တို့ဗမာအစည်းအရုံး
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းကြရာတွင် တစ်ခန်းတစ်ကဏ္ဍ အဖြစ်ပါဝင်လျက် ထင်ရှားပေါ်လွင်ခဲ့သော တို့ဗမာအစည်းအရုံး ကြီးသည် သက္ကရာဇ် ၁၂၉၂ ခု (ခရစ်သက္ကရာဇ် ၁၉၃၀-၃၁) ခုနှစ်လောက်တွင် စတင်ပေါ်ပေါက်လာခဲ့လေသည်။
ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ
ဟူသော ကြွေးကြော်သံတို့ဖြင့် တို့ဗာအစည်းအရုံးဟူ၍ လူငယ် များက ဖွဲ့စည်းတည်ထောင်ကြလေသည်။ တို့ဗမာအစည်းအရုံး ကို စတင်တည်ထောင်သူမှာ သခင်ဘသောင်းဖြစ်၏။ သခင် ဘသောင်းအား သခင်လှဘော်၊ ကိုအုံးခင်(ခြေလျင်) (ဗမာ့ ခေတ်သတင်းစာတိုက်ရှင်)၊ ကိုတင်စိန်၊ ကိုကျော်ထွန်းစိန် စသည့် လူငယ်တစ်စုက၊ အစပထမတွင် ကူညီအားပေးကြ၏။ နောက် သခင်ဗစိန်၊ သခင်သိန်းမောင်၊ သခင်ထွန်းရွှေတို့ ပါလာကြ၏။ တို့ဗမာအစည်းအရုံးဝင်တို့သည် သခင်အမည် ခံရသဖြင့် လူအများက တို့ဗမာအစည်းအရုံးကို သခင်ပါတီ ဟူ၍လည်း ခေါ်ဆိုကြလေသည်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့သည်။ ထိုအခြေအနေတွင် သခင်ဘသောင်းက ဦးဆောင်၍ မျိုးချစ်လူငယ်တစုက မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေးဇာတိမာန်ကို လှုံ့ဆော်ပေးပြီး တိကျပြတ်သားသော ဝါဒလမ်းစဉ်ဖြင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မည့် အဖွဲ့အစည်းတခု ဖွဲ့စည်းရန် ကြံစည်ကြသည်။ အကြံရသည့်အတိုင်း ဆွေးနွေးတိုင်ပင်မှုများလည်း လုပ်ကြသည်။ ပထမဆုံး အလုပ်အမှုဆောင်များမှာ (၁) ဆရာတင့်( မြို့မကျောင်း) ဥက္ကဋ္ဌ၊ (၂) ကိုနု ( မြို့မကျောင်း) တက္ကသိုလ်ကျောင်သား အတွင်းရေးမှူး၊ (၃) ကိုခန့် (ပန်းတနော်) တွဲဖက်အတွင်းရေးမှူး၊ (၄) ကိုစံသိမ်း တက္ကသိုလ်ကျောင်သား ငွေထိန်း၊ (၅) ဆရာဟိန်( မြို့မကျောင်း) ပြန်ကြားရေးမှူး၊ (၆) အမှုဆောင်များ (၁) သခင်ဘသောင်း၊ (၂) သခင်လေးမောင်၊ (၃) သခင်ဗစိန်၊ (၄) ဘတင်၊ (၅) ကိုအုန်း စသော တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြသည်။
တို့ဗမာအစည်းအရုံးပေါ်စတွင် အစည်းအရုံးဝင်တို့အား သခင်တပ်၍ခေါ်ရသည်ကို လူအများက လွယ်လင့်တကူ တပ်၍ ခေါ်ဆိုခြင်းမပြုကြဘဲ၊ သခင်ထည့်၍ ခေါ်ဆိုရမည်ကို ဦးလေး လျက်ရှိကြ၏။ တို့ဗမာအစည်းအရုံးဝင် အချင်းချင်းသာလျှင် တစ်ဦးကိုတစ်ဦး သခင်တပ်ကာ ခပ်တွင်တွင် ခေါ်ဆိုကြရလေ သည်။ တရားပွဲတိုင်းမှာလည်း သခင်ဆိုသည်မှာ ဗမာတိုင်း သခင်ဖြစ်သည့်အကြောင်း၊ သူတစ်ပါးလက်အောက်တွင် ကျွန်သဘောက်ဖြစ်နေရသဖြင့် ကျေးစိတ်ကျွန်စိတ်တွေပပျောက် ၍ သခင်စိတ်ပေါ်ပေါက်ကိန်းအောင်းလာရန်ဖြစ်သည့်အကြောင်း တို့မှစ၍ ရာဇဝင်ကိုးကားချက်များနှင့်တကွ ဇာတိမာန်တက်ကြွ အောင် ရှင်းလင်းဟောပြောခြင်းတို့ဖြင့် တစ်စတစ်စ သခင် အမည် ယဉ်ပါးလျက် အသုံးများလာအောင် အားထုတ်ခဲ့ရလေ သည်။
စည်းရုံးသော်လည်း မအောင်မြင်၊ တို့ဗမာအစည်းအရုံးမှာ ပျောက်ကွယ်လုမတတ်ပင် [ပြင်ဆင်ရန်]
တို့ဗမာအစည်းအရုံးဝင်တို့သည် တို့ဗမာသီချင်းကို သီဆို လျက် တရားပွဲများကျင်းပကာ စည်းရုံးရေးကို ကြိုးစားကြသော် လည်း၊ များစွာမအောင်မြင်ကြချေ။ တို့ဗမာအစည်း အရုံးဝင် သခင်တို့သည် လူငယ်များဖြစ်ကြသည်အားလျော်စွာ အခြားသော နိုင်ငံရေးအဖွဲ့အစည်းတို့နှင့်မတူ၊ နိုင်ငံရေး ဟောပြောရေးသားမှုတို့တွင် တော်လှန်ရေးစိတ်ဓာတ်တက်ကြွ လျက်၊ အသုံးအနှုန်း အပြောအဆိုတို့မှာလည်း ပြတ်သား ပြင်းထန်ကြလေရာ အခြားသော နိုင်ငံရေးအဖွဲ့တို့က၎င်း၊ နိုင်ငံ အစိုးရတို့က၎င်း လူငယ်တို့၏ ဝေဖန်ချက်တို့ကို ခံပြင်းလျက်ရှိ ကြလေသည်။ သို့ဖြင့် လူကြီးတို့၏ အားပေးထောက်ခံမှု မရ သည့်ပြင် အာဏာပိုင်အစိုးရတို့၏ အငြိုအငြင်ကိုလည်း အခံရ ဆုံးသော အဖွဲ့ဖြစ်လေသည်။ မင်းဘေးစိုးဒဏ်ကို ကြောက်ရွံ့ကြ သဖြင့်လည်း တို့ဗမာ အစည်းအရုံးသခင်များကို အာမပေးဝံ့ကြ ကုန်။ ထို့ကြောင့် တို့ဗမာအစည်းအရုံးဝင် သခင်များ၏ စည်း ရုံးရေးသည် အောင်မြင်တွင်ကျယ်ခြင်းမရှိလှဘဲ နောက်ဆုံးတွင် တို့ဗမာအစည်းအရုံး၌ သခင်ဗသောင်း၊ သခင်ဗစိန်၊ သခင်သိန်း မောင်တို့လောက်သာ ကျန်ရှိကာ ပျောက်ကွယ်လုမတတ်ပင် ရှိလေသည်။
တစ်ခါတစ်ရံမှ ထွက်ပေါ်လာသော တို့ဗမာအစည်းအရုံး၏အသံ [ပြင်ဆင်ရန်]
ထိုသို့ ပျောက်ကွယ်လုမတတ်ရှိသော်လည်း မြန်မာနိုင်ငံရေး လှုပ်ရှားလာသောအခါတိုင်းနှင့် နိုင်ငံရေးအချက်ကောင်းပေါ်လာ သောအခါတို့တွင် ရန်ကုန်မြို့၊ ဗဟန်းရပ်၊ ရေတာရှည်လမ်း ခြံ အတွင်းမှ၊ တစ်ခါတရံထွက်ပေါ်လာသော တို့ဗမာအစည်းအရုံး ၏ အသံများကို ကြားကြရလေသည်။ ဤသို့ ကြားကြရသဖြင့် လည်း တို့ဗမာအစည်းအရုံးသည် ဇွဲနဘဲကြီးစွာဖြင့် ရှိနေသေး သည်ကို သိရှိနိုင်လေသည်။ သက္ကရာဇ် ၁၂၉၅ ခု၊ နတ်တော်လ (၁၉၃၃ ခု၊ ဒီဇင်ဘာလ)တွင် ရွှေဘို အရှေ့ပိုင်းမဲဆန္ဒနယ်မှ မင်းတိုင်ပင်အမတ် အနိစ္စရောက်လေရာ၊ ကြားဖြတ်ရွေးကောက်ပွဲ တစ်ခု ဖြစ်ပေါ်လာ၏။ ထိုကြားရွေးကောက်ပွဲတွင် တို့ဗမာ အစည်းအရုံးမှ သခင်ဘသောင်း ဝင်ရောက်အရွေးခံပြီးလျှင် ရွှေဘိုနယ်တွင်၊ တရားပွဲများ ကျင်းပလေရာ တို့ဗမာဝါဒ ပြန့် ပြီးလျှင် လူသိများလာ၏။ ရွေးကောက်ပွဲပြီးသည်နှင့်တပြိုင်နက် တရားဟောကြသည့် သခင်ဗသောင်း၊ သခင်ဗစိန်၊ သခင်သိန်း မောင်နှင့် သခင်ထွန်းရွှေတို့အား ရွှေဘိုနယ်မှ ၂၄ နာရီအတွင်း ထွက်ခွာသွားရမည်ဟု ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ ကို အသုံး ပြုကာ ရွှေဘိုတရားသူကြီးက နှင်ထုတ်လိုက်၏။ အမိန့်မနာခံ သဖြင့် အဖမ်းခံကြရ၏။ မတရားအမိန့်ဖြစ်သောကြောင့် ဟိုက်ကုတ်တွင် အယူခံရာလွတ်လာ၏။ ဤသို့ အဖမ်းခံရ သဖြင့်လည်း တို့ဗမာအစည်းအရုံးမှာ ပို၍ ထင်ရှားလာလေ သည်။
ထို့နောက် တို့ဗမာအစည်းအရုံးကို သခင်ဗစိန်၊ သခင်သိန်း မောင်၊ သခင်ဟန်၊ သခင်လေးမောင်၊ သခင်ညီ၊ သခင်ထွန်းရွှေ စသည်တို့ ဆက်လက်ဆောင်ရွက်နေကြ၏။ သို့ဆောင်ရွက်နေ ရင်း သခင်ထွန်းအုပ်၊ သခင်ကံတင်၊ သခင်တင်မောင်၊ သခင်ဗို၊ သခင်ချန်ထွန်း၊ သခင်အောင်သန်း၊ သခင်ထွန်းဦး စသည်တို့ ဝင်ရောက် လာကြသည်သာမက အချို့မှာ သခင်အမည်မခံ တို့ဗမာအစည်းအရုံးကိုပင် မဝင်သေးသော်လည်း အားပေး လာကြသဖြင့် တစ်စတစ်စ အင်အားတိုးတက် လာလေသည်။ တို့ဗမာအစည်းအရုံးသည် အမျိုးသားနေ့၊ ဦးဝိစာရနေ့ စသော အထိမ်းအမှတ်နေ့ နိုင်ငံရေးတရားပွဲတို့တွင် ပါဝင်ဟော ပြောကြသဖြင့်လည်း လူသိများလာ၏။ အခွန်ထမ်းတို့ အရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမား ဆင်းရဲသားတို့၏ အရေးတို့ကို ဆောင်ရွက်ပေးသဖြင့်လည်း ထင်ရှားလာသည်။ တို့ဗမာ အစည်းအရုံးဝင် လူငယ်အများအပြားမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသားဟောင်းများ ဖြစ်ကြသည့်ပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်တို့နှင့် ရင်းနှီးကြသည် အားလျော်စွာ ထိုစဉ်က သမဂ္ဂလူကြီးများဖြစ်ကြသော ကိုနု (ဝန်ကြီးချုပ်)၊ ကိုအောင်ဆန်း(ကွယ်လွန်သူဗိုလ်ချုပ်)၊ ကိုလှဖေ (ဗိုလ်လက်ျာ)၊ ကိုလှရွှေ(ကွယ်လွန်သူ ကျောင်းသားခေါင်း ဆောင်)၊ ကိုထွန်းစိန်(ဝတ်လုံတော်ရ)၊ ကိုသိန်းတင်(ညိုမြ) (အိုးဝေ)၊ ကိုဘဟိန်း (ကွယ်လွန်သူ)၊ ကိုသိန်းဖေ(သိန်းဖေမြင့်) အစရှိသူတို့နှင့် နိုင်ငံရေးတွင် အချို့နေရာ၊ အချို့ကိစ္စများ၌ လက်တွဲဆောင်ရွက်ခဲ့ကြလေသည်။ တို့ဗမာအစည်းအရုံးဝင် သခင်တို့သည် ခေတ်စာပေများကို လိုက်စားလေ့လာကြလျက် ပြင်သစ်သူပုန်အရေးတော်ပုံ၊ အိုင်းရစ်သူပုန်အရေးတော်ပုံ၊ ရုရှား သူပုန်အရေးတော်ပုံ၊ တရုတ်သူပုန်အရေးတော်ပုံတို့ကိုလည်း လေ့လာကြ၏။ တို့ဗမာအစည်းအရုံးသည် အရင်းရှင်၊ ဓနရှင်၊ နယ်ချဲ့ဝါဒ ကိုတိုက်ဖျက်၍ ဆင်းရဲသား၊ အလုပ်သမား လယ် သမား ပစ္စည်းမဲ့လူတန်းစားခေတ်ကို တည်ဆောက်မည့် လမ်းစဉ်ကို ချမှတ်ခဲ့လေသည်။
ပထမ သခင်ညီလာခံကွန်ဖရင့် [ပြင်ဆင်ရန်]
ထိုအချိန်က တိုင်းပြည်ရှိ သတင်းစာများနှင့်တကွ လူကြီး ပိုင်း၏ အားပေးကူညီမှုကိုလည်း မရရှိကြသေး။ သခင်တရား ပွဲများတွင် လက်ရှိနိုင်ငံရေးသမား လူကြီးများ၏ အပြစ်ကို ဝေဖန်ထုတ်ဖော်ဟော ပြောလေ့ရှိသဖြင့်လည်း လူကြီးတို့၏ ဝိုင်းပယ်ခံကြရ၏။ ထိုအတွင်း စာရေးဆရာကြီး မစ္စတာ မောင်မှိုင်းအမည်ခံ ဆရာဦးလွန်းထံ ချဉ်းကပ်ကြ၏။ ဆရာကြီး ကလည်း ဖျတ်ဖျတ်လတ်လတ်၊ ပြတ်ပြတ်သားသား ပြောဆို၍၊ ထောင်မကြောက်၊ တန်းမကြောက်၊ ရဲရဲဝံ့ဝံ့ ဆောင်ရွက်မည့် သူများကို အားပေးမည်ဟုဆိုကာ လက်ခံအားပေးလေသည်။ ဆရာကြီးပါလာလျှင်ပင် လူကြီးပိုင်းကလည်း ဂရုပြုလာ၏။
ဤသို့လျှင် တဖြည်းဖြည်း တစ်စစ တိုးတက်လာရာ သက္ကရာဇ် ၁၂၉၆ ခု၊ တပေါင်းလတွင် တို့ဗမာအစည်းအရုံး၏ ပထမ အကြိမ်၊ သခင်ကွန်ဖရင့်ကြီးကို ရေနံချောင်းမြို့တွင် ကျင်းပနိုင် ခဲ့လေသည်။ ဆရာကြီး မစ္စတာမောင်မှိုင်းသည်လည်း ထိုအချိန် မှစ၍ သခင်ကိုယ်တော်မှိုင်းဟူသောအမည်ကို ခံယူလိုက်လေ သည်။ သခင်ကွန်ဖရင့် အစည်းအဝေးကိုလည်း သခင်ညီလာခံ ဟု ကင်ပွန်းတပ်လေသည်။ ဤရေနံချောင်းသခင်ကွန်ဖရင့် ကိုလည်း အစိုးရက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ နှင့် လူငါး ယောက်ထက်ပို၍ မစုဝေးရဟု တားမြစ်ခံရသေး၏။
ဒုတိယအကြိမ် တို့ဗမာအစည်းအရုံး၏ ညီလာခံ [ပြင်ဆင်ရန်]
ဤသို့လျှင် ပထမညီလာခံကျင်းပပြီးသည်နောက်၊ ဌာနချုပ် နှင့်တကွ နယ်အနှံ့စည်းရုံးရေးလုပ်ငန်းများမှစ၍ ကြိုးပမ်း လုပ် ဆောင်လာကြပြီးလျှင် ၁၂၉၈ ခု (၁၉၆၃ ခု၊ ဇွန်လ)သို့ရောက် သောအခါ၊ တို့ဗမာအစည်းအရုံး၏ ဒုတိယအကြိမ် ညီလာခံကြီး ကို မြင်းခြံမြို့၊ ကိုးဆောင်းကျောင်းတိုက်ကြီးအတွင်း၌ မဏ္ဍာပ် ကြီးဆောက်လုပ် ကျင်းပကြလေသည်။ ထိုညီလာခံတွင် သခင် ကိုယ်တော်မှိုင်းနှင့်တကွ သံဃာတော်များ၊ သာယာဝတီ၊ ပြည်၊ မင်းဘူး၊ မကွေး၊ စစ်ကိုင်း၊ ကျိုက္ခမီ၊ မန္တလေး၊ ရွှေဘို၊ မုံရွာ၊ ဖျာပုံ၊ ရန်ကုန်၊ အင်းစိန်၊ ပုသိမ်၊ မြင်းခြံစသော စီရင်စုများမှ ကိုယ်စားလှယ်များ တက်ရောက်ကြလျက်၊ တိုးတက်သိုက်မြိုက် စည်ကားလာလေသည်။ ဤညီလာခံအစည်းအဝေးကပင် ရောက် ရှိလာတော့မည့် ဗမာပြည် အုပ်ချုပ်ရေးသစ် ရွေးကောက်ပွဲတွင် အုပ်ချုပ်ရေးသစ်ကို တိုက်ဖျက်ပစ်ရန်အတွက် ဝင်ရောက်အရွေး ခံကြရန် ဆုံးဖြတ်ကြလေသည်။ ထိုညီလာခံ ပြီးဆုံးသည်နှင့် တပြိုင်နက် သခင်ဗစိန်၊ သခင်ညီ၊ သခင်အောင်သန်း၊ သခင် ထွန်းဦးနှင့် သခင်သိန်းတို့အား၊ ညီလာခံမဏ္ဍာပ်မှာပင်လျှင် တရားဟောမှုနှင့် ဖမ်းလိုက်ပြန်ရာ တို့ဗမာအစည်းအရုံးမှာ ပိုမိုထင်ရှားသွား ပြန်လေသည်။
တို့ဗမာအစည်းအရုံးနှင့်အုပ်ချုပ်ရေးသစ် [ပြင်ဆင်ရန်]
၁၉၃၅ ခု၊ မြန်မာနိုင်ငံအက်ဥပဒေအ၇၊ အိန္ဒိယပြည်နှင့် ဗမာပြည်ခွဲပြီးလျှင် ဗမာပြည်အားပေးအပ်မည့် အုပ်ချုပ်ရေးသစ် (ထိုအုပ်ချုပ်ရေးကို၊ ၉၁-ဌာနအုပ်ချုပ်ရေးဟူ၍လည်း ခေါ်ဆိုကြ သည်) စတင်တော့မည်ဖြစ်ရာ၊ ၁၉၃၆ ခု၊ နိုဝင်ဘာလတွင် ဤ အုပ်ချုပ်ရေးသစ်အရ၊ ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများ ကျင်းပကြပေတော့မည်။ တို့ဗမာအစည်းအရုံး၏ ဒုတိယအကြိမ် မြင်းခြံညီလာခံမှလည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည် အတိုင်း၊ ကိုယ့်မင်းကိုယ်ချင်းပါတီအမည်နှင့် သခင်အမတ် လောင်းများ ဝင်ရောက်အရွေးခံကြလေသည်။ သခင်သိန်းမောင်၊ သခင်မြ၊ သခင်အေး၊ သခင်ဗကွန်း၊ သခင်အံ့ကြီး၊ သခင် လှတင်၊ သခင်ဗဦး၊ သခင်ဗသန်းမှစ၍ သခင်အများ ဝင်ရောက် အရွေးခံကြသည့်အနက်၊ သခင်မြ၊ သခင်အံ့ကြီး၊ သခင်လှတင် တို့ သုံးဦးသာလျှင် မဲနိုင်၍ အမတ်ဖြစ်ကြသည်။
အခြားသခင် များမှာ အမတ်ပင်မဖြစ်သော်လည်း၊ ရရှိသောမဲများမှာ မနည်း လှချေ။ ထိုရရှိသောမဲများကို ထောက်ဆ၍ တို့ဗမာအစည်း အရုံးနှင့် သခင်များကို လိုလားကြောင်း သိရှိရသည့်ပြင်၊ ဤ သို့ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြသဖြင့်လည်း တို့ဗမာ အစည်း အရုံး၏ အင်အားမှာ သိသိသာသာကြီး တိုးတက်လာလေသည်။
တို့ဗမာ အစည်းအရုံး၏ တတိယမြောက် သခင်ညီလာခံသဘင်ကို ပြည်မြို့၌၊ ၁၉၃ရ ခုနှစ်၊ မတ်လတွင်ကျင်းပပြုလုပ်ရာ ပရိသတ်မှာ အထူးပင် စည်ကားများပြားလှသည်။ ထိုညီလာခံ အစည်းအဝေး မှ သခင်အမတ်များ လခယူရေး မယူရေးနှင့် ဥက္ကဌနှင့် အလုပ် အမှုဆောင်သစ်များ ရွေးချယ်ရမည့် အရေးတို့ကိုပါ အကြိတ် အနယ် ဆွေးနွေးကြပြီးလျှင် သခင်အမတ်များ လစာ ငွေမယူကြရန် ဆုံးဖြတ်ကြလေသည်။
ထိုနောက် ဥက္ကဌသစ် ရွေးကြရာတွင် သခင်သိန်းမောင်နှင့် သခင်ညီတို့ ယှဉ်ပြိုင် အရွေးခံကြရာ၊ သခင်သိန်းမောင် အနိုင်ရရှိသွား၏။ ထိုညီလာခံ တွင် သဘောကွဲလွဲမှုများ ဖြစ်ပေါ်လျက်၊ မကျေနပ်ချက်များ လည်း ပေါ်ထွက်ခဲ့လေသည်။ သခင်သိန်းမောင်နှင့် သခင်ဗစိန် တို့ အချင်းချင်း မသင့်သောကိစ္စလည်းရှိ၏။ သို့သော် အစစ တို့ကို မျိုသိပ်ကာ ပြည်ဖုံးချလျက် ညီလာခံသဘင် အစည်း အဝေးကြီးမှာမူ အေးချမ်းသာယာစွာ ပြီးဆုံးခဲ့လေသည်။ ထိုညီလာခံပြီးသည်နောက် ဥက္ကဌသစ်နှင့် အလုပ်အမှုဆောင် သစ်တို့သည် ဌာနချုပ်လုပ်ငန်းများကို ချမှတ်ကြသည်။ တို့ဗမာ အစည်းအရုံး ဌာနချုပ်လက်အောက်တွင် ‘ကိုယ့်မင်းကိုယ်ချင်း အဖွဲ့’ဟူသော ဥပဒေပြုလွှတ်တော်နှင့်တကွ ဒေသန္တရ အဖွဲ့ဝင် ပုဂ္ဂိုလ်များ၏ အစုအဖွဲ့သည်၎င်း၊ ‘ဗမာ့လက်ရုံးတပ်’ဟူသော တို့ဗမာ တပ်ဖွဲ့ကို၎င်း၊ ဖွဲ့စည်းလိုက်ကြသည်။ တို့ဗမာလက်ရုံး တပ်တွင် ပင်ဖြူလှဖေ(ခေါ်) သခင်လှဖေက ဗိုလ်ချုပ်ပြုလုပ်၍ ၎င်း၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့တွင် သခင်မြက ခေါင်းဆောင်ပြု ၍၎င်း ဆောင်ရွက်ကြရာ လက်ရုံးတပ်အင်အားလည်း တိုးတက် များပြားလာ၏။ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ဝင်တို့သည် ဥပဒေ ပြုလွှတ်တော် စတင်စည်းဝေးသည့်နေ့မှာပင်လျှင် ဘုရင်ခံကြွ ရောက်လာသည်ကို အခြားပါတီဥပဒေပြု အမတ်တို့ကဲ့သို့ မတ်ရပ်ထကာ အရိုအသေမပြုခြင်း၊ နှုတ်မဆက်ခြင်းတို့ကို ပြောင်အတိအလင်း လုပ်ပြလိုက်ကြသဖြင့် ဥပဒေပြုလွှတ်တော် ရာဇဝင်တွင် မပေါ်ပေါက်ဘူးသေးသောအဖြစ်တို့ ပေါ်ပေါက်ကာ ကိုယ့်မင်းကိုယ့်ချင်းသခင် အမတ်တို့ အပေါ်တွင် တိုင်းပြည်က အတော်ဂရုစိုက်လာကြလေသည်။
တို့ဗမာအစည်းအရုံးကြီး နှစ်ပက္ခကွဲပြီးလျှင် စတုတ္ထညီလာခံမှာ တကွဲတပြားစီဖြစ်သွားခြင်း [ပြင်ဆင်ရန်]
ဤသို့ တို့ဗမာအစည်းအရုံးကြီးအား တိုင်းပြည်နှင့်အဝှန်း အာရုံညွှတ်၍၊ အင်အား တိုးတက်ကြီးထွားလာစဉ်ပင်လျှင် ဖော်ပြခဲ့သည့် သခင်သိန်းမောင်၊ သခင်ဗစိန်တို့၏ မသင့်တင့်မှု သည် ရင့်မာကြီးထွားလာချေသည်။ နောက်ဆုံးတွင် သခင်သိန်း မောင်က သခင်ဗစိန်အား တို့ဗမာအစည်းအရုံးမှ ထုတ်ပစ်လေ ရာ ဥက္ကဌ သခင်သိန်းမောင်သည် အလုပ်အမှုဆောင်များနှင့် မတိုင်ပင်ဘဲ ထုတ်ပစ်သဖြင့် ထိုဥက္ကဌအမိန့်သည် တရားဝင် မဝင် အလုပ်အမှုဆောင်တွင် အပြင်းဖြစ်ကာ နှစ်ဘက်ဖြစ်သွား ပြန်သည်။ ထိုမှတစ်ဖန် တစ်ပြည်လုံးရှိ တို့ဗမာအစည်းအရုံး တို့တွင် ဂယက်ရိုက်ကာ ဆူပွက်ကုန်ကြလေသည်။
ဤတွင် ဗမာပြည်လုံးဆိုင်ရာ အမှုဆောင်များက ဆရာကြီးသခင် ကိုယ်တော်မှိုင်းအားဆုံးဖြတ်ပေးရန် ပုံ၍ အာဏာကုန်လွှဲအပ်ကြ လေသည်။ နောက်ဆုံး ဆရာကြီး၏အဆုံးအဖြတ်ကိုလည်း မနာ ယူကြသဖြင့် သခင်ဗစိန်တို့လူစုက သာယာဝတီ၊ သုံး ဆယ်-ပန်းဆွဲ တွင်၎င်း၊ သခင်သိန်းမောင်တို့လူစုက မော်လမြိုင်မြို့တွင်၎င်း စတုတ္ထအကြိမ်ညီလာခံကို တကွဲတပြားစီ ကျင်းပကြလေသည်။ သာယာဝတီပန်းဆွဲညီလာခံတွင် ပန်းဆွဲ ဆရာတော်၊ ဆရာတော် ဦးကွာပိန္ဒဓိပတိ၊ ဆရာတော် ဦးဝါသဝ၊ ဦးဥတ္တမညီ ရှင်အရိယကြီး၊ သခင်ထွန်းအုပ်၊ သခင် ဗစိန်၊ သခင်အောင်သန်း၊ သခင်အေး၊ သခင်ညီ၊ သခင် ခင်အောင်၊ သခင် လှဖေ၊ သခင်ခ၊ သခင်ကျော်ရင်၊ သခင် ထွန်းဆိုင်၊ သခင်စောကြီး၊ သခင်အောင်ကြီး စသည်တို့ပါဝင်၍ မော်လမြိုင်ညီလာခံတွင် သခင်သိန်းမောင်၊ သခင်မြ၊ သခင် လေးမောင်၊ သခင်ထွန်းခင်၊ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်လှဘော်၊ သခင်ဗမောင်ကြီး၊ သခင်သန်းထွန်း၊ သခင် ထွန်းစိန်၊ သခင်ဗရင်၊ သခင်စံထွန်းလှ စသည်တို့ ပါဝင်ကြ လျက် တက္ကသိုလ်ကျောင်းမှထွက်၍ နိုင်ငံရေးလုံးလုံးလုပ်တော့ မည်ဟု ဆုံးဖြတ်လာသူ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင် တင်မောင်ကြီးစသော လူငယ်စုတို့လည်း တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ကြ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအားလည်း ပင့်ဆောင်ကာ ဆက်လက်လုပ်ဆောင်သွားကြ၏။
ဤတွင် တို့ဗမာအစည်းအရုံးကြီးမှာ ၂ ခုဖြစ်ကာ သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံး၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးဟုဖြစ်ပေါ် လာပြီးလျှင် နယ်အရပ်ရပ်ရှိ တို့ဗမာအစည်းအရုံးတို့လည်း ကွဲ ပြားကြလေကုန်၏။
ဒုတိယကမ္ဘာစစ်နှင့် တို့ဗမာအစည်းအရုံး [ပြင်ဆင်ရန်]
ဤသို့ တို့ဗမာအစည်းအရုံးကြီး နှစ်ခုဖြစ်ကာ လုပ်ဆောင် လာကြရာ လုပ်ငန်းဝါဒတို့သဘောမှာ ခြားနားခြင်းမရှိလှ သဖြင့် ၁၃၀၀ ပြည့်တွင် ပေါ်ပေါက်လာသော ရေနံသပိတ် အရေးတော်ပုံ၊ ကျောင်းသားအရေးတော်ပုံ၊ တောင်သူလယ်သမား အရေးတော်ပုံတို့တွင် တို့ဗမာအစည်းအရုံး နှစ်ခုစလုံးကပင် ကူညီအားပေး ရွက် ဆောင်ကြလေသည်။ ဤသို့လျှင် နိုင်ငံရေး ရာတို့ကို အကြောင်းအားလျော်စွာ ရွက်ဆောင်လာကြရင်းပင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားမည့် အရိပ်အရောင်တို့လည်း ထွက်ပေါ်လာလေသည်။ တို့ဗမာအစည်းအရုံးကြီးသည်လည်း ဒုတိယကမ္ဘာစစ် ဖြစ်မည့်အရေးကို မျှော်တွေးကာ အာရုံစူးစိုက် လာကြသည်အားလျော်စွာ တို့ဗမာအစည်းအရုံးကြီးသည် ၁၉၄၁ ခုနှစ်တွင် ဂျပန်တို့နှင့် လျှို့ဝှက်ဆက်သွယ်ကြ လေသည်။
ဤသို့ ဆက်သွယ်ရာတွင် အစည်းအရုံးကြီး ၂ ခုရှိလေရာ၊ သခင်ကိုယ်တော်မှိုင်းအစည်းအရုံးသည် ဂျပန် ကုန်းတပ်မတော် နှင့်၎င်း၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးကမူ ဂျပန်ရေ တပ်မတော်နှင့်၎င်း အဆက်အသွယ် ပြုလုပ်ကြပြီးလျှင် ဂျပန် ပြည်သို့ တိတ်တဆိတ် လူငယ်ကိုယ်စားလှယ်များ စေလွှတ်ကြ လေသည်။ ဗမာပြည်တွင်ရှိနေသော တို့ဗမာအစည်းအရုံးဝင် အမြောက်အမြားတို့လည်း ကာကွယ်ရေးဥပဒေနှင့် အဖမ်း အဆီးခံကြရသည်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား၍ ဂျပန်စစ်တပ်နှင့် ရဲဘော်သုံးကျိပ်ပါရှိလာခြင်း [ပြင်ဆင်ရန်]
တို့ဗမာအစည်းအရုံးတို့မှ လျှို့ဝှက်စေလွှတ်လိုက်သော လူငယ်များသည် ဂျပန်ပြည်တွင် စစ်လေ့ကျင့် ခဏ်းများ ယူလျက် ဗိုလ်မိုဃ်းကြိုးခေါင်းဆောင်ကာ ဗမာ့လွတ်လပ်ရေး တပ်မတော်ဟူသောအမည်ဖြင့် ဂျပန်တို့နှင့်အတူ ယိုးဒယားမှ ဗမာပြည်သို့ တိုက်ခိုက်ဝင်ရာက်လာကြလေသည်။ ဗမာ နယ်အတွင်းသို့ ရောက်သောအခါ ရဲဘော်တို့သည် တရားဟော ကာ တပ်သားစုဆောင်းလာသဖြင့် ဗမာ့လွတ်လပ်ရေး တပ်မ တော်(ဘီ၊ အိုင်၊ အေ)သို့ ဝင်ရောက်လာကြသူတို့မှာ အထူးများ ပြားလာသည်သာမက၊ ရောက်လေရာအရပ်တိုင်းတို့ကလည်း ဗမာ့တပ်မတော်အား အထူးကြိုဆိုကြလေသည်။ ဤသို့လျှင် ဂျပန်ပြည်သို့ လျှို့ဝှက်စွာသွားရောက်ပြီး ဗမာ့လွတ်လပ်ရေး အတွက် ချီတက်လာကြသော ရဲဘော်သုံးကျိပ်တို့မှာ-
သခင်ဗစိန်တို့ အစည်းအရုံးမှ [ပြင်ဆင်ရန်]
သခင်ထွန်းအုပ်၊ ဗိုလ်စကြာ၊ ဗိုလ်နေဝင်း၊ဗိုလ်စောအောင်၊ ဗိုလ်မြင့်ဆွေ၊ ဗိုလ်ဘုန်းမြင့်၊ ဗိုလ်စောနောင်၊ ဖော်မိုဆာတွင် ကျဆုံးသူ သခင်သန်းတင်(ဗိုလ်ရာမာဒါ)နှင့်ဗိုလ်မိုးညိုတို့ဖြစ် ကြသည်။
သခင်ကိုယ်တော်မှိုင်း အစည်းအရုံးမှ [ပြင်ဆင်ရန်]
ဗိုလ်တေဇ(ကွယ်လွန်သူဗိုလ်ချုပ်အောင်ဆန်း)၊ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်မိုး၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်လရောင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်ဗလ၊ ဗိုလ်ညာဏ၊ ဗိုလ်မြဒင်၊ ဗိုလ်မင်းရောင်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်လင်းယုန်၊ ဗိုလ်ဇင်ယော်၊ ဗိုလ်အောင်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တာရာ၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်တောက်ထိန်တို့ ဖြစ်ကြလေသည်။
ဂျပန်ခေတ် တို့ဗမာအစည်းအရုံး [ပြင်ဆင်ရန်]
၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်မတော်နှင့်တကွ ဗမာ့လွတ်လပ် ေ၇းတပ်မတော် (ဘီ၊ အိုင်၊ အေ)တို့ မြန်မာပြည်သို့ တိုက်ခိုက် ဝင်ရောက်လာသောအခါ အင်္ဂလိပ်စစ်တပ်တို့သည် မြန်မာပြည် မှဆုတ်ခွာ၍ အိန္ဒိယ ပြည်သို့ ပြေးကြလေကုန်၏။ ဆုတ်ပြေး ကြသည့် အင်္ဂလိပ်တပ်များ၏နောက်က ထပ်ကြပ်မကွာလိုက်၍ တိုက်ခိုက်ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ် ရေးတပ်မတော်ကို ဦးစီးကွပ်ကဲရလေသည်။ တိုက်ခိုက်သိမ်းပိုက် ပြီးသော နယ်အရပ်ရပ်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ရန် အတွက် သခင်ထွန်းအုပ်က ခေါင်းဆောင်ရ၏။ သခင်ထွန်းအုပ်သည် နယ်အရပ်ရပ်တွင် ငြိမ်ဝပ်ပိပြားရေးအဖွဲ့များ(ပီ၊ ပီ၊ စီ) များဖွဲ့ကာ ထိန်းသိမ်းအုပ်ချုပ်သွားလေသည်။ မြန်မာတစ်ပြည် လုံးကို သိမ်းပိုက်မိသောအခါ၊ ဂျပန်တပ်မတော်သည် ဆင်းရဲ သားအဖွဲ့ခေါင်းဆောင်ကြီး ဒေါက်တာဘမော်အား ရှာဖွေပြီးလျှင် တို့ဗမာ သခင်ခေါင်းဆောင်များနှင့်ပေါင်းလျက် စစ်အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်စေသည်။ ထိုအချိန်တွင် တို့ဗမာအစည်း အရုံးနှင့် ဆင်းရဲသားအဖွဲ့တို့မှတစ်ပါး အခြားသောအဖွဲ့တို့မှာ ပျောက်ကွယ်လုမတတ်ရှိလေရာ ထိုနှစ်ဖွဲ့ကို ပေါင်းစပ် လိုက်ပြီး လျှင် တို့ဗမာဆင်းရဲသား အစည်းအရုံးဟု တည်ထောင်လိုက်ကြ လေသည်။ ထိုအစည်းအရုံးဌာနချုပ် အကြီးအကဲမှာ သခင်နု (ယခုဝန်ကြီးချုပ်ဦးနု) ဖြစ်လေသည်။ ထို့နောက် ယင်းအစည်း အရုံးသည် မဟာဗမာ အစည်းအရုံး ဖြစ်လာလေသည်။
ဂျပန်တော်လှန်ရေး [ပြင်ဆင်ရန်]
ဤသို့လျှင် မြန်မာပြည်၌ ဂျပန်စစ်လက်အောက်ခံ အစိုးရတို့ အုပ်ချုပ်နေရာမှ၊ ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်နေ့သို့ ရောက်သောအခါ ဂျပန်က မြန်မာပြည်အား လွတ်လပ်ရေးကို ကမ္ဘာသိကြေငြာပေးအပ်သဖြင့် မြန်မာပြည်သည် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်တိုင်းပြည် ဖြစ်လာလေသည်။ ထိုလွတ် လပ်သော မြန်မာပြည်အုပ်ချုပ်ရေးတွင် ဒေါက်တာဘမော်အား နိုင်ငံတော်အဓိပတိ တင်မြှောက်၍ အဖွဲ့အသီးသီးမှ ကိုယ်စား လှယ်များပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းလေသည်။ ထို အစိုးရအဖွဲ့တွင် သခင်ထွန်းအုပ်နှင့် သခင်ဗစိန်တို့ မပါဘဲရှိ သဖြင့် တို့ဗမာအစည်းအရုံးဝင် အချို့သည် မကျေမနပ်ရှိကြလေ ကုန်၏။ နောက်ဆုံးတွင် ယင်းတို့နှစ်ယောက်မှာ ရှိုနန်ခေါ် စင်္ကာပူမြို့သို့ ရောက်သွားကြလေသည်။ လွတ်လပ်ရေးကို ကမ္ဘာသိကြေငြာ၍ ပေးအပ်စေကာမူ ဂျပန်တို့၏ ရက်စက်ကြမ်း ကြုတ်သော ဖက်ဆစ်အပြုအမူတို့ကို ကျိတ်မှိတ်ခံနေကြရသော မြန်မာတို့မှာ အချိန်ကောင်းကို စောင့်မျှော်လျက်ရှိကြ၏။
၁၉၄၅ ခုနှစ်သို့အရောက်တွင်မူ ဂျပန် တို့စစ်ရေးနှိမ့်ကာ မဟာ မိတ်တပ်တို့သည် မြန်မာပြည်သို့ပြန်လည်တိုက်ခိုက် ဝင်ရောက် လာကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ သခင် သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ဗိုလ်စသော လူငယ် များသည် မဟာမိတ်တပ် တို့နှင့်ဆက်ကာ၊ ဂျပန်တို့အား တော်လှန်၍ မြန်မာပြည်မှ မောင်းထုတ်ကြပြန်သည်။ ဂျပန်တို့ မြန်မာပြည်မှ လုံးဝထွက်ပြေးဆုတ်ခွာကြရသောအခါ အဂင်္လိပ် မဟာမိတ်တပ်များ ဝင်ရောက်လျက် ကက်စဘီခေါ် စစ်ဘက် မြို့ပြအုပ်ချုပ်ရေး အဖွဲ့များက အုပ်ချုပ်ကြလေသည်။
ထိုအချိန် ၁၉၄၅ ခုနှစ်တွင်၊ ရန်ကုန်မြို့၌ရှိနေကြသော တို့ဗမာအစည်းအရုံးဝင် သခင်ဟောင်းများဖြစ်သူ သခင် လေးမောင်၊ သခင်အေး၊ သခင်သိန်းမောင်၊ သခင်ဗသောင်း၊ သခင်ညီ၊ သခင်ကျော်စိန်၊ သခင်မြင့်၊ သခင်ဗရန်၊ သခင်ဗရင်၊ သခင်ခင်မောင် စသည်တို့သည် သခင်ကိုယ်တော်မှိုင်းအား ဥက္ကဌတင်ပြီးလျှင် တို့ဗမာအစည်းအရုံးဌာနချုပ်ကို ပြန်လည် ဖွင့်လှစ်ကာ ဆက်လက်ဆောင်ရွက်ကြလေသည်။ သခင် အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်းစသည့် သခင်ဟောင်း တို့ကမူ တို့ဗမာအစည်းအရုံးတွင် ဆက်လက်ပါဝင် ခြင်းမပြု တော့ဘဲ (ဖ၊ တ၊ ပ၊ လ) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ ဟူသောအမည်မှ (ဖ၊ ဆ၊ ပ၊ လ) ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဟူသော အမည်သို့ ပြောင်းယူကာ ပါတီ အလိုက်ရော တစ်ဦးချင်းပါ ပါဝင်နိုင် သောအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်၏။
တို့ဗမာ အစည်းအရုံးကလည်း ဖ၊ ဆ၊ ပ၊ လ နှင့်ဆက်သွယ်လိုက်ကြ ၏။ သို့သော် မကြာမီပင် သဘောကွဲကာ ဖ၊ ဆ၊ ပ၊ လ မှ နုတ်ထွက်လိုက်ကြလေသည်။ ဗြိတိသျှအစိုးရသည် ကက်စဘီ အစိုးရကို ရုတ်သိမ်းပြီးနောက် ဘုရင်ခံဟောင်းဖြစ်သူ ဆာ ဒေါ်မန်စမစ်အား ၁၉၃၅ ခုနှစ်၊ မြန်မာပြည်အုပ်ချုပ်ရေးဥပဒေ အရ အုပ်ချုပ်စေသည်။ ဘုရင်ခံ ဆာ ဒေါ်မန်စမစ်သည် ဗမာ ပြည်အား ဒိုမီနီယန်လွတ်လပ်ရေးပေးအပ်ရန် လာပါသည်ဟုဆို ကာ ပြည်သူတို့အား ဖိတ်ခေါ်လေရာ တို့ဗမာအစည်းအရုံး သည် ထိုအုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်လေ သည်။ သခင်ရန်အောင်သည် ဝန်ကြီးအဖြစ်၎င်း၊ သခင်ညီ၊ သခင်အေး၊ သခင်ကျော်စိန်၊ သခင်လူထွန်းတို့သည် ဥပဒေ ပြုအမတ်များအဖြစ်နှင့်၎င်း ဆောင်ရွက်ကြ၏။ မကြာမီ သခင် ထွန်းအုပ် ပြန်လည်ရောက်ရှိလာရာ သခင်ထွန်းအုပ်လည်း ဝန် ကြီး တစ်နေရာက ပါဝင်ဆောင်ရွက်လေသည်။ ဤသို့လျှင် ဆာ ဒေါ်မန်စမစ်အုပ်ချုပ်ရေး လုပ်ကိုင်နေစဉ် ဗမာနိုင်ငံပုလိပ် အဖွဲ့ကြီးနှင့် အမှုထမ်းပေါင်းစုံအဖွဲ့ကြီးတို့၏ သပိတ်အရေးတော် ပုံများ ပေါ်ပေါက်လာရာ ဗြိတိသျှအစိုးရသည် ဘုရင်ခံ ဆာရယ် ဂျီနယ် ဒေါ်မန်စမစ်အား ပြန်၍ခေါ်ရလေတော့သည်။ ယင်း၏ နေရာတွင် ဘုရင်ခံအဖြစ် ဆာဟင်နရီနိုက် ခေတ္တရောက်ရှိလာ ပြီးမကြာမီပင်လျှင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ရောက်လာလေ တော့၏။
ဆားဟူးဘတ်ရန့်စ် ရောက်ရှိလာပြီး မကြာမတင်ပင် (ဖ၊ ဆ၊ ပ၊ လ)နှင့်စေ့စပ်၍ ဗိုလ်ချုပ်အောင်ဆန်းအား အစိုးရအဖွဲ့ ဖွဲ့ရန် လွှဲအပ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရဖွဲ့သော အခါ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် ဂျာဗားမှ ပြန်လည်ရောက်ရှိလာသော သခင်ဗစိန်အား ဝန်ကြီးအဖွဲ့တွင် ထည့်သွင်း ခန့်ထားလေသည်။ ထိုအချိန်တွင် တို့ဗမာအစည်း အရုံးကြီး၏ အာဘော်ဖြစ်သော နေ့စဉ်ထုတ် သခင်သတင်းစာ ကို သခင်အေးနှင့် သခင်ထွန်းအုပ်တို့က တာဝန်ယူထုတ်ဝေကာ အရေးကြီးသော နိုင်ငံရေးကိစ္စ အဝဝတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားလျက်ရှိလေသည်။ နောက်များမကြာမီ ၁၉၄ရ ခုနှစ်တွင်၊ ဗမာ့လွတ်လပ်ရေးကိစ္စအတွက် ဆွေးနွေးရန် ဗြိတိသျှ အစိုးရက ဘိတ်ခေါ်လေရာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဖေ၊ ဂဠုံဦးစော၊ ဦးတင်ထွဋ်တို့နှင့်အတူ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်ဗစိန်လည်း လိုက်ပါသွား၇လေ သည်။ ထိုလန်ဒန်ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် သဘောကွဲလွဲကြလေရာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ သည်နှင့် တပြိုင်နက် တို့ဗမာအစည်းအရုံး သခင်ဗစိန်သည် ဗိုလ်ချုပ်အောင်ဆန်း (ဖ၊ ဆ၊ ပ၊ လ)အစိုးရအဖွဲ့မှ နုတ်ထွက် လိုက်လေသည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဖော်ဆောင်သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့သို့ ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့မှာ လူသတ်သမားတို့လက်ချက်ဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၆ ဦး၊ အမှုထမ်း ၂ ဦးတို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပါ ကွယ်လွန် ကြ၇ရှာလေသည်။ ဗြိတိသျှအစိုးရသည် ဖ၊ ဆ၊ ပ၊ လ ဒုတိယ ဥက္ကဌသခင်နုအား အစိုးရဖွဲ့ရန် အပ်နှင်းပြီးလျှင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သို့ ရောက်ရှိသောအခါ မြန်မာပြည်အား လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော်ဟူ၍ ကမ္ဘာသိကြေ ငြာပေးအပ်လေ၏။ တို့ဗမာအစည်းအရုံးသည်ကား အတိုက်အခံ အစည်းအရုံးအဖြစ် ဆက်လက်တည်ရှိလျက် အစည်းအရုံးဝင် သခင်ဟောင်းအချို့တို့သည် တို့ဗမာအစည်းအရုံးမှ ဖယ်ခွာ၍ အဖွဲ့သစ်များတည်ထောင်သွားကြကုန်သော်လည်း သခင်ဟောင်း အချို့တို့သည်ကား တို့ဗမာအစည်းအရုံးဟူသောအမည်ဖြင့် ယခု တိုင် ဆက်လက်လုပ်ဆောင်လျက် ရှိကြလေသတည်း။
ကိုးကား [ပြင်ဆင်ရန်]
မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)