ဟံသာဝတီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရှေးဟောင်းမြို့တော်ဟံသာဝတီသည် ယခုပဲခူးမြို့နေရာတွင် ရှိခဲ့သော ရှေးမွန် နှင့် မြန်မာတို့၏ မင်းနေပြည်တော် ဖြစ်ခဲ့သည်။ မြို့တော်ဟောင်းသည် ရန်ကုန်မြို့မှ မော်တော်ကားလမ်း အကွာအဝေး မိုင် ၅၀ ကျော်တွင်တည်ရှိသည်။ ရှေးနန်းတော်ရာဟောင်း နေရာများ သမိုင်းဝင် ဗုဒ္ဓသာသနိကအဆောက်အဦးများ နှင့် စေတီပုထိုးများကို ယနေ့တိုင် တွေ့ရှိနိုင်သေးသည်။ ဟံသာဝတီခေတ်ဆိုသည်မှာ ထိုဟံသာဝတီနေပြည်တော်ကြီး စည်ပင်ဖွံ့ဖြိုးခဲ့စဉ်က အချိန်ကို ဆိုလိုသည်။ ဟံသာဝတီ(ယခု-ပဲခူး) မင်းနေပြည်ကို အုပ်စိုးခဲ့သည့် ထင်ရှားသောဘုရင်များမှာ ဝါရီရူမင်းဆက်မှ ဗညားဦး(အေဒီ ၁၃၅၃-၈၅)၊ ရာဇာဓိရာဇ်(၁၃၈၅-၁၄၂၃)၊ ဘုရင်မရှင်စောပု(၁၄၅၃-၇၂)၊ ဓမ္မစေတီ(၁၄ရ၂-၉၂) တို့ဖြစ်ကြပြီး မြန်မာမင်းများထဲမှ တပင်ရွှေထီးဘုရင့်နောင် အစရှိသည့် မင်းများဖြစ်ကြသည်။

ဟံသာဝတီမြို့တော် တည်ရှိရာ အရပ်သည် မိုးများသော ဒေသဖြစ်ခြင်း၊ ပြင်းထန်သော ငလျင်ဒါဏ်ကို အကြိမ်ကြိမ် ခံရခြင်းတို့ကြောင့် အဖိုးတန်သော ရှေးဟောင်းလက်ရာများမှာ ပျက်စီးခဲ့ရသည်။ သို့သော် ကျန်ရှိသော သမိုင်းမှတ်တမ်း များမှလည်း ဟံသာဝတီမြို့တော်နှင့် ဟံသာဝတီခေတ်အခြေအနေကို ပြန်လည်လေ့လာသုံးသပ်နိုင်သည်။

ရှေးဟောင်းသမိုင်းမှတ်တမ်း[ပြင်​ဆင်​ရန်​]

ဟံသာဝတီမြို့တော်၏ ရှေးဟောင်းသမိုင်းသည် မြန်မာနိုင်ငံမှ အခြားသော စေတီ၊ပုထိုး၊မြို့ရွာများတွင် တွေ့ရသော ဘုရားဗျာဒိတ်တော် အတိုင်းပေါ်ထွန်းလာရခြင်း ဟူသော ဒဏ္ဍာရီကို တွေ့ရှိရပါသည်။ အဆိုပါ ဒဏ္ဍာရီ မှတ်တမ်းများအရ ဖေါ်ပြထားသည်မှာ ဤကဲ့သို့ ဖြစ်ပါသည်။

သုဝဏ္ဏဘူမိမှ လှည့်လည်ကြွချီလာသော ဗုဒ္ဓဘုရားရှင်သည် ဟံသာဝတီမြို့တော်ကြီးပေါ်ထွန်းမည့် နေရာဒေသသို့ ရောက်ရှိစဉ် ပင်လယ်ပြင်မှပေါ်ထွန်းနေသောအငူပေါ်တွင် ဟင်္သာဖိုမတို့ကို တွေ့မြင်တော်မူကြောင်း၊ ထိုကုန်းအငူလေး မှာကျဉ်းမြောင်းလှ၍ ဟင်္သာဖိုမယှဉ်တွဲနားနေစရာမရှိကြောင်း၊ ထို့ကြောင့် ဟင်္သာဖို၏ ကျောကုန်းပေါ်တွင် ဟင်္သာမက နား၍ ဗုဒ္ဓဘုရားအား တောင်ပံယှက်ကာ ပူဇော်ကြောင်း၊ ထိုအခါ ဘုရားရှင်ကပြုံး၍ ဤနေရာတွင် နောင်အခါဟံသာဝတီ ပြည်ကြီးဟူ၍ တိုးတက်စည်ပင်လာပြီး၊သာသနာတော်လည်း ဖွံ့ဖြိုးထွန်းကားလာမည်ဖြစ်ကြောင်း ဟံသာဝတီရှေးသမိုင်းများတွင် နိဒါန်းချီ ရေးသားလေ့ရှိကြသည်။ ထိုဟင်္သာဖိုပေါ် ဟင်္သာမ နားနေပုံ ပန်းပုရုပ်တုအား ယခုပဲခူးမြို့အတွင်းတွင် အထိမ်းအမှတ် ရုပ်တုအဖြစ် ပြုလုပ်ထားပြီး၊ ထိုနိမိတ်ပုံသည် ယခုပဲခူးတိုင်း၏ သင်္ကေတအမှတ်တံဆိပ်လည်းဖြစ်သည်။

ဟံသာဝတီ ခေတ်သုံးခေတ်[ပြင်​ဆင်​ရန်​]

ဘုရား၊စေတီ သမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းကျမ်းများ၊ ကျောက်စာများ အရ ဟံသာဝတီခေတ်အား ခေတ်သုံးခေတ်ပိုင်းခြားနိုင်ကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။

  • ပထမပိုင်းမှာ သမလမင်း မှ အစပြုကာ တိဿ မင်းအထိခေတ်ဖြစ်သည်။
  • ဒုတိယခေတ်မှာ ဝါရီရူမင်းလက်ထပ်မှ ဗညားဦး၊ရာဇဓိရာဇ်၊ရှင်စောပု ဓမ္မစေတီမင်းတို့ပါဝင်ပြီး၊ သုရှင်တကာ ရွတ်ပိမင်း ထိခေတ်ဖြစ်ပြီး၊
  • တတိယခေတ်မှာ တောင်ငူမင်းများဖြစ်သော တပင်ရွှေထီးမှအစပြုကာ ငါးဆူဒါယကာ ထိခေတ်ဖြစ်သည်။[၁]

ရာဇာဓိရာဇ်မပါလျင်ဟံသာဝတီခေတ်အကြောင်းပြီးပြည့်စုံမည်မဟုတ်ပေ။ ထို့အပြင်အင်းဝခေတ်နှင့်ဆက်စပ်နေသော အင်းဝ-ဟံသာဝတီအနှစ် ၄၀ ကြာစစ်ပွဲသည်ဟံသာဝတီခေတ်အကြောင်းကိုတစိတ်တပိုင်း ဖွင့်ဆိုပြနေပေသည်။

ဟံသာဝတီခေတ် စစ်ရေး၊နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဟံသာဝတီခေတ် နိုင်ငံရေးသည် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ပင် ဖြစ်သောကြောင့် အာဏာကို အဓိကပိုင်သူမှာ ဘုရင်သာ ဖြစ်လေသည်။ ဟံသာဝတီခေတ်တွင် စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး၊ အများစုမှာ သက်ဦးဆံပိုင် ဘုရင်အချင်းချင်း နယ်မြေလုရန်အတွက်သော်လည်းကောင်း၊ဂုဏ်သိက္ခာအရသော် လည်းကောင်း ဖြစ်ပွားခဲ့သော စစ်ပွဲများဖြစ်သည်။ ဟံသာဝတီခေတ်တွင် မွန်ဘုရင်များ ထဲမှ ရာဇာဓိရာဇ် သည် ထင်ရှားပြီး၊ မြန်မာများဘက်မှ တပင်ရွှေထီး နှင့် ဘုရင့်နောင် တို့သည် ထင်ရှားပေသည်။ မွန်ဘုရင် ရာဇာဓိရာဇ်သည် အင်းဝ နှင့် နှစ်ပေါင်း ၄၀ ကျော်စစ်ပွဲဖြစ်ပွားခဲ့ပြီး၊ ထိုစစ်ပွဲနှင့် အတူမွန်သူရဲကောင်း၊ မြန်မာ သူရဲကောင်းများလည်း ပေါ်ထွန်းခဲ့ပေသည်။ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့လက်ထက်တွင် လည်း သူရဲကောင်းများထွန်းကားခဲ့ပြီး၊ အဆိုပါ မွန်နှင့်မြန်မာ စစ်ဘုရင်များသည် သူရဲကောင်းများကို ချစ်ခင်မြှောက်စား သူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ဟံသာဝတီ၏ စစ်ရေးသမိုင်းတွင် သူရဲကောင်းများသည် ထင်ရှားသော ကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

ရာဇာဓိရာဇ်၏ သူရဲကောင်းများ[ပြင်​ဆင်​ရန်​]

ရာဇာဓိရာဇ်သည် ဟံသာဝတီထီးနန်းကိုရရှိရန်အတွက် စစ်ခင်းယူခဲ့ရသည်။ အင်းဝဘုရင် မင်းခေါင်နှင့်လည်း အနှစ် လေးဆယ်ကြာ စစ်တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲများတွင် ရာဇာဓိရာဇ်သည်ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့သကဲ့သို့၊ သူရဲကောင်းများကို ဦးဆောင်တိုက်ခိုက်စေခဲ့သည်လည်းရှိသည်။ ရာဇာဓိရာဇ်၏မွန်သူရဲကောင်းများထဲတွင်၊ဗိုလ်မင်းဗြတ်ဇ၊ လဂွန်းအိန်၊သမိန်ဗရမ်း၊ အဝနံနိုင်(အဝနိုင်)၊ဥပါကောင်း၊ အဲမွန်ဒယာ တို့မှာ အထင်ရှားဆုံးဖြစ်ကြသည်။ ထိုသူများ၏ ကတိသစ္စာတည်ကြည်မူ့၊ သူရဲကောင်းပီသမူ့များကြောင့် စစ်ရပ်နားစဉ်အချိန်တွင် တဖက်သူရဲကောင်းများကပင် ဖိတ်ခေါ်ချီးကျူးကြသည်ဟု ဆိုသည်။[၂]

သာသနာရေးနှင့် စေတီ၊ပုထိုးများ[ပြင်​ဆင်​ရန်​]

ဟံသာဝတီခေတ်တွင် ထေရဝါဒ ဗုဒ္ဓဘာသာသည် အဓိကအားဖြင့်စည်ပင်ထွန်းကားခဲ့သော်လည်း အခြား မဟာယာန ဗုဒ္ဓဘာသာ၊ တန္တရ ဗုဒ္ဓဘာသာဂိုဏ်း နှင့် အိန္ဒိယမှလာသော ဗြဟ္မာဏ ဘာသာများလည်း အတန်အသင့် ထိုးဖေါက်ဝင် ရောက်ခဲ့သည်။ ထေရဝါဒကို ထောက်ခံအားပေးသည့် ဓမ္မစေတီ၊ဘုရင့်နောင်တို့ကဲ့သို့ ဘုရင်များလက်ထက်တွင် မဟာယာန နှင့် တန္တရဂိုဏ်းဝင် ဗုဒ္ဓဘာသာအကြွင်းအကျန်များ ရှိနိုင်သော်လည်း ငုတ်လျှိုးနေမည်မှာ သေချာပေသည်။ ကျန်ရှိခဲ့သော စေတီ၊ပုထိုးများမှ လက်ရာကိုကြည့်၍ ဟိန္ဒူဝါဒများလည်း အမြစ်သန်အားကောင်းခဲ့ကြောင်းခန့်မှန်းနိုင်ပေသည်။ တိဿဘုရင်လက်ထက်တွင် ဗြဟ္မဏဘာသာကို အဓိကအားပေးပြီး၊ ဗုဒ္ဓဘာသာကိုအထူးဆန့်ကျင်ခဲ့ကြောင့် ကျမ်းစာများတွင် ဖေါ်ပြပါရှိလေသည်။ ထို့နောက် ဘုရင်ကြီးမှ အကျွတ်တရားရကာ ဗုဒ္ဓဘာသာကို ပြန်လည်သက်ဝင်ယုံကြည်ခဲ့ကြောင်းလည်း ဖေါ်ပြကြသည်။

မွန်နိုင်ငံ၏ မြို့တော်ဖြစ်သော ဟံသာဝတီကို စိုးစံသွားသည့် ဘုရင်များသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော မင်းများဖြစ်၍ ထိုမင်းများလက်ထက်၌ ဗုဒ္ဓဘာသာသည် ရာမညတိုင်းတွင် ထွန်းလင်းတောက်ပခဲ့လေသည်။ ဗုဒ္ဓဘာသာ ပြန့်ပွားရေးကို အထူးအလေးပေးဆောင်ရွက်ခဲ့သော မွန်ဘုရင်များထဲတွင် ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်း တို့မှာ အလွန်ပင်ထင်ရှားလေသည်။

ဘုရင်မကြီး ရှင်စောပုသည် သက်တော် ၆၆ နှစ်မှ နတ်ရွာစံသည့် ၇၈ နှစ်ထိ ဆယ့်နှစ်နှစ်လုံးလုံး ရွှေတိဂုံစေတီတော်၏ အနောက်ဘက်တွင် မြို့သစ်တည်ထောင်နေထိုင်ကာ မောင်တော်၊သားတော်၊တူတော်တို့တည်ထားခဲ့သည့် ရွှေတိဂုံ စေတီတော်ကို အစစအရာရာ ပြည့်စုံမူ့ရှိအောင် ပြင်ဆင်မွမ်းမံခဲ့လေသည်။ ယနေ့ရွှေတိဂုံ စေတီတော် ရှိရှိ ပြည့်စုံမူ့အဝ၀သည် ဘုရင်မရှင်စောပု၏ ကုသိုလ်ကောင်းမူ့များ များစွာပါဝင်နေသည်။ ရှင်စောပုသည် ၁၂ နှစ် တိုင်တိုင်ရွှေတိဂုံစေတီတော်ကြီးကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့ပြီး အေဒီ၁၄၇၁ တွင် ရွှေတိဂုံစေတီတော်အား သလွန် ပေါ်မှ အာရုံပြုရင်း ဇီဝိန်ချုပ်ငြိမ်းသွားခဲ့လေသည်။ ရှင်စောပု၏ သင်္ချိုင်းတော်အား ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ၊ ရှင်စောပုလမ်း၊ ရှင်စောပုကျောင်းတိုက်တွင် ယနေ့တိုင်တွေ့ရှိနိုင်သေးသည်။

ရှင်စောပုနောက် ဟံသာဝတီထီးနန်းကို ဆက်ခံခဲ့သော သမက်တော် ဓမ္မစေတီလက်ထပ်တွင် သာသနာတော်ပြန့်ပွားရေး အတွက် အထူးပင်ဆောင်ရွက်ခဲ့လေသည်။ ရဟန်းဘဝမှ လူထွက်ကာ မင်းဖြစ်ခဲ့သော ဓမ္မစေတီမင်းသည် ဘုရားတည်ခြင်း အစရှိသော် ကိစ္စများသာမက သာသနာသန့်ရှင်းစင်ကြယ်ရေးအတွက်လည်း အလေးပေးလုပ်ဆောင်ခဲ့သည်။ ထူးခြားသော ဆောင်ရွက်ချက်မှာ ရဟန်းတော်များအတွက် အရေးကြီးသည့် သိမ်ကိစ္စအနေဖြင့် ကလျာဏီသိမ်တော်အား တည်ဆောက် လှူဒါန်းခဲ့သည်။ သူ၏ကောင်းမှုများကို ကမ္ပည်းထိုးလေ့ရှိသည့်အတိုင်း သီဟိုဠ်သို့ ရဟန်းတော်များစေလွှတ်ခြင်း၊ ကလျာဏီ သိမ်သမုတ်ခြင်းတို့ကို ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့သည်။ ရွှေတိဂုံစေတီတော် တွင်လည်း ကျောက်စာများ ရေးထိုးခဲ့ပြီး၊ ရွှေတိဂုံစေတီတော်တွင် လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်းလောင်းမှာ လည်းထင်ရှားသည်။ ထိုခေါင်းလောင်းသည် ယခုအခါ ဒေါပုံမြစ်အောက်ခြေတွင် နစ်မြုပ်နေသည်။ [၃]

ထင်ရှားသော ဘုရား၊စေတီ၊ပုထိုး၊ သာသနိကအဆောက်အဦးများ[ပြင်​ဆင်​ရန်​]

ဟံသာဝတီမင်းနေပြည်ကို အုပ်စိုးသော ဘုရင်များသည် ဘုရား၊ စေတီ၊ ပုထိုးများကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပြီး သာသနာ စည်ပင်ရေးအတွက် မင်းအဆက်ဆက် ရွက်ဆောင်ခဲ့ကြသည်။ ထိုဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိက အဆောက်အဦးများ မင်းအဆက်ဆက်က အဆင့်ဆင့်ပြုပြင်ခဲ့ကြသကဲ့သို့၊ မိမိတို့လက်ထပ်တွင်မှ စတင်လှူဒါန်း ဆောက်လုပ်ခဲ့ခြင်းများလည်း ရှိသည်။


ရွှေမောဓောစေတီ[ပြင်​ဆင်​ရန်​]

ဟံသာဝတီမြို့တော်၏ ဘုရားစေတီများအနက် ရွှေမောဓောစေတီသည် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးစေတီတဆူဖြစ်သည်။ ရွှေမောဓောစေတီတော် အားမည်သည့် ခုနှစ်တွင် မည်သူက တည်ထားခဲ့ကြောင်းကို မူကွဲအမျိုးမျိုး ရှိသော်လည်း ရှေးဟောင်းစေတီတော် တစ်ဆူဖြစ်ကြောင်း သမိုင်းဆရာများ တညီတညွတ်တည်း လက်ခံထားကြသည်။ ဟံသာဝတီ ပြည်ကို အုပ်စိုးသော မွန်ဘုရင်များနှင့် မြန်မာဘုရင် အဆက်ဆက်ပြုပြင် မွမ်းမံလှူဒါန်းခဲ့သော စေတီတစ်ဆူလည်း ဖြစ်သည်။ ဆုတောင်းပြည့်သောကြောင့် ဘုရင်များ၊ မင်းညီမင်းသားများသည် စစ်ထွက်ရန်အတွက်သော်လည်းကောင်း နိုင်ငံရေး အာဏာအတွက်သော်လည်းကောင်း အသီးသီးဆုတောင်းခဲ့ကြသည်ဟု ကျမ်းစာအချို့တွင် ဖေါ်ပြထားသည်။ ဟံသာဝတီခေတ်တွင်သာမက နောက်ပိုင်းခေတ်ဖြစ်သော အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ဘုရင်များလည်း မွမ်းမံလှူဒါန်း ခဲ့ကြသည်။ ငလျင်ဒါဏ်ကြောင့်လည်း အကြီးအကျယ် ပျက်စီးယိုယွင်းခဲ့ရသေးသည်။ ယခုအခါ ပဲခူးမြို့အလယ်တွင် ရှိပြီး ဟံသာဝတီခေတ်မှ ရှေးအကျဆုံးကျန်ရစ်ခဲ့သည့် ပဲခူးမြို့၏ အထင်ကရကျက်သရေဆောင် စေတီတော်လည်းဖြစ်သည်။

ကျိုက်ကိုဘုရား[ပြင်​ဆင်​ရန်​]

ထင်ရှားသော ရှေးဟောင်းဘုရားများအနက် ကျိုက်ကိုဘုရားလည်း ပါဝင်ပြီးဘုရင့်နောင်လက်ထပ်တွင် လှုပ်ခဲ့သော ငလျင်ကြီးတွင် အခြားဘုရားများနည်းတူ ပြိုကျပျက်စီးခဲ့သည်။ ဘုရားကြီးအား ဘုရင့်နောင်မင်းလက်ထက်တွင်ပင် ပြန်လည် ပြင်ဆင်နိုင်ခဲ့သည်။ အနောက်ဘက်လွန်မင်း လက်ထက်တွင် ထီးတော်သစ်တင်ခဲ့ကြောင်း သိရပေသည်။ နဝဒေးကြီးမှာ ရွှေပြည်ရွာပြန် ဟုချီကာ ကျိုက်ကိုဘုရားတိုင် ရတုကိုစပ်ဆိုခဲ့သည်။ ကျိုက်ကို ဘုရားပွဲအား နတ်တော်လတွင် ကျင်းပလေ့ရှိကြောင်း နဝဒေးကြီး၏ ဟံသာဝတီမြို့ဘွဲ့ ရတုတွင်တွေ့ရှိနိုင်လေသည်။

အခြားရှေးဟောင်းစေတီများ[ပြင်​ဆင်​ရန်​]

ဟံသာဝတီတွင် ရွှေမောဓော စေတီတော်နှင့် မရှေးမနှောင်းကာလတွင် တည်ခဲ့သည်ဟု ယူဆရသော အခြားရှေးဟောင်း စေတီများလည်း ရှိသေးသည်။ ထိုစေတီများမှာ - ပဲခူးမြို့ထန်းတောကြီးရွာရှိ ရွှေမောဌော ဆုတောင်းပြည့်ဘုရား၊ ပဲခူးမြို့ ကဝမြို့နယ်ရှိ မြင်းမငူရွာ ဓမ္မသိုက်ဘုရား၊ ပဲခူးမြို့နယ် မို့ခိုင်ကြီး၊မို့ခိုင်ကလေး ဘုရား၊ ပဲခူးမြို့ ဖလေးရွာ ရှိ ကျိုက်မကော် ဘုရားအစရှိသည့် ဘုရားများမှာ ရွှေမောဓောသမိုင်းနှင့် မူလသမိုင်းကြောင်းအားဖြင့် တပြိုင်တည်း ဆင်းသက်လာခဲ့သည့် ဘုရား၊ စေတီများဖြစ်ကြောင်း မွန်ကျောက်စာများတွင် ဖေါ်ပြပါရှိလေသည်။

ထို့ပြင် ပဲခူးမြို့ ကျောက်တိုင်ကန်ကျေးရွာရှိ ဘုရားခုနစ်ဆူခေါ် ကျိုက်ပေါဘုရားကို သမလမင်းဆက်တွင် နောက်ဆုံးမင်း ဖြစ်သော တိဿမင်းနှင့် မိဖုရားကြီး သုဘဒ္ဒါတို့ တည်ထားခဲ့ကြောင်းကိုလည်းကောင်း၊ ရှင်စောပုနှင့် ဓမ္မစေတီမင်း လက်ထက်တွင် ပြင်ဆင်တည်ထားခဲ့ကြောင်းကိုလည်းကောင်း မွန်ဘာသာဖြင့်ရေးထိုးထားသော ဘုရားခုနစ်ဆူ ကျောက်စာကြီးငယ်များအရ သိရပေသည်။

ရွှေသာလျောင်း ရုပ်ပွားတော်ကြီး[ပြင်​ဆင်​ရန်​]

ရွှေသာလျောင်း ရုပ်ပွားတော်ကြီးသည် ယခုအခါ ပဲခူးမြို့၏ အထင်ရှားဆုံး စေတီ၊ ပုထိုး၊ ရုပ်ပွားတော်များအနက် အပါအဝင်ဖြစ်သည်။ ဘုရားသမိုင်းအရ သမလမင်းဆက် ၁၇ ဆက်မှ ၁၃ ဆက်မြောက်ဖြစ်သော မိဂါဒိဗ္ဗမင်းလက်ထက်တွင် တည်ထားခြင်းဖြစ်သည်ဟုဆိုကြသည်။ နှစ်ကာလများ ကြာသောအခါ အန္တာရာယ်အမျိုးမျိုးကြောင့် ကျိုးပဲ့ပျက်စီးခဲ့ရပြီး အင်္ဂလိပ်လက်ထက်တွင်မှ အုတ်များတူးဖေါ်ရန် ဘုရားကုန်းတော်အား တူးရာမှ ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ရွှေမောဓော စေတီဂေါပကအဖွဲ့များနှင့် ပဲခူးမြို့သူ၊ မြို့သား တို့၏ ကြိုးပမ်းမှုကြောင့် ပန်းရံကျော်များနှင့် ပြန်လည်ပြုပြင်ခဲ့ကြသည်။ လျောင်းတော်မူ ရုပ်ပွားတော်များအနက် အချိုးအစားပြေပြစ်ဆုံးဟု ဖူးမြင်ရသူတိုင်းက ပြောကြသည်။

သင်္ဘောဘုရား[ပြင်​ဆင်​ရန်​]

သင်္ဘောဘုရားမှာလည်း သမလမင်းနောက်ဆုံးမင်းဆက် ဖြစ်သော တိဿမင်း၏ ကောင်းမှုပင်ဖြစ်ကြောင်း ရာဇဝင်များတွင် ပြဆိုကြသည်။ အင်းဝ နှင့် ဟံသာဝတီတို့ ဖြစ်ပွားသော တိုက်ပွဲတစ်ခုအား သင်္ဘောဘုရားပေါ်မှ ရဟန်းတော်များ တက်ရောက်ကြည့်ခဲ့ကြသည်ဟု ရာဇဝင်အဆိုများလည်းရှိကြသည်။ ဗညားဦးမင်းဆက်တွင် အထင်ရှားဆုံးဖြစ်သော ရာဇာဓိရာဇ်လက်ထက်တွင် ကြီးကျယ်သော ဘုရား၊ စေတီများ တည်ထားခဲ့သည်ဟူ၍ အခိုင်အလုံပြဆိုချက်များမတွေ့ ရပေ။ သို့သော် ရာဇာဓိရာဇ်သည် အင်းဝဘုရင်မင်းခေါင်၏ သမီးတော်နှင့် သမက်ကို သုံ့ပန်းအဖြစ်ဖမ်းမိရာမှ လက်ပန်းပေါင်းခတ်လေရာ ထိုဒေသ၌ ဘုရားတစ်ဆူတည်ခဲ့ပြီး ယင်းကို ကျက်ကနက်ဟုခေါ်ကြောင်း ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ပြဆိုလေသည်။

ကလျာနီသိမ်တော်[ပြင်​ဆင်​ရန်​]

ကလျာဏီသိမ်တော်သည် ဓမ္မစေတီမင်း၏ ကောင်းမူ့ကုသိုလ်များအနက် အထင်ရှားဆုံးနှင့် ဂုဏ်အယူထိုက်ဆုံး သိမ်တော်ဖြစ်သည်။ သိမ်ရှိသော်လည်း သိမ်မစင်ကြယ်လျင် ရဟန်းမဖြစ်ဟူသောကြောင့် စင်ကြယ်မွန်မြတ်သော သိမ်သမုတ်နိုင်ရန် ဓမ္မစေတီမင်းက အားပေးကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။ ငလျင်ဒဏ်နှင့် အခြားသော ရာသီဥတု ဘေးများကြောင့် အကြိမ်ကြိမ်ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူများမှလည်း အဆင့်ဆင့်ပြုပြင်ခဲ့ကြသော သိမ်တော်ကြီးဖြစ်သည်။

မဟာစေတီ[ပြင်​ဆင်​ရန်​]

ဟံသာဝတီခေတ်တစ်လျှောက်တွင် ဘုရား၊စေတီများနှင့် သာသနာရေးအဆောက်အဦးများစွာကို တည်ဆောက်ခဲ့သည့် မင်းများအနက်ဓမ္မစေတီမင်း နှင့် ဘုရင့်နောင်တို့သည် အထင်ရှားဆုံးဖြစ်သည်။ မဟာစေတီမှာ ဘုရင့်နောင်၏ ကောင်းမှုများအနက် အကြီးကျယ်ဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။ ဘုရင်ဖြစ်ပြီး ကိုးနှစ်အကြာတွင် တည်ခဲ့ခြင်းဖြစ်ပြီး အလျင်အမြန်နှင့် အချိန်တိုတိုအတွင်း တည်ထားခဲ့ရသဖြင့် ဘုရားတည်ပြီး သုံးနှစ် ခန့်အကြာတွင်ပြိုကျခဲ့သည်။ ဘုရင့်နောင်မင်းကြီးကပင် ပြန်လည်ပြုပြင်ခဲ့ပြီး၊ ငလျင်ဒဏ်ကြောင့်ပြိုကျရာတွင်လည်း ထပ်မံပြုပြင်ခဲ့ရလေသည်။ ဘုရင့်နောင်သည် ကြွယ်ဝချမ်းသာသော ဘုရင်ဖြစ်သောကြောင့် အဖိုးတန်ကျောက်မြတ်ရတနာ များစွာကို ဌာပနာ ထည့်သွင်းပူဇော်ခဲ့ကြောင်း ရာဇဝင်များတွင် ပါရှိသည်။

မဟာဝိဇယ စေတီတော်[ပြင်​ဆင်​ရန်​]

မဟာဝိဇယ စေတီတော်သည် ဘုရင့်နောင် မင်းကြီး၏ အမှတ်တရ အဖြစ်ဆုံးစေတီတော်ဖြစ်သည်။ တပင်ရွှေထီး နတ်ရွာစံသောကြောင့် အကွဲကွဲအပြားပြားဖြစ်သွားသော မြန်မာနိုင်ငံအား ပြန်လည်စုစည်းရာတွင် ဟံသာဝတီမြို့ တော်ကိုလည်း ပြန်လည်တိုက်ခိုက်ယူခဲ့ရသည်။ ဟံသာဝတီမြို့အား သမိန်ထောရာမကို နိုင်၍ သိမ်းနိုင်လျင် ဤနေရာတွင် ဘုရားတည်မည်ဟု အဓိဌာန်ပြုခဲ့သည်။ အဓိဌာန်ပြုပြီး နှစ်ပေါင်း ၂၅ အကြာတွင် မဟာဝိဇယ စေတီ ကိုတည်ခဲ့သည်။

ဘုရင့်နောင်သည် မြေစိုက်စေတီတော်ကြီးများအပြင် ဗုဒ္ဓရုပ်ပွားတော်များကိုလည်း လှူဒါန်းခဲ့သေးသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဘုရင့်နောင်၏ ကောင်းမှုများစွာမှာ ပျောက်ဆုံးနေသည့် အဖြစ်သို့ရောက်ရှိနေလေသည်။[၄]

နိုင်ငံခြားဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

ဟံသာဝတီခေတ် နိုင်ငံခြားဆက်သွယ်ရေးအား ခေတ်သုံးခေတ်အဖြစ်ပိုင်းမြင် ကြည့်ရှု့သင့်သည်ဟု စာတမ်းရှင် မောင်သော် မှတင်ပြထားသည်။ ပထမပိုင်းအား မွန်ဘုရင် ဗညားဦးမှ စကာ သုရှင်တကာရွတ်ပိမင်းအထိ အုပ်စိုးချိန် ၁၃၆၉ မှ ၁၅၃၉ ထိ ပထမဟံသာဝတီခေတ်အဖြစ်လည်းကောင်း၊ တပင်ရွှေထီးမှ စ၍ နန္ဒဘုရင် နန်းကျချိန်ထိ ၁၅၄၆ ခုနှစ်မှ ၁၅၉၉ ခုနှစ်အတွင်းအား ဒုတိယခေတ်အဖြစ်လည်းကောင်း၊ သမိန်ထော ဗုဒ္ဓကေတိအုပ်စိုးသည့် ၁၇၄၀ မှ အလောင်းမင်းတရား ကြီး ပဲခူးကိုသိမ်းပိုက်သည့် ၁၇၅၇ အထိ တတိယခေတ်အဖြစ်လည်းကောင်း သုံးပိုင်းခွဲခြားပြသည်။

ဗညားဦးသည် မုတ္တမမှ ၁၃၆၃ ခုနှစ်လောက်တွင် စွန့်ခွာခဲ့ပြီး ၁၃၆၉ ခုနှစ်တွင် ပဲခူးသို့အပြီးအပိုင်ပြောင်းရွေ့ကာ ဟံသာဝတီမြို့တော် သစ်ကိုတည်ထောင်ခဲ့လေသည်။ ထိုအချိန်မှစတင်ကာ ဟံသာဝတီသည် နိုင်ငံခြားဆက်သွယ် ရေး စတင်ခဲ့သည်ဟုပြောဆိုနိုင်လေသည်။ ဗညားဦးသည် အင်းဝမှ မြန်မာဘုရင် မင်းကြီးစွာနှင့် မဟာမိတ်ဖွဲ့ကာ ယိုးဒယား ရန်အား ခုခံရန်ပြင်ဆင်ခဲ့သည်။ ရာဇာဓိရာဇ်လက်ထက် အင်းဝနှင့် စစ်ဖြစ်နေချိန်တွင် ယိုးဒယားမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ရာဇာဓိရာဇ်မှ ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

ရာဇာဓိရာဇ်၏သားတော် ဗညားရံလက်ထက် ၁၃၄၅ ခုနှစ်တွင် အီတလီပြည် ဗင်းနစ်မြို့သား နီကိုလိုဒီကွန်တီ (Nicolo di Conti) ဆိုသူမြန်မာပြည်သို့ရောက်လာသည်။ အင်းဝကိုလည်းရောက်ခဲ့သည်။ ဟံသာဝတီကိုလည်း ရောက်ကာ ပဲခူးတွင်လေးလခန့် နေထိုင်သွားခဲ့သည်။ သူသည် မြန်မာပြည်သို့ ပထမဆုံးရောက်ရှိသော ဥရောပ တိုက်သားဟု သမိုင်းဆရာများကဆိုကြသည်။ ဓမ္မစေတီမင်း၏ သားတော် ဗညားရံလက်ထက်တွင်လည်း အီတာလျံ လူမျိုးနှစ်ဦး ရောက်ရှိခဲ့သေးသည်။ သူတို့နှစ်ဦးလုံးမှာ ကုန်သည်များသာ ဖြစ်ကြသည်။

ဘုရင်မရှင်စောပု လက်ထက်တွင်လည်း ရုရှားလူမျိုးနီကီတင် ဆိုသူဟံသာဝတီမြို့သို့ရောက်ရှိခဲ့သည်ဟု ဆိုကြသော် လည်း အချို့သမိုင်းဆရာများက ထိုအချက်ကို လက်မခံလိုကြပေ။ အကြောင်းမှာ နီကီတင်ရေးသားသည့် မှတ်တမ်းသည် မြန်မာပြည်အကြောင်းတစ်မျက်နှာလောက်သာ ပါဝင်ပြီး သူကိုယ်တိုင်သာ ရောက်ရှိခဲ့ပါက ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံရေးနိုင်ကြမည်ဟု ယူဆကြသည်။ သူရေးသားထား သော ပဲခူးမြို့သည် ဆိပ်ကမ်းမြို့ဖြစ်ကြောင်း၊ အိန္ဒိယ တိုင်းရင်းသားများ လာရောက်ရောင်းဝယ်ဖေါက်ကားကြောင်း အစရှိသည့် အကြောင်းများသည် အိန္ဒိယကုန်သည်များထံမှ တဆင့်စကားသာ ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင် အချို့က သုံးသပ်ကြသည်။

လမ်းပန်းအသစ်ရှာဖွေကာ ရောက်ရှိလာကြသည့် ဥရောပတိုက်သားများမှာ ထိုဒေသ၏ တိုင်းပြည်အခြေအနေ၊ ကုန်ကူးနိုင်မူ့အလားအလာ၊ ဒေသထွက်ကုန်များကို စုံစမ်းပြီး မိမိတို့ကို စရိတ်ပေးလွှတ်သော အရင်းရှင်များအား ပြန်လည်တင်ပြကြသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုးဖြင့် နီကိုလိုဒီကွန်တီ၊စတီဖင်နို၊ဗာတီမာ အစရှိသည့် ကုန်သည်များသည် ၁၆ ရာစုအစတွင်မြန်မာပြည်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ခရီးသွားဟန်လွှဲ သဘောမျိုးဖြင့် လမ်းစရိတ်စရန် ကုန်ပစ္စည်းအချို့အားလည်း အစမ်းယူလာခဲ့ကြသည်။ စတင်ဖီနိုသည် သူပါလာသည့် ကုန်များကို ဗညားရံအား ရောင်းချခဲ့ပြီး ကုန်ဘိုးရအောင် ၁၈ လမျှစောင့်ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။

ဒီကွန်တီ၏ မှတ်တမ်းအရ မြန်မာလူမျိုးများသည် တလင်တမယားစနစ်ကို လိုက်နာကြကြောင်း၊ ပေါင်တွင်ထိုးကွင်း ထိုးတတ်ကြောင်း၊ သရဏဂုံသုံးပါးအား ရိုသေပြီး၊ စာရေးလျင် ထန်းရွက်ပေါ်မှာရေးကြောင်း၊ ဆင်ဖြူများကို အလေး အမြတ်ထားရုံသာမက ရွှေနှင့်ကျောက်မြတ်ရတနာများ စီခြယ်ပြုလုပ်ထားသော ရွှေကြိုးများနှင့် ချည်သည်ဟုမှတ်တမ်း တင်ထားသည်။ ဗာတီမာကမူ ပဲခူးမင်းသည် သနားကရုဏာရှိပြီး မင်းမူထမ်းများနှင့် အရောတဝင်နေကြောင်း၊ ကလေး များနှင့်လည်း စကားပြောကြောင်း၊ ဘုရင်၏ကိုယ်တွင် ဝတ်ဆင်ထားသည့် ပတ္တမြား၏ တန်ဖိုးသည် မြို့ကြီးတစ်မြို့၏ တန်ဖိုးလောက်ရှိကြောင်း၊ ပဲခူးမြို့တွင် အိမ်ကြီး၊အိမ်ကောင်းများဖြင့် ပြည့်နေကြောင်း၊ နန်းတော်ကို ကျောက်ဖြင့် ဆောက်လုပ်ကြောင်း မှတ်တမ်းတင်ထားသည်။ သူ၏ မှတ်တမ်းမှာပင် ထိုတိုင်းပြည်သည် အဖိုးတန်သစ်ပေါများကြောင်း၊ ဆင်လည်း အမြောက်အမြားရှိကြောင်း၊ အကြီးအကျယ်ရောင်းဝယ်သော ပစ္စည်းများမှာ ချိပ်၊ကရမက်သား၊ ဝါဂွမ်း၊ ပိုး၊ ပတ္တမြားတို့ဖြစ်ကြောင်း၊ ယင်းပစ္စည်းများ ရောင်းဝယ်မူ့မှ ဘုရင်သည် အခွန်တော်များစွာ ရကြောင်း စသည်ဖြင့် ရေးသားခဲ့သည်။

ဒုတိယ ဟံသာဝတီခေတ် တပင်ရွှေထီးလက်ထက် လောက်မှစတင်ကာ ပေါ်တူဂီများသည်မြန်မာနိုင်ငံအတွင်းဝင် ရောက်လာခဲ့သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို သိမ်းပိုက်ပြီးနှစ်နှစ် အကြာတွင် မုတ္တမကို သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ ပေါ်တူဂီသေနတ်ကိုင် ကြေးစားစစ်သားများ ဝင်ရောက်တိုက် ခိုက်ခဲ့သည်။ မုတ္တမမြို့စား စောဗညား၏ ပေါ်တူဂီကြေးစားစစ်သားများသည် တပင်ရွှေထီး ဘက်သားပေါ်တူဂီများ နှင့် ပူးပေါင်းခဲ့သည့်အတွက် မုတ္တမသည် တပင်ရွှေထီးလက်ထဲသို့ အလျင်အမြန်ကျရောက်ခဲ့ပေသည်။[၅]

အကိုးအကား[ပြင်​ဆင်​ရန်​]

  1. မော်ကွန်းတင်စာတမ်းများ၊ဟံသာဝတီခေတ် ဟံသာဝတီမြို့တော်နှင့် တိုင်းသမိုင်း၊ရေးသားသူ-ဦးမြင့်အောင်
  2. မော်ကွန်းတင်စာတမ်းများ၊ဟံသာဝတီခေတ်သူရဲကောင်းများ၊ရေးသားသူ-မင်းယုဝေ
  3. မော်ကွန်းတင်စာတမ်းများ၊ ဟံသာဝတီခေတ် သာသနာရေးအခြေအနေ၊ ရေးသားသူ - ပါရဂူ
  4. မော်ကွန်းတင်စာတမ်းများ၊ ဟံသာဝတီခေတ် ထင်ရှားသော ဘုရားစေတီများနှင့် သာသနာရေး အဆောက်အဦးများ၊ ရေးသားသူ - မာဃ
  5. မော်ကွန်းတင်စာတမ်းများ၊ဟံသာဝတီခေတ် နိုင်ငံခြားဆက်သွယ်ရေး၊ရေးသားသူ-မောင်သော်

ဆက်စပ် စာမျက်နှာများ[ပြင်​ဆင်​ရန်​]