဲကျောင်း၌ အင်္ဂလိပ်စာပေပညာသင် ကြားရလေသည်။ ၁၂၃၆ ခုနှစ်တွင် ခမည်းတော်မင်း တရား ကြီးက ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ ဘောင်သို့ သွတ်သွင်းခြီးမြှင့်တော်မူပြီးလျှင် မာလာလင်္ကာရသီရိဓဇ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ရ တောင်တော်ဆရာတော်ထံ အပ်နှံတော်မူခြင်းခံရသည်။

ထိုနှစ်တွင်ခမည်းတော်မင်းတရားကြီးက သားတော် သမီးတော်များ ပထမပြန်စာမေးပွဲဝင်ရမည် အမိန့်တော်မြတ် မှတ်တော်မူရာ ၁၂၃ရ ခုနှစ်ခန့်တွင် သီပေါမင်းသား လူဝတ်လဲ၍ ပထမငယ် ပြန်ဆိုသည်။ ထိုနောက် ရှင်သာမဏေပြန်ဝတ်လေသည်။ ၁၂၃၈ ခုနှစ်တွင် ပထမလတ် စာပြန်ပွဲကို လူဝတ်လဲ၍ပြန်ဆိုပြီးနောက် ရှင်သာမဏေပြန် ဝတ်ပြန်သည်။ ၁၂၃၉ ခုနှစ်တွင် ပထမကြီးစာပြန်ပွဲကို အထက်နည်းအတိုင်း အောင်မြင်စွာပြန်ဆိုနိုင်ပြန်သည်။

သားတော်များထဲတွင် တဦးတည်းထူးချွန်စွာ ပထမပြန်ဆိုနိုင်သော သားတော်သီပေါ မင်းသားအား ခမည်းတော် မင်းတရားကြီးသည် အားရတော်မူလှသဖြင့် ညီလာခံလွှတ်တော်သို့ အခမ်းအနား ရထားဆင်ယင် တပ်ဝင်းခင်း ကျင်းကာဝင်စေသည်။ ထိုနောက် လူဝတ်လဲစေ၍ နန်းတော်အတွင်း တံခါးနီအပြင်လွှတ်တော်မြောက်ဘက်တွင် အိမ်တော်ဆောက်ပေးစံနေစေသည်။ မင်းတုန်းမင်းတရားကြီး သည် သာသနာတော်ကို အထူးလေးစားတော်မူသည့် အလျောက် ပထမပြန်စာမေးပွဲကို ပြန်ဆိုအောင်မြင်ခဲ့သော သားတော် သီပေါမင်းသားအား များစွာချစ်ခင်နှစ်သက်တော်မူသဖြင့် အပါးတော်၌ မပြတ်ထွက်ဝင်ခစားစေသည်။ ပထမပြန် အောင်ဆုသည်ပင်သီပေါမင်းသားအား မင်းအဖြစ် ရောက်သည်တိုင်အောင် ကျေးဇူးပြုသည်ဟု ဆိုရမည် ဖြစ်ပေသည်။

၁၂၄ဝ ပြည့်နှစ်ဝါခေါင်လတွင်မင်းတုန်းမင်းတရားကြီး မကျန်းမမာရှိတော်မူသောအခါ နန်းတော်အတွင်း၌ တန်ခိုးကြိီး နေသော မင်းတုန်းမင်းကြီး၏ အလယ်နန်းမိဖုရား ဆင်ဖြူမရှင်နှင့်ကင်းဝန်မင်းကြီးစသော အလိုတူသည့် မှူးတော်မတ်တော်တို့ တိုင်ပင်ကြပြီးလျှင်သားတော် သီပေါမင်းသားအား အိမ်ရှေ့ဥပရာဇာဆောင်နှင်းရန် မင်းတရားကြီး အားတင်လျှောက်၍ ထိုနှစ်တော်သလင်း လပြည့်ကျော် ၉ ရက်နေ့တွင် အိမ်ရှေ့အပ်နှင်းလေသည်။ သားတော်ကြီးများဖြစ်သော သုံးဆယ်မင်းသား၊ ညောင်ရမ်းမင်းသား၊ မက္ခရာမင်းသားတို့ရှိပါလျက် သားတော်အငယ် သီပေါမင်းသားအား ကင်းဝန်မင်းကြီး စသော မှူးမတ်များက လိုလားရခြင်းမှာ စိတ်ထက်မြက်သော မင်းသားများဘုရင်ဖြစ်လျှင် နိုင်ငံအုပ်ချုပ်မှုနှင့် နိုင်ငံခြားဆက်သွယ်မှုများကို မိမိတို့သဘောကျ ဆောင်ရွက်နိုင်မည်မဟုတ်၊ အသက်ငယ်၍ သဘောနူးညံ့သော မင်းသားနှင့်မှ သဘောကျဆောင်ရွက်နိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်လေသည်။ ကင်းဝန်မင်းကြီးသည် ဒီမိုကရေစီထွန်းကားသော အနောက်နိုင်ငံများသို့ရောက်ရှိကာ မိမိနိုင်ငံတိုးတက်ရေး အတွက်ထိုနိုင်ငံများကဲ့သို့ ဘုရင်၏အာဏာကို ကန့်သတ်ကာဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲသွားနိုင်သည့် အုပ်ချုပ်ရေး စံနစ်သစ်ကို တီထွင်လိုသဖြင့် မိမိဩဇာညောင်းမည်ထင်သည့် သီပေါမင်းသားကို သဘောတူခြင်းဖြစ်လေသည်။


ဆင်ဖြူမရှင်မိဖုရားကြီး၌မူ မိမိ၌သားတော်မရှိသဖြင့် မိမိသမီးတော်နှင့်ရည်ငံရင်းစွဲရှိသော သီပေါမင်းသားအား သဘောတူညီခြင်းဖြစ်လေသည်။ သီပေါမင်းသား အိမ်ရှေ့အရာကိုရပြီးနောက် မင်းတုန်းမင်း၏အခြား သားတော်ကြီး များကိုဖမ်းဆီးချုပ်နှောင်ထားလေသည်။ ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆ရက်နေ့တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသောထိုနေ့တွင်ပင် အိမ်ရှေ့စံ သီပေါမင်းသားသည်ထီးနန်းကိုသိမ်းပိုက်တော်မူသည်။ ၁၂၄၁ ခုနှစ်နယုန်လတွင် သီပေါမင်းတရားကြီးသည် သီရိပဝေသနာဘိသိက်ကိုသွန်းခံတော်မူ၍ ထီးဆောင်း မင်္ဂလာဥကင်သဖွင့်တော်မူပြီးလျှင်၊ သီရိပဝရာဒိတျရတိလောကဓိပတိပဏ္ဍိတမဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံ တော်ကို ခံတော်မူသည်။ ခမည်းတော်မင်းတုန်းမင်းတရားကြီးနှင့် အလယ်နန်း မိဖုရားဆင်ဖြူမရှင်မှ ဖွားမြင်သော မြတောင်မြို့စား သီရိသုမင်္ဂလာရတနာဒေဝီဘွဲ့ခံ စုဖုရားလတ်အား သိီရိပဝရမဟာရာဇိန္ဒာဘိသုဓမ္မရတနာဒေဝီ တံဆိပ် နာမံတော်ဖြင့် အရှင်နန်းမတော်မိဖုရားခေါင်ကြီးတင် မြှောက်တော်မူသည်။

မယ်တော်လောင်းရှည်မိဖုရားအားလည်း မြောက် ဥယျာဉ်တော်၌ အိမ်ဖြူတော်ဆောက်လုပ်ကာစံနေစေသည်။ နန်းတက်ပြီး မကြာမီပင် ခမည်းတော်နတ်ရွာမစံမီက အကျဉ်းချထားခြင်းခံရသော မင်းညီမင်းသား ၄ဝ ကျော်တို့အား ရွှေလွှတ်တော်မှ အမိန့်မပါရှိဘဲ လက်သုံးတော်တို့က ကွပ်မျက်လေသည်။ မင်းသားမင်းသမီးတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်ကိစ္စတွင် မင်းတရားကြီး တင်ကူး၍ မသိရှိရဟု အချို့ရာဇဝင်ဆရာတို့က ဆို၍အချို့ကမူ မင်းမိဖုရားနှစ်ပါးလုံး အလိုတူကြံစည်ရာပါကြောင်းဖြင့် ဆိုကြသည်။ ဤကိစ္စကြောင့်ပြည်သူအများတို့ စိတ်နှလုံး ပင်ပန်းညိုးငယ်ကြရသည်။

သီပေါမင်းတရား နန်းတက်ပြီးနောက် ချက်ခြင်းလိုပင် တောင်ဥယျာဉ်၌ ကျင်းပသောအစည်းအဝေးတွင်နိုင်ငံ အုပ်ချုပ်ရေးကို (၁)လယ်ယာ၊(၂) လက်အလုပ်၊ (၃)ကုန်းကြောင်းစစ်ဘက်၊ (၄) ရေကြောင်း စစ်ဘက်၊ (၅) အကောက် ခွန်၊ (၆)သာသနာပညာ၊ (ရ)ပူရိသမေဓ၊ (လူခွန်) ၊(ဂ) သဿမေဓ(မြေခွန်) ၊(၉)ရာဇဝတ်ဘက်၊ (၁ဝ)တရားဘက်၊ (၁၁)နိုင်ငံခြား၊(၁၂)တွဲဘက်ရုံး၊ (၁၃)မြို့ရေးရွာမှု၊ (၁၄)စက်အလုပ်ဟူ၍ ဌာနကြီး ၁၄ ဌာန ခွဲခြားအုပ်ချုပ်ရန် အများသဘောတူ ပြဌာန်းလိုက်ကြသည်။ သို့ရာတွင်ထိုနှစ်တပေါင်းလ၌ ဌာနဝေပုံပျက်သွားပြန်သည်။ ၁၉၄၂ ခုနှစ် ဝါခေါင်လတွင်တစ်ဖန် (၁)နိုင်ငံခြားနှင့်သာသနာပညာရေး ၊(၂) တရားရာဇဝတ်ဖက်၊ (၃)အကောက်အခွန်၊ (၄)သဿမေဓ၊ (၅)ကုန်းကြောင်းစစ်ဘက်၊ (၆)ရေကြောင်းစစ်ဘက်၊ (ရ)အလုပ်ဘက်၊ (၈)လယ်ယာ၊ (၉)ဥပဒေဟူ၍ ကိုးဌာနခွဲခြားသတ်မှတ်ပြန်သည်။ ဌိုဌာန ကြီးကို ဌာနအုပ်ချုပ်ရေးလည်း၁၂၄၂ ခုနှစ် နှောင်းတန်ခူးလတွင် ပျက်ပြန်သဖြင့်၊ ၁၂၄၅ ခုနှစ်တွင် တရားရာဇဝတ်ဌာနကို နှစ်ဌာနခွဲ၍ ဆယ်ဌာနခွဲခြားသတ်မှတ် အုပ်ချုပ်ပြန်သည်။ ယင်းသို့အုပ်ချုပ်ရေးအကြိမ်ကြိမ် ပျက်ရသည်မှာလည်း ရှေးကကဲ့သို့အခွန်တော်ငွေကို ရှင်ဘုရင် မိဖုရား သဘောအတိုင်းသုံးစွဲလိုသဖြင့်တကြောင်း၊ နိုင်ငံအုပ်ချုပ်မှုတွင်အိမ်တော်ပါ လူငယ်များကို ထည့်လိုသဖြင့်တစ်ကြောင့်ကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုကြသည်။

သီပေါမင်းတရားလက်ထက်တွင် ကင်းဝန် မင်းကြီးစသော မှူးမတ်ကြီးများ၏အကြံပေးချက်အရ ပြည်သူတို့ အလိုရှိရာတင်လျှောက်ခွင့်ရရန် ရွှေမြို့တော်ဓာတ်တံခါး လေးဌာန၌ ရွှေသေတ္တာများထား၍ ယင်းရွှေသေတ္တာများကို ဘုရင့်ရှေ့တော်၌ ဖွင့်ဖတ်ရသည်။ ထိုရွှေသေတ္တာစံနစ်ကြောင့်ပင် သီပေါဘုရင်သည် မိမိလက်ထက် နိုင်ငံအခြေအနေကို သိရှိသတိရတန်သမျှရကာ နိုင်ငံအတွင်းလွှမ်းမိုးရမ်းကားနေသော ရနောင်မောင်မောင်တုတ်နှင့်အပေါင်းပါတို့အား ဖမ်းဆီး ချုပ်နှောင်နိုင်ခဲ့သည်။ ၁၂၄၄ ခုနှစ်တွင် ယင်းသို့အုပ်ချုုပ်ရေး ဖြောင့်မှန်အေးချမ်းတော့မည်ကဲ့သို့ဖြစ်လာစဉ်ဝန်ကြီး အချင်းချင်းသင်းကွဲကြပြန်သဖြင့် သီပေါမင်းလက်ထက် နိုင်ငံတော်တွင် မင်းတုန်းမင်းကြီးလက်ထက်ကကဲ့သို့ ငြိမ်းချမ်း ခြင်းမရှိချေ။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်းတရားသည် ပြည်သူတို့ငွေကြေးပေါများ၍ နိုင်ငံတော်စည်ပင်ဝပြောစေရန် ရွှေမြို့တော်၌ ထီရုံတော်များဖွင့်လှစ်သည်။


ထီရုံဆယ်ရုံ၌ တနေ့လျှင်ဆယ်ကြိမ်ကျဖွင့်လှစ်ပေးရာ နိုင်ငံသူနိုင်ငံသားတို့သည် ထီကိုသာဂရုစိုက်နေကြ၍ စီးပွားရေးပျက်စီးသဖြင့် ရည်ရွယ်တော်မူရင်းအတိုင်းမရောက် သောကြောင့် ၁၂၄၃ ခုနှစ်တွင် ထီရုံများရုပ်သိမ်းတော်မူသည်။ ထီကြွေးတင်သူများအားလည်း ငွေတော်များထုတ်၍ ဆပ်ပေးတော်မူသည်။ နိုင်ငံတွင်းအုပ်ချုပ်မှုများ တိုးတက်ရန် ဆောင်ရွက် သည့်ကြားမှ ယင်းသို့ယိုယွင်းနေစဉ် နိုင်ငံခြားဆက်သွယ်ရေး ကိုလည်း အကောင်းဆုံးဖြစ်လာစေရန် မင်းတရားကြီးသည် ကြိုးစားခဲ့သည်။ မင်းတရားကြီးသည် ခမည်းတော် အရိုက်အရာကိုဆက်ခံတော်မူကြောင်း ဗိလတ်ရှိဝိတိုရိယ ဘုရင်မကြီး ထံသဝဏ်လွှာပါးလိုက်သောအခါ ဘုရင်မကြီးထံ မှလည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာရောက်ရှိလာသည်။ နိုင်ငံတွင်း အင်အားများကွဲနေသည်ကို သိသောနယ်ချဲ့ နိုင်ငံများသည် မြန်မာနိုင်ငံအားဝိုင်းအုံကာ အခွင့်အလမ်းရရှိဖို့ ကြိုးပမ်းကြလေသည်။

၁၂၄၁ ခုနှစ်တွင်သီပေါဘုရင်သည် ဗြိတိန်နှင့် အသင့်အမြတ်ဆက်ဆံလေ၍ သံများစေလွှတ်ရာ ဗြိတိသျှ ပိုင်နက်မြေဒေသဖြစ်သော သရက်မြို့ကိုလွန်၍ သွားခွင့် မရသောကြောင့် ပြန်လာခဲ့ရလေသည်။ နောက်နှစ်တွင်မှ အိန္ဒိယဘုရင်ခံချုပ်နှင့် ဆင်းမလားမြို့တွင်တွေ့ဆုံခွင့်ရသည်။ သို့ရာတွင်မဟာမိတ် စာချုပ်အသစ်ချုပ်ဆိုရန် ပြောဆိုကြရာ အကြောင်းမညီညွတ်ချေ။ ပဉ္စနသင်္ဂါယနာတင်မင်းတရား ကြီးလက်ထက် ချုပ်ဆိုပြီးရှိသည့်စာချုပ်အတိုင်း လိုက်နာရန် နှစ်ဦးသဘောတူပြောဆို၍ နေပြည်တော်သို့ပြန်လာခဲ့ရသည်။ ယင်းသို့အင်္ဂလိပ်နှင့်မြန်မာဆက်ဆံရေး ခပ်တန်းတန်းရှိနေသဖြင့် မြန်မာတို့သည် မိမိနှင့်လွယ်ကူစွာ သဟဇာတဖြစ်နိုင်သော ပြင်သစ်တို့နှင့်ဆက်ဆံကြလေသည်။

၁၂၄၆ ခုနှစ်တွင်ပြင်သစ်နိုင်ငံသို့ မြန်မာသံတော်များ စေလွှတ်၍ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မွန်ရှာဖေရီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ စာချုပ်အရ မန္တလေးနေပြည်တော်သို့ ပြင်သစ်ကိုယ်စားလှယ်တစ်ဦးလာရောက်နေထိုင်သည်။ ပြင်သစ် လူမျိုးအင်ဂျင်နီယာ၊ စက်ဆရာ၊ ပိုးမွေးတတ်သူ၊ ဘဏ္ဍာရေး အတိုင်ပင်ခံစသည်တို့ မြန်မာမင်းထံလာ ရောက်အမှုထမ်း ကြသည်။ မြန်မာရဲအဖွဲ့နှင့်စစ်တပ်ကိုလည်း အီတလီနှင့် ပြင်သစ်အရာရှိတို့ကသင်ကြားဖွဲ့စည်းပေးကြသည်။ ထိုပြင် မန္တလေးမြို့နှင့် ပြင်သစ်ပိုင်တုံကင်မြို့ကို မီးရထာလမ်း ဆက်သွယ်ဖောက်လုပ်ရန် မန္တလေးမြို့၌ ပြင်သစ် ဘဏ်တိုက် တစ်တိုက်ဖွင့်ရန်၊ ထိုဘဏ်တိုက်သည် ကျောက်တွင်း လုပ်ငန်းနှင့် ရှမ်းပြည်လက်ဖက်လုပ်ငန်းကို တစ်ဦးတည်းပိုင် သဘောနှင့်ဆောင်ရွက်ရန်စသော အချက်များကိုသဘောတူခဲ့ ကြပြီးဖြစ်သည်။ ယင်းအချက်များကြောင့် ပြင်သစ်တို့ မြန်မာနိုင်ငံ၌ အခြေစိုက်ပြီးဖြစ်သွားမည်ကို စိုးရွံ့သော အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ ပြင်သစ်တို့လက်သို့မရောက်မီ မိမိတို့က လက်ဦးရန်အချက်ကိုစောင့်နေကြသည်။

ဤသို့သောအခြေအနေတွင် တောင်ငူမြို့၌ သစ်လုပ်ငန်းလုပ်နေသော ဘုံဘိုင်ဘားမားကုမ္ပဏီနှင့် သစ်လုံးခိုးမှုဖြင့် အရှုပ်အရှင်းဖြစ်ရပြန်သည်။ ကုမ္ပဏီနှင့် ဖြစ်ရသောအရေးအခင်းတွင် ဗြိတိသျှအစိုးရကဝင်ပါကာ နောက်ဆုံး ၁၂၄ရ ခုနှစ် တန်ဆောင်မုန်းလတွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကိုစစ်တိုက်ရန် ချီတက်လာကြ သည်။ မြန်မာတို့ ဘက်မှလည်း လက်နက်ခြင်းမမျှသဖြင့် ကောင်းစွာမခုမခံနေသောကြောင့် ဗြိတိသျှတို့အခက်အခဲမရှိ မန္တလေးသို့ရောက် ရှိလာပြီးလျှင် ထိုနှစ်တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် သီပေါမင်းနှင့်တကွ တစ်မြို့လုံးကိုသိမ်း၍ မင်းမိဖုရား သားတော် သမီးတော်များအား အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ရှေးဦးစွာခေါ်သွားလေသည်။ပါတော်မူနေ့

ထိုနောက်ဘုံဘိုင်ပြည်နယ် ရတနာဂီရိမြို့တွင် ထားသည်။ သီပေါမင်းတရားသည် ၁၂ရ၈ ခုနှစ်နတ်တော် လပြည့်ကျော် ၆ ရက်နေ့တွင် သက်တော် ၅၉ နှစ်၌ ရတနာဂီရိစံအိမ်တော်တွင် နတ်ရွာစံတောမူသဖြင့် အလောင်းတော်ကို ထိုမြို့၌ပင်သင်္ဂြိုဟ်လေသည်။ ၁၂၈၁ ခုနှစ်တွင် အရှင်မိဖုရားခေါင်ကြီးကို မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရာရန်ကုန်မြို့ဗဟန်းရပ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ တိုက်နန်းတော်၌ စံနေတော်မူသည်။ ၁၂၈ရ ခုနှစ်နတ်တော် လဆန်း ၁ဝ ရက်နေ့တွင် သက်တော် ၆၆ နှစ်၌ မိဖုရား ခေါင်ကြီးနတ်ရွာစံသည်။အလောင်းတော်ကိုရွှေတိဂုံစေတီတော် တောင်ဘက်ခြေတော်ရင်း ပန်းခြံတွင်း၌ ဂူသွင်းသင်္ဂြိုဟ် လေသည်။

သီပေါမင်းတရားကြီးနှင့်မိဖုရားခေါင်ကြီးတို့၌ သားတော်သမီးတော်ခုနစ်ပါးထွန်းကားရာ သားတော်ကြီးတစ် ပါးနှင့်သမီးတော်ကြီးနှစ်ပါးငယ်ကလွန်သဖြင့် သမီးတော် လေးပါးကျန်ခဲ့သည်။ မင်းတရားကြီးကား စိတ်သဘောထားနူးညံ့ပျော့ပျောင်း၍ ရိုးသားတော်မူလှသည်။ ထိုကြောင့် အလွန်စိတ်ထက် မြက်သော မိဖုရားကြီး၏ ဩဇာသည် မင်းတရားကြီး၏ဩဇာထက် နန်းတော်တွင်း၌ ညောင်းလေသည်။ မင်းတရားကြီး၏ကုသိုလ်တော်များကား မာန်အောင်စေတီတော်၊ မဟာစံလွှတ်ဝေယန်ကျောင်းတော်နှင့် အခြားဂူ ကျောင်းအများဖြစ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)