မင်းရောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
ဗိုလ်မင်းရောင်
မွေးသက္ကရာဇ်၂၆ စက်တင်ဘာလ ၁၉၁၇
အမည်ရင်းကိုလှ
သခင်အမည်သခင်လှ
ဗိုလ်ဘွဲ့အမည်ဗိုလ်မင်းရောင်
ဂျပန်အမည်အီတိုဟီတိုးရှိ (Ito Hitochi)
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
လက်မှတ်

လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်နှင့် အောင်ဆန်း တံခွန်ဘွဲ့ရ ရဲဘော်သုံးကျိပ် ဗိုလ်မင်းရောင်ကို ရန်ကုန်မြို့ ရေကျော်ရပ် မြောင်းကြီးလမ်း၌ အဖ ဦးဖိုးထင်၊ အမိ ဒေါ်သင်းမြိုင်တို့က ၁၉၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်း ကိုလှ ဖြစ်သည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်လှ ဖြစ်လာခဲ့သည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ အီတိုဟီတိုးရှိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်အမည် ခံယူရာတွင် ဗိုလ်မင်းရောင် ဖြစ်လာခဲ့သည်။

ကျောင်းသားဘဝနှင့် ပညာရေးရာ[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ကန်တော်ကလေးရှိ ဆရာကြီးဦးဖိုးအိမ်၏ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင်ကျောင်းတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။ ဗိုလ်မင်းရောင်သည် ဟိုက်စကူးဖိုင်နယ်အထိ ပညာသင်ကြားခဲ့ ပြီးနောက် ၁၉၃၉ ခုနှစ်တွင် မြင်းတပ်၌ အမှုထမ်းခဲ့သည်။ ထို့နောက် ၁၉၄၀ ပြည့်နှစ်ခန့်မှစ၍ လွတ်လပ်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်ခဲ့ရာတွင် သူလျှိုအဖြစ် တာဝန်ယူပြီး အင်္ဂလိပ်အစိုးရ၏ လျှို့ဝှက် ကိစ္စများကို စာပေးစာယူလုပ်ပေးခဲ့သည်။

အသက်မွေးမှုဘဝ[ပြင်ဆင်ရန်]

တော်လှန်ရေး အစိုးရလက်ထက်တွင် နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့ ၌ အထူးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်[ပြင်ဆင်ရန်]

ဦးမောင်ကြီး၏ ရဲညွန့်တပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွတ်သည့် စတုတ္ထအသုတ် မြန်မာမျိုးချစ်လူငယ်များနှင့်အတူ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ကိုရီယုမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၂၄ရက်နေ့တွင် ရှန်ဟိုင်းမှ လေယာဉ်ပျံဖြင့် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါစကီးမြို့ အနီးရှိ ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ ထိုမှတဆင့် ဟာကိုနီတောင်ပေါ်စခန်းသို့ သွားရောက်ကာ အပန်းဖြေခဲ့ကြသည်။ ၁၉၄၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ပျံဖြင့် သွားရောက်ရာ ဩဂုတ်လ ၁၁ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာသင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ထားဝယ်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။ ထားဝယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေ ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် ဘီဒီအေ ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် ဘီဒီအေ တပ်ရင်း (၂) တပ်ခွဲ (၂) တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလက တိုင်း၄တိုင်း (ပဲခူး၊ ရွှေကျင်၊ သထုံ) တွင် ပါဝင်ခဲ့သည်။

ဆုတံဆိပ်ရေးရာ[ပြင်ဆင်ရန်]

၂၇ မတ် ၁၉၅၉တွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်) တံဆိပ်ချီးမြှင့် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

၇ ဇွန် ၁၉၈၀ တွင် နိုင်ငံတော်၏ အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့် အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမအဆင့်) ချီးမြှင့် ခံခဲ့ရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၆ နိုဝင်ဘာ ၁၉၈၈ ခုနှစ် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်ဆေးရုံကြီး တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ညွန့်နှင့် သားသမီးများ ကျန်ရစ်သည်။[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။
  2. ကျော်ငြိမ်း ၏ ရဲဘော်သုံးကျိပ် အတ္ထုပ္ပတ္တိ