ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
(ဇေယျ၊ ဗိုလ် (ရဲဘော်သုံးကျိပ်) မှ ပြန်ညွှန်းထားသည်)
ဗိုလ်ဇေယျ
မွေးသက္ကရာဇ်၁၀ ဒီဇင်ဘာ ၁၉၁၃-ခုနှစ်၊
မွေးဖွားရာဒေသအလုံမြို့(မုံရွာမြို့နယ်) နန်းတော်ရှေ့ရွာ
အမည်ရင်းကိုလှမောင်
သခင်အမည်သခင်လှမောင်
ဗိုလ်ဘွဲ့အမည်ဗိုလ်ဇေယျ
ဂျပန်အမည်Kaga Masashi
မိဘအမည်ဦးချစ်မောင် ဒေါ်စိန်တိုင်
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ကွယ်လွန်ရက်၁၆ ဧပြီ ၁၉၆၈-ခုနှစ် (ကျဆုံး)
လက်မှတ်


ရဲဘော်သုံးကျိပ်ဝင် သခင်လှမောင် (ခေါ်) ဗိုလ်ဇေယျ ကို ၁၀ ဒီဇင်ဘာ ၁၉၁၃ ခုနှစ်တွင် မုံရွာမြို့နယ်၊ အလုံမြို့၊ နန်းတော်ဈေးရပ်တွင် ဦးချစ်မောင်၊ ဒေါ်စိန်တိုင် တို့မှ ဖွားမြင်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ အမည်ရင်း ကိုလှမောင် ဖြစ်သည်။ ဂျပန်အမည် မှာ ကာဂါမာဆာရှိ ဖြစ်သည်။ ဗိုလ်အမည်ခံရာတွင် ဗိုလ်ဇေယျ ဖြစ်လာခဲ့သည်။

ကျောင်းသားဘဝ နှင့် ပညာရေးရာ[ပြင်ဆင်ရန်]

ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဒသမတန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၃၄-၃၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် သို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလအတွင်း ရန်ကုန်တက္ကသိုလ် တတိယသပိတ်တွင် ခေါင်းဆောင်တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၀ ဖေဖော်ဝါရီ ၁၉၃၉ တွင် မန္တလေးမြို့ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး ဒဏ်ရာရခဲ့သည်။ မန္တလေး အရေးပိုင် မစ္စတာလတ်(တ်)က လူထုကို သေနတ်ဖြင့်ပစ်ရာ အာဇာနည်(၁၇)ဦး သေဆုံးရသည့်အပြင် ကိုလှမောင် ပေါင်ကို သေနတ်မှန်ခဲ့သည့် အတွက် ရဲဘော်အချို့က သေနတ်လှမောင် ဟု ခေါ်ခဲ့ကြသည်။ မိတ္ထီလာလှမောင် နှင့် အမည်ကွဲရန်ဖြစ်သည်။ [၁] ၁၉၃၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၁၈ နိုဝင်ဘာ ၁၉၃၉ ခုနှစ်၊ မြေအောက်လျှို့ဝှက်အဖွဲ့ ဖွဲ့စည်းရာတွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံ သို့ စစ်ပညာ သင်ကြားရန် စေလွှတ်သည့် တတိယ အသုတ် မြန်မာမျိုးချစ် လူငယ်များနှင့် အတူ ၁၉၄၁ မေလ တွင် ကိုဆိုင်မာရူး သင်္ဘော ဖြင့် ရန်ကုန်မြို့ မှ ထွက်ခွာခဲ့ရာ ၁၉၄၁ ခုနှစ်၊ မေလကုန်တွင် ဂျပန်နိုင်ငံ သို့ ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းတွင် စစ်ပညာများ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံတွင်းသို့ မချီတက်မီ ပြည်တွင်းသူပုန် အဖွဲ့ဝင် အဖြစ် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့ရာ ၁၁ ဒီဇင်ဘာ ၁၉၄၁ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် ပြည်သူ့အရေးတော်ပုံ ပါတီဝင်များနှင့် တွေ့ဆုံပြီး ဂျပန်တပ်များ အကြောင်းနှင့် မှာကြားလိုက်သော ကိစ္စများကို သတင်းပို့ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့ တို့တွင် စစ်ပညာသင်တန်းများ ပေးခြင်း၊ စစ်လက်နက်ငယ် သင်တန်းပေးခြင်းများ ကို ဆောင်ရွက်ခဲ့သည်။

ဂျပန်တပ်မတော် နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် ရန်ကုန်ကို သိမ်းပိုက်ပြီးနောက် ၅ ဧပြီ ၁၉၄၂ ခုနှစ်တွင် ဗိုလ်မှူးကြီးဇေယျသည် တပ်မ(၁) ကို ဦးစီး၍ အထက်မြန်မာနိုင်ငံသို့ ချီတက်သော ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။

၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ကို ဖျက်သိမ်း၍ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသော အခါ ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဖွင့်လှစ်သော မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း တွင် ကျောင်းအုပ်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။

၂၃ ဩဂုတ် ၁၉၄၄ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်း အဝေး သို့ တက်ရောက်ခဲ့သည်။ ၁၉၄၄ ခုနှစ် အောက်တိုဘာလတွင် ဗမာနိုင်ငံ အစိုးရအဖွဲ့၌ ဒုတိယ စစ်ဝန်ကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁ မတ် မှ ၃ မတ် ၁၉၄၅ ခုနှစ် အထိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ကျင်းပသော ဖတပလ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။ ထို အစည်းအဝေး တွင် ဖက်ဆစ်ဂျပန်တို့အား တော်လှန် တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး ကာလ တွင် ရှေ့တန်း စစ်ဌာနချုပ် ၌ စစ်ဦးစီးမှူး အဖြစ် တာဝန်ယူကာ ဖက်ဆစ်ဂျပန် တို့ကို တော်လှန် တိုက်ခိုက်ခဲ့သည်။

၁၂ ဩဂုတ် ၁၉၄၅ ခုနှစ်တွင် ဗမာ့တပ်မတော် ခေါင်းဆောင် အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ လ တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ သီဟိုဠ် (ယခု သီရိလင်္ကာ) နိုင်ငံ ကန္ဒီမြို့သို့ သွားရောက်ရာတွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဒုတိယ ဗိုလ်မှူးကြီးဇေယျသည် စစ်ဦးစီး အရာရှိ ပထမတန်း အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ဗမာ့ တပ်မတော် တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် ၁၉၄၈၊ ဩဂုတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ပါတီနိုင်ငံရေး[ပြင်ဆင်ရန်]

၁၆ ဇူလိုင် ၁၉၄၈ ခုနှစ်တွင် ဖွဲ့စည်းသော လက်ဝဲညီညွတ်ရေးကောင်စီ ၌ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ လက်ဝဲညီညွတ်ရေး ကောင်စီတွင် ပါဝင်ဆောင်ရွက်နေစဉ် ဒုတိယ ဗိုလ်မှူးကြီးဇေယျ သည် ဝန်ကြီးချုပ် ဦးနု ထံ ၎င်းအား ကာကွယ်ရေး ဝန်ကြီး ခန့်အပ်ရန် တောင်းဆိုရာ သခင်နု က လက်မခံခဲ့ပေ။

ဗိုလ်ဇေယျ သည် လက်ဝဲညီညွတ်ရေး ကောင်စီ၏ အာဏာသိမ်းရေး လမ်းစဉ် ကို လက်ခံကာ ၁၀ ဩဂုတ် ၁၉၄၈ ခုနှစ်တွင် ဗမာ့ တပ်မတော် တပ်ရင်း အချို့ တောခိုရာ ၌ ပါဝင်ခဲ့သည်။ ၁၉၄၈-၅၀ ပြည့်နှစ်တွင် တော်လှန်နေသော ဗမာ့တပ်မတော် ၏ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၄ မတ် ၁၉၄၉ တွင် ပြည်မြို့ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့ရဲဘော် (အဖြူ) နှင့် တော်လှန်နေသော ဗမာ့တပ်မတော် တို့ ပူးပေါင်း၍ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် မတ်လတွင် ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု ပြိုကွဲသွားပြီးနောက် တော်လှန်သော ဗမာ့တပ်မတော် ကို ဖျက်သိမ်းလိုက်ပြီး တောခိုတပ်များနှင့် ဗမာပြည် ကွန်မြူနစ်ပါတီ ၏ လက်နက်ကိုင်တပ်များ ပူးပေါင်းခဲ့သည်။ ထို့နောက် ဗိုလ်ဇေယျသည် ဗမာပြည် ကွန်မြူနစ်ပါတီတွင် ဗဟိုကော်မတီဝင် ဖြစ်လာခဲ့သည်။

၁၆ ဒီဇင်ဘာ ၁၉၅၃ ခုနှစ်တွင် ဗိုလ်ဇေယျ နှင့် သခင်သန်းမြိုင် တို့ ခေါင်းဆောင်သော အဖွဲ့သည် ဗန်းမော်ခရိုင် မှ တဆင့် တရုတ်နိုင်ငံ သို့ သွားရောက်ခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံတွင် ဖွဲ့စည်းသည့် အဝေးရောက် ကွန်မြူနစ်ပါတီ တွင် ပါဝင်ခဲ့သည်။

၂၃ ဇူလိုင် ၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ တော်လှန်ရေး ကောင်စီနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားပြီးနောက် ၁၆ နိုဝင်ဘာ၊ ၁၉၆၃ ခုနှစ်တွင် သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ဗကပ တောတွင်းစခန်း သို့ သွားရောက်ခဲ့သည်။ ထို့နောက် ဗကပ ဗဟိုကော်မတီ အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဗဟို စစ်ဦးစီး ဌာနချုပ်မှူး အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့ ဇနီးဒေါ်ခင်တင့်တို့တွင်

  1. ဒေါ်ခင်မာလာ၊ + ကောလိပ်ဂျင်နေဝင်း
  2. ဒေါ်နီနီ၊
  3. ဒေါ်မြသီတာ၊
  4. ဒေါ်အင်ကြင်းဇေယျ၊
  5. ဒေါ်ဧကရီဇေယျ စတဲ့ သမီး ၅ ဦးထွန်းကားခဲ့သည်။

[၂]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၆ ဧပြီ ၁၉၆၈ ခုနှစ် တွင် မြန်မာ့တပ်မတော်မှ ဗကပ ဌာနချုပ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်စဉ် ကျဆုံးသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. သခင်အောင်ကြီး(ပေါင်းတည်)၏ ထပ်တစ်လဲလဲ အမှားများ သခင်တင်မြ (ဆောင်းပါး) (04 Nov 2011)။
  2. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ ဇနီးဒေါ်ခင်တင့်(၈၅)နှစ် ကွယ်လွန် (ဟေမာနေဝင်း၊ ရာဇာနေဝင်း နှင့် အိန္ဒြာကျော်ဇင် တို့၏အဘွား ) (ဆောင်းပါး) (04 Nov 2011)။
  3. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။

ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။