ရဲဘော်သုံးကျိပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗိုလ်မှူးကြီး စူဇူကီး ခေါ် ဗိုလ်မိုးကြိုး (ရှေ့ဆုံးတန်းမှ မြန်မာ့ ပုဆိုး၊ တိုက်ပုံအကျႌနှင့် ခေါင်းပေါင်း ပေါင်းထားသူ) နှင့် ဗိုလ်ချုပ်အောင်ဆန်း (ရှေ့ဆုံးတန်း အလယ်လူ) တို့ ဦးဆောင်သော ရဲဘော် သုံးကျိပ်ဝင် အချို့

ရဲဘော်သုံးကျိပ်[ပြင်​ဆင်​ရန်​]

ဒို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးရကို တော်လှန်ရန်ကြိုးစားခဲ့သည်။ ပြည်ပအကူညီယူ၍ ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြသည်။ ထိုစစ်ပညာသင်များကို “ရဲဘော်သုံးကျိပ်”ဟုခေါ်ခဲ့ကြသည်။

၁၉၄၀ ခုနှစ် ဩဂုတ်လ (၈) ရက်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (နောင်အခါ ဗိုလ်ရန်အောင် ဟုထင်ရှားသူ) တို့ မြန်မာပြည်မှ နော်ဝေးနိုင်ငံပိုင် ဟိုင်လီအမည်ရှိ သင်္ဘောနှင့် ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိုးစားချက်များလည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း ဂျပန်ကိုယ်စားလှယ် တစ်ဦးက သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတစ်ဦးဖြစ်သူ ကာနယ်ဆူဇူကီးကေအီဂျီ နှင့် တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။ တိုကျိုမြို့၌ နှင့် တွေ့ဆုံ၍ မြန်မာလူငယ်များအား စစ်ပညာသင်ကြားရေးကိစ္စ ဆွေးနွေးသည်။ ထို ဗိုလ်မှူးကြီးဆူဇူကီးသည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည်ရွယ်ချက်များ နှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ် ထင်ရှားမည့်သူဖြစ်ပါသည်။

၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် တရုတ်သင်္ဘောသားအသွင်ဖြင့် မြန်မာပြည်သို့ ပြန်ရောက်လာလေသည်။ သူမှတဆင့် ဂျပန်တို့ကမ်းလှမ်းလိုက်သည့် သဘောတူညီချက်အရ၊ တော်လှန်ပုန်ကန်ရန် လက်နက်များနှင့် ငွေကြေး ထောက်ပံ့မည်ဟု မြန်မာတို့ကနားလည်ခဲ့၏။ ထို့အပြင် လက်ရွေးစင်လူငယ်တစု ကို စစ်သင်တန်းပေးမည်။ ထိုလူငယ်များကို မြန်မာနိုင်ငံမှ ခိုးထုတ်သွားရန် လိုပေမည်။ သခင်အောင်ဆန်း မြန်မာပြည်၌ ကြာမြင့်စွာမနေပါ။

ပထမအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် ဂျပန်သို့ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်ဗဂျမ်း၊ သခင်အေးမောင်၊ သမဂ္ဂကိုထွန်းရှိန် တို့နှင့်အတူ ပြန်သွားပါသည်။ ထို အုပ်စုမှာ ‘ရဲဘော်သုံးကျိပ်’ ၏ ရှေ့ပြေးတပ်ဦး ဖြစ်ပါသည်။

ဒုတိယအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် သခင်စိုး၊ သခင်စောလွင်၊ သခင်သန်းတင်၊ ကိုရွှေ၊ သခင်တင်အေး၊ သခင်အောင်သိန်း၊ သခင်ထွန်းရွှေ တို့သည် ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် ဧပြီ (၂၈) ရက်နေ့တွင် ဂျပန်ပြည် အိုစကာမြို့သို့ ရောက်ရှိသည်။

တတိယအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လတွင် သခင်လှမောင်၊ သခင်စံမြ၊ သခင်ခင်မောင်ဦး တို့သည် ကိုင်ရှိုမာရူး (KaishoMaru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် မေလကုန်တွင် ဂျပန်ပြည်သို့ ရောက်ရှိသည်။

စတုတ္ထအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် သခင်ထွန်းအုပ်(အဖွဲ့ခေါင်းဆောင်)၊ သခင်ရှုမောင်၊ သခင်စံလှိုင်၊ သခင်ထွန်းခင်၊ ကိုလှ၊ သခင်သန်းညွန့်၊ သခင်ကျော်စိန်၊ သခင်မောင်မောင်၊ သခင်သစ်၊ သခင်ငွေ၊ သခင်ထွန်းလွင်တို့သည် ကိုင်ရှိုမာရူး (KaishoMaru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ (၂၄.၇.၄၁) တွင် ဂျပန်ပြည် ကျူရှုးကျွန်းရှိ `ယိုတိုဆူက´ရေတပ်စခန်းသို့ ရောက်ရှိသည်။ [၁]

ထိုသို့ မြန်မာလူငယ် ၃၀ တို့သည် ဂျပန်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာသွားကြပြီးနောက်တွင် သခင်ထွန်းအုပ်တစ်ယောက်သာ အုပ်ချုပ်ရေး အတတ်ပညာများကို ဆည်းပူး၍ ကျန်လူငယ်များမှာ စစ်ပညာများကို သင်ယူကြသည်။ Dအစက ဂျပန် အုပ်ချုပ်မှုအောက်တွင် ရှိသည့် ထိုင်ဝမ်ကျွန်းတွင် အခြေချသင်တန်းတက်ကြပြီးနောက်ပိုင်းတွင် ဟိုင်နန်ကျွန်းသို့ရွေ့ပြောင်း ကြရသည်။ ထိုမှ ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ကြကာ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးကို စတင်ရန်အားထုတ်ကြသည်။C ထိုသို့ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှိနေစဉ် သခင်လှမောင် (ဗိုလ်ဇေယျ) က အကယ်၍ တော်လှန်ရေးလုပ်သောအခါ အမည်မှန်များအတိုင်း လုပ်ကြလျှင် မြန်မာနိုင်ငံအတွင်း ကျန်နေခဲ့ကြသည့် မိသားစုများအား အင်္ဂလိပ်တို့မှ ရန်ပြုမည်ကို စိုးရိမ်ရကြောင်း၊ ဂျပန်နာမည်များဖြင့်လည်း တော်လှန်ရေးမလုပ်လိုကြောင်း၊ ထို့ကြောင့် အမည်ဝှက်များဖြင့် လှုပ်ရှားစေလျှင် ပိုမိုကောင်းမွန်မည့်အကြောင်းကို သခင်အောင်ဆန်းအား ပြောရာ သခင်အောင်ဆန်းနှင့် ကျန်အဖွဲ့သားများအားလုံးက သဘောတူကြသည်။ သို့ဖြင့် ဘန်ကောက်မြို့၊ တနွမ်းစပ်ထုံလမ်းရှိ ဘော်နီယိုကုမ္ပဏီဝင်း အတွင်း စခန်းချ နေစဉ် ဗိုလ်ဘွဲ့အမည်များခံယူကြသည်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ် ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကိုဖွဲ့စည်းကာ ဂျပန်တပ်မတော်၏ အကူအညီဖြင့် ဗြိတိသျှနယ်ချဲ့အား မြန်မာ့မြေမှ မောင်းထုတ်ခဲ့သည်။


ရဲဘော်သုံးကျိပ်ဝင်အမည်များ[ပြင်​ဆင်​ရန်​]

စဉ် | အမည် | ဗိုလ်ဘွဲ့အမည် | ဂျပန်အမည်

  1. သခင်အောင်ဆန်း = ဗိုလ်တေဇ = Omoda Monji
  2. သခင်လှဖေ = ဗိုလ်လက်ျာ = Tani Kiyoshi
  3. သခင်ရှုမောင် =ဗိုလ်နေဝင်း = Takasugi Susumu
  4. သခင်လှမောင် = ဗိုလ်ဇေယျ = Kaga Masashi
  5. ကိုထွန်းရှိန် = ဗိုလ်ရန်နိုင် = Yamashita Teruo
  6. သခင်လှမြိုင် = ဗိုလ်ရန်အောင် = Itoda Tei-ichi
  7. ကိုရွှေ = ဗိုလ်ကျော်ဇော = Taniguchi Shin-ichi
  8. သခင်စံလှိုင် = ဗိုလ်မှူးအောင် = Omura Tabashi
  9. ကိုဆောင်း = ဗိုလ်ထိန်ဝင်း = Monya Hiroshi
  10. သခင်ထွန်းရွှေ = ဗိုလ်လင်းယုန် = Utsumi Susumu
  11. သခင်အောင်သိန်း =ဗိုလ်ရဲထွဋ် = Hayashi
  12. သခင်ဗဂျမ်း = ဗိုလ်လရောင် = Baba Takeshi
  13. သခင်တင်အေး = ဗိုလ်ဘုန်းမြင့် = Chinda Seiji
  14. သခင်ထွန်းခင် = ဗိုလ်မြင့်ဆွေ = Nakamura Hitoshi
  15. သခင်သန်းတင် = ------ = Yamada A
  16. သခင်ထွန်းအုပ် = ------B
  17. သခင်အောင်သန်း = ဗိုလ်စကြာ = Hirata Masao
  18. သခင်စိုး = ဗိုလ်မြင့်အောင် = Kono
  19. သခင်စံမြ = ဗိုလ်တောက်ထိန် = Nakagawa Ichiro
  20. ကိုလှ = ဗိုလ်မင်းရောင် = Ito Hitochi
  21. သခင်စောလွင် = ဗိုလ်မင်းခေါင် = Yamaoka Kiyoshi
  22. သခင်ကျော်စိန် = ဗိုလ်မိုးညို = Takahashi
  23. သခင်သစ် = ဗိုလ်စောနောင် = Osawa
  24. သခင်ခင်မောင်ဦး = ဗိုလ်တာရာ = Monya Masaru
  25. သခင်ထွန်းလွင် = ဗိုလ်ဗလ = Otani Hiroshi
  26. သခင်သန်းညွန့် = ဗိုလ်ဇင်ယော် = Okawa
  27. သခင်အေးမောင် = ဗိုလ်မိုး = Mizuno Saburo
  28. သခင်မောင်မောင် = ဗိုလ်ဉာဏ = Tsuchiya
  29. သခင်ငွေ = ဗိုလ်စောအောင် = Katsura
  30. သခင်သန်းတင် = ဗိုလ်မြဒင်(အုတ်ဖို) [၂]

ကိုယ်ရေးအကျဉ်း[ပြင်​ဆင်​ရန်​]

ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ရာတွင် ဂျပန်တပ်မတော်နှင့်အတူ ရဲဘော်သုံးကျိပ်ဝင်များ ဦးဆောင် ပါဝင်ခဲ့ကြသည်။

  • စစ်သေနာပတိဗိုလ်တေဇ

ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေတွင် စစ်သေနာပတိ အဖြစ် ပါဝင်ခဲ့ရသူ ဖြစ်သည်။ ၁၃ ဖေဖော်ဝါရီ ၁၉၁၅ တွင် နတ်မောက်မြို့၌ ရှေ့နေဦးဖာဒေါ်စုတို့က ဖွားမြင်ခဲ့သူ ဖြစ်ပြီး ၁၉ ဇူလိုင် ၁၉၄၇ ၌ လုပ်ကြံခံခဲ့ရသည်။

  • သခင်ထွန်းအုပ်

၇ ဒီဇင်ဘာ ၁၉၀၇ တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သိုက်တောရွာ၌ ဦးရွှေဒေါ်ရွှေသားတို့က ဖွားမြင်ခဲ့သည်။ ကိုလံဘိုမြို့၊ စိန့်ဂျိုးဇက်ကောလိပ်မှ စီနီယာကင်း ဘရစ်တန်း အောင်ခဲ့ပြီး ဘီအိုင်အေ အုပ်ချုပ်ရေးဌာနချုပ် ရုံးတွင် နိုင်ငံလုံးဆိုင်ရာ တာဝန်ခံ ဖြစ်သည်။ ၂၃ ဇန်နဝါရီ ၁၉၇၀ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်နေဝင်း

အမည်ရင်း ကိုရှုမောင် ဖြစ်ပြီး ၆ ဇူလိုင် ၁၉၁၀ တွင် ပြည်ခရိုင်၊ ပေါင်းတလည်မြို့၌ ဦးဖိုးခ ဒေါ်မိလေးတို့က ဖွားမြင်ခဲ့သည်။ ပြည်မြို့အထက်တန်းကျောင်းမှ ၁၉၂၉ တွင် ဆယ်တန်း အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် ဥပစာသိပ္ပံ(ခ)ထိ ပညာသင်ခဲ့သည်။ ဘီအိုင်အေ ချီတက်မလာမီ ပြည်တွင်း သူပုန်တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ဝင်ရောက်လာခဲ့သည်။

  • ဗိုလ်အောင်(ဗိုလ်မှူးအောင်)

အမည်ရင်း ကိုစံလှိုင် ဖြစ်ပြီး ၃၀ ဩဂုတ် ၁၉၁၀ တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၌ ဦးရွှေမှန် ဒေါ်ဖော့တို့က ဖွားမြင်ခဲ့သည်။ ဘီအိုင်အေ ဝင်ရောက်စဉ် မော်လမြိုင် စစ်ကြောင်းမှ တပ်ရင်း ၂ တပ်ရေးဗိုလ်ကြီးအဖြစ် ချီတက်လိုက်ပါခဲ့သည်။

  • ဗိုလ်တောက်ထိန်

အမည်ရင်း ကိုစံမြ ဖြစ်ပြီး ၁၇ ဇန်နဝါရီ ၁၉၁၁ တွင် ပျဉ်းမနားမြို့၌ ဦးဘိုးအောင် ဒေါ်ရွှေမြတို့က ဖွားမြင်ခဲ့သည်။ ပျဉ်းမနားမြို့ ခေမာသီဝံကျောင်းတွင် ရ တန်းအထိ ပညာဆည်းပူးခဲ့သည်။ ဘီအိုင်အေ မြိတ် စစ်ကြောင်းရေကြောင်းချီတပ်မှ ချီ တက်ခဲ့ပြီး ၁၈ ဧပြီ ၁၉၉၆ တွင် ပျဉ်းမနား၌ ကွယ်လွန်ခဲ့သည်။

  • ဗိုလ်မြင့်ဆွေ

အမည်ရင်း ကိုထွန်းခင် ဖြစ်ပြီး ၈ ဧပြီ ၁၉၁၁ တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သရက်တစ်ပင်ကျေးရွာ၌ ဦးဖိုးမောင် ဒေါ်ငွေဝင်းတို့က ဖွားမြင်ခဲ့သည်။မင်းဘူး အလယ်တန်းကျောင်း မှ ရ တန်း၊ကိုလံဘိုမြို့ ဂျက်ဖနာကောလိပ် (Jaffner College) မှ ဂျူနီယာ ကင်းဘရစ်တန်းများ အောင်မြင်ခဲ့၏။ ဘီအိုင်အေ ပြည်တွင်းသူပုန်အဖြစ် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ၂၃ ဇန်နဝါရီ ၁၉၇၃ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်လရောင်

အမည်ရင်း ကိုဘဂျမ်း ဖြစ်ပြီး ၂၈ မေ ၁၉၁၁ တွင် မင်းဘူးမြို့ သူဌေးကုန်းရပ်၌ ဦးသာဘွား ဒေါ်ငွေသင်တို့က ဖွားမြင်ခဲ့သည်။ မင်းဘူး အထကမှ တန်းမြင့်ကျောင်းထွက်စာမေးပွဲ အောင်မြင်ခဲ့၏။ ဘီအိုင်အေ ထားဝယ်စစ် ကြောင်းတွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးတပ်ဖွဲ့၏ တပ်မှူး ဖြစ်ခဲ့သည်။ ၉ ဇူလိုင် ၁၉၆၉ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်လက်ျာ

အမည်ရင်း ကိုလှဖေ ဖြစ်ပြီး ၃၀ ဩဂုတ် ၁၉၁၁ တွင် ပျဉ်းမနားမြို့၌ ဦးစိန်သွင် ဒေါ်ကျင်မြိုင်တို့က ဖွားမြင်ခဲ့သည်။ ရန်ကုန်မြို့မကျောင်းမှ ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ခဲ့သည်။ ဘီအိုင်အေ ထားဝယ် စစ်ကြောင်းတွင် ဒုတိယ စစ်သေနာပတိအဖြစ် လိုက်ပါခဲ့သည်။ ၂၇ နိုဝင်ဘာ ၁၉၇၈ တွင် ထိုင်းမြန်မာနယ်စပ်၌ ကျဆုံးခဲ့သည်။

  • ဗိုလ်ဇေယျ

အမည်ရင်း ကိုလှမောင် ဖြစ်ပြီး ၁၀ ဒီဇင်ဘာ ၁၉၁၃ တွင် အလုံ(မုံရွာ) နန်းတော်ရှေ့ရွာ၌ ဦးချစ်မောင် ဒေါ်စိန်တိုင်တို့က ဖွားမြင်ခဲ့သည်။ မြို့မကျောင်းတွင် ဆယ်တန်းအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။ ဘီအိုင်အေ တပ်မဟာ ၁ တွင် ဗိုလ်မှူးကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက် တောခိုသွားရာ ၁၆ ဧပြီ ၁၉၆၈ တွင် ဗကပဌာနချုပ်ကို ဝင်ရောက် တိုက်ခိုက်စဉ် ကျဆုံးခဲ့သည်။

  • ဗိုလ်စောအောင်

အမည်ရင်း ကိုငွေ ဖြစ်ပြီး ၂၈ မေ ၁၉၁၄ တွင် ကမာရွတ် ရှမ်းစု၌ ဦးဘိုးညွန့် ဒေါ်ရွှေမှတ် တို့က ဖွားမြင်ခဲ့သည်။ရန်ကုန် ကမာရွတ်တွင် အင်္ဂလိပ်မြန်မာ ၇ တန်း အထိ ပညာသင်ယူခဲ့၏။ဘီအိုင်အေတွင် မော်လမြိုင် စစ်ကြောင်းမှ လိုက်ပါခဲ့ပြီး ၂၆ ဖေ ဖော်ဝါရီ ၁၉၄၂ တွင် ရွှေကျင်တိုက်ပွဲ၌ ကျဆုံးခဲ့သည်။

  • ဗိုလ်ထိန်ဝင်း

အမည်ရင်း ကိုဆောင်း ဖြစ်ပြီး ၁၇ မေ ၁၉၁၄ တွင် ရွှေကျင်မြို့၌ ဦးလွန်းမောင် ဒေါ်ဖွားတို့က ဖွားမြင်ခဲ့သည်။ ညောင်လေးပင် အမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်း အောင်မြင်ခဲ့သည်။ ဘီအိုင်အေတွင် ပြန်ကြားရေး အရာရှိ ဖြစ်ခဲ့ပြီး ထိုင်း နိုင်ငံ လန်ပန်းမြို့၌ ၁၉၄၅ ခု နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်ဉာဏ

အမည်ရင်း ကိုမောင်မောင် ဖြစ်ပြီး ၁၉၁၄ တွင် ဖြူးမြို့ ကျောက်တိုင်တောင် ကျေးရွာ၌ ဦးဘပု ဒေါ်မြစ်တို့က ဖွားမြင်ခဲ့သည်။ဘီအိုင်အေ အမှတ် ၅၅ ဂျပန်တပ်မတွင် ဗိုလ်ကြီးအဖြစ် လိုက်ပါခဲ့၏။ ၄ ဧပြီ ၁၉၄၂ တွင် ဖားပွန်၌ ကျဆုံးခဲ့သည်။

  • ဗိုလ်စကြာ

အမည်ရင်း ကိုအောင်သန်း ဖြစ်ပြီး ၁ ဇူလိုင် ၁၉၁၅ တွင် ဦးမြတ်သာ ဒေါ်သန်းတင်တို့က ရန်ကုန်တွင် ဖွားမြင်ခဲ့သည်။ ဒိုင်အိုစီဇင် ယောက်ျားလေးကျောင်း၊ အစိုးရအထက်တန်းကျောင်းနှင့် ဆေးပညာသင်ကျောင်းတို့၌ ပညာဆည်းပူးခဲ့သည်။ ဘီအိုင်အေ မော်လမြိုင် စစ်ကြောင်းတွင် လိုက်ပါခဲ့ပြီး ၆ စက်တင်ဘာ ၁၉၆၉ ၌ ထိုင်းနိုင်ငံတွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်ရန်အောင်

အမည်ရင်း ကိုလှမြိုင် ဖြစ်ပြီး ၂ မတ် ၁၉၆၇ တွင် လှည်းကူးမြို့နယ် ဒါးပိန်ရွာ၌ ဦးဘအောင် ဒေါ်သိန်းမြ တို့က ဖွားမြင်ခဲ့သည်။ ၁၉၃၅ တွင် ဆယ်တန်း အောင်မြင်ခဲ့သည်။ ဘီအိုင်အေတွင် ဒုဗိုလ်မှူးကြီး အဖြစ် တပ်မဟာ(၁)ကို ဦးစီးခဲ့ရသည်။လွတ် လပ်ရေး ရရှိပြီးနောက် တောခိုသွားကာ ၂၆ ဒီဇင်ဘာ ၁၉၆၇ တွင် ဗကပတို့၏ လုပ်ကြံမှုကို ခံခဲ့ရသည်။

  • ဗိုလ်ဗလ

အမည်ရင်း ကိုသန်းရင် ဖြစ်ပြီး ၁၇ မတ် ၁၉၁၇ တွင် မော်လမြိုင်ကျွန်းမြို့ ကျိုက်ပိရွာ၌ ဦးကျော်ဟန် ဒေါ်သိန်းတို့က ဖွားမြင်ခဲ့သည်။ လပွတ္တာ အထက်တန်း၌ ၇ တန်း အထိ ပညာသင်ယူခဲ့သည်။ ဘီအိုင်အေတွင် ထားဝယ်စစ်ကြောင်းမှ ပါဝင်ခဲ့၏။

  • ဗိုလ်မင်းရောင်

အမည်ရင်း ကိုလှ ဖြစ်ပြီး ၂၆ စက်တင်ဘာ ၁၉၁၇ တွင် ပုဇွန်တောင် ရေကျော်ရပ်၌ ဦးဖိုးထင် ဒေါ်သင်းမြိုင်တို့က ဖွားမြင်ခဲ့သည်။ ကန်တော်ကလေး ဦးဖိုးအိမ် အင်္ဂလိပ်မြန်မာကျောင်းတွင် ဆယ်တန်းအထိ တက်ရောက်ခဲ့သည်။ ဘီအိုင်အေတွင် ထား ဝယ်စစ်ကြောင်းမှ ပါဝင်ပြီး ၆ နိုဝင်ဘာ ၁၉၈၈ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်မိုးညို

အမည်ရင်း ကိုကျော်စိန် ဖြစ်ပြီး ကမာရွတ်ရှမ်းစု၌ ဦးဘ ဒေါ်ငွေသင် တို့က ဖွားမြင်ခဲ့သည်။ စိန်ဂျွန်းကျောင်းတွင် ဆယ်တန်းအထိ ပညာ ဆည်းပူးခဲ့၏။ ဘီအိုင်အေတွင် ပြည်တွင်းသူပုန် အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၉ ဧပြီ ၁၉၆၀ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်လင်းယုန်

အမည်ရင်း ကိုထွန်းရွှေ ဖြစ်ပြီး ၁၉၁၇ အောက်တိုဘာတွင် ရန်ကုန်မြို့၌ ဦးအောင်သိန်း ဒေါ်ဒေါ်စိမ်းတို့က ဖွားမြင်ခဲ့သည်။ ဘီအိုင်အေတွင် ပြည်တွင်းသူပုန် အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၈ ဧပြီ ၁၉၇၄ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်မြင့်အောင်

အမည်ရင်း ကိုဖိုးစိုး ဖြစ်ပြီး ၁၄ နိုဝင်ဘာ ၁၉၁၇ တွင် ပန်းတောင်းမြို့ သူရဲတန်း ကျေးရွာ၌ ဦးပန်း ဒေါ်သက်ရှည်တို့က ဖွားမြင်ခဲ့သည်။ အထက်တန်းအထိ ပညာသင်ဖူးသည်။ ၂၄ ဇွန် ၁၉၄၅ တွင် နတ်တလင်းမြို့၌ မိမိကိုယ်ကို သတ်သေသွားခဲ့သည်။

  • ဗိုလ်မိုး

အမည်ရင်း ကိုမောင်မောင် ဖြစ်ပြီး ၂၁ မတ် ၁၉၁၈ တွင် ရန်ကုန်မြို့ ၌ ဦးဖိုးမှီ ဒေါ်အေးတင်တို့က ဖွားမြင်ခဲ့သည်။ ရန်ကုန်မြို့ အလုံကူရှင်ကျောင်း၌ ဆယ်တန်းအထိ ပညာသင်ဖူး၏။ ဘီအိုင်အေ မော်လမြိုင် စစ်ကြောင်းမှ ချီတက်ခဲ့ပြီး ၈ မတ် ၁၉၄၂ တွင် ဖူးကြီးတိုက်ပွဲ၌ ကျဆုံးခဲ့၏။

  • ဗိုလ်ရန်နိုင်

အမည်ရင်း ကိုထွန်းရှိန် ဖြစ်ပြီး ၂ နိုဝင်ဘာ ၁၉၁၈ တွင် အောင်လံမြို့ ကမ္မလေးရွာ၌ ဦးခန့် ဒေါ်သန့်တို့ က ဖွားမြင်ခဲ့သည်။ပြည်မြို့ အထက်တန်းကျောင်းမှ ၁၉၃၅ တွင် ဆယ်တန်း အောင်မြင်ခဲ့သည်။ ဘီအိုင်အေတွင် မြိတ်စစ်ကြောင်းမှ ရေကြောင်း ချီခဲ့ရပြီး ရွှေတောင်တိုက်ပွဲကို ဦးဆောင်ခဲ့သည်။ ၂၈ ဇန်နဝါရီ ၁၉၈၉ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်ကျော်ဇော

အမည်ရင်း ကိုရွှေ ဖြစ်ပြီး ၃၀ နိုဝင်ဘာ ၁၉၁၈ တွင် သုံးဆယ်မြို့ ဆိုင်းစုကျေးရွာ၌ ဦးပန်းဒေါ်တင့်တို့က ဖွားမြင်ခဲ့သည်။ ဘီအိုင်အေတွင် မော်လမြိုင် စစ်ကြောင်းမှ ချီတက်ခဲ့သည်။

  • ဗိုလ်ဇင်ယော်

အမည်ရင်း ကိုသန်းညွန့် ဖြစ်ပြီး ၂၁ နိုဝင်ဘာ ၁၉၁၉ တွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် အေးရွာ၌ ဦးပို ဒေါ်နှင်းမြတို့က ဖွားမြင်ခဲ့သည်။ ပုဇွန်တောင် မြူနီစီပါယ် အထက်တန်းကျောင်းမှ ၉ တန်း အောင်မြင်ခဲ့၏။ ဘီအိုင်အေတွင် မော်လမြိုင် စစ်ကြောင်းမှ ဝင်ရောက်ခဲ့သည်။ ၃၁ ဒီဇင်ဘာ ၁၉၉၃ တွင် ကွယ်လွန်ပါသည်။

  • ဗိုလ်တာရာ

အမည်ရင်း ကိုခင်မောင်ဦး ဖြစ်ပြီး ၁၃ ဧပြီ ၁၉၁၉ တွင် ပျဉ်းမနားမြို့၌ ဦးအကောက် ဒေါ်လွန်းတို့က ဖွားမြင်ခဲ့သည်။ ပျဉ်းမနား ကေအီးအမ် (King Edward Memoral) ကျောင်းမှ ဆယ်တန်း အောင်ခဲ့သည်။ ဘီအိုင်အေတွင် ပြည်တွင်းသူပုန် အဖွဲ့ဖြင့် ဦးစွာ ဝင်ရောက်ခဲ့သည်။ ၆ ဖေဖော်ဝါရီ ၁၉၉၃ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်ဘုန်းမြင့်

အမည်ရင်း ကိုတင်အေး ဖြစ်ပြီး ၃ ဇန်နဝါရီ ၁၉၂၀ တွင် လက်ပံတန်းမြို့၌ ဦးဘ ဒေါ်ရွှေခဲတို့က ဖွားမြင်ခဲ့သည်။ ဆရာကြီး ဦးစိန်၏ မြန်မာအထက်တန်းကျောင်းမှ ၉ တန်း အောင်မြင်ခဲ့ပြီး မင်းလှမြို့ နော်မံကျောင်းမှ အလယ်တန်းဆရာဖြစ် အောင်မြင်ခဲ့၏။ ဘီအိုင်အေတွင် ဂျပန်တပ်မ ၅၅ ၏ ဆက်သွယ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့ရပြီး ၂၈ ဇူလိုင် ၁၉၈၉ တွင် ကွယ်လွန်ခဲ့သည်။

  • သခင်သန်းတင်

၂၇ ဩဂုတ် ၁၉၂၀ တွင် မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရွာ၌ ဦးမောင် ဒေါ်စိုးတို့က ဖွားမြင်ခဲ့သည်။ မြဝတီကျောင်းတွင် လေးတန်းအထိ ပညာသင်ခဲ့ဖူးသည်။ ၁၉၄၁ စက်တင်ဘာတွင် တိုင်ပေစစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

  • ဗိုလ်စောနောင်

အမည်ရင်း မောင်သစ် ဖြစ်ပြီး ၂ စက်တင်ဘာ ၁၉၂၀ တွင် ကမာရွတ် ရှမ်းစု၌ ဦးဘိုးညွန့်ဒေါ်ရွှေမှတ်တို့က ဖွားမြင်ခဲ့သည်။ အင်္ဂလိပ်မြန်မာ ၇ တန်း အောင်မြင်ပြီး ဘီအိုင်အေ၌ ဗိုလ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရ၏။ ၃၀ ဇန်နဝါရီ ၁၉၇၆ တွင် ကွယ်လွန်ခဲ့၏။

  • ဗိုလ်မင်းခေါင်

အမည်ရင်း ကိုစောလွင် ဖြစ်ပြီး ၁၈ အောက်တိုဘာ ၁၉၂၀ တွင် ကြို့ပင်ကောက်မြို့၌ ဦးသောကြာ ဒေါ်ကြော့တို့က ဖွားမြင်ခဲ့သည်။ ကြို့ပင်ကောက် အမျိုးသားကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဘီအိုင်အေတွင် မြိတ်စစ်ကြောင်းမှ ပါဝင်ခဲ့ပြီး ရေ ကြောင်းချီ စက်လှေအုပ်စုကို ဦးဆောင်ခဲ့ရသည်။ ၂၄ ဩဂုတ် ၁၉၈၃ တွင် ကွယ်လွန်ခဲ့သည်။

  • ဗိုလ်မြဒင်

အမည်ရင်း ကိုသန်းတင် ဖြစ်ပြီး ၁၉၂၀ တွင် အုတ်ဖိုမြို့၌ ဦးမောင်ဖေ ဒေါ်ဖန်တို့က ဖွားမြင်ခဲ့သည်။ သာယာဝတီ ဗုဒ္ဓဘာသာ အလယ်တန်းကျောင်းတွင် ၇ တန်းအထိ တက်ရောက်ခဲ့သည်။ ဘီအိုင်အေ အဝင်တွင် ထိုင်း မြန်မာနယ်စပ်၌ ငှက်ဖျားရောဂါဖြင့် ၁၉၄၂ ဇန်နဝါရီ၌ ကွယ်လွန်သွားသည်။

  • ဗိုလ်ရဲထွဋ်

အမည်ရင်း ကိုအောင်သိန်း ဖြစ်ပြီး ၂၅ ဖေဖော်ဝါရီ ၁၉၂၂ တွင် ရန်ကုန် တာမွေကလေးရပ်၌ ဦးဘိုးလွင် ဒေါ်စောရှင်တို့က ဖွားမြင်ခဲ့သည်။ ကန်တော်ကလေး မြူကျောင်းမှ ၁၀ တန်း အောင်ခဲ့၏။ ဘီအိုင်အေတွင် တပ်မဟာ ၃ တပ်မှူး ဖြစ်ခဲ့သည်။

ယခုအခါ ရဲဘော်သုံးကျိပ်ဝင် ၃၀ ဦး အနက် ဗိုလ်ကျော်ဇော(ပြည်ပ)နှင့် ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ကျန်ရှိပါတော့သည်။[၃]

မှတ်စု[ပြင်​ဆင်​ရန်​]

A. ^ ယိုးဒယား နိုင်ငံရောက်မှ ဗမာ့တပ်မတော်ကြီးကို ဖွဲ့စည်း၍ ရဲဘော်သုံးကျိပ် တို့ က ဗိုလ် အမည်များ ခံယူကြသဖြင့် ဖော်မိုဆာ တွင် ကွယ်လွန်ခဲ့သော သခင်သန်းတင် တွင် ဗိုလ်အမည် မရှိပေ။
B. ^ ဗိုလ်နာမည် မရှိသော နောက်တစ်ဦးမှာ သခင်ထွန်းအုပ် ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများတွင် မပါဝင်ဘဲ အုပ်ချုပ်ရေး ကိုသာ ဦးစီးဆောင်ရွက်မည့်သူ ဖြစ်သောကြောင့် မူရင်းနာမည် အတိုင်းသာ ရှိစေမည် ဟု ဆုံးဖြတ်ခဲ့သည်ဖြစ်သည်။
C. ^ ၁၉၄၁ ဒီ ၂၅ တွင် သခင်အောင်ဆန်းသည် ယိုးဒယား နိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်ရှိခဲ့သည် နှင့် ချက်ချင်းပင် ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းရေးအတွက် ဆွေးနွေးကြသည်။ ဘန်ကောက်မြို့တွင် နေထိုင်ကြသော မြန်မာလူမျိုးများ ဖြစ်သည့် ဦးလွန်းဖေ၊ ဦးလှဖေ၊ ဦးချစ်ဖေ၊ ဦးဘွန်လျောင် စသူ တို့ကလည်း ဝိုင်းဝန်းကူညီခဲ့ကြသည်။[၄]
D. ^ နှစ်ဖွဲ့ကွဲနေသော တို့ဗမာအစည်းအရုံး မှ သခင်အဖွဲ့ဝင်များကို တဖွဲ့တည်း ပေါင်းစည်း၍ စည်းလုံးညီညွတ်စွာ ရှိကြရန် ဂျပန်အာဏာပိုင်များက လိုလားကြပေသည်။ အသက်စွန့်၍ တိုက်ရမည့် တိုက်ပွဲအတွက် မြန်မာလူငယ်များ စည်းလုံးညီညွတ်မှု ခိုင်မြဲရန်လည်း လိုအပ်လှသည်။ ထို့ကြောင့်ပင် ဂျပန်ခေါင်းဆောင် တို့က အစီအစဉ် တရပ်ပြုလုပ်ကြ၏။ ထိုအစီအစဉ်မှာ တိုကျိုတွင် အုပ်​ချုပ်ရေး ဆိုင်ရာ ပညာရပ်များကို လေ့လာနေသော သခင်ထွန်းအုပ်အား ဟိုက်နန်တွင် စစ်ပညာများ သင်ကြားနေသည့် သခင်အောင်ဆန်း နှင့် တွေ့ဆုံ၍ သခင်လူငယ်နှစ်ဖွဲ့ စည်းလုံးညီညွတ်ရေး ဆွေးနွေးကြရန် ဖြစ်သည်။ သခင်ဗစိန် အဖွဲ့မှ ခေါင်းဆောင် သခင်ထွန်းအုပ်နှင့် သခင်ကိုယ်တော်မှိုင်း အဖွဲ့မှ ခေါင်းဆောင် သခင်အောင်ဆန်း တို့တွေ့ဆုံ၍ ညီညွတ်မှုရစေခြင်းဖြင့် မှုလက အဖွဲ့ကွဲခဲ့သည့် ဖြစ်ရပ်များကို အားလုံး မေ့လိုက်ကြရန် ဖြစ်သည်။ သခင်ထွန်းအုပ် ကို တိုကျိုမှ ထိုင်ဝမ်ကျွန်းသို့ ပို့ပေးလေသည်။ ကျွန်းတွင် သခင်အောင်ဆန်း၊ သခင်အောင်သန်း၊ သခင်လှဖေ တို့ အဆင်သင့်ရောက်နေကြသည်။ ဗိုလ်မှူးကြီး ဆူဇူကီး လည်း ရှိနေသည်။ သခင်ထွန်းအုပ် နှင့် သခင်အောင်ဆန်း ၊ သခင်အောင်သန်း၊ သခင်လှဖေ တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသင်းအဖွဲ့များ ၏အခြေအနေ အရပ်ရပ် ကို ၎င်း၊ ရှေ့တွင် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍၎င်း၊ အကျယ်တဝင့် ဆွေးနွေးကြပြီးလျှင်၊ မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲအတွက် ရဲဘော်များ သွေးစည်းညီညွတ်ကြရန် ခိုင်မာသော ဆုံးဖြတ်ချက် ကို ချမှတ်ခဲ့ကြသည်။ ထိုနေ့မှ စ၍ ရှေ့သို့ခရီး တွင် သခင်နှစ်ဖွဲ့ကွဲသည် မရှိစေရ၊ အားလုံးပင် ညီရင်းအကို သို့နှယ် ချစ်ခင်စည်းလုံးစွာဖြင့် တိုက်ပွဲဝင်ကြရန် သဘောတူခဲ့ကြသည်။ [၅]

ယခုအခါ သခင်ရွှေ (ခေါ်) ဗိုလ်ကျော်ဇောနှင့် ကိုအောင်သိန်း (ခေါ်) ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိနေတော့ကြောင်း ရဲဘော်သုံးကျိပ်ထဲမှ မိသားစုဝင် တဦးက ပြောသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၂၀ရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  2. ကျော်ငြိမ်း ၏ ရဲဘော်သုံးကျိပ် အတ္ထုပ္ပတ္တိ
  3. မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း(ဖိုးအောင်လေး)
  4. တက္ကသိုလ် စိန်တင် ၊ ၁၉၆၈
  5. တက္ကသိုလ် စိန်တင် ၊ ၁၉၆၈

စိန်တင်, တက္ကသိုလ် (၁၉၆၈). ရဲဘော်သုံးကျိပ်မော်ကွန်း.