မြန်မာ သက္ကရာဇ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သက္ကရာဇ်[ပြင်​ဆင်​ရန်​]

(၁) မဟာသက္ကရာဇ် = ဂေါတမမြတ်စွာဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅)ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ်တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်တွင်လေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလိုဖြစ်သည်။ ဂေါတမဘုရားရှင်၏ သက်တော် (၈၀)နှင့်ပေါင်းသော မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သာ ရှိသည်။ ထို ၁၄၈-နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။

(၂) သာသနာသက္ကရာဇ် = မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သို့ ရောက်သောအခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ သာသနာတော် အနှစ် (၅၀၀၀)ကိုလည်း ထားတော်မူခဲ့သည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ်ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ ပထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ် (၁၄၈)ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သာသနာသက္ကရာဇ် ပေါ်ပေါက်လာသည်။

(၃) ကောဇာ (ဂေါဇာ)သက္ကရာဇ်၊ မြန်မာသက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ ရေတွက်သည်။ (လက်ရှိ မြန်မာ ပြက္ခဒိန်)

သက္ကရာဇ် ဖြိုခြင်း အစ[ပြင်​ဆင်​ရန်​]

ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ်(၈၆၄၇)နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်နှစ်ကို ဘိုးတော်အဉ္ဇဇနမင်း ဖြိုကြွင်းသော အဉ္ဇနသက္ကရာဇ် (မဟာသက္ကရာဇ်)အဖြစ် သုံးစွဲခဲ့လေသည်။

အဉ္ဇနသက္ကရာဇ် အတွင်းမှာပင် ဂေါတမဘုရားရှင် သည် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ဝါခေါင်လ မှ စ၍ ပထမ သင်္ဂါယနာ တင်ရာ ၇- လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုလ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ် ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ် (သာသနာသက္ကရာဇ်) ၁- ခုနှစ် ဟု သတ်မှတ်ခဲ့သည်။

ထိုမှတစ်ဖန် အစဉ်အဆက် သာသနာသက္ကရာဇ် ကို ဆက်လက် သုံးစွဲလာခဲ့ကြရာ သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရဇ် မင်းလက်ထက်တွင် ရှေးဆရာ ပညာရှိ ရသေ့ကြီးများ၏ နည်းအရ ဒေါဒေါရသ (ခေါ်) နှစ်ရှည်သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုမုန္ဒရဇ်(သရေခေတ္တရာ) သက္ကရာဇ်အဖြစ် မှတ်သားသုံးစွဲ ခဲ့ပြန်သည်။

သုမုန္ဒရဇ်သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်းလက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခန်းဆပဉ္ဇာ ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

ထိုအချိန် မှ စ၍ သာသနာသက္ကရာဇ် ဟူသော မူလ အခေါ် ပျောက်သွားကာ ကောဇာသက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သိရိခေတ္တရာပြည် ဘုရင် သုမုန္ဒီရဇ်မင်း ဖြိုသော ၆၂၂ - ကို ပုပ္ပားစောရဟန်း လက်ထက် ဖြိုသော ၅၆ဝ နှင့် ပေါင်းလျှင် ၁၁၈၂ နှစ် ရပါသည်။ ယင်း ၁၁၈၂ ကို လက်ရှိရောက်နေသော ကောဇာသက္ကရာဇ်တွင် ထည့်ပေါင်းပါက ပထမသင်္ဂါယနာတင်ချိန်က စခဲ့သော သာသနာသက္ကရာဇ်ကို ရပါသည်။

ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်[ပြင်​ဆင်​ရန်​]

ယခုအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်တို့မှာ ကွဲပြားခြားနားနေပြန်သည်။ ကောဇာသက္ကရာဇ်မှာ ၁၃၀ဝ ကျော်သာ ရှိသေးသော်လည်း သာသနာနှစ်မှာ ၂၅၀ဝ ကျော်နေပြီ ဖြစ်သည်။

ထိုသို့ ကွဲပြားခြားနားနေသည်မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ပထမ သင်္ဂါယနာသော နှစ်ကို ပထမမူလ ဗုဒ္ဓသာသနာနှစ် (၁)ခုဟု သုံးစွဲခဲ့လေသည်။ ထိုစဉ်က သက္ကရာဇ် နှစ်မျိုး မရှိသေးချေ။

သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သုမုန္ဒီရဇ်မင်းလက်ထက်တွင် ဒေါဒေါရသ (ခေါ်) နှစ်ရှည်သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုံးစွဲခဲ့သောအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ် ဟူ၍(၂)မျိုး ကွဲပြားလာခြင်း ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ၌ ကောဇာသက္ကရာဇ်ကို အစဉ်အမြဲသုံးစွဲပြီး သာသနာနှစ်ကိုကား အသိအမှတ်ပြုသည့် အနေဖြင့်သာ သုံးစွဲခဲ့လေသည်။

  • (ထိုင်းနိုင်ငံ ယိုးဒယားတွင် သာသနာနှစ်ကို သက္ကရာဇ်အဖြစ် သုံးစွဲပေသည်။)

သာသနာနှစ် သိလိုပါက ကောဇာသက္ကရာဇ် ကို (၁၁၈၂)နှစ်နှင့် ထည့်ပေါင်းလျှင် သာသနာနှစ် အမှန် ဖြစ်ပေသည်။

သက္ကကောဇာ၊ တည်ပြီးခါဝယ်၊ တစ်တစ်ရှစ်နှစ်(၁၁၈၂)နှောတုံလစ်က၊ တိတ်ဖြစ်သာသနာ၊ မှတ်ကြရာ၏ဟုပညာရှိများ ညွှန်ကြားထား၏။ [၁]

အလွယ်ကူဆုံးမှတ်ရန်[ပြင်​ဆင်​ရန်​]

  1. လက်ရှိ ခရစ်နှစ် က (၆၃၈) ကို နှုတ်လျှင် မြန်မာသက္ကရာဇ် ကို ရမည်။
  2. မြန်မာ ပြက္ခဒိန်နှစ် ကို (၁၁၈၂) ပေါင်းပါက သာသနာနှစ် ကို ရမည်။

သက္ကရာဇ်ဖြိုရာ အင်္ဂါ ၃-ပါး[ပြင်​ဆင်​ရန်​]

သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာအရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင် စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင်ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်၊ဖြိုကောင်းသည်ဟု ပညာရှိတို့တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ် ဟု ဆိုလေသည်။

  1. ရောက်ဆဲသက္ကရာဇ်တည်ရ-ခုနှင့်စား၊ အကြွင်းမဲ့ပြတ်၊
  2. ရောက်ဆဲ သက္ကရာဇ်တည်၁၉-ခုစား၊အကြွင်းမရှိပြတ်၊
  3. ရောက်ဆဲသက္ကရာဇ်တည် ၉၅-ခုစား၊အကြွင်းမရှိပြတ်။

သက္ကရာဇ်ဖြိုမင်း၊ ရ-စင်း၊ ဘယ်မင်းဘယ်ခါ ဖြိုသနည်း[ပြင်​ဆင်​ရန်​]

ဤ၌ သက္ကရာဇ်ကိုဖြိုသွားကြသောမင်းနှင့် ကိန်းခမ်း ရသေ့ရဟန်း စသည်တို့၏ အမည်များကို ရာဇဝင် မဟာဝင် သာသနာဝင် ဆရာစဉ်တို့ မှတ်တမ်းမှ သုတေသနပြု၍ တွေ့ရှိသမှျဖြင့် ထုတ်ပြဖြေကြား သွားသည်၊ အမှားပါဝင်က အမှန်ကို လျင်စွာ ရှာကြပါကုန်။

(၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦးကာလမှစ၍ ``မဟာသုဒ္ဓဝယပ္ပ´´ဟူသော ပိဋကသင်္ချာနှင့်အညီ သက္ကရာဇ် (၁၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။ ထိုနောက်-

(၂) ကုသမင်းကြီးလက်ထက်မှာ ``နာတိမဇ္ဇလဒ္ဓံဝိယ´´ ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီသက္ကရာဇ် (၁၄၉၃၈၅၆၀) သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။ ၎င်းးနောက်-

(၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေဝီလရသေ့နှင့်တိုင်ပင်ကာ ``မာဃစန္ဒေ၊ သို့မဟုတ်ဏဝစန္ဒေ ´´ ဟူသော ပိဋက သင်္ချာ ကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။

ထိုနောက်မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသောအခါ သာသနာနှင့်ဂေါဇာနှစ် ညီစေရန်-

(၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ ``ဒေဝီယ´´ ဟူသော ပိဋကသင်္ချာ ကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈)ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။

ထိုနောက် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-

(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ ``ဒေါဒေါရသ ´´ကိန်းခမ်းအရ ၂-ခုကြွင်းထား ၍ သက္ကရာဇ် (၆၂၂)နှစ်တို့ကိုဖြိုလိုက်ပြန် လေသည်။

ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-

(၆) ပုပ္ပါးစောရဟန်းမင်းကြီးသည် ပုဂံပြည်၌ ``အလံဗိက´´ ကိန်းကြုံ၍ ``ခဆ ပဉ္စန်း´´ ခေါ် နှစ်ပေါင်း (၅၆၀)တို့ကို ၂-ခုကြွင်းထားလျက်ဖြိုလိုက်ပြန်လေသည်။

ထိုမှနောက် သက္ကရာဇ် (၈၀၀)ခုနှစ်သို့ရောက်သော အခါ-

(၇) မိုးညှင်း မင်းတရားကြီးသည်၊ ``အဋ္ဌနဝ သတ္တကိန်း´´ သို့မဟုတ် ``ဗသျှုဆိဒ္ဒမုနိကိန်း ´´ အရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြိုမကြေဟု ပညာရှိတို့ ဆိုကြကုန်၏၊

ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေ။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ပညာအလင်းပြ ရုံးသုံး၊ ကျောင်းသုံး အင်္ဂလိပ်မြန်မာ နှစ်တစ်ရာပြက္ခဒိန် စာအုပ်
  2. မြန်မာရာဇဝင်/ဝေါဟာရဋီကာ
  • ဖျာပုံတိုက်သစ်ဆရာတော် အရှင်ဩဘာသာဘိဝံသ ၏ သုတေသနကရုပ်ပြ အဘိဓါန် (၂၀၀၇) မှ
  • သုခမှတ်စု
  • ဒေါက်တာသက်လွင် ၏ သမိုင်းက ပြောသော ပုဂံ ။ပုဂံကပြောသောသမိုင်း