ရွှေဘိုမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရွှေဘိုမြို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ဖြစ်ပြီး မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် ကုန်းဘောင်ခေတ်ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပေသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ရုံးစိုက်ရာမြို့များ အနက် တစ်မြို့လည်းဖြစ်သည်။

ရွှေဘိုမြို့ သမိုင်း[ပြင်​ဆင်​ရန်​]

သမိုင်းတစ်လျှောက်တွင် ရွှေဘိုမြို့သည် မြန်မာမင်းများ၏ လက်အောက်ခံ မုဆိုးဘိုအမည်ရှိသော ကျေးရွာလေးအနေဖြင့်သာ ရှိခဲ့သည်။ မူလက အင်းဝလက်အောက်ခံအဖြစ်ရှိနေခဲ့ပြီး ဘုရင့်နောင် အထက်မြန်မာနိုင်ငံတစ်ဝှမ်း သိမ်းသွင်းစဉ်ကလည်း လက်အောက်ခံအဖြစ် ပြန်လည်ပါဝင်လာခဲ့သည်။ ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျသည် အလောင်းဘုရားဘွဲ့ဖြင့် မွန်(တလိုင်း)တို့ကို တွန်းလှန်ကာ ကုန်းဘောင်မင်းဆက်ကို တည်ထောင်ချိန်မှစကာ ရွှေဘို ဟူသော အမည်ဖြင့်မြို့တော် ဖြစ်လာသည်။

"ဥဩအော်မည် ကုန်းဘောင်တည်" ဆိုသောစကားအရ ရွှေဘိုမြို့ကို မြန်မာသက္ကရာဇ် ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃-၅၄) တွင် မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့သည်။ ယခင်က မုဆိုးဖို အမည်ရှိရွာတစ်ရွာဖြစ်သည်။ အလောင်းဘုရားက အင်းဝပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး ဟံသာဝတီ၏ တွန်းလှန်ကာ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်း ခေါ်ဆိုကြသည်။ မြို့အနီးတွင်ရှိသော ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင်ဟုခေါ်ဆိုကြသည်။ အလောင်းဘုရားသည် သံလျှင်ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်းစေ၏။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ညာသံပေးကာဝင်ရောက်ကြလေ၏။ ထိုအခါမှစ၍ ရွှေဘိုဟုခေါ်ဆိုကြလေသည်။

ရွှေဘိုမြို့ နှင့် အမည်များ[ပြင်​ဆင်​ရန်​]

ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် မြို့အမည်မှာလည်း ၅ မျိုးတိတိရှိပေသည်။ မူလရွာအဖြစ်ရှိစဉ်က အမည်ဖြစ်သည့် မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ တို့ဖြစ်သည်။ ထိုအမည်များကို အောက်ပါ ကဗျာအတိုင်း အလွယ်မှတ်သားနိုင်သည်။

ရန်ကြီးအောင်ကုန်းဘောင်
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ။

ဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

မန္တလေးမြစ်ကြီးနား ပြည်ေထာင်စုကားလမ်းမကြီးပေါ်တွင် တည်ရှိသည်။ မန္တလေးမှ ၇၉ မိုင် ကွာဝေးသည်။ ကားဖြင့် ၄ နာရီခန့် သွားရသည်။

အထင်ကရ နေရာများ[ပြင်​ဆင်​ရန်​]

ဘုရားပုထိုးများ[ပြင်​ဆင်​ရန်​]


ရွှေဘိုမြို့ ။ ။ ရွှေဘိုခရိုင်ဝန်နှင့် နယ်ပိုင်ရုံးစိုက်ရာ ရွှေဘိုမြို့ကို ဥ0x100သ အော်မြည်၊ ကုန်းဘောင်တည် ဟူသော သင်္ကေတအတိုင်း မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက် ကြာသပတေး နေ့ အဝင် ညဉ့် ၃ ချက်တီးကျော် ငါး နာရီပါဒ်ပြည့် ၁၁ ဗီဇနာ၊ ပြန်ပြည့်၊ ခရာပြည့်၊ ပြုဗ္ဗာဘဒြပိုဒ် နက္ခတ်၊ တစ်ပါဒ်မွန်းတည့်ပြိဿတွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ရွှေဘိုမြို့နေရာတွင် ရတနာသိင်္ဃ ကုန်း ဘောင်မင်းဆက်ဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

ရွှေဘိုမြို့၏ မူလအမည်မှာ မုဆိုးဘိုဖြစ်သည်။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး (မြန်မာ ၄၇၄-၅၂၉)သည် တိုင်းခန်း လှည့်လည်စဉ်က ထိုဒေသသို့ ရောက်သောအခါ မြေဒူးမြို့ တည်ရာအနီး မြင်းခွာတောင်၌ စေတီပုထိုးများကို တည်တော် မူခဲ့ပြီးနောက် ထိုတောင်ခြေမှ တူးမြောင်းကြီးဖောက်လုပ်ကာ ထိုတူးမြောင်းတစ်လျှောက် သင်းကနက်သားဖောင်ဖြင့် စုန်ဆင်း ခဲ့သည်ဟု ဆိုသည်။ တူးမြောင်းကြီး မိုင် ၅ဝ ခန့်ရှိသောအခါ မဟာနန္ဒာကန်ကို ဆည်ဖို့၍ ရွှေတန်ဆာဘုရားကို တည်ကာ ငပိုအမည်ရှိသော မုဆိုးအား ထိုနေရာ၌ ရွာတည်စေပြီးလျှင် စေတီစောင့်ထားခဲ့သည်ကို အကြောင်းပြု၍ ထိုရွာကို မုဆိုး ငဘိုရွာ၊ ထိုမှတစ်ဆင့် မုဆိုးဘိုရွာဟု တွင်ကြောင်းဖြင့် ဆိုသည်။

သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် အင်းဝပြည်ကြီး ပျက်စီး၍ မြန်မာနိုင်ငံ အထက်ပိုင်းတွင် သူတစ်လူ ငါတစ်မင်း ပျက်စီးယို ယွင်းလျက် ရှိသည်ကို မုဆိုးဘိုရွာသူကြီး ဦးအောင်ဇောယျ၏ အစီအမံဖြင့် သိမ်းရုံး စုုစည်းနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဦးအောင်ဇေယျသည် မုဆိုးဖိုရွာ၌ ထီးနန်းစိုက်ထူခဲ့ရာ ရန် အပေါင်းကို အောင်မြင်သဖြင့် ရန်ကြီးအောင်မြို့ဟူ၍၎င်း၊ ထိုမြို့ အနီး တောင်နှင့်မြောက် တန်းလျက်နေသော ယခု မြွေရိုး လမ်းတောင်တွင်သည့် ကုန်းဘောင်တောင်ကို အစွဲပြု၍ ကုန်း ဘောင်မြို့ဟူ၍၎င်း၊ မုဆိုးဘိုဟူသော အမည်တွင် မုဆိုးကို ဖျောက်၍ ရှေ့မှ ရွှေတပ်ကာ အဖျားဆွတ်ခေါ်သည့် ရွှေဘိုမြို့ ဟူ၍၎င်း (ရန်ကုန်မြို့ကို ရွှေကုန်မြို့ဟု အဖျားဆွတ်ခေါ်သကဲ့သို့ ဖြစ်သည်။) လောကီရတနာ၊ လောကုတ္တရာရတနာများ စုဝေးရာ ဦးစွန်းသဖွယ် ဖြစ်သဖြင့် ရတနာသီခမြို့ဟူ၍၎င်း (အချို့က ဇေယသီခ-လူတို့အထွတ်ဦးစွန်းသဖွယ်ဖြစ်သောမင်း၊ ပဉ္စသီခ- ဦးစွန်း ငါးခုရှိသော နတ်သား စသည့် အမည်တို့ကဲ့သို့ ဤမြို့ ကိုလည်း ရတနာသီခမြို့ဟု ရေးသင့်ကြောင်း၊ သီဃသဒ္ဒါသည် အလျင်အမြန်ဟောသဖြင့် အလျင်အမြန် ပျက်ရန် နိမိတ်ဖြစ်၍ ရတနာသီဃ(ရတနာသိင်္ဃ)ဟု မရေးသင့်ကြောင်း၊ ရတနာသီခ ဟုသာ ရေးသင့်ကြောင်း၊ ကာလရှည်ကြာသဖြင့် ရတနာသိင်္ခ ဖြစ်လာကြောင်း အချို့က ဆိုကြသည်။) ဤသို့လျှင် ရွှေဘိုမြို့ သည် အမည်ငါးမျိုးဖြင့် တွင်သည်။ ထိုကြောင့် ကုန်းဘောင်ဘွဲ့ ပုံကြီးသံတွင်- ရန်ကြီးအောင်၊ ကုန်းဘောင်သ၊ ငါးမည်ရပြည်ရွှေဘို၊ ဘေးရန်ကပြို၊ မုဆိုးဘို၊ ရန်ပြိုတဲ့၊ နာသိင်္ခ၊ ဘိုးတော်ဒေသဟု ဖွဲ့ဆိုခြင်း ဖြစ်လေသည်။အလောင်းမင်းတရားကြီးသည် ရွှေဘုံ အောင်မြို့၊ ရွှေမြို့ကျုံးဝန်း၊ နတ်ကွန်းရေကန်၊ ချိန်မှန်ပဟိုရ်၊ ရွှေချက်သို ဟုူသော စာဆိုအတိုင်း မြို့တော်၊ ကျုံးတော်၊ နတ်ကွန်းတော်၊ ရေကန်တော်၊ ပဟိုရ်စင်၊ မင်းတရားကြီး ချက်မြှုပ်ရာ၌ တည်သော ရွှေချက်သိုဘုရား ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ခဲ့လေသည်။ အလောင်းမင်းတရားကြီး နတ်ရွာစံလွန်သောအခါ သားတော်နောင်တော်ကြီးမင်းမှ စ၍ ကုန်းဘောင်မင်း အဆက်ဆက်သည် စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ မန္တလေးမြို့များ၌ ရွေ့ပြောင်းနန်းတည် စိုးစံခဲ့ကြ သော်လည်း ရွှေဘိုမြို့သည် တိမ်ကောမသွားဘဲ၊ စစ်ရေးပေါ် တိုင်း အောင်မြေနင်းရာဌာနအဖြစ် ထင်ရှားလျက် ရှိသည်။ ဘိုးတော်ဘုရားသည်၎င်း၊ သာယာဝတီမင်းသည်၎င်း၊ မင်းတုန်း မင်းသည်၎င်း ထီးနန်း လုပ်ကြံရာတွင် ရွှေဘိုမြို့၌ အောင်မြေ နင်းခဲ့ကြလေသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်သည့်အခါ သူကျွန်မခံလိုသောစိတ်ဓာတ် ပြင်းထန် သည့် ဒေသဖြစ်သော ရွှေဘိုမြို့တစ်ဝိုက်ကို အနှိမ်နင်းရ အခက် ဆုံးဟု ဆိုကြသည်။

ရွှေဘိုမြို့သည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ် တွင် တည်ရှိ၍ မန္တလေးမြို့မှ အနောက်မြောက်ဘက် ၆၄ မိုင် ဝေးသည်။ ဧရာဝတီမြစ်ကမ်းပေါ်၌ တည်ရှိနေသော ကျောက် မြောင်းမြို့နှင့် ၁၇ မိုင်ဝေးသော ကျောက်လမ်းဖြင့်၎င်း၊ မူးမြစ် ပေါ်ရှိ ရေဦးမြို့နှင့် ၂၄ မိုင်ရှည်သော ကျောက်လမ်းဖြင့်၎င်း ဆက်သွယ်ထားသည်။ မြောက်ဘက်နှင့် တောင်ဘက်တို့သို့မူ ရွှေဘိုတူးမြောင်းကြီး၏ ဘောင်ပေါ်တွင် ဖောက်လုပ်ထားသော ကားသွားလာနိုင်သည့်လမ်းမြင့် ရှိသည်။ ယင်းတို့ကို ရွှေဘို မြောက်လက်၊ ရွှေဘိုတောင်လက်ဟု ခေါ်ကြသည်။ ရွှေဘို မြောက်လက်သည် ကာဘိုးဆည်အထိ ပေါက်၍ ရွှေဘို တောင် လက်သည် ဝက်လက်မြို့အထိ ပေါက်သည်။ မြို့၏တောင်၊ မြောက်၊ အနောက်ဘက်တို့၌ လယ်ကွင်းကြီးများ ရှိ၍ စပါး၊ ပဲ၊ ပြောင်းစသည် စိုက်ပျိုးကြသည်။ မြစ်ဝကျွန်းပေါ်ကဲ့သို့ မြေ0x100သဇာမကောင်းသော်လည်း ဆည်များ တူးမြောင်းများမှ ရေဝအောင် သောက်ရသောကြောင့် သီးနှံများထွက်သည်။ ရွှေဘိုမြို့သည် မြန်မာမင်းများလက်ထက်က ထင်ရှားသော မြို့တော် ဖြစ်ခဲ့သည့်အလျောက် ရှေးမြန်မာမင်းတို့ တည်ခဲ့သော စေတီပုထိုးများစွာအပြင် ထင်ရှားကျော်ကြားသော ရှေးဟောင်း အဆောက်အအုံများစွာ ရှိ၏။ ယင်းတို့အနက် အလောင်းမင်း တရားကြီး တည်ထောင်မူခဲ့သော ရွှေစေတီခေါ် မြို့တောင့်စေတီ၊ ရွှေချက်သို စေတီ၊ ရွှေတန်ဆာစေတီနှင့် အလောင်းမင်းတရား ကြီး၏ အရိုးပြာသာဒ်တို့မှာ အထူးပင် ထင်ရှားလေသည်။ ရွှေဘိုမြို့၏ မြောက်ဘက်တစ်မိုင်ခန့်တွင် အလောင်းမင်းတရား ကြီး ဆည်ဖို့ခဲ့သော မဟာနန္ဒာကန်တော်ကြီးသည် အလွန် သာယာ၍ ကန်တော်ပတ်လည်တွင် ထန်းတောများ ရှိလေသည်။ မြို့၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်တွင် စစ်တပ်များထား သော တပ်ကုန်းရှိ၏။တပ်ကုန်းသည် စံပြမြို့ကလေး တစ်မြို့ သဖွယ် သာယာကျယ်ပြန့်သော မြို့ခင်းရှိ၍ အဆောက်အအုံ များမှာ ကျန်းမာရေးနှင့် ညီညွတ်သော စစ်တန်းလျားများ၊ အစိုးရအရာရှိကြီးများ၏ နေအိမ်များ ဖြစ်လေသည်။ တပ်ကုန်း တွင် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီက မြန်မာပြည်လုံးဆိုင်ရာ မြေတိုင်းအတတ်သင်ကျောင်း ရှိ၏။ ရွှေဘိုမြို့၏ အရှေ့တောင်ဘက်သည်လည်း တပ်ကုန်းကဲ့သို့ ပင် သာယာပြန့်ပြူး၍ အစိုးရအဆောက်အအုံ များ၊ အရာရှိကြီး များ၏ နေအိမ်များ ရှိသည်။ ထိုအပိုင်းကို ဗိုလ်ကုန်းဟု ခေါ်သည်။ ဗိုလ်ကုန်းတွင် တူးမြောင်းရုံး၊ လမ်းပန်းနှင့် အဆောက်အအုံဌာနရုံးနှင့် စက်ရှင်ဗိုလ်တဲကြီး ရှိလေသည်။ ရွှေဘိုမြို့၏အကျယ်အဝန်းမှာ တပ်ကုန်းအပါအဝင် သုံးမိုင် ပတ်လည်ခန့်ရှိ၍ ၁၉၆၇ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၂၄၂၈ ယောက် ရှိသည်။[၁]



ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)