အောင်ဆန်းစုကြည်၊ ဒေါ်
{{#if:|
| Daw Aung San Suu Kyi MP AC |
|
|---|---|
| Chairman of the National League for Democracy | |
| Incumbent | |
| Assumed office 27 September 1988 |
|
| Preceded by | Position established |
| Member of the Pyithu Hluttaw for Kawhmu |
|
| Incumbent | |
| Assumed office 2 May 2012 |
|
| Preceded by | Soe Tint |
| Majority | 46,730 (71.38%)[၁] |
| Personal details | |
| Born | 19 June 1945 Rangoon, British Burma (now Yangon) |
| Political party | National League for Democracy |
| Other political affiliations |
|
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မြန်မာအမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခွင့် ရှိခဲ့သော်လည်း၊ စစ်အစိုးရမှ ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။ မြန်မာစစ်အစိုးရသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ အကျယ်ချုပ် သက်တမ်းပြည့်သည့်နေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သည်။ [၂] ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမတ်ဖြစ်လာသည်။[၃]
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၄၅ ခုနှစ် ဇွန် ၁၉ ရက်တွင် ရန်ကုန်၌ မွေးဖွားသည်။ သူသည် အကြမ်းမဖက်သော ဒီမိုကရေစီအရေးလှုပ်ရှားသူ တစ်ဦးဖြစ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရပ်ဖ်တိုဆု နှင့် လွတ်လပ်စွာစဉ်းစားတွေးခေါ်မှုအတွက် ပေးအပ်သော စက်ခါရော့ဗ်ဆုတို့ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး ဖိနှိပ်ချုပ်ချယ်သည့် စစ်အစိုးရ လက်အောက်တွင် အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကြောင့် ၁၉၉၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကိုပါ ပေးအပ်ခြင်းခံရသည်။
မာတိကာ |
[ပြင်ဆင်ရန်] ကိုယ်ရေးသမိုင်း
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၄၅ ခုနှစ် ဇွန် ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှထံမှ ၁၉၄၇ ခုနှစ်တွင် ရယူခဲ့ပြီး ထိုနှစ်၌ပင် ပြိုင်ဘက်များက လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူသည် သူ၏မိခင် ဒေါ်ခင်ကြည်၊ မွေးချင်းများ ဖြစ်သော အောင်ဆန်းလင်းနှင့် အောင်ဆန်းဦးတို့နှင့် အတူ ရန်ကုန်တွင် နေထိုင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ရှစ်နှစ်သမီးအရွယ်တွင် အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကလေးဘဝတွင် ရန်ကုန်ရှိ ကက်သလစ်သာသနာပြုကျောင်းများတွင် ပညာသင်ကြားခဲ့သည်။
မြန်မာအစိုးရအသစ်အဖွဲ့တွင် ဒေါ်ခင်ကြည်မှာ ထင်ရှားလာသည်။ ၁၉၆၀ ပြည့်နှစ်တွင် သူ့အား အိန္ဒိယသံ အမတ်အဖြစ် ခန့်အပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားပြီး ၁၉၆၄ ခုနှစ်တွင် နယူးဒေလီရှိ လေဒီရှရီရမ်း ကောလိပ်မှ ကျောင်းဆင်းခဲ့သည်။ သူသည် အောက်စဖို့တက္ကသိုလ်၊ စိန့်ဟူးစ်ကောလိပ်တွင် ဆက်လက်ပညာဆည်းပူးခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ဘီအေဘွဲ့ကို ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေးဘာသာတို့ဖြင့် ရယူခဲ့သည်။ ယင်းနောက်တွင် သူသည် နယူးယောက်မြို့တွင် ဆက်လက်ပညာဆည်းပူးခဲ့ပြီး ကုလသမဂ္ဂတွင် အလုပ်လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဘူတန်နိုင်ငံတွင် ရောက်ရှိနေထိုင်သည့် တိဗတ်ယဉ်ကျေးမှုဘာသာရပ်ကို လေ့လာသူ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့လေသည်။ နောက်တစ်နှစ်အကြာတွင် သားဦးဖြစ်သူ အလက်ဇန္ဒား အဲရစ် ကို လန်ဒန်တွင် မွေးဖွားပြီး ၁၉၇၇ ခုနှစ်တွင် ဒုတိယသားဖြစ်သူ ကင်မ် အဲရစ် အား မွေးဖွားခဲ့သည်။
[ပြင်ဆင်ရန်] နိုင်ငံရေးခရီးအစ
၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေထိုင်မကောင်း ဖြစ်နေသဖြင့် မိခင်အားပြုစုရန်မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုနှစ်တွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်နေဝင်းသည် ရာထူးမှ အနားယူခဲ့ရာမှ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်စွာ နှိမ်နင်း အရေးယူခဲ့သည်။ စစ်အာဏာရှင်အသစ် တစ်ဖွဲ့တက်လာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဟတ္တဂန္ဒီ၏ အကြမ်းမဖတ်သည့် ဝါဒ နက်ရှိုင်းစွာ လွှမ်းမိုးခြင်း ခံနေရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ရာတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် နေအိမ်အကျယ်ချူပ် ကျခံခဲ့ရသည်။ သူ့အား တိုင်းပြည်ကို စွန့်ခွာပါက လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ သူ၏ နာမည်ကျော်မိန့်ခွန်းဖြစ်သည့် ‘ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး’ ၏ အစတွင် ‘ကြောက်ရွံ့ခြင်းသာလျှင် ဖောက်ပြန်ပျက်စီးစေတတ်ခြင်း ဖြစ်သည် အာဏာမဟုတ်၊ အာဏာကို လက်လွှတ်ရန်ကြောက်နေခြင်းက အာဏာရှိသူများကို ပျက်စီးစေသည်။ အုပ်ချုပ်ခြင်းခံရသူများသည် အဏာစက်ဒဏ်၏ စက်ဆုတ်ရွံမုန်းဖွယ်က ကြောက်ရွံ့စေသည်’
[ပြင်ဆင်ရန်] မြန်မာနိုင်ငံအတွင် အထိန်းသိမ်းခံရခြင်း
၁၉၉၀ ပြည့်နှစ်တွင် စစ်အစိုးရသည် ထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသက် အနိုင်ရရှိခဲ့သည်။ ပုံမှန်အခြေအနေတွင် သူသည် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံရမည် ဖြစ်သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်များအား မလေးစားပဲ အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာ၏ ရှုပ်ချခြင်းကို ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်နှစ်တွင် စက်ခါရော့ဗ်ဆု ရရှိပြီး ၁၉၉၁ ခုနှစ်တွင် နိုဗယ်ငြိမ်းချမ်းရေးဆုကြီးကို ပါရရှိခဲ့သည်။ သူ၏ ကိုယ်စား သားများဖြစ်သည့် အလက်ဇန္ဒားနှင့် ကင်တို့က နိုဗယ်ငြိမ်းချမ်းရေးဆုအား တက်ရောက်ယူခဲ့ကြသည်။ အလက်ဇန္ဒား၏ ဆုယူစဉ် မိန့်ခွန်းအား ပြည်ပချိတ်ဆက်များတွင် ကြည့်ရှုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဆုငွေဒေါ်လာ ၁.၃ သန်းအား မြန်မာပြည်သားများအတွက် ကျန်းမာရေးနှင့် ပညာရေးများအတွက် ရန်ပုံငွေအဖြစ်ထူထောင်ခဲ့သည်။
သူ့အား ၁၉၉၅ ခုနှစ် ဇူလိုင်တွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး သူ၏မိသားစုရှိရာ အင်္ဂလန်သို့ ပြန်ခဲ့ပါက နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရတော့မည် မဟုတ်ကြောင်း သတိပေးခြင်းခံရသည်။ သူ၏ ခင်ပွန်းသည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ် ၁၉၉၇ ခုနှစ်က ဆီးကြိတ်ကင်ဆာဖြင့်နာမကျန်းဖြစ်သောအခါ မြန်မာအစိုးရသည် ပြည်ဝင်ခွင့်မပြုခဲ့ချေ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာနိုင်ငံကို စွန့်ခွာခြင်းမပြုတော့ဘဲ ၁၉၉၇ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့သော ခင်ပွန်းဖြစ်သူနှင့်လည်း ပြန်လည်တွေ့ဆုံခြင်း မရှိတော့ချေ။ အင်္ဂလန်တွင် ကျန်ခဲ့သော ကလေးများနှင့်လည်း ယနေ့တိုင်ဝေးကွာနေခဲ့ရသည်။
သူ့အား သူ၏ပါတီကို ထောက်ခံအားပေးသူများနှင့်လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် နောက်တစ်ကြိမ် နေအိမ်အကျယ်ချုပ်ခြင်း ခံရသည်။ ၂၀၀၂ ခုနှစ် မေ ၆ ရက်တွင် ကုလသမဂ္ဂ ၏ လျှို့ဝှက်ယုံကြည်မှုညှိနှိုင်းဆွေးနွေးမှုအရ လွှတ်ပေးခဲ့သည်။ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ သူ့အား စိတ်ချယုံကြည်ရပြီဖြစ်၍ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကပင် ‘တိုင်းပြည်အတွက် အာရုံဦးတစ်ခု ထွန်းပေါ်လာပြီ’ ဟုဆိုခဲ့သည်။ သို့သော်လည်း ၂၀၀၃ ခုနှစ် မေ ၃၀ ရက်တွင် သူလိုက်ပါလာသည့် ယာဉ်တန်းအား ဒီပဲယင်းအနီးတွင် အစိုးရက ကြီးမှူးသော လူရမ်းကားတစ်စုက တိုက်ခိုက်သတ်ဖြတ်ခဲ့သဖြင့် သူ့အားထောက်ခံအားပေးသူများစွာ သေကြေဒဏ်ရာရခဲ့သည်။ သူသည် ယာဉ်မောင်း ကိုကျော်စိုးလင်း၏ အကူအညီဖြင့် အခင်းဖြစ်ပွားရာမှ လွတ်ထွက်လာသော်လည်း ရေဦးအရောက်တွင် အဖမ်းခံရသည်။ သူ့အား အင်းစိန်ထောင်တွင် အကျဉ်းချခဲ့သည်။ ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် သားအိမ်ထုတ်ခြင်းခွဲစိတ်မှုပြုလုပ်ပြီး နောက်ရန်ကုန်၌နေအိမ်အကျယ်ချုပ် ပြန်လည်ချထားခြင်းခံရသည်။
၂၀၀၄ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအီစမေးလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နောက်တစ်နှစ်တွင် အီစမေးလ်သည် ရာထူးမှအနားယူခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ အကြိမ်များစွာ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းခံရသည်မှာလည်း အနားယူရခြင်း အကြောင်းရင်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။
၂၀၀၄ ခုနှစ်မေ ၂၈ ရက်တွင် ကုလသမဂ္ဂ၏ ကြောင်းကျိုးမဲ့ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့မှ သဘောထားမှတ်ချက် (၂၀၀၄ ခုနှစ် မှတ်ချက် အမှတ် ၉) ထုတ်ပြန်ရာ သူ၏ လွတ်လပ်မှုဆုံးရှုံးခြင်းမှာ ကြောင်းကျိုးမဲ့အရေးယူခြင်း မြောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးပဋိညာဉ်စာချုပ် ၁၉၄၈ နှင့် ဆန့်ကျင်လျက်ရှိပြီး မြန်မာအာဏာပိုင်များက ထိန်းသိမ်းခြင်း မပြုလုပ်ရန်ပန်ကြားခဲ့သည်။ သို့သော် အာဏာပိုင်များက ဤပန်ကြားချက်ကို ယနေ့တိုင် မသိကျိုးကျွန် ပြုခဲ့သည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ထားခြင်းကို တစ်နှစ်ထပ်မံ တိုးမြှင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတည်ပြုခဲ့သည်။ အနောက်တိုင်းနိုင်ငံများနှင့် ကုလသမဂ္ဂတို့မှ အဆိုပါ တိုးမြှင့်မှုကို သဘောမတူကြောင်းပြသခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် ကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက်အထွေထွေ အတွင်းရေးမှုးချုပ်ဖြစ်သူ အီဗရာဟင် ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့လေသည်။ ၎င်းက တွေ့ဆုံမှု မှာ ၂၀၀၄ ခုနှစ် ကတည်းက စတင်၍ နိုင်ငံခြားသား အရာရှိ တစ်ဦးနှင့် ပထမဆုံးသော တွေ့ဆုံမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်ချထားခြင်းကို ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်တွင် အဆုံးသတ်စေမည် ဖြစ်သော်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံသို့ တိုက်ရိုက်လျှောက်ထားချက်ကို ပယ်ချပြီး မြန်မာအစိုးရမှ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့သည်။ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၁၀(ခ) အရ ရုံးမတင်ပဲ လူတစ်ယောက်အား ငါးနှစ် အထိချုပ်နှောင်ထားနိုင်သည့် ပုဒ်မဖြင့် ဆက်လက်ထိမ်းသိမ်း ထားခဲ့သည်။
၂၀၀၆ ခုနှစ် ဇွန် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်းထန်သည့် ဝမ်းလျှောရောဂါနှင့် အားလျော့ပြီး ဆေးရုံတင်ထားခြင်း ခံရကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ သတင်းပေးပို့ခဲ့သည်။ ၎င်းကြေငြာချက်မျိုးကို မြန်မာနိုင်ငံ၏ ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီမှ ငြင်းပယ်ခဲ့သည်။
၂၀၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် လက်ထောက်အထွေထွေ အတွင်းရေးမှုးချုပ် ဂန်ဘာရီသည် လူ့အခွင့်အရေးကို ကျယ်ပြန့်စွာ လိုက်နာစေလိုသဖြင့် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးဆန့်ခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့သည်။ ဂန်ဘာရီ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရှိရပြီး သူ၏ဆန္ဒမှာ မိသားစုဆရာဝန်နှင့် ပိုမို၍ ပုံမှန်ပြသလိုကြောင်း ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် မေလ တွင် နအဖက နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁ နှစ်ထပ်တိုးသည်။
၂၀၀၉ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရက အင်ယားကန်ကို ဖြတ်ကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၂ ရက်ကြာ နေထိုင်သည်ဟုဆိုသည့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောအား ဖမ်းဆီးမိသည်ကို အကြောင်းပြကာ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်များကို ချိုးဖောက်သည်ဟု စွပ်စွဲပြီး သူမအား အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်။ မေလ ၁၈ ရက်နေ့တွင် ရက်ချိန်းထပ်ြပီး အင်းစိန်ထောင် အထူးသီးသန့်အိမ်၌ ထိမ်းသိမ်းထားခြင်းခံရသည်။
[ပြင်ဆင်ရန်] နိုင်ငံတကာမှ ပံ့ပိုးကူညီသူများ
[ပြင်ဆင်ရန်] နိုင်ငံများ
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် အမေရိကန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ရက်သက်တမ်းတိုးတိုးခြင်း မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါရန် ဖိအားပေးလေသည်။
၂၀၀၅ ခုနှစ် ဇွန် ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၅ ခုနှစ် ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သော သူ၏နှစ် ၆၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံအချို့ရှိ မြန်မာသံရုံးများရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ နိုင်ငံတကာမှလည်း ဆန္ဒပြမှုများကို အသိအမှတ် ပြုခဲ့ကြသည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာနှောင်းပိုင်းတွင် အမေရိကန်အစိုးရသည် သံတမန်နည်းလမ်းဖြင့် ထပ်မံ၍ ဖိအားပေးပြန်ပါသည်။ မြန်မာနိုင်ငံ၏ ယိုယွင်းလျက်ရှိသော အခြေအနေကို ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် နိုင်ငံစုံမှ အရေးယူခြင်းပြုလုပ်ရန်နှင့် လုံခြုံရေးကောင်စီ၏ တရားဝင်ဆွေးနွေးရန်ကဏ္ဍတွင် ထည့်သွင်းပေးပါရန် ပြင်းထန်စွာ တိုက်တွန်းလာသည်။ ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အားထပ်မံ၍ တစ်နှစ်တိတိ ချုပ်ရက်တိုးမြှင့်ရာမှ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် လုံခြုံရေးကောင်စီ၏ ဆွေးနွေးရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံအရေးကိစ္စကို ထည့်သွင်းရန်သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
[ပြင်ဆင်ရန်] အဖွဲ့အစည်းများ
ဒေါ်အောင်ဆန်းစုကြည်သည် စတင်ထိန်းသိမ်းခံရစဉ်မှစ၍ International IDEA နှင့် Article 19 တို့၏ ဂုဏ်ထူးဆောင် ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားခြင်းခံခဲ့ရပြီး ၎င်းအဖွဲ့ကြီးများ၏ ကူညီထောက်ပံ့မှုကို ရရှိခဲ့သည်။
ဘယ်ဂျီယံနိုင်ငံတွင် တည်ရှိသော ကက်သလစ်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor Honoris Causa)ကို အပ်နှင်းခြင်းခံရသည်။ နှစ်စဉ် ဇွန်လတွင် အမေရိကမှ မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) မှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေး သည့်အနေနှင့် ‘ကိုယ့်ကိုယ်ကို ဖမ်းချုပ်ကြ’ ဟူသည့် ကြွေးကြော်သံဖြင့် ကမ္ဘာအနှံ့အိမ်များတွင် ၎င်းဧည့်ခံပွဲများ ပြုလုပ်ကျင်းပကြသည်။ ဤပါတီပွဲများတွင် စည်းရုံးလှုပ်ရှားသူများသည် တစ်ရက်တာ ၂၄ နာရီအတွင်း အိမ်တွင်း၌ နေကြပြီး မိတ်ဆွေများအား ဖိတ်ကြားပြီးလျှင် မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်းတို့ကို လေ့လာဆွေးနွေးကြသည်။
လူ့အခွင့်အရေးလှုပ်ရှားမှု ဗဟိုဌာန Human Rights Action Center နှင့် အမေရိကမှ မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) တို့၏ ပူးပေါင်းလှုပ်ရှားမှုဖြစ်သော လွတ်မြောက်ရေးတိုက်ပွဲလှုပ်ရှားမှုမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းတိုက်ပွဲဝင်မှုများကို ကမ္ဘာမှ မျက်ခြေမပြတ် သတိရနေစေရန် အားထုတ်ကြသည်။
သူပညာသင်ခဲ့သော စိန့်ဟူးစ်ကောလိပ်၊ အောက်စဖို့တက္ကသိုလ် နှစ်စဉ်ကျင်းပလေ့ရှိသော ကပွဲအခမ်းအနားတွင် မြန်မာနိုင်ငံက ကဏ္ဍတစ်ခုကို ထည့်သွင်းလေ့ရှိသည်။
[ပြင်ဆင်ရန်] ပေါ်ပြူလာ မီဒီယာ
၁၉၉၅ ခုနှစ်တွင် ဂန်ဘော်မင်းရိုက်ကူးခဲ့သည့် ‘ရန်ကုန်အလွန်’(Beyond Rangoon) ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အား သိသာစွာ ဖော်ထုတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် တေးဂီတပညာရှင် ဒေးဗစ်ဘိုင်း၏ ယခင်အိမ်ထောင်ဘက်ဖြစ်သူ အေဒယ်လုဒ်မှ သရုပ်ဆောင်ထားသည်။ ဆက်ဆိုဖုန်းပညာရှင် တေးရေးဆရာ ဝိန်းရှောတာသည် ၎င်း၏ သီချင်းတစ်ပုဒ်ကို ‘အောင်ဆန်းစုကြည်’ ဟု အမည်ပေးထားသည်။ ၎င်းနှင့် ဟာဘီဟင်ဘော့စ်တို့ နှစ်ဦး၏ ၁၉၉၇ ခုနှစ်ထုတ် ပလပ်စ်ဝမ်းအယ်လ်ဘမ်တွင် အဆိုပါသီချင်း ပါဝင် လူသိများခဲ့သည်။
၂၀၀၁ ခုနှစ်တွင် အိုင်းရစ်ရော့ခ်တေးဂီတအဖွဲ့ ယူတူး၏ ဒေါ်အောင်ဆန်းစုကြည်အား ရည်မှန်း၍ စပ်ဆိုထားသော ‘ဝေါ့ခ်အွန်’(Walk On) ဟူသည့် သီချင်းတစ်ပုဒ်တည်း ပါဝင်သည့် အခွေလည်း ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ အနုပညာရှင်စုံတို့မှ ‘ဝေါ့ခ်အွန်’ သီချင်းကို သရုပ်ဖော်ထားသည့် ‘ဟေဒယ်လေဒီ’ ဟူသည့် အခွေမှာ စစ်အစိုးရ၏ ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ဇွန် ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် လန်ဒန်နှင့် ဂလပ်စ်ဂေါအသီးသီးတို့၌ ကျင်းပခဲ့သော ဗာတီဂိုနယ်လှည့်ဖျော်ဖြေပွဲများတွင် ယူတူးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း၍ ‘ရမ်းနင်းတူစတန်းစတေးလ်’(Running to stand still) ဟူသော တင်ဆက်မှုကို ပြုလုပ်ခဲ့သည်။ အခြားအနုပညာ ရှင်များဖြစ်ကြသည့် ဘလက်ဟိုင်းပီးစ်၊ ကိုးပလေး၊ ဒါမီးယမ်းရိုက်စ် နှင့် အားအီးအမ်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လူသိရှင်ကြား ထောက်ခံအားပေး ခဲ့ကြသည်။
ရိုက်စ်၏ လီစာဟဲန်ဂန်းနှင့် ပူးတွဲထုတ်လုပ်ခဲ့သည့် တေးသရုပ်ဖော် ဗီဒီယို ‘အန်ပလေပီယံနို’(Unplayed piano)တွင် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းစပ်ဆိုထားသော အပိုင်းမှာ ထင်ရှားစွာ ပါဝင်ခဲ့လေသည်။
၂၀၀၃ ခုနှစ်၏ ဥရောပ အမ်တီဗီ ဂီတဆု ချီးမြှင့်ပွဲတွင် သူ့အား ‘ဖရီးယော်မိုင်းဒ်’ ဟူသည့် ဆုကို ချီးမြှင့်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် နယူးစတိတ်မင်း မဂ္ဂဇင်း၏ စုစည်းတင်ပြသည့် ‘ကျွန်ုပ်တို့ခေတ်၏ သူရဲကောင်း’ စာရင်းတွင် သူ့အား ထိပ်ဆုံးအမှတ် ၁ နေရာအဖြစ် ရွေးချယ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ခင်ပွန်းသည် မိုက်ကယ်အဲရစ်တို့၏ ဘဝဇာတ်ကြောင်းကို အခြေခံသည့် သည်အမျိုးသမီး (The Lady) အမည်ရှိ ရုပ်ရှင်ဇာတ်ကားတစ်ခုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာအနှံ့တွင် ပြသရန် စီစဉ်လျက်ရှိသည်။ ဤဇာတ်ကားတွင် မလေးရှားနိုင်ငံသား ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယို (Michelle Yeoh) မှ ဒေါ်အောင်ဆန်းစုကြည်၊ အင်္ဂလန်နိုင်ငံသား ဒေးဗစ်သျူးလစ် (David Thewlis) မှ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် မိုက်ကယ် အဲရစ် အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ [၅]
[ပြင်ဆင်ရန်] ရရှိခဲ့သော ဆုများ
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ အသိအမှတ် ဂုဏ်ပြုသည့် ဆုများရာကျော်ရှိသည်။ ရရှိသော ဆုများ၏ ငွေကြေးများကို မြန်မာပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေး(ကဏ)အတွက် လှူဒါန်းလေ့ရှိသည်။ ရရှိခဲ့သောဆုများအားလုံးကို အကျယ်တဝင့် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ဆုများဟု၍ ဖော်ပြထားသည်။
| စဉ် | ခုနှစ် | ရရှိခဲ့သည့် ဆု အမည် | ပေးအပ်သည့် ဌာန | နိုင်ငံ | ဆုကြေး |
| ၁ | ၁၉၉၀ | သိုးရော်ဖ် ရဖ်တို ဆု (Rafto Prize) | ရဖ်တို လူ့အခွင့်အရေး ဖောင်ဒေးရှင်း | ||
| ၂ | ၁၉၉၁ | ဆာခါရော့ဗ်ဆု (Sakharov Prize) | ဥရောပ ပါလီမန် | ၅၀ ၀၀၀ ယူရို | |
| ၃ | ၁၉၉၁ | နိုဘယ် ငြိမ်းချမ်းရေး ဆု (Nobel Peace Prize) | နိုဘယ် ကော်မတီ | ၆ ၀၀၀ ၀၀၀ ဆွီဒင် ခရုံနာ | |
| ၃ | ၁၉၉၆ | Companion of the Order of Australia | |||
| ၄ | ၂၀၀၀ | လွတ်ငြိမ်းချမ်းသာခွင့် သမ္မတ ဆု | |||
| ၅ | ၂၀၀၂ | မဒန်ဂျိတ် ဆင့်ဂျ် ဆု (Madanjeet Singh Prize) | ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု (UNESCO) | ||
| ၆ | ၂၀၀၂ | A Doctor of Laws honoris causa | Memorial University of Newfoundland | ||
| ၇ | ၂၀၀၄ | ဂွမ်ဂျူး လူ့အခွင့်အရေးဆု (Gwangju Prize for Human Rights) | |||
| ၈ | ၂၀၀၇ | Honorary Canadian citizenship | |||
| ၉ | ၂၀၀၇ | အိုလွတ်ဖ် ပါလ်မယ် ဆု (Olof Palme Prize) | အိုလွတ်ဖ် ပါလ်မယ် မိသားစု နှင့် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ထူထောင်မှု | ၇၅ ၀၀၀ အမေရိကန် ဒေါ်လာ
|
|
| ၁၀ | ၂၀၀၈ | ကွန်ဂရက် ရွှေတံဆိပ်ဆု Congressional Gold Medal) [၆] | United States Congress |
-
- ဆက်စပ်လေ့လာရန် ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ
သူမသည် နေ့စဉ် တရားထိုင်လျက်ရှိကာ ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်။ ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိသည်။ အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍ အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။[၇]
[ပြင်ဆင်ရန်] ရေးသားခဲ့သည့် စာအုပ်များ
[ပြင်ဆင်ရန်] ကိုးကား
- ↑ "Myanmar election commission announces NLD wins overwhelmingly in by-elections", Xinhua, 2 April 2012. Retrieved on 2 April 2012.
- ↑ ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ (ဘီဘီစီ)
- ↑ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရ၊ အန်အယ်လ်ဒီ အများစုနိုင်ရန် မျှော်လင့်
- ↑ http://www.bbc.co.uk/news/world-asia-15997268
- ↑ http://michelleyeoh.info/Movie/thelady.html
- ↑ http://clerk.house.gov/art_history/house_history/goldMedal.html
- ↑ http://moemaka.com/2012/02/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%80%E1%80%BA%E1%80%94%E1%80%B9/
- အောင်ဆန်း
- ပြည်ထောင်စု မြန်မာနိုင်ငံတော်
- MizzimaThis website uses private non-standard font.