မြန်မာနိုင်ငံနှင့် စစ်အုပ်ချုပ်ရေး

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှနေမဝင်အင်ပါယာလက်အောက်မှ တရားဝင်လွတ်လပ်ရေးရရှိခဲ့သည်။ မြန်မာနိုင်ငံ၏ပထဆုံးသမ္မတမှာ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ဖြစ်ပြီး ဝန်ကြီးချုပ်မှာ ဦးနု ဖြစ်လာခဲ့သည်။ သို့သော်ငြားလည်း လွတ်လပ်ရေး ရပြီး လေးလအကြာ ၁၉၄၈ ခုနှစ်၊ဧပြီလ ၂ရက်နေ့တွင် မြန်မာ့ပြည်တွင်းစစ်မီးသည် တစ်နိုင်ငံလုံးသို့ပြန့်နှန့်သွားပြီး ဟုန်းဟုန်းတောက် တောက်လောင်ခဲ့ရပေသည်။ မြန်မာပြည်အစိုးရကို နိုင်ငံတကာက ရန်ကုန်အစိုးရဟု အခေါ်ခံရလောက်အောင် ရန်ကုန်မြို့၏ အင်းစိန်အထိ KNDO တပ်များကသိမ်းပိုက်ထားနိုင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)များကလည်းပျဉ်းမနားမြို့ကိုဗဟိုပြုပြီးမြန်မာပြည်အလယ်ပိုင်းကိုထိန်းချုပ်ထားသည်။ရဲဘော်ဖြူ(PVO)တပ်များသည်ဖြူးမြို့နှင့်ဝန်းကျင်ကိုစိုးမိုးထားခဲ့သည်။ ထို့ပြင် ရခိုင်ဒေသတွင်ပါ မူဂျာဟစ်မူဆလင်ရခိုင်သောင်းကျန်းသူတို့ကလည်း တကွဲတပြားဆီပုန်ကန်ခြားခဲ့ကြသည်။ ထို့ကြောင့်အစိုးရ၏အာဏာစက်သည် ရန်ကုန်မြို့နဲ့အနီးဝန်းကျင်သာဖြစ်လာခဲ့သည်။ ၁၉၄၉ ခုနှစ် ကူမင်တန်တရုတ်ဖြူကျုးကျော်မှုတွင်လည်း ချန်ကေရှိတ်၏တရုတ်ဖြူတပ်များအား ခဲရာခဲဆစ် တိုက်ထုတ်ခဲ့ရသည်။ ဖဆလပအစိုးရသည် စစ်တပ်အပေါ်အလွန်အမင်းမှီခိုလာခဲ့ရာ ကွန်မြူနစ်များသည် ၎င်းတို့အား‌‌အတိုက်အခံပြုရန် ဆိုရှယ်လစ်များသည် စစ်တပ်ကိုအသုံးချနေသည်ဟု စွပ်စွဲလာခဲ့သည်။ ထိုသို့အခြေအနေကသောင်းကနင်းကြားထဲမှ ဖဆပလသည်လည်း ဦးနုဦးဆောင်သည့် သန့်ရှင်းဖဆပလ နှင့် ဦးကျော်ငြိမ်းဦးဆောင်သည့် တည်မြဲဖဆပလဟူ၍ ကွဲသွားပြန်လေသည်။ တိုင်းပြည်၏အခြေအနေကသောင်းကနင်းများကိုထိန်းသိမ်းရန် ဝန်ကြီးချုပ်ဦးနုသည် ၁၉၅၉ တွင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းအား လွှတ်တော်တွင် တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏အိမ်စောင့်အစိုးရလက်ထက်တွင် သောင်းကျန်သူများအား ရက်ရက်စက်စက်နှိမ်နှင်းပြီး အကျဉ်းချဖမ်းဆီးမှုများ နှိပ်စက်ညှင်းပန်းမှုများဆောင်ရွက်ခဲ့သည်။ သွေးကိုသောက်ဖူးသော သား‌ကောင်သည် သွေးကိုစွဲလမ်းတတ်သကဲ့သို့ အာဏာကိုရဖူးသောသူသည် အာဏာကိုစွဲလမ်းတတ်လာသည်မှာသဘာဝပင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာအသုံးချကာလက်နက်အားကိုးမိုက်ရသည်ကိုအရသာသိလာသဖြင့် အိမ်စောင့်အစိုးရ ၁၉၆၀တွင် သက်တမ်းကုန်ပြီး ရွေးကောက်ပွဲပြန်၍ ကျင်းပပေးခဲ့ရသဖြင့် သိပ်ပြီးမကျေနပ်လှပေ။ ထို့ကြောင့် ၁၉၆၂ခ ခုနှစ် မတ်လ၂ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းကာ တော်လှန်ရေးကောင်စီအမည်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာမှ အော့ကြောလန်စွန့်ပစ်ထားရသော ဆိုရှယ်လစ် စနစ်ကို ၁၉၇၄ ခုနှစ်တွင် တစ်ပါတီအာဏာရှင်စနစ်ပုံစုံဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများရေးဆွဲခဲ့သော ၁၉၄၇ တိုင်းပြည်ပြုလွှတ်တော်မှအတည်ပြုပေးခဲ့သော အခြေခံဥပဒေအား ပြောင်းလဲခဲ့သည်မှာ တစ်သက်တာ အာဏာတည်မြဲရေးအတွက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။ တိုင်းပြည်အပေါ်သစ္စာဖောက် တစ်ချိန်ကအာရှကျားကိုမြောင်းထဲရောက်အောင်စီးပွားဖျက်ခဲ့သောဗိုလ်ချုပ်ကြီးနေဝင်း၏ အစိုးရသည် ၁၉၈၈ခုနှစ် စက်တင်ဘာ ၈ရက်နေ့တွင် နေဝင်‌ချိန်ရောက်ခဲ့ရလေသည်။ သို့ပေသော်ငြားလည်း ဗိုလ်ချုပ်နေဝင်းသည် နလပိန်းတုံးမဟုတ်ပေ စစ်တပ်မှအာဏာဆက်ကိုင်‌‌နေနိုင်စေရန် သူ့တပည့် ဗိုလ်ချုပ်စောမောင်အား အာဏာထိုးအပ်၍ နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)အားဖွဲ့စည်းစေပြီး ဆန္ဒပြသူများအား ရက်ရက်စက်စက်သတ်ပစ်စေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရတက်လာခဲ့သည်။ တစ်နှစ်အတွင်း တရားမျှတသောပါတီစုံဒီမို‌ကရေစီ ရွေးကောက်ပွဲကျင်းပပေးမည်ဟုဆိုကာ အမှန်တကယ်ရွေးကောက်ပွဲကျင်းပသောအခါ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှတောင်ပြိုကမ်းပြိုအနိုင်ရသောအခါ ရှုံးမဲမဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမခိုင်မာသေးသောကြောင့် ရွေးကောက်ပွဲရလဒ်များအားပယ်ဖျက်သည်ဆိုကာ နှစ်နှစ်ဆယ်ကြာအောင် အာဏာကိုဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။ ၂၀၁၀ခုနှစ် အရပ်သားအစိုးရအကူးအပြောင်းကာလတွင်လည်း စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်‌‌ရေးပါတီမှအာဏာရလာခဲ့သည်။ ၂၀၁၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ မဲအပြတ်အသတ်အနိုင်ရသောအခါ ထုံးစံအတိုင်းစစ်တပ်သည်ရှုံးမဲမဲပြန်လေသည်။ သို့သော် ပြည်သူကထည့်သောမဲသည်အမှန်ဖြစ်နေသောကြောင့် သိုးရေခြုံသောဝံပုလွေပမာ အခွင့်ကောင်းကိုစောင့်ကာ ဒေါ်အောင်ဆန်းစုကြည်အစိုးရအား ဖြုတ်ချရန် ပြင်နေပေသည်။ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်မူ COVID-19 ကပ်ရောဂါနှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် မဲစာရင်းများမှာအနည်းငယ်အငြင်းပွားစရာဖြစ်ခဲ့သော်လည်း မဲမခိုးသောအစိုးရကို မဲသူခိုးအစိုးရဟု စွပ်စွဲကာ စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် တကျော့ပြန်အာဏာသိမ်းယူခဲ့သည်။ အာဏာသိမ်းအကျိုးဆက်ကြောင့် အစိုးရဝန်ထမ်းများ CDM လုပ်ကာအလုပ်ထွက်ခဲ့ကြသောကြောင့် ၂၀၂၁ နှစ်ဦးပိုင်းတွင် စစ်အစိုးရယန္တရားမှာရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည်။ သို့သော်စစ်တပ်သည် ၎င်းတို့အားဆန့်ကျင်သူများကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ပစ်သတ်ခြင်းများပြုလုပ်ကာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်ကြောင်း သတိပေးမှုများ အာဆီယံ၏ဘုံသဘောတူညီချက်များ အား မျက်ကွယ်ပြုကာ စစ်ရာဇဝတ်များ နိုင်ငံတဝန်းကျူးလွန်ခဲ့လေသည်။ ထိုသို့စစ်တပ်မှ လူမဆန်စွာ ပြည်သူကိုဒုက္ခပေးနေသောကြောင့် အမျိုးသာညီညွတ်ရေးအစိုးရ(NUG)နှင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ပေါ်ပေါက်လာခဲ့ရသည်။ယခုအခါတွင် ၁၀၂၇စစ်ဆင်ရေးနောက်ပိုင်းတွင် မြန်မာစစ်တပ်သည် အင်အားနည်းလာခဲ့ပြီး ၂၀၂၄ခုနှစ်အကုန်သည် မြန်မာစစ်တပ်၏အာဏာကုန်ဆုံးကာ စစ်အာဏာရှင်စနစ်အဆုံးသတ်ကာ တရားမျှတ၍တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာမည်မှာအသေချာပင်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]