ဗမာပြည် ကွန်မြူနစ်ပါတီ

ဝီကီပီးဒီးယား မှ
ဗမာပြည် ကွန်မြူနစ်ပါတီ
ဗကပ
အင်္ဂလိပ် အမည်Communist Party of Burma
ခေါင်းဆောင်
ပြောခွင့်ရပုဂ္ဂိုလ်ရဲဘော်ဖိုးသံချောင်း (လက်ရှိ)
တည်ထောင်သူ
တည်ထောင်ခြင်း၁၅ ဩဂုတ် ၁၉၃၉ (၁၅ ဩဂုတ် ၁၉၃၉)
ဌာနချုပ်
  • ဗားကရာလမ်း၊ ရန်ကုန် (၁၉၄၅-၁၉၄၈)
  • ပျဉ်းမနား၊ ပဲခူးရိုးမ (၁၉၄၈ - ၁၉၆၈)
  • ပန်ဆန်း၊ အရှေ့မြောက်စစ်ဒေသ (၁၉၆၈ - ၁၉၈၉)
သတင်းစာ
  • ပြည်သူ့အာဏာဂျာနယ်
  • အရေးတော်ပုံဂျာနယ်
လူငယ်အဖွဲ့
  • တပ်နီလူငယ် (၁၉၄၈-၁၉၇၆)
  • တိုးတက်သော လူငယ်များ အစည်းအရုံး [source disputed]
လက်နက်ကိုင်တပ်
  • ပြည်သူ့တပ်မတော်(၁၉၄၈-၁၉၈၉)
  • ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (၂၀၂၁-လက်ရှိ)
အဖွဲ့ဝင်၃၀၀၀ (၂၀၁၅)
နိုင်ငံရေး သဘောတရား
  • မာ့က်စ်-လီနင်ဝါဒ
  • မော်စီတုန်းအတွေးအခေါ်
  • ပြည်ချစ်ဝါဒလမ်းစဉ်
  • ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး
အရောင်အနီ၊ အဝါ
ပါတီ တည်ရှိမှုအစိုးရ အသိအမှတ်မပြုသော မြေအောက်ပါတီ
ထင်ရှားသည့် အချက်
  • ဗမာပြည်၏ သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေးပါတီ
  • ဗမာပြည်၏ သက်တမ်း အရှည်ကြာဆုံး လက်နက်ကိုင်တိုက်ပွဲဝင်နေဆဲ အဖွဲ့အစည်း
ဝက်ဘ်ဆိုဒ်
cp-burma.org
Party Flag
Flag of the People's Liberation Army (Myanmar).png


ဗမာပြည် ကွန်မြူနစ်ပါတီသည် မြန်မာပြည် နိုင်ငံရေး နယ်ပယ်တွင် သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေး ပါတီ ဖြစ်သည်။ အစိုးရမှ အသိအမှတ် မပြုသော မြေအောက် ပါတီဖြစ်၍ ယခုအခါ မြန်မာ-တရုတ် နယ်စပ်ကို အခြေပြု၍ ပါတီ၏ မပြီးဆုံးသေးသည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေသည်။ အစိုးရ၊ လူထုနှင့် မြန်မာသတင်း မီဒီယာ များက ဗမာပြည် ကွန်မြူနစ်ပါတီကို ရည်ညွှန်း၍ (ဗကပ) ဟု အတိုကောက် ခေါ်ဆိုကြသည်။

ပါတီ၏ အခြေခံ အချက်အလက်များ[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ် ပါတီသည် မာ့ခ်ဝါဒလီနင်ဝါဒမော်စီတုန်း အတွေးအခေါ်ကို ၎င်းပါတီ၏ သဘောတရား အခြေခံနှင့် လမ်းညွှန်အဖြစ် ခံယူကျင့်သုံးသည်။ လက်ရှိတွင် ပစ္စည်းမဲ့ နိုင်ငံတကာ ဝါဒကို လက်ခံ၍ ပါတီ၏ တော်လှန်သော ပြည်ချစ်ဝါဒ ကို ကျင့်သုံးလျက် ရှိသည်။ သမိုင်းအတွေ့အကြုံ အရ လက်နက်ကိုင် တိုက်ပွဲကို ရွေးချယ်စရာ လမ်းတစ်ခု အဖြစ် အမြဲတမ်း ထားရှိသော နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။

စတင်တည်ထောင်ခြင်း[ပြင်ဆင်ရန်]

ဗကပ၏ ပထမဆုံးအလံ

၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ ဘားလမ်း(ခ) မဟာဗန္ဓုလပန်းခြံလမ်းရှိ အခန်းငယ် တစ်ခန်းတွင် အောက်ပါ ၇ ဦး တွေ့ဆုံကာ ဗမာပြည် ကွန်မြူနစ် ပါတီကို မြေအောက် ပါတီအဖြစ် စတင် တည်ထောင်ခဲ့ကြသည်။

  1. သခင်အောင်ဆန်း
  2. သခင်ဗဟိန်း
  3. ရဲဘော်ဘတင် ခေါ် ဂိုရှယ်
  4. သခင်စိုး
  5. သခင်လှဖေ နောင်အခါ ဗိုလ်လက်ျာ
  6. ရဲဘော်ထွန်းမောင် ခေါ် ဒေါက်တာနတ်
  7. သခင်ဗိုလ်

အစဉ်အဆက် ခေါင်းဆောင်များ[ပြင်ဆင်ရန်]

ထို စတင် တည်ထောင်စဉ်ကာလ ၁၉၃၉ ခုနှစ်မှ ယခုအချိန်အထိ အစဉ်အဆက် ခေါင်းဆောင်များမှာ...

  1. အတွင်းရေးမှူး သခင်အောင်ဆန်း
  2. အတွင်းရေးမှူး သခင်စိုး
  3. အတွင်းရေးမှူး သခင်သိန်းဖေ
  4. ဥက္ကဋ္ဌ သခင်သန်းထွန်း
  5. ဥက္ကဋ္ဌ သခင်ဇင်
  6. ဥက္ကဋ္ဌ သခင်ဗသိန်းတင်
  7. အတွင်းရေးမှူး ရဲဘော်ကြင်မောင်
  8. လက်ရှိ အထွေထွေအတွင်းရေးမှူး ရဲဘော်ထွန်းဆက်

လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ် ပါတီ သည် လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သော ပါတီကြီး တစ်ခု ဖြစ်သည်။ (၁၉၄၂-၄၅) အထိ ဖက်ဆစ် ကမ္ဘာ့ ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးအတွက် ကြိုတင် ပြင်ဆင် စည်းရုံးခဲ့သည်။

သခင်စိုးနှင့် သခင်သန်းထွန်းတို့ အင်းစိန်ထောင်တွင် ထိမ်းသိမ်းခြင်း ခံထားရစဉ် ၁၉၄၁ ခုနှစ် ဇူလိုင်လ၌ အင်းစိန် ကြေညာစာတမ်းတွင် ဖက်ဆစ်ဝါဒသည်သာ လာလတ္တံသော ကမ္ဘာစစ်ကြီး၏ အဓိက ရန်သူ ဖြစ်ကာ ထိုရန်သူအား နှိမ်နင်း နိုင်ရန် အင်္ဂလိပ်တို့မှ တည်ထောင်သည့် ဆိုဗီယက် ရုရှား ပါ ပါဝင်သင့်သော မဟာမိတ်အဖွဲ့ကြီး ဖွဲ့စည်း သင့်သည်ဟု အဆိုပြုခဲ့ကြသည်။ ထို ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးကြီး ပြီးဆုံးမှသာ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲကို ပြန်လည် စတင်မည်ဟု ဆိုခဲ့သည်။ သို့သော်လည်း ထိုစဉ်က ဗမာပြည် ကွန်မြူနစ်ပါတီ၏ အဆိုပါ အယူအဆသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် တို့ဗမာ အစည်းအရုံး၏ အယူအဆနှင့်မူ မကိုက်ညီခဲ့ချေ။ သခင်အောင်ဆန်းနှင့် လူငယ် တစ်စုတို့မှာ ဖက်ဆစ်ဝါဒ တိုက်ဖျက်မှု မပြီးဆုံးခင်မှာပင် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန် အလို့ငှာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြရာ နောင်အခါ ရဲဘော်သုံးကျိပ် ဟု ထင်ရှားလာခဲ့သည်။

ထို့နောက် သခင်အောင်ဆန်း ဦးဆောင်၍ ဘီအိုင်အေ ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်၍ ဂျပန်တပ်မတော်နှင့် ပူးပေါင်းကာ မြန်မာပြည်ကို အင်္ဂလိပ် လက်အောက်မှ ပြန်လည် သိမ်းယူပြီးနောက် ဂျပန် အစိုးရ၏ ဩဇာခံ ရုပ်သေးအစိုးရ တစ်ရပ်ကို ဩဂုတ်လ ၁ ရက်နေ့ ၁၉၄၃ ခုနှစ်တွင် ဂျပန် တပ်မတော်မှ ဖွဲ့စည်းခဲ့သည်။ ထို ဂျပန်တပ်မတော် မြန်မာပြည်တွင်း ဝင်ရောက်လာသည်နှင့် သခင်စိုးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ တောခိုကာ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ဖွဲ့စည်းရန် လှည့်လည် စည်းရုံးနေခဲ့သည်။ အစိုးရ အဖွဲ့တွင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်နေသော သခင်သန်းထွန်း ထံမှလည်း လိုအပ်သော သတင်း အချက်အလက်များ ရရှိနေခဲ့သည်။ အခြား ကွန်မြူနစ် ခေါင်းဆောင်များ ဖြစ်ကြသော သခင်သိန်းဖေနှင့် သခင်တင်ရွှေ တို့ကလည်း ၁၉၄၂တွင် အိန္ဒိယကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ခဲ့ကြသည်။ ထို့နောက် ၁၉၄၄ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေးဒရဲမြို့တွင် ပထမအကြိမ် ပါတီကွန်ဂရက်ကို သခင်စိုး ဦးဆောင်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေသည်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ဗမာ့ ကာကွယ်ရေး တပ်မတော် ဘီဒီအေမှ စတင်သော တစ်ပြည်လုံး ပုန်ကန်ထကြွသည့် ဖက်ဆစ် ဂျပန် တော်လှန်ရေး ကြီးတွင် ကွန်မြူနစ် များကလည်း ရှေ့တန်းမှ ပါဝင်ခဲ့ကြသည်။ မန္တလေးတိုင်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကွန်မြူနစ် ဗိုလ်မှူး တစ်ဦးဖြစ်သော ဗိုလ်မှူးဗထူးကမူ တော်လှန်ရေးကြီး မစတင်မီ သုံးပတ်အလို မတ်လ ၈ ရက်နေ့မှ စတင်၍ တော်လှန်နေ ခဲ့ပြီဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်၊ ပြည်သူ့ တော်လှန်ရေး ပါတီ (နောင်အခါ ဆိုရှယ်လစ် ပါတီ) တို့ စုပေါင်း၍ ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ဖဆပလ) ကို ဂျပန် စစ်ရှုံးပြီး တစ်နှစ်အလွန် အင်္ဂလိပ် အုပ်ချုပ်ရေး ပြန်လည် စတင်နေစဉ်တွင် ဖွဲ့စည်းခဲ့ကာ အင်္ဂလိပ်လက်မှ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ်အထိ စုပေါင်း တိုက်ပွဲဝင်ခဲ့ကြ လေသည်။

အလံနီနှင့် အလံဖြူ[ပြင်ဆင်ရန်]

ဗကပအလံဖြူ

၁၉၄၅ တွင် အမေရိကန် ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ အားရ်လ် ရပ်ဆဲလ် ဘရောက်ဒါက ဖက်ဆစ်ဝါဒနှင့် နယ်ချဲ့ဝါဒ ယိုယွင်း အားနည်းလာသည်နှင့် အတူ လက်နက်ကိုင် တော်လှန်ရေးသည် အဓိက လိုအပ်ချက် မဟုတ်တော့ပေဟု ဆိုသော သူ၏ ဘရောက်ဒါ ဝါဒကို ထုတ်ပြန်ခဲ့သည်။ သခင်စိုး၏ အတွင်းရေးမှူး နေရာကို ပြောင်းလဲ ခန့်အပ်ခြင်း ခံရသော သခင်သိန်းဖေက ရန်ကုန်မြို့ ဗားကရာလမ်းတွင် ၁၉၄၅ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပါတီ ကွန်ဂရက် တွင် တင်သွင်းခဲ့သည့် ပို၍ ကောင်းမွန်သော တူညီသည့် နားလည်မှုနှင့် ကျယ်ပြန့်စွာ ပူးပေါင်း လုပ်ဆောင်မှု ဟူသည့် ပါတီ၏ နည်းဗျူဟာစာတမ်းအရ ပါတီသည် ဘရောက်ဒါ ဝါဒသို့ ယိမ်းယိုင်ကာ ပြန်လည်ပြင်ဆင်ရေး လမ်းကြောင်းသို့ ဦးတည်နေကြောင်း သခင်စိုးမှ စွပ်စွဲ၍ ပါတီမှထွက်ကာ အလံနီ ကွန်မြူနစ်ပါတီ (သို့) ကွန်မြူနစ် ပါတီ (ဗမာပြည်) ကို ခွဲထွက် တည်ထောင် ခဲ့သည်။

ပါတီဝင် အများစုမှာမူ သခင်သန်းထွန်းနှင့် သခင်သိန်းဖေတို့ ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီ (အလံဖြူ) တွင် ကျန်ရစ်ကာ ဖဆပလနှင့် ဆက်လက် လက်တွဲခဲ့ကြသည်။ အလံဖြူဆိုသည့် အမည်မှာ အလံနီနှင့် ယှဉ်၍ သုံးစွဲခဲ့ကြသော်လည်း အလံဖြူ ဟူသော အမည်ကို ဗမာပြည် ကွန်မြူနစ် ပါတီမှ တရားဝင် လက်ခံခဲ့ခြင်း မရှိခဲ့ပါ။ နှောင်းပိုင်း အင်္ဂလိပ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ နောက်ကွယ်တွင် သခင်သန်းထွန်း မှ အကြံပေးနေသည်ဟု ယူဆခဲ့ကြသည်များ ရှိပြီး ဦးနုနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော ဆိုရှယ်လစ် ပါတီနှင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့သည် ဖဆပလအတွင်း သဘောထား တိုက်ဆိုင်ခြင်း မရှိကြတော့ပဲ လက်ဝဲ ညီညွတ်မှု ကင်းမဲ့သွားကြသည်။

နယ်ချဲ့အား လက်နက်ကိုင် တော်လှန်ရေး ကာလ[ပြင်ဆင်ရန်]

သခင်စိုးနှင့် သခင်ဘတင် တို့ ၁၉၄၅ စက်တင်ဘာတွင် ဘရောက်ဒါဝါဒ၏ တိုက်ခိုက်မှုကို ခံရပြီး ဖြစ်သော အိန္ဒိယ ကွန်မြူနစ် ပါတီ ကို သွားရောက် ဆက်သွယ်ပြီး အပြန်တွင် သခင်စိုးက လက်နက်ကိုင် တော်လှန်ရေး သည်သာ ရှေ့သို့ တိုးတက်အောင် လုပ်နိုင်ပေမည် ဟု စည်းရုံးခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီလည်း ဘရောက်ဒါ ဝါဒကို စွန့်ပယ်ခဲ့သည်။ ထို့နောက် သခင်အောင်ဆန်းက ကွန်မြူနစ် ပါတီနှင့် ဆိုရှယ်လစ်ပါတီအကြား လက်ဝဲ ညီညွတ်မှု ရရှိရန် ကြိုးစားခဲ့ သော်လည်း သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ကာ ဆိုရှယ်လစ်တို့က သခင်သန်းထွန်းကို ဇူလိုင်လတွင် ဖဆပလ အထွေထွေ အတွင်းရေးမှူး ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးသည်။ အဆိုပါ အဖြစ်အပျက်မှ နောက်ဆုံးတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ဖဆပလအဖွဲ့ကြီး အတွင်းမှ ထုတ်ပစ်လိုက်သည် အထိ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ထိုသို့ ထုတ်ပစ်ရခြင်းကို သခင်နု၏ ရှင်းလင်းချက်အရ ဗမာပြည် ကွန်မြူနစ် ပါတီသည် ဖဆပလ၏ သဘော မပါဝင်ပဲ တစ်ပါတီတည်းက လူထုအုံကြွမှုကို ပြည်သူ့အာဏာ ဂျာနယ်နှင့် အခြား နေရာများတွင် မရပ်မနား ဝါဒ ဖြန့်နေခဲ့မှုကြောင့်ဟု ဆိုသည်။ ထို့နောက် ဗမာပြည် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်ပြင်ပတွင် သီးခြားမြေပေါ်ပါတီတခုအဖြစ် ဆက်လက်ရပ်တည်ကာ သခင်အောင်ဆန်းနှင့် ဆိုရှယ်လစ်များကို "နယ်ချဲ့ဝါဒ အောက်တွင် ဒူးထောက် ကြပြီ"ဟု စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။

ဗိုလ်ချုပ် လုပ်ကြံခံရခြင်းနှင့် ဗမာပြည် ကွန်မြူနစ် ပါတီ က သတ်မှတ်သော ရွှေရည်စိမ် လွတ်လပ်ရေး[ပြင်ဆင်ရန်]

သခင်ဗသိန်းတင်နှင့် ကျောင်းသား ကွန်မြူနစ် ခေါင်းဆောင် အောင်ကြီး တို့သည် ၁၉၄၇တွင် လန်ဒန်၌ ကျင်းပသော ဗြိတိသျှ အင်ပိုင်ယာ ကွန်မြူနစ်ပါတီများ ကွန်းဖရင့်သို့ သွားရောက် တက်ရောက်ခဲ့ခြင်းသည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပထမဆုံး နိုင်ငံတကာ ကွန်မြူနစ်များ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ အမတ်လောင်း ၂၅ဦး ပါဝင်ခဲ့သော်လည်း ၇ဦးသာ ပါလီမန်တွင် နေရာ ရခဲ့သည်။ ၁၉ ဇူလိုင်တွင် ဖြစ်ပွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရ အဖွဲ့ လုပ်ကြံခံရခြင်းသည် ဗမာပြည် ကွန်မြူနစ် ပါတီကိုပါ တစ်နိုင်ငံလုံးနှင့် ထပ်တူ ထပ်မျှ တုန်လှုပ်ချောက်ချား စေခဲ့သည်။ သို့သော်ငြားလည်း ပါတီ အနေနှင့် ဖဆပလနှင့် မဟာမိတ်ဖွဲ့ကာ အင်္ဂလိပ် လက်အောက်မှ မြန်မာပြည်ကို လွတ်မြောက်စေရန် ပူးပေါင်း လုပ်ဆောင်ရန် ကိုမူ အယုံအကြည်ကင်းမဲ့လျက် ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား လက်ဝဲ နှစ်ပါတီ ညီညွတ်ရေးကို အတတ်နိုင်ဆုံး ကြိုးစား၍ မအောင်မြင်သေးမီ နယ်ချဲ့၏ လုပ်ကြံခြင်းကို ခံလိုက်ရ လေတော့သည်။

ဦးနုက ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ အင်္ဂလိပ် အစိုးရနှင့် ဆွေးနွေးခဲ့သည်များကို ဗြိတိသျှ နန်းရင်းဝန် အက်တလီနှင့် လန်ဒန်တွင် တွေ့ဆုံကာ (နု-အက်တလီ စာချုပ်) ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ချုပ်ဆို၍ အဆုံးသတ် နိုင်ခဲ့သည်။ အဆိုပါ စာချုပ်ကြောင့် (ကွန်မြူနစ်များက အတုအယောင်ဟု ဆိုခဲ့ကြသည့်) လွတ်လပ်ရေး ရရှိခဲ့ သော်လည်း လက်ျာ-ဖရီးမင်း ကာကွယ်ရေး စာချုပ်အရ သုံးနှစ်တာ ဗြိတိသျှ စစ်သင်တန်း အစီအစဉ်များကို ထည့်သွင်း၍ တိုင်းပြည်အား ဗြိတိသျှ၏ စစ်မဟာမိတ်အဖြစ် ကျန်ရှိစေရန် ပြုလုပ်ထားခဲ့သည်။ အဆိုပါ အကြောင်းအရာမှာ ကွန်မြူနစ် ပါတီ၏ ဗြိတိသျှတို့ ပေးသည့် လွတ်လပ်ရေးသည် မြန်မာပြည်အား အပြည့်အဝ လွတ်လပ်ခွင့် မပေးကြောင်းနှင့် ဦးနု၏ အညံ့ခံမှု အဖြစ် တင်ပြသော သက်သေ ဖြစ်လေသည်။

ပါလီမန် ဒီမိုကရေစီခေတ် မြေပေါ် ဗမာပြည် ကွန်မြူနစ် ပါတီ[ပြင်ဆင်ရန်]

ပိုလန် နိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်နေ့ ၁၉၄၇ ခုနှစ်တွင် ကျင်းပသော ပထမ ကိုမင်ဖောင်အစည်းအဝေးတွင် ဆိုဗီယက် ကိုယ်စားလှယ် အန်ဒရိုင်း ဇဒန်နော့ဗ် က သူ၏ တင်ပြချက်တွင် ကမ္ဘာနိုင်ငံများအား အပိုင်း နှစ်ပိုင်း ခွဲခြား၍ ပြောကြား သွားသည်။ အမေရိကန် ဦးဆောင်သော ဒီမိုကရေစီ ဝါဒကို ဆန့်ကျင်သည့် နယ်ချဲ့များ အုပ်စုနှင့် ဆိုဗီယက် ပြည်ထောင်စု မှ ဦးဆောင်သော ဒီမိုကရေစီဝါဒ လက်ကိုင်ထားသော နယ်ချဲ့ ဆန့်ကျင်သည့် အုပ်စု ဟူ၍ ခွဲခြား သွားသည်။ သူက ကမ္ဘာစစ်ကြီးကြောင့် နယ်ချဲ့နိုင်ငံကြီးများက အားနည်းနေသော်လည်း သူတို့၏ ကိုလိုနီ ဟောင်းများတွင် မြန်မာပြည်နှင့် အိန္ဒိယတွင် နယ်ချဲ့ ဩဇာခံ အမျိုးသား ဓနရှင်များကို အာဏာ ပေးအပ်ခြင်း ဖြင့် လည်းကောင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် လွပ်လပ်ရေး လှုပ်ရှားမှုများကို တိုက်ခိုက် ခြင်းဖြင့် လည်းကောင်း ဩဇာကို ပြန်လည်ရရှိရန် ကြိုးစားနေကြပြီ ဟု သတိပေးသွားသည်။

၁၉၄၇ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့ အမျိုးသားနေ့တွင် ဦးနုက ဆိုရှယ်လစ် တပ်ပေါင်းစုကြီး တစ်ခု ဖွဲ့စည်းရန် ကွန်မြူနစ် ပါတီနှင့် ပြည်သူ့ရဲဘော်များ (လွပ်လပ်ရေး တိုက်ပွဲမှ ဗိုလ်ချုပ်အောင်ဆန်း သစ္စာခံ စစ်ပြန်များ) ကို အကြံပြုခဲ့သည်။ ကွန်မြူနစ် များက ဗြိတိသျှ ဓနသဟာယ နိုင်ငံ တစ်နိုင်ငံ အဖြစ် မြန်မာပြည်ကို ကျန်ရှိနေစေသည့် စာချုပ်ကို ကန့်ကွက်ရန် မဲဆွယ်ခဲ့မှုများနှင့် ဦးနု၏ ကွန်မြူနစ်များ၏ လက်နက်စုဆောင်းနေမှု အပေါ် ဝေဖန်မှုများကြောင့် အဆင်ပြေပြေ မဖွဲ့စည်း နိုင်ခဲ့ချေ။ ဒီဇင်ဘာလတွင် ထွက်ခဲ့သော ဗမာပြည် ကွန်မြူနစ် ပါတီမှ ဂိုရှယ်၏ စာတန်းတွင် ထိုစဉ် နိုင်ငံရေး အခြေအနေနှင့် တော်လှန်ရေး ဗျူဟာ တစ်ခုကို လွန်ခဲ့သော ဇန်နဝါရီလမှ "နောက်ဆုံး အာဏာ သိမ်းယူမှု" ဆိုသည့် ဆောင်ပုဒ်ကို ပြန်လည် အသက်သွင်းကာ ထုတ်ပြန်ခဲ့သည်။ ထို့နောက် "ကျွန်အဖြစ်နှင့် ထိမ်းချုပ်ထားမည့် စာချုပ်ကို ဆွဲဆုတ်မည့် အမျိုးသား တော်လှန်ရေး"ကို တိုက်ပွဲ ခေါ်ခဲ့လေသည်။

ဗြိတိသျှများ အပါအဝင် နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခြင်းမြေရှင်စနစ်ကို ဖျက်သိမ်းခြင်း၊ လက်ရှိ အစိုးရကို ပြည်သူ့အစိုးရနှင့် အစားထိုးခြင်း၊ တိုက်ပွဲဝင်နေသော ဗီယက်နမ်အင်ဒိုနီးရှားနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီ မှုများကို ပြုလုပ်ခြင်းဖြင့် အင်္ဂလို-အမေရိကန် နယ်ချဲ့ အုပ်စိုးမှုကို တွန်းလှန်နိုင်ရန်၊ စသည့် အချက်များကို အကောင်အထည် ဖော်ရန်အတွက် ရန်ကုန်နှင့် အခြား မြို့တော်များမှ အလုပ်သမားများနှင့် အစိုးရဝန်ထမ်းများ၏ သပိတ်မှောက်မှုများနှင့် ကျေးလက် တောရွာများကို ကာကွယ်ရန် ပြည်သူ့ရဲဘော်များပါ ပါဝင်သည့် တပ်နီတော် တစ်ခု ဖွဲ့စည်းကာ ပြောက်ကျားစစ်ကို ဆင်နွှဲမည်ဟု ကြေညာခဲ့လေသည်။

ကွန်မြူနစ် ဖမ်းပွဲကြီး[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်၏ ဖေဖော်ဝါရီလတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ နောက်ခံထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ကွန်ဂရက်က စတင် သပိတ်မှောက်ကာ လူဦးရေ ၇၅၀၀၀ ခန့် ပါဝင်သော ချီတက် ဆန္ဒပြမှု ကြီးလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ဆင်းရဲသားများ အဖွဲ့ ဦးဆောင်၍ ပျဉ်းမနားမြို့တွင် ပေါ်ပေါက်လာခဲ့လေသည်။ ဦးနုက အထက်ပါ ဖြစ်ရပ်များကြောင့် ဗမာပြည် ကွန်မြူနစ် ခေါင်းဆောင်များကို ၂၇ မတ်လ၊ တော်လှန်ရေးနေ့တွင် ဆန္ဒပြ လှုပ်ရှားမှုကြီး လုပ်ရန် စီစဉ်သည်ဟု ဆိုကာ ဖမ်းဆီးလိုက်သည်။ သို့သော်လည်း ၂၈ရက်နေ့ မနက်ပိုင်း ဝင်ဖမ်းရာတွင် ဗားကရာလမ်းမှ ဗမာပြည် ကွန်မြူနစ်ပါတီ ရုံးချုပ်တွင် မည်သည့်ခေါင်းဆောင်မျှ ရှိမနေခဲ့ကြတော့ပါ။

ထိုကဲ့သို့ ကွန်မြူနစ် ဖမ်းပွဲကြီးကြောင့် ကွန်မြူနစ်ပါတီ၏ အခိုင်အမာ ဌာနချုပ်အား ပျဉ်းမနားသို့ ပြောင်းရွှေ့ကာ လက်နက်ကိုင် တော်လှန်ရေးကို တစ်ဖန် ပြန်လည် စတင်ခဲ့လေတော့သည်။ ထိုအချိန်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်မြေအောက်တော်လှန်ရေးပါတီဖြစ်သွားခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်ပါတီ တစ်ခု ဖြစ်ခဲ့ရသည်မှာ ပါတီ သမိုင်း တစ်ခုလုံး အတွင်းတွင်မှ ထို ၁၉၄၅ မှ ၁၉၄၈ ခုနှစ်အထိ သုံးနှစ်သာ မြေပေါ်ပါတီအဖြစ် ရပ်တည်ခဲ့သည်[၁]

ပြည်တွင်းစစ်ကာလ[ပြင်ဆင်ရန်]

လွတ်လပ်ရေး ရပြီး ၈ လ အတွင်းမှာပင် မြန်မာပြည်သည် ပြည်တွင်းစစ်နွံအတွင်းသို့ ထပ်မံ သက်ဆင်းရ ပေတော့သည်။ သခင်စိုး၏ အလံနီ ကွန်မြူနစ်များ၊ ရခိုင် အမျိုးသားတပ်များနှင့် မူဂျာဟစ် ရခိုင်၊ မူဆလင် များက ဗမာပြည် ကွန်မြူနစ်ပါတီ မတိုင်မီကတည်းက စောစီးစွာ စတင် သူပုန်ထနေ ခဲ့ကြပြီး ဖြစ်သည်။ ပြည်သူ့ရဲဘော် များတွင်လည်း ၁၉၄၈ ခုနှစ် မေလ၌ ကြေညာခဲ့သော ဦးနု၏မူ ကို လက်ခံသူများက ရဲဘော်ဝါ အဖြစ်၊ လက်မခံနိုင်သူ ပြည်သူ့ရဲဘော် အများစုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင် ဦးဆောင်၍ ရဲဘော်ဖြူ အဖြစ် ကွဲထွက်သွားခဲ့သည်။

ဦးနုနှင့် သူ၏ အစိုးရသည် ကွန်မြူနစ် သူပုန်ထမှုကို ခုခံရန်အတွက် တိုင်းရင်းသား တပ်များကို ပြည်သရက်ပျဉ်းမနား တို့တွင် ဖြန့်ထားသည်။ ထိုအချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေသည့် ကရင်အမျိုးသား တစ်ဦး ဖြစ်သော ဗိုလ်ချုပ်စမစ်ဒွန်း ကို ရာထူးချ၍ ဗိုလ်ချုပ်ကြီးနေဝင်း (ရဲဘော်သုံးကျိပ်ဝင်၊ နောင်အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဋ္ဌ) အား လွှဲပြောင်း ခန့်အပ်လိုက်သောကြောင့် ကရင် အမျိုးသား ယူနီယံ (ကေအန်ယူ) ကလည်း ၎င်းတို့၏ လက်နက်ကိုင် တပ်ဖြစ်သော ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ (ကေအန်ဒီအို)နှင့် ၁၉၄၉ တွင် တောခိုခဲ့ရာ အစိုးရ တပ်မတော် တိုင်းရင်းသား တပ်များမှ ကရင် ရိုင်ဖယ် တပ်များလည်း လက်နက် အပြည့်အစုံနှင့် ပူးပေါင်း တောခိုကုန်ကြရာ အစိုးရ တပ်မတော်ကို အင်မတန် အထိနာစေခဲ့သည်။

ထို့နောက် မွန်သူပုန်ထမှု ကလည်း ကရင်နှင့် ပူးပေါင်းသည်။ ပအိုဝ်းနှင့် ရှမ်းများကလည်း ခွဲထွက်ရေးနှင့် သူပုန်ထကြသည်။ ကရင် ရိုင်ဖယ် တပ်များ အပါအဝင် အခြား ဗိုလ်ဇေယျဗိုလ်ရန်အောင်နှင့် ဗိုလ်ရဲထွဋ်စသည့် ကွန်မြူနစ် စစ်ဗိုလ်များက ဦးဆောင်သည့် အစိုးရ တပ်မတော် ဗမာ ရိုင်ဖယ် တပ် တပ်ရင်း ၃ရင်းကလည်း ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းရန် တောခိုကုန်ကြသည်။

ကွန်မြူနစ်ပါတီ၏ ပြည်တွင်းစစ်အတွင်း လှုပ်ရှားမှု[ပြင်ဆင်ရန်]

သခင်စိုး၏ အလံနီ ကွန်မြူနစ် ပါတီက ရုရှ မတ်စ်-လီနင် ဝါဒ ဗမာပြည် ကွန်မြူနစ်ပါတီသည် ထိုအချိန်တွင် ဥက္ကဋ္ဌ မော်စီတုန်း၏ တရုတ် ကွန်မြူနစ် လမ်းစဉ်ကို လက်ခံထားကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက မော်ဝါဒီများ ဦးဆောင်၍ ကျေးရွာများတွင် ပြောက်ကျား အခြေခံ စခန်းများ တည်ဆောက်ကာ ကျေးရွာများကို အခြေပြု၍ မြို့တော်များကို သိမ်းမည် ဟု ပြင်ဆင်သည်။ ကွန်မြူနစ်ပါတီက ထောက်ခံထားသော မြေပေါ် လက်ဝဲပါတီဖြစ်သည့် အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ ဖြစ်ကြသော သခင်လွင်နှင့် သခင် ချစ်မောင် တို့ ဦးဆောင်သည့် ဆင်းရဲသား ပါတီကိုလည်း ရန်ကုန် သတင်းစာ များက လျှို့ဝှက်-ကွန်မြူနစ်၊ ဆိုရှယ်လစ် အနီ စသဖြင့် အမည်တပ်ကြသည်။ ၁၉၅၆ တွင် လက်ဝဲနိုင်ငံရေး အင်အားစုများက အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကို တည်ထောင်၍ ရွေးကောက်ပွဲ ဝင်သော်လည်း ၃၅% သာ နိုင်၍ နေရာအနည်းငယ်သာ ရရှိခဲ့သည်။

ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို၏ ပါတီ၏ ရပ်တည်မှုအတွက် တိုက်ခိုက်မည် ဟူသော ဆုံးဖြတ်ချက်ကို ဗဟို ကော်မတီ၏ ၁၉၄၈ ခုနှစ် ဧပြီလတွင် ဖြူးမြို့တွင် တွင် ကျင်းပသော အစည်းအဝေးတွင် အတည်ပြုလိုက်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ ဌာနချုပ်ကို ပျဉ်းမနား-ရမည်းသင်း ဧရိယာ၊ စစ်တောင်းမြစ် အနီးရှိ တောတွင်းတွင် ဆက်တိုက် ရွှေ့ပြောင်း ခဲ့ကြသည်။ တခါတရံတွင် မန္တလေးမိတ္ထီလာမြင်းခြံတို့၏ အကြားတွင် ရှိခဲ့သည်။ လယ်သမားများ၏ အကြွေးများကို လျှော်ပစ်ခြင်း၊ လယ်ယာ ပြန်လည် ဝေခြမ်းရေး ပြုလုပ်ခြင်းတို့ကို သိမ်းပိုက်ထား နိုင်ခဲ့သည့် နယ်မြေများတွင် ပြုလုပ်ခဲ့သည်။ တောခိုခဲ့သည့် ၁ နှစ်အတွင်း ရွှေ့ပြောင်းနိုင်သည့် ပြောက်ကျား တပ်များနှင့် ပြည်သူ့စစ်ကို ဗဟိုပြု၍ စစ်ရေးမှူး၊ နိုင်ငံရေးမှူးများဖြင့် စုံလင် ညီမျှစွာ ဖွဲ့စည်းထားသည့် မော်ဝါဒီ လက်နက်ကိုင်တပ် တစ်ခုအဖြစ် စည်းရုံးနိုင်ခဲ့သည်။ ၁၉၅၀ စက်တင်ဘာတွင် ပြည်သူ့ တပ်မတော် (ကွန်မြူနစ် တပ်မတော်ဖြစ်သည်) ကို အစိုးရ တပ်မတော်မှ တောခိုလာသည့် လက်နက်ကိုင် တပ်များနှင့် ပူးပေါင်းကာ ဖွဲ့စည်းခဲ့သည်။ ထို ပြည်သူ့ တပ်မတော်သည် လက်နက် တပ်ဆင် ထားသော လူ ၁၀၀၀ စီ ပါရှိသည့် အဓိက တပ်မကြီး လေးခုနှင့် ဖွဲ့စည်းခဲ့သည်။

ပြည်တွင်းစစ် အခြေအနေ[ပြင်ဆင်ရန်]

ပြည်တွင်းစစ်ကြီးတွင် ပါဝင်နေသော အဖွဲ့များကို ဖဆပလ အစိုးရ၊ ကွန်မြူနစ်နှင့်-ပြည်သူ့ ရဲဘော်များ နှင့် တိုင်းရင်းသားများ ဟူ၍ ခွဲခြားထားနိုင်သည်။ ကရင်အမျိုးသားများ ဦးဆောင်သော တပ်သည် ရန်ကုန်မြို့ အင်းစိန်အထိ သိမ်းပိုက် နိုင်ခဲ့၍ နိုင်ငံတော်၏ မြို့တော် ရန်ကုန်ကိုပါ ခြိမ်းခြောက်နိုင်ခဲ့သည်။ ၁၉၅၂ တွင် ဦးနုအစိုးရ၏ ခန့်မှန်းချက်အရ အစိုးရ တပ်မတော် တစ်ခု တည်းမှာပင် ၁၃၅၂ဦး သေဆုံး၍ ပြည်တွင်းစစ်ကြောင့် ခန့်မှန်းခြေ ၃၄၂၄ ဦး သေဆုံးသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး[ပြင်ဆင်ရန်]

ကွန်မြူနစ် ပါတီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် ၁၉၅၅ တွင် အရှိန်ကျလာကာ ဗမာပြည် ကွန်မြူနစ် ပါတီက ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး လမ်းစဉ်ကို ရှေးရှုလာခဲ့သည်။ ထို ငြိမ်းချမ်းရေး လှုပ်ရှားမှုသည် မြေပေါ်မှ ဗမာပြည် ကွန်မြူနစ် ပါတီကို ထောက်ခံသူများ၊ ကူညီသူများနှင့် သခင်သန်းထွန်း၏ ၁၉၅၆ တွင် ဖဆပလ အစိုးရကို တောင်းဆိုချက်ကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ စစ်ပန်းမှုသည် မညီညွတ်သော လက်ဝဲပါတီ နှစ်ခုလုံးနှင့် ရှေးရိုးစွဲဝါဒီ များကိုပါ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရန် အားပေးခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီသည် ၁၉၅၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ကိုယ်စား အစိုးရနှင့် စကားပြောရန် အခွင့်အရေးရခဲ့သည်။ ထို့နောက် ၁၉၅၆ ရွေးကောက်ပွဲ ရလဒ် အရ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု လည်း ငြိမ်းချမ်းရေး အတွက်၊ ဖဆပလနှင့် ကွန်မြူနစ် ရင်ကြားစေ့ရေးအတွက် အတော်အတန် လုပ်နိုင်ခဲ့သည်။

နိုင်ငံတကာ အခြေအနေတွင် တရုတ်ပြည်၌ မော်စီတုန်း၏ ကွန်မြူနစ်များ အနိုင်ရသည့်အခါ အမေရိကန်ကူညီ ထောက်ပံ့သည့် အတိုက်အခံ ကူမင်တန်တရုတ်တပ်များသည် နှစ်ဖက်ညှပ်၍ ပြည်မကြီးကို ပြန်လည် သိမ်းယူရန် ရည်ရွယ်ချက်ဖြင့် ယူနန်နယ်ကို ဖြတ်၍ မြန်မာပြည်၏ အရှေ့မြောက်ပိုင်း အတွင်း ခိုဝင် လာကြသည်ကြောင့် မြန်မာပြည်သည် အရှေ့တောင်အာရှ စာချုပ်အဖွဲ့ကို မဝင်ဖြစ်ခဲ့ပေ။ ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည် အာဏာရ ကွန်မြူနစ်ပါတီ ဆက်သွယ်မှု မရှိကြောင်း သေချာစေရန် ဦးနု လည်း တစ်ခေါက် သွားရောက် လည်ပတ်ကာ၊ ဒုတိယ တစ်ခေါက် ဗိုလ်ချုပ် နေဝင်း ကိုယ်တိုင် သံတမန်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်၍ တရုတ်ပြည် သွားရောက်ကာ ဥက္ကဋ္ဌမော်နှင့် သွားရောက် တွေ့ဆုံသည်။ ဒီဇင်ဘာ ၁၉၅၅ ရုရှားခေါင်းဆောင် ခရူးရှက်ဖ်က ဗမာပြည်ကို တတိယ ကမ္ဘာမှ နိုင်ငံများ ထဲတွင် တိုးတက်မှုရှိသော စံပြနိုင်ငံ တစ်ခုအဖြစ် ထောက်ခံပေးခဲ့သည်။

ဒီမိုကရေစီအတွက် လက်နက်ကိုင်ခြင်းနှင့် ဖဆပလ၏ အောင်ပွဲ[ပြင်ဆင်ရန်]

ဦးနုက ကွန်မြူနစ် ပါတီ၏ ငြိမ်းချမ်းရေးကို တိုက်စစ်ဆင်မှုအဖြစ် ပြောင်းလဲကာ ဒီမိုကရေစီ အတွက် လက်နက်ကိုင်ခြင်း မူကို သူ၏ အကျိုးအမြတ် အတွက် အောင်မြင်စွာ အသုံးချ နိုင်ခဲ့သည်။ တပ်မတော်ကို အသုံးချ၍ ၁၉၅၆ တွင် ပခုက္ကူနယ်မြေ၌ အောင်သူရ စစ်ဆင်ရေးပုသိမ်တွင် အောင်တေဇ စစ်ဆင်ရေး တို့ကို အတော်အတန် အောင်မြင်စွာ စစ်ဆင်နိုင်ခဲ့သည်။ ၁၉၅၈ တွင် ရခိုင် အမျိုးသား သူပုန်များ လက်နက်ချသည်။ ထို့နောက် ပအိုဝ်း၊ မွန်နှင့် ရှမ်းကွန်မြူနစ်များ လက်နက်ချသည်။ အစိုးရ ထုတ်ပြန်ကြေညာချက် အရ စစ်တွေနယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်စွဲထားသော ဗမာပြည် ကွန်မြူနစ်ပါတီမှ ၈၀၀ ခန့်အပါအဝင် စုစုပေါင်း ၅၅၀၀ ခန့် အလင်းဝင်ခဲ့သည် ဟု ကြေညာသည်။

ဖဆပလ နှစ်ပိုင်းကွဲခြင်းနှင့် အိမ်စောင့်အစိုးရ[ပြင်ဆင်ရန်]

၁၉၅၈ တွင် ဖဆပလသည် ဦးနုနှင့် သခင်တင်တို့ ဦးဆောင်သော သန့်ရှင်းဖဆပလ နှင့် ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော တည်မြဲဖဆပလ ဟူ၍ နှစ်ပိုင်း ကွဲထွက်သွားသည်။ ထို့နောက် တရားဝင် အတိုက်အခံ ပါတီ ဖွဲ့စည်းခွင့်ကိုပါ ခွင်ပြုခဲ့ကြရာ ပြည်သူ့ရဲဘော် ပါတီလည်း တရားဝင် ပေါ်ပေါက်လာသည်။ ဦးနုသည် ငြိမ်းချမ်းရေးဝါဒကို လက်ကိုင်စွဲ၍ လူထုထောက်ခံမှု ရရှိနေသော်လည်း တစ်ဖက်က တပ်မတော် အကြီးအကဲ များနှင့် အတူ ဗမာပြည် ကွန်မြူနစ် ပါတီ ပင်မ နိုင်ငံရေး အတွင်းသို့ ဝင်ရောက်လာမှုကို စိုးရိမ်နေကြသည်။ ထိုစိုးရိမ်မှုကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေဝင်း အား အိမ်စောင့် အစိုးရ၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ကာ ရန်ကုန် တက္ကသိုလ်ကျောင်းသား ဆန္ဒပြမှုများနှင့် ကွန်မြူနစ် ပြဿနာကို ဖြေရှင်းစေခဲ့ရာ ကွန်မြူနစ် ထောက်ခံသူ ၄၀၀ ခန့် အဖမ်းဆီးခံခဲ့ရကာ ၁၅၃ ဦးမှာ ဘင်္ဂလား ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပို့ဆောင် ထိမ်းသိမ်းထားခြင်း ခံရသည်။ ဗိုလ်တထောင် သတင်းစာ၊ ကြေးမုံ သတင်းစာနှင့် ရန်ကုန်နေ့စဉ် သတင်းစာ တို့လည်း အပိတ်ခံလိုက်ရသည်။

တပ်မတော်က ကွန်မြူနစ်များသည် ဗုဒ္ဓဘာသာ၏ ရန်သူ ဟူ၍ ဓမ္မန္တရာယ်ဟု အမည်ရသည့် စာအုပ် ထုတ်ဝေ၍ ဗမာပြည် ကွန်မြူနစ် ပါတီကို စိတ်ဓာတ် စစ်ဆင်ရေးတိုက်ပွဲများလည်း မပြတ် ဆင်နွှဲခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီမှာ ဗုဒ္ဓဝါဒနှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ကို အားပေးသယောင် ဟန်ဆောင်သည့် မျက်နှာဖုံးကို ခွာချရန် ဟူသည့် ဝါဒဖြန့် ပန်းဖလက်များဖြင့် တိုက်ခိုက်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။ သို့သော်လည်း တပ်မတော်အတွက်မူ စိတ်ဓာတ် စစ်ဆင်ရေးများထက် ၁၉၅၈ နှင့် ၁၉၆၀ အတွင်း စစ်မြေပြင် ထိုးစစ်များက ပိုမို အောင်မြင်မှု ရစေခဲ့သည်။

အမျိုးသား ဒီမိုကရက်တစ် တပ်ဦး[ပြင်ဆင်ရန်]

၁၉၄၉ မတ်လတွင် ဖဆပလကို ဖြုတ်ချရန် ပြည့်သူ့ ဒီမိုကရက်တစ် တပ်ဦးကို ဗမာပြည် ကွန်မြူနစ် ပါတီ၊ ပြည်သူ့ ရဲဘော်များနှင့် တော်လှန်သော ဗမာ့ တပ်မတော် (တောခို တပ်မတော်သားများ) သုံးပွင့်ဆိုင် သိမ်းပိုက်ထားသော ပြည်မြို့တွင် ဖွဲ့စည်းသည်။ သုံးပွင့်ဆိုင် မဟာမိတ် ဖွဲ့စည်းခြင်း စာချုပ်ကို သခင်သန်းထွန်းသခင်စိုးနှင့် ဗိုလ်ဖိုးကွန်း တို့က မုံရွာမြို့အနီးရှိ အလောင်းတော် ကဿပရွာ တွင် လက်မှတ်ရေးထိုးသည်။ သဘောတူညီချက်တွင် နယ်မြေ ပိုင်းခြားမှုနှင့် လက်တွဲ တိုက်ပွဲဝင်ရေးသာ အဓိက ပါဝင်ခဲ့သည်။

အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု[ပြင်ဆင်ရန်]

၁၉၅၂ ခုနှစ် နိုဝင်ဘာလတွင် သခင်ဇင်နှင့် မန်းဘဇံ တို့၏ သဘောတူညီချက် အရ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ကရင် အမျိုးသား ယူနီယံတို့ အပစ်အခတ် ရပ်စဲသည်။ သို့သော် ၁၉၅၉ ခုနှစ်၏ မေလမှ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု ဖွဲ့စည်းမှ စစ်ပိုင်းဆိုင်ရာ မဟာမိတ် အဖြစ်ကို ရောက်ရှိသည်။ ထို့နောက် ကရင် အမျိုးသား ယူနီယံတွင် မန်းဘဇံ ဦးဆောင်သော မော်ဝါဒီ ကရင် အမျိုးသား ညီညွတ်ရေး ပါတီဟု ပေါ်ထွက်လာသည်။ လက်ဝဲ ကရင် အမျိုးသား များသည် ခရစ်ယာန်ဘာသာ ဦးဆောင်သော ကွန်မြူနစ် ဝါဒကို ဆန့်ကျင်သည့် ပင်မ ကရင် အမျိုးသား ယူနီယံနှင့် ကင်းကွာကာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပိုမို နီးနီးကပ်ကပ် တိုက်ပွဲဝင်ခဲ့သည်။

အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုတွင် မွန် ပြည်သူ့ တပ်ဦး အလင်းဝင်သွား ပြီးနောက် အသစ် ဖွဲ့စည်းသည့် နိုင်ရွှေကျင် ဦးဆောင်သောမွန်ပြည်သစ် ပါတီ၊ မတ်လ ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းသော ချင်းအမျိုးသား ဦးဆောင် ပါတီနှင့် ၁၉၅၇ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီတို့ ပါဝင်သည်။ ထို တပ်ပေါင်းစုသည် ၁၉၇၆ ခုနှစ်တွင် ကရင် အမျိုးသား ယူနီယံက အမျိုးသား ဒီမိုကရက်တစ် တပ်ဦး တည်ထောင်ရန် အလို့ငှာ ခွဲထွက်သွားသည် အထိ တည်တံ့ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အာဏာရယူရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စသည်ဖြင့် နိုင်ငံရေး ဝါဒ ကွဲပြားခြားနား မှုများကိုမူ ညှိနှိုင်း၊ ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ပေ။

တပ်မတော် အာဏာသိမ်းခြင်း[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့် အစိုးရမှာ ၁၉၆၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ပါတီ (ပထစ) ဟု အမည် ပြောင်းလဲထားသည့် သန့်ရှင်း ဖဆပလကို ခေါင်းဆောင်သော ဦးနုကို အာဏာပြန်အပ်သည်။ ဦးနုနှင့် ပထစ ပါတီသည် လူများစု၏ ထောက်ခံမှုကို ရရှိခဲ့သဖြင့် ပထစ အစိုးရ ဟူ၍ အာဏာရရှိသည်။ ပါလီမန် ဒီမိုကရေစီခေတ်သည် ရှမ်းစော်ဘွား တစ်ဦးဖြစ်သော လွပ်လပ်သည့် မြန်မာပြည်၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် ဦးဆောင်သည့် ဖက်ဒရယ် လှုပ်ရှားမှုကို တိုင်းပြည်အား တစ်စစီ ဖြိုခွဲရန် ကြိုးပမ်းသည်ဟု ထောက်ပြ၍ မြန်မာ့တပ်မတော်မှ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာ သိမ်းသည်အထိ စုစုပေါင်း (၂)နှစ်သာ ကြာမြင့်ခဲ့ပေသည်။ မြေပေါ် နိုင်ငံရေးအဖွဲ့များ၏ ဆန္ဒပြမှုကြီးများလည်း နောက်က ဆက်တိုက် လိုက်ပါလာကြသည်။ ဖဆပလ ခေါင်းဆောင်များနှင့်၊ တိုင်းရင်းသား ခေါင်းဆောင်များအား ထောင်သွင်း အကျဉ်းချခြင်းလည်း ပြုလုပ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုလည်း လက်နက်နှင့် အကြမ်းဖက် ဖြိုခွဲကာ ကျောင်းသား ၁၀၀ ကျော် သေဆုံးခြင်းဖြင့် တပ်မတော်၏ ထိမ်းချုပ်မှု အောက်မှ မြန်မာပြည် သမိုင်းကို စတင်ခဲ့တော့သည်။

တော်လှန်ရေး ကောင်စီ၏ မအောင်မြင်သော ဆွေးနွေးပွဲများ[ပြင်ဆင်ရန်]

၁၉၆၃ တွင် ဗိုလ်ချုပ်ကြီးနေဝင်းတော်လှန်ရေး ကောင်စီအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုကို ဧပြီလ ၁ရက်နေ့မှ စတင် ကမ်းလှမ်းသည်။ ရဲဘော် သုံးကျိပ်ဝင်နှင့်၊ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဗဟို စစ်ရေး ကော်မတီဝင် ဖြစ်သော ဗိုလ်ရဲထွဋ်သည် ဖဆပလ မပြိုကွဲခင် ၁၉၅၈ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတည်းက ရန်ကုန်သို့ သွားရောက်ခဲ့သူ ဖြစ်သည်။ သူသည် ဗိုလ်ရဲမောင်ဗိုလ်စိန်တင် တို့နှင့်အတူ ဆွေးနွေးပွဲကို လက်ခံသည်။ ကရင် အမျိုးသား ယူနီယံလည်း စောဟန်တာသာမွှေး ဦးဆောင်သော ကရင့် တော်လှန်ရေး ကောင်စီနှင့် ကွဲထွက်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပထမဆုံး လာရောက်သော အုပ်စုမှာ ဩဂုတ်လတွင် ရခိုင်ပြည်နယ်မှ လာသော သခင်စိုးအလံနီ ကွန်မြူနစ် ပါတီဖြစ်သည်။ တွေ့ဆုံပွဲ ၃ ပွဲ အပြီးတွင် တော်လှန်ရေး ကောင်စီဖက်မှ ဆွေးနွေးပွဲကို ရပ်တန့်လိုက် သဖြင့် အလံနီများ ဩဂုတ် ၂၀ ရက်နေ့တွင် စစ်တွေသို့ ပြန်သွား ကြလေတော့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ် အဖွဲ့ ၃ ဖွဲ့မှာ ဇူလိုင်လနှင့် စက်တင်ဘာလတို့တွင် တရုတ်ပြည်မှ လေယဉ်နှင့် ဆိုက်ရောက်သည်။ ဗိုလ်ဇေယျရဲဘော်အောင်ကြီးသခင်ပုနှင့် သခင်ဗသိန်းတင် တို့ ပါဝင်သည်။ ပေကျင်းပြန် ပါတီဝင်များသည် ၁၅ နှစ်တာ သက်တမ်း၌ ပြန်လည် စည်းလုံးကာ ပါတီ၏ ဌာနချုပ် ဖြစ်သော ပေါက်ခေါင်းမြို့အနီး ပဲခူးရိုးမ၌ ကျင်းပသည့် ဗဟို ကော်မတီဝင် များ၏ သမိုင်းဝင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ကြသည်။ တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့တွင် ရဲဘော်ဌေး ဦးဆောင်သည့် အဖွဲ့က စတင် ဆွေးနွေးသည်။ ပြည်သူ့ တပ်မတော် (ကွန်မြူနစ်) အုပ်ချုပ်ရေးမှ ဗိုလ်ဇေယျသည် ဩဂုတ် ၂၈ ရက်နေ့တွင် ဆိုက်ရောက်သည်။ ဒုတိယ တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို သခင်ဇင်ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု တို့က အဖွဲ့ တစ်ဖွဲ့ အနေနှင့် စက်တင်ဘာ ၂၀ ရက်နေ့တွင် စုပေါင်း ဆွေးနွေးကြသည်။ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုနှင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့နှင့် ဆွေးနွေးပွဲများသည် ရှမ်း၊ ကချင် စသည့် တိုင်းရင်းသား တပ်များနှင့် ဆွေးနွေးပွဲများကို လွှမ်းမိုးခဲ့သည်။

မအောင်မြင်ရခြင်း အကြောင်းအရင်း[ပြင်ဆင်ရန်]

ဆွေးနွေးပွဲသည် နိုဝင်ဘာလ ၁၄ရက်နေ့တွင် တော်လှန်ရေး ကောင်စီက အောက်ပါအချက် လေးချက်ကို တောင်းဆိုခဲ့ရာ ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့ပဲ ရပ်တန့်သွားသည်။

  • လက်နက်ကိုင် တပ်များအားလုံး သတ်မှတ်နယ်မြေမှာသာ လှုပ်ရှားရမည်။
  • အခွင့်မရှိပဲ သတ်မှတ်နယ်မြေမှ ထွက်ပိုင်ခွင့်မရှိ။
  • အဖွဲ့အစည်း၏ လုပ်ကိုင်နေသော လုပ်ငန်းစဉ်အားလုံးကို ရပ်တန့်ရမည်။
  • ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စီးပွားရေး လုပ်ငန်းများ အားလုံးကို ရပ်တန့်ရမည်။

ဆွေးနွေးပွဲ ကာလအတွင်းတွင် အမျိုးသား ညီညွတ်ရေး တပ်ဦး မှဖွဲ့စည်း၍ သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့က ထောက်ခံသော ပြည်သူ့ ငြိမ်းချမ်းရေး ကော်မတီက နိုဝင်ဘာ လဆန်းတွင် မင်းလှမှ ရန်ကုန်အထိ ချီတက်သော ခြောက်ခရိုင် ငြိမ်းချမ်းရေး ချီတက်ပွဲကြီး ဖြစ်ပေါ်အောင် စည်းရုံးနိုင်ခဲ့သည်။ ချီတက်သူများသည် အစိုးရကို ဆန့်ကျင်သော ဆောင်ပုဒ်များကို ကြွေးကျော်ခဲ့ကြသည်။ အစား အသောက်များကိုမူ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့မှ တာဝန်ယူ ကောက်ခံပေး ခဲ့သည်။ အဆိုပါ လူဦးရေ ၂၀၀၀၀၀ ခန့် ပါဝင်သော ချီတက်သည့် လူထုများ ရန်ကုန် မြို့တော်ခန်းမသို့ ရောက်ရှိသောအခါ တရားဟောသူများက အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုကို ပွင့်ပွင့်လင်းလင်း ထောက်ခံ၍ နယ်မြေနှင့် လက်နက်များကို ရှိရင်းစွဲအတိုင်း ဆက်လက် ကိုင်စွဲထားရန် ပြောခဲ့ကြသည်။

ဤငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ လာခဲ့ကြသော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု တို့မှ ကိုယ့်စားလှယ်များက ဆွေးနွေးပွဲ အောင်မြင်မည်မဟုတ်ဟု ဆွေးနွေးပွဲ မတိုင်မည်ကတည်းက ယုံကြည်ခဲ့ကြသည်။ ရန်ကုန်မြို့တော်သို့ ရောက်ပြီး အနည်းငယ် ဆွေးနွေးပြီးသည်နှင့် ထိုဆွေးနွေးပွဲမှာ အဖြစ် ရုပ်ပြ ပြုလုပ်ခြင်းသာ ဖြစ်သည် ဟု နားလည်ခဲ့ကြသည်။ သို့သော်လည်း မိသားစုများနှင့် မိတ်ဆွေများအား ပြန်လည်တွေ့ဆုံ ဆက်သွယ်ရန် အခွင့်အရေးတော့ ရပေသည်ဟု အဆိုးထဲမှ အကောင်းကို ထုတ်ယူခဲ့ကြသည်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကာလ[ပြင်ဆင်ရန်]

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ခြင်း၊ စစ်ရေး တိုက်ခိုက်မှုများနှင့် ပူးပေါင်းထားသော ပြင်းထန်သည့် နိုင်ငံရေးအရ တိုက်ခိုက်မှုများနှင့် တပ်မတော် အစိုးရ၏ ဗမာ့နည်း ဗမာ့ဟန် ဆိုရှယ်လစ်ဝါဒ ကြေညာချက်ကို လက်ကိုင်ထားကာ ကွန်မြူနစ်ဟောင်းများ၏ အာဏာသိမ်းမှု အပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်သည်။ ထိုအခါ ဂိုရှယ်ရဲဘော်ထွေး၊ ဗိုလ်ရန်အောင် တို့က လက်နက်ကိုင် တော်လှန်ရေး၏ လိုအပ်မှုကို ပြန်လည် မေးခွန်း ထုတ်လာကြသည် သခင်သန်းထွန်းသခင်ဇင်သခင်ချစ် နှင့် ဗိုလ်ဇေယျ တို့က ရဲဘော်အောင်ကြီး ဦးဆောင်သော "ပေကျင်းပြန်" များ၏ အထောက်အပံ့ ရရှိ၍ ဗဟို ကော်မတီ၏ အစည်းအဝေးကို နတ္တလင်း မြို့တွင် စက်တင်ဘာ ၉ ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ ၁၉၆၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့သည်။

ဆိုဗီယက်၏ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ် စတင်ခြင်း[ပြင်ဆင်ရန်]

ထို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၂၀ တွင် ၁၁ ဦးသာ တက်ရောက်နိုင်ခဲ့သည်။ ဗမာပြည်အား တစိတ်တစ်ပိုင်း ကိုလိုနီ စနစ်ဖြင့် အုပ်စိုးခံနေရသည်ဟု သတ်မှတ်၍ ဗိုလ်ချုပ်ကြီးနေဝင်းအား လက်နက်ကိုင် တော်လှန်ရေး ဗဟိုပြုသော တော်လှန်ရေးကြီး ဆက်လုပ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်နိုင်ခဲ့ကြကာ မျိုးချစ်များနှင့် ဆင်းရဲသားများ ညီညွတ်ရေး တပ်ပေါင်းစု ကြီးကို စုပေါင်း မဟာမိတ် အဖွဲ့ကြီးအဖြစ် တည်ထောင်ခဲ့သည်။ ဆိုဗီယက်နှင့် တရုတ်သဘောထား ကွဲလွဲမှုတွင် ဗမာပြည် ကွန်မြူနစ် ပါတီသည် ၁၉၅၅ ဆိုဗီယက် ပြန်လည်ပြင်ဆင်ရေး ဝါဒကို ကျောခိုင်းကာ တရုတ်ပြည် ကွန်မြူနစ် ပါတီကို ထောက်ခံ၍ ရပ်တည်ခဲ့သည်။ ဘော်ရှီဗစ်တို့၏ တော်လှန်ရေးကြီး နှစ် ၅၀ ပြည့်တွင် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ်ပါတီက ဗိုလ်ချုပ်ကြီးနေဝင်းဆိုရှယ်လစ် စံနစ် တည်ထောင်နေသော မြန်မာနိုင်ငံအား ထောက်ခံ ကူညီမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။

ဆိုဗီယက်ကို ကျောခိုင်း၍ တရုတ်နှင့် ပူးပေါင်းခြင်း[ပြင်ဆင်ရန်]

ထိုအချိန်က ဗမာပြည် တောခို လက်နက်ကိုင် တပ်များဖြစ်ကြသော ကွန်မြူနစ်များနှင့် တိုင်းရင်းသား တပ်များသည် ဝါဒရေးရာအရ မလေ့လာသည်များ ရှိသော်လည်း နည်းဗျူဟာပိုင်းတွင် တရုတ်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌမော်၏ ပြောက်ကျားစစ်ကျမ်းကို လေ့လာ တိုက်ခိုက်နေရ သူချည်းသာဖြစ်သည်။ ယခုအခါတွင်မူ နည်းဗျူဟာပိုင်းတွင် လေ့လာယုံ မကပဲ တရုတ်ပြည် ကွန်မြူနစ် ပါတီသည် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်၊ ရန်ကုန်မြို့နေ တရုတ် လူမျိုးများ၏ အသက် အိုးအိမ် စည်းစိမ် များစွာ ဆုံးရှုံးခဲ့ရသော တရုတ်-ဗမာ အရေးအခင်းတွင် တရုတ် ဆန့်ကျင်ရေးကို အစိုးရမှ ထိရောက်စွာ မတားမြစ်ခဲ့သည့် နောက်ပိုင်း အတိုက်အခံ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပို၍ နီးနီးကပ်ကပ် ပူးပေါင်းထားသော မဟာမိတ်များ ဖြစ်လာကြသည်။

မတ်စ်-လီနင် ကိုလည်း မပစ်ပယ်၊ မော်ဝါဒကိုလည်း လေ့လာ[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ်ပါတီသည် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ် ပါတီကို မထောက်ခံသော်လည်း မတ်စ်-လီနင် ဝါဒကိုမူ ပစ်ပယ်ခြင်း မပြုခဲ့ပဲ မတ်စ်-လီနင် ဝါဒနှင့် မော်စီတုံး အတွေးအခေါ် ကို ပါတီ၏ အတွေးအခေါ်အဖြစ် ထားရှိကာ အနီရောင် နယ်မြေများအဖြစ် ကျေးလက်တောရွာများကို အခြေပြုကာ မြို့ပြကို သိမ်းပိုက်သော ဝါဒကို ပြန်လည် ကျင့်သုံးခဲ့ပြန်သည်။ အဆိုပါ ဝါဒကို ဖြန့်ဝေရန် နိုင်ငံရေး ပထမဆုံး နိုင်ငံရေး သင်တန်းကို ၁၉၆၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စနိုင်ခဲ့သည်။ ၁၉၆၆၊ ဩဂုတ် ၁၆ အစည်းအဝေးအရ တရုတ်ပြည် ကွန်မြူနစ်ပါတီ လမ်းစဉ်ကို လိုက်၍ တပ်နီလူငယ် များကို ဖွဲ့စည်း၍ တက္ကသိုလ်နှင့် အထက်တန်းအောင် ကျောင်းသား လူငယ်များကို ပါတီ ဌာနချုပ်တွင် ထားရှိမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ယဉ်ကျေးမှု တော်လှန်ရေး[ပြင်ဆင်ရန်]

၁၉၆၇ တွင် ပါတီဥက္ကဋ္ဌကြီး သခင်သန်းထွန်းသည် တရုပ်ပြည်၏ လမ်းစဉ်ကို လိုက်ကာ ဖောက်ပြန်ရေး သမားများအား ဖြုတ်ချရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ယဉ်ကျေးမှု တော်လှန်ရေးတစ်ခု ဖန်တီးခဲ့လေသည်။ ယဉ်ကျေးမှု တော်လှန်ရေးအား အများစုက ဖြုတ်၊ထုတ်၊သတ် လမ်းစဉ် ဟု ခေါ်တွင်သည်။

ဆုံးရှုံးမှုများ[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ်၏ ဧပရယ် ၂၇ တွင် ဂိုရှယ်နှင့် ရဲဘော်ဌေးကို ပေါလစ်ဗျူရိုမှ ထုတ်ပယ်ကာ ဂိုရှယ်ကို ဇွန်လ ၁၈ ရက်နေ့တွင် သေဒဏ်ပေး၍ ရဲဘော်ဌေးကိုလည်း သူ၏ သား ကိုယ်တိုင် ပါဝင်သော ရှင်းလင်းရေး အဖွဲ့နှင့် သေဒဏ် ပေးစေခဲ့သည်။ ထိုအခါ ရဲဘော်ဘခက် ကဲ့သို့ ကွန်မြူနစ် ပါတီ၏ အဆင့်မြင့် ရာထူးမှ ပါတီဝင်များမှာ သခင်သန်းထွန်းယဉ်ကျေးမှု တော်လှန်ရေးကြီး၏ အန္တရာယ် အငွေ့အသက်ကို ရရှိလာပြီ ဖြစ်သောကြောင့် ပါတီကို စွန့်ခွာကုန်ကြသည်။ သခင်သန်းထွန်းသည် ဆက်လက်၍ ဒီဇင်ဘာ ၁၅ တွင် ပါတီအတွင်းစည်း တော်လှန်ရေး ဆုံးဖြတ်ချက်ကို ချမှတ်ကာ နိုင်ငံ တစ်ဝှန်းလုံးရှိ ပါတီဝင်များအား မိမိတို့ နယ်မြေအလိုက် ဖြုတ်၊ ထုတ်၊ သတ်များ ဆောင်ရွက်ကြရန် အမိန့်ပေးလိုက်သည်။ ဤသို့ဖြင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် သည်လည်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ သားကောင် ဖြစ်သွားခဲ့လေတော့သည်။

အထက်ပါ ပါတီဝင်များကို သေဒဏ်ပေးရာ၌ တပ်နီလူငယ်များကို ဦးဆောင်၍ ရှင်းလင်းရေးကို အကောင်အထည် ဖော်ခဲ့သော ဗိုလ်ထွန်းငြိမ်းမှာလည်း ပါတီ စင်ပြိုင်ထောင်ရန် ကြိုးပမ်းမှုဖြင့် သေဒဏ်ပေးခံရသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ခေါင်းဆောင်များ ဖြစ်သော ဗိုလ်ရန်အောင်၏ တူ အောင်သိန်းနိုင်လူထု ဦးလှနှင့် လူထု ဒေါ်အမာတို့၏ သား၊ လက်ရှိ ပါတီခေါင်းဆောင်တဦးဖြစ်သူ ရဲဘော်ဖိုးသံချောင်း၏ အစ်ကို စိုးဝင်းတို့သည်လည်း ဗိုလ်ထွန်းငြိမ်းပြီး နောက်တစ်လတွင် ရှင်းလင်းခံလိုက်ရ လေသည်။

ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ ဂယက်ရိုက်မှု[ပြင်ဆင်ရန်]

တပ်မတော်ကလည်း ပါတီအတွင်း ရှုပ်ထွေးမှု အခွင့်အရေးကို ယူ၍ ထိုးစစ်များ ဆင်ရာ ၁၉၆၈ ၏ ဧပြီလ ၁၆ ရက်နေ့တွင် ကွန်မြူနစ် ပါတီမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျသည် ပြည်-သာယာဝတီ နှစ်ခုကြားတွင် တာဝန်ထမ်းဆောင်ရင် ကျဆုံးခဲ့လေတော့သည်။ ဂိုရှယ် ကဲ့သို့ အိန္ဒိယသား ပါတီတည်ထောင် ကတည်းက ပါလာသူ တစ်ဦးဖြစ်သော ဒေါက်တာနတ် မှာလည်း ၁၉၆၈ ၌ပင် ဖြူးမြို့နားရှိ ပဲခူးရိုးမ တောထဲတွင် ကျဆုံးခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပုံရိပ်ကို များစွာ ထိခိုက်စေခဲ့သည်၊ ၁၉၆၃ နောက်ပိုင်းမှ တောခိုလာသည့် ကျောင်းသား ခေါင်းဆောင်များကိုပါ သေဒဏ်ပေး ခဲ့သည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီမှာ လူထု ရှေ့တွင် နာမည် ပျက်ခဲ့လေတော့သည်။ ထို့ကြောင့် အစိုးရကို လက်မခံနိုင်သည့် ကျောင်းသား လူငယ်များမှာ ဗမာပြည် ကွန်မြူနစ် ပါတီကို သွားရောက် ခိုဝင်သင့်သည့် အဖွဲ့အစည်းဟု အယုံအကြည် မရှိကြတော့ပဲ တိုင်းရင်းသား နယ်မြေများကိုသာ သွားရောက်ခဲ့ကြ သည်ကို ၈၈၈၈ အရေးအခင်းမှ တောခို ကျောင်းသားများ၏ ဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ကွန်မြူနစ် ပါတီ ကိုယ်၌လည်း အဆိုပါ လမ်းစဉ်ကြောင့် အမာခံ ပါတီဝင် ၁၀၀ ခန့် ဆုံးရှုံးခဲ့ရလေသည်။

သခင်သန်းထွန်း ကျဆုံးခြင်း[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ၏ ၂၄ ရက်နေ့တွင် တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေးများကို ခုခံ ဆုတ်ခွာရင်း (နောင်အခါ တပ်မတော်သို့ အလင်းဝင်သွားသော) သူ့ ကိုယ်ရံတော် မြကြီး၏ လုပ်ကြံမှုကို ခံလိုက်ရသည်။ ထိုသို့လုပ်ကြံသူ မြကြီးသည် အစိုးရကစေလွှတ်ထားသော ထောက်လှမ်းရေးဟု ပြောဆိုမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်။ မြန်မာ့သမိုင်းတွင် အထူးချွန်ဆုံး နိုင်ငံရေးသမားများ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်၍ အကြီးကျယ်ဆုံး လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနီးပါးမျှ နိုင်ငံရေး နယ်ပယ်တွင် လွှမ်းမိုးနိုင်ခဲ့သော သခင်သန်းထွန်းသည် လွပ်လပ်ရေး တိုက်ပွဲ အဆင့်တိုင်းနှင့် မြန်မာ့နိုင်ငံရေးသမိုင်း တွင် သူ၏ ပုံရိပ်များ ချန်ထားခဲ့ကာ အသက် ၅၇ နှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ စတုတ္ထမြောက် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေရင်း ကျဆုံးသွားခဲ့သည်။

အရှေ့မြောက်တိုင်း စစ်ဒေသ[ပြင်ဆင်ရန်]

တရုတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တို့၏ ဆက်ဆံရေး အဆင်မပြေမှုက တရုတ် အစိုးရအား ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီ အာဏာမရခင် ကတည်းက ကွန်မြူနစ် ပါတီချင်း ကူညီရေး မူကို ပြန်လည် ဖော်ဆောင်၍ အတိအလင်း ကူညီလာစေရန် ဖန်တီးလာခဲ့သည်။ ရလဒ်အဖြစ် ကူညီရန် သဘောတူကြပြီး နောက်နှစ်တွင် ကရင့် တော်လှန်ရေးနှင့် ပူးပေါင်းခဲ့သော အစိုးရ ကချင် ရိုင်ဖယ် တပ်ရင်း ၁ ၏ ဗိုလ်မှူး နော်ဆိုင်းနှင့် သူ၏ တပ်သား ၃၀၀ သည် တရုတ်ပြည်တွင်း ခိုဝင်ခဲ့ကြသည်။

နယ်မြေချဲ့ထွင်ခြင်း[ပြင်ဆင်ရန်]

ထို့နောက် ၁၉၆၈ ခုနှစ်၏ နှစ်သစ်ကူးနေ့တွင် ရှမ်းပြည်နယ်သို့ ပြန်ဝင်လာခဲ့ကာ နယ်မြေအချို့ကို သိမ်းပိုက်၍ အရှေ့မြောက် စစ်ဌာန၏ စစ်ဒေသ ၃၀၃ ဟု သတ်မှတ်လိုက်သည်။ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်မှလည်း နယ်မြေများ တိုက်ခိုက် သိမ်းပိုက်၍ စစ်ဒေသ ၄၀၄ ကိုလည်း ဆက်လက် တည်ထောင်ခဲ့ပြန်သည်။

မြောက်ဘက်တွင်မူ စစ်ဒေသ ၂၀၂ကို ရွှေလီမြစ် တလျှောက်တွင် သတ်မှတ်လိုက်သည်။ သို့သော် စစ်ဒေသ ၁၀၁ အဖြစ် တိုင်ရင်း နှင့် ဇလမ်းတို့ကို ကချင် လွတ်မြောက်ရေး အဖွဲ့ ကွဲထွက်သောအခါ ခက်ခဲစွာ သိမ်းယူ ရရှိသည်။ ထို့နောက် တောင်ဘက် နယ်စပ်အတိုင်း တောက်လျှောက် ဆက်လက် သိမ်းပိုက်ရာ ၁၉၇၀ ၏ မလတ် ၂၈ ရက်နေ့၊ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တော်လှန်ခြင်း နှစ်ပတ်လည် နေ့တွင် ကြူကုတ်ကို သိမ်းယူရရှိပြန်သည်။ ထို့နောက် ၀ တောင်တန်း၏ မြောက်ဘက်ခြမ်းမှ မောင်းမူ ကို မေလ ၁ ရက်နေ့တွင် ရရှိသည်။ လူထုအုံကြွမှု၏ နှစ်ပတ်လည် ၁၉၇၁၏ မတ်လတွင် ပြည်သူ့အသံ ကို တရုတ်နိုင်ငံ အတွင်းမှ စတင် ထုတ်လွှင့်နိုင်ခဲ့သည်။

စင်ပြိုင် ပေါ်ပေါက်လာသော တပ်များ[ပြင်ဆင်ရန်]

ထို့နောက် အခြား စင်ပြိုင် တပ်များ အနေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထောက်ခံကူညီသော စစ်ဘုရင် လော်ဆစ်ဟန် နှင့် သူ၏ ကာကွယ်ရေး တပ်၊ ရှမ်းပြည်နယ် တပ်မတော်မှ ထောက်ခံ ကူညီသော စော်ဘွား မိသားစုမှ ဂျင်မီရန်း ခေါင်းဆောင်သော တပ်တို့ အလျှိုလျှို ပေါ်လာကြသည်။ နောက်ပိုင်းတွင် သုံးနှစ် အထိမ်းသိမ်းခံထားရ ရာမှ လွတ်မြောက် လာသော ဦးနုတို့ ၁၉၆၉ တွင် ထိုင်းနိုင်ငံ၌ တည်ထောင်သော ပါလီမန် ဒီမိုကရေစီ ပါတီမှ ပံ့ပိုးသော ပြည်ချစ် တပ်များလည်း ပေါ်ပေါက် လာကြပြန်သည်။

တိုင်းရင်းသား ပြဿနာ[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ် ပါတီအတွက်မူ အခြား ဗမာလူမျိုးများသာ ဦးဆောင်သော ဖဆပလမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ကဲ့သို့ တိုင်းရင်းသား များနှင့် ပတ်သက်၍ လူမျိုးရေး ပြဿနာများ ရှိနေခဲ့သည်။ ပါတီသည် ပါတီ၏ တော်လှန်ရေးအား အမျိုးသား ဒီမိုကရက်တစ် တော်လှန်ရေးကြီး တစ်ခုအဖြစ် မြေရှင်စနစ်၏ ဖိနှိုပ်မှု၊ နယ်ချဲ့စံနစ်နှင့် တပ်မတော် ဗျူရိုကရက်တစ်အရင်းရှင် စံနစ်တို့ကို လက်နက်ကိုင် တော်လှန်၍ ပြည်သူ့ ဒီမိုကရေစီကို ရရှိရန် တိုက်ခိုက်နေခြင်း ဖြစ်သည်။ အခြား တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည်လည်း အလုပ်သမားနှင့် ဆင်းရဲသား မဟာမိတ်များနှင့် ပူးပေါင်းကာ အခြေခံလူတန်းစား ပစ္စည်းမဲ့ ခေါင်းဆောင်မှု ရှိသော ဗမာပြန် ကွန်မြူနစ် ပါတီ၏ ခေါင်းဆောင်မှု အောက်တွင် ကြိုးပမ်းရမည်ဟု ယုံကြည်သည်။

တိုင်းရင်းသား တော်လှန်သူများမှာ ဖက်ဒရယ် စနစ်ကို ရှေ့တန်းမတင်သော ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းနေရခြင်းကို မေးခွန်းထုတ်လာ ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်များမှ ၁၉၆၈ မှစတင်ကာ တရုတ်ပြည်ကို သွား၍ အကူအညီ အထောက်အပံ့များ တောင်းဆိုသော အခါ တရုတ် အစိုးရမှ အတင်း ဖိအားပေး၍ ကွန်မြူနစ် ပုန်ကန်မှုနှင့်သာ ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။ အကူအညီ အထောက်အပံ့များသည် ဗမာပြည် ကွန်မြူနစ် ပါတီမှသာ တစ်ဆင့် ရခဲ့ကြပြီး စစ်သင်တန်းများပါ ပေးခဲ့သောအခါ အယူဝါဒပိုင်း ဆိုင်ရာတွင်လည်း လွှမ်းမိုးမှုများ ရှိလာခဲ့သည်။ နောက်ပိုင်းတွင် တိုင်းရင်းသား တပ်များထဲ၌ ကွန်မြူနစ် ထောက်ခံသော တပ်များနှင့် ကွန်မြူနစ် ဆန့်ကျင်သော တပ်များဟူ၍ ကွဲထွက်လာကြသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်[ပြင်ဆင်ရန်]

၁၉၇၃ တွင်မူ ၀ နယ်မြေမှ ပန်ဆန်း နယ်စပ်ရွာတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တည်ထောင်သည်။ လာအို နိုင်ငံနှင့် ကပ်လျက်ရှိသော နယ်မြေအား ပါတီ တည်ထောင်ခြင်း နှစ်ပတ်လည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ၈၁၅ စစ်ဒေသဟု အမည်ပေးခဲ့သည်။ ရှမ်းပြည်နယ် တပ်မတော်၏ အင်အား ၁၀၀၀ မျှ ရှိသော ဗိုလ်ခွန်မြင့် ဦးဆောင်သည့် တပ်က လာရောက် ပူးပေါင်း၍ ကျိုင်းတုံ နယ်မြေတွင် တပ်မ ၁၇၈ ကို တည်ထောင်သည်။ တောင်ကြီး၏ မြောက်ဘက်ကို စစ်ဒေသ ၁၀၈ အဖြစ် ထိမ်းချုပ်ထားရန် စီမံကိန်းတွင်တော့ တပ်မတော်၏ ၁၉၆၉-၇၀ တိုက်စစ်များကြောင့် ရှမ်းပြည်နယ် တပ်မတော် ဗိုလ်မှူး စိုးမောင်နှင့် ပြည်သူ့ရဲဘော် အဖွဲ့ဝင် သခင်တင်ထွန်းတို့ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည်။

ဖြတ်လေးဖြတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဖြတ်လေးဖြတ်

အရှေ့မြောက်တိုင်း စစ်ဌာန၏ အခြေခံ နည်းဗျူဟာပိုင်းဆိုင်ရာ ရည်ရွယ်ချက်မှာ ပါတီ၏ ပင်မ ဌာနချုပ် ဖြစ်သည့် မြန်မာပြည် အလယ်ပိုင်းနှင့် တရုတ် နိုင်ငံနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်မည့် မြန်မာပြည် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ကချင် လွပ်လပ်ရေး အဖွဲ့မှ ပုန်ကန်သည့် အစိတ်အပိုင်းများ၊ ရှမ်းပြည်နယ် တပ်မတော်မှ ပုန်ကန်သည့် အစိတ်အပိုင်းများ နှင့် မြန်မာ့ တပ်မတော်တို့၏ ထိုးစစ်များကြောင့် ဆက်သွယ်ထားရန် ခက်ခဲလာခဲ့ပေသည်။ သို့သော် ရရှိသော အထောက်အပံ့ဖြင့် ကွန်မြူနစ် ပါတီသည်၊ တိုက်တိုင်းအောင် တပ်ရင်း ၇ရင်းကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ပဲခူး ရိုးမ၊ အနောက်မြောက်တိုင်း စစ်ဌာနနှင့် ရခိုင် ပြည်နယ်တို့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

တပ်မတော်က ထိုကဲ့သို့ ကွန်မြူနစ် ပါတီ၏ လူအင်အား ဖြည့်တင်းနေမှုများနှင့် အသစ်ပေါ်လာသော အရှေ့မြောက် စစ်ဒေသကို တုံ့ပြန်ရန် မြန်မာပြည် အလယ်ပိုင်းရှိ ကွန်မြူနစ်ပါတီကို ဗဟိုပြု၍ လက်နက်ကိုင် ရောင်စုံသောင်းကျန်းသူ များအား အစိုးရဖက်မှ စစ်ဆင်သော စစ်ဆင်ရေးကြီး ပြုလုပ်သည်။ ရိက္ခာဖြတ်၊ အထောက်အပံ့ဖြတ်၊ သတင်း အချက်အလက် ဖြတ်တောက်ရေးနှင့် လူသစ် စုဆောင်းရေး ကို မလုပ်နိုင်အောင် ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များအား လူထု၊ ကျေးရွာများနှင့် အဆက်ဖြတ်ပစ်သော ဖြတ်လေးဖြတ် စစ်ဆင်ရေးကို စတင်ခဲ့သည်။ ကွန်မြူနစ်ပါတီ၏ အနီရောင် နယ်မြေများမှ လွတ်မြောက်သွားသော အရပ်သားများတွင်လည်း အခြားနေရာသို့ ရွှေ့ပြောင်း ထွက်ခွာခွင့်၊ ပြန်လည် တိုက်ခိုက်ခွင့် (သို့) တပ်မတော်သို့ ဝင်ရောက်ခွင့်တို့ ရှိလာကြသည်။

တပ်မတော်၏ အစီအစဉ်သစ်များ[ပြင်ဆင်ရန်]

နိုင်ငံတော်၏ ပြည်နယ်နှင့် တိုင်းများတွင်လည်း အဖြူရောင်၊ အညိုရောင်၊ အနက်ရောင် နယ်မြေဟူ၍ လက်နက်ကိုင် အတိုက်အခံများ ထိမ်းချုပ်မှု ပမာဏနှင့် သတ်မှတ်သည်။ ထို့နောက် အခြား နယ်မြေများတွင် သတ်မှတ်နယ်မြေပြင်ပ တွင် တွေ့ရှိရသော မည်သည့် ရွာသားကို မဆို အမေးအမြန်းမရှိ ပစ်ခတ်ခွင့်ရှိသည့် လုံခြုံရေး စည်းကျပ် နယ်မြေများ အဖြစ် တပ်မတော်က သတ်မှတ်ခဲ့သည်။ ကျေးရွာများတွင် ပြည်သူ့စစ် များကို ဖွဲ့စည်းထားကာ စစ်တပ်ကိုလည်း ရွာတိုင်းတွင် စခန်း ချထားသည်။ ထို့နောက် ကွန်ယက်သဖွယ် ကင်းစင်များ တည်ဆောက်ထားကာ မပြတ် ကင်းလှည့်နေစေသည်။

တပ်မတော်၏ အထက်ပါ အစီအစဉ်များသည် ဗမာပြည် ကွန်မြူနစ် ပါတီိအပေါ် အတော်အတန် ထိရောက်မှု ရှိခဲ့သည်။ အထောက်အပံ့နှင့် တပ်သားသစ်များ ပြတ်တောက်လျက် ရှိသော လက်နက်ကိုင် အတိုက်အခံများကို တိုက်ခိုက်ရန် တပ်မတော်မှ အထူး တိုက်ခိုက်ရေး တပ်စုသစ် အနေနှင့် နယ်မြေခံ တပ်ရင်းမဟုတ်သော စစ်ဌာနချုပ်မှ တိုက်ရိုက် ခန့်ခွဲသည့် ခြေမြန်တပ်မ (သို့) အပေါ့စား ခြေလျင်တပ် များကို အသုံးပြုခဲ့သည်။ ပထမဆုံး အသုံးပြု တိုက်ခိုက်မှု အနေနှင့် ၁၉၆၆ ခုနှစ်တွင် ခြေမြန်တပ်မ ၇၇၊ ထို့နောက် ၁၉၆၇-၆၈ တွင် ၈၈နှင့် ၉၉ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။

ဗမာပြည် ကွန်မြူနစ် ပါတီ မြန်မာပြည် အလယ်ပိုင်းမှ ဆုတ်ခွာခြင်း[ပြင်ဆင်ရန်]

၁၉၆၈၏ နှစ်သစ်ကူးနေ့တွင် ဖြတ်လေးဖြတ်၏ ပထမအဆင့် တိုက်ခိုက်မှုများကို ခြေမြန်တပ်မ ၈၈ ကို ဖြန့်ကျက်ခြင်းဖြင့် စတင်သည်။ ထို ၈ နှစ်အတွင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမမှ တပ်များမှာ များပြားစွာ ကျဆုံးခဲ့ကာ တောင်များတွင် လူ နေထိုင်မှု မရှိတော့သလောက် ဖြစ်သွားခဲ့သည်။ တပ်မတော် ဖြတ်လေးဖြတ်၏ နောက်ဆုံး စစ်ဆင်ရေး ဖြစ်သော အောင်စိုးမိုး စစ်ဆင်ရေး တွင် ဗမာပြည် ကွန်မြူနစ် ပါတီကို မြန်မာပြည် အလယ်ပိုင်းမှ လုံးဝ မောင်းထုတ် နိုင်ခဲ့လေတော့သည်။ ၁၉၇၅ ခုနှစ်၏ မတ်လ ၁၅ ရက်နေ့တွင် သခင်ဇင်နှင့် သခင်ချစ် တို့မှာ ခြေမြန်တပ်မ ၇၇ ၏ ဝိုင်းရံ ပိတ်ဆို့ခြင်း ခံနေရစဉ် ဗမာပြည် ကွန်မြူနစ် ပါတီ၏ တာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် နှစ်ဦးစလုံးမှာ အသက် ၆၀ ခန့်ရှိကြပြီ ဖြစ်သည်။

ပြန်လည် ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ခေါင်းဆောင် အသစ်အနေနှင့် ၁၉၇၅ မေလတွင် ဥက္ကဋ္ဌအဖြစ် ၁၉၄၆ ခုနှစ်ကတည်းက ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့်၊ ဒုဥက္ကဋ္ဌ ဖြစ်နေခဲ့သော တရုတ် နိုင်ငံ အခြေပြု ခေါင်းဆောင် သခင်ဗသိန်းတင် ကို ခန့်အပ်သည်။ သခင်ဖေတင့်နှင့် မော်စကိုမှ သင်တန်းပေးထားသော ခင်မောင်ကြီးတို့ကို ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်သည်။ သခင်ဗသိန်းတင်ကလည်း ပြန်လည်ပြင်ဆင်ရေး ဝါဒကို ဆန့်ကျင်သည့် လမ်းစဉ်ကိုပင် ကြေညာသည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ပစ္စည်းမဲ့ တိုက်ပွဲ ဖြင့် နယ်ချဲ့ တစ်ပိုင်း ဖြစ်နေသော တိုင်းပြည်ကို ဆက်လက် တိုက်ခိုက်ရဦးမည်။ သို့သော် အလုပ်သမားနှင့် အခြေခံလူတန်းစား မဟာမိတ်များနှင့် မြို့နေဓနရှင်၊ အမျိုးသား အရင်းရှင် များ၊ တိုးတက်သော ဒီမိုကရက်များနှင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော မဟာမိတ်များနှင့် လက်တွဲ တိုက်သွားမည်ဟု ကြေညာသည်။

ဗိုလ်မှူးချုပ် ကျော်ဇော ကွန်မြူနစ် ပါတီနှင့် လာရောက် ပူးပေါင်း တောခိုခြင်း[ပြင်ဆင်ရန်]

၁၉၇၆ ၏ ဇူလိုင်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ အတွက် ထူးထူးခြားခြား တစ်ပန်းသာမည့် ဝါဒဖြန့်ချိရေး စစ်ဆင်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ တပ်မတော်၏ တရုတ်ဖြူနှင့် တိုက်ပွဲ၊ ကရင် အမျိုးသား ယူနီယံနှင့် တိုက်ပွဲတို့တွင် ထိပ်တန်း စစ်ဆင်ရေးမှူးကြီး ဖြစ်ခဲ့သော ဗိုလ်မှူးချုပ် ကျော်ဇော သည် သူ၏ မိသားစုနှင့်တကွ ပန်ဆန်းမြို့သို့ ထွက်ခွာလာကာ ပြည်သူ့အသံမှ ဗိုလ်ချုပ်ကြီးနေဝင်းအား အပြင်းအထန် တိုက်ခိုက်နိုင်လိုက်သော အသံလွှင့်ချက်ကို ဗမာ့ ပြည်သူ့အသံမှ အသံ လွှင့်နိုင်ခဲ့သည်။ ဗိုလ်မှူးချုပ် ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ဗမာ့ လွပ်လပ်ရေး တပ်မတော် ခေါင်းဆောင်များသည် ဗိုလ်ချုပ်ကြီးနေဝင်းအား တပ်မတော်မှ ထုတ်ပယ်ရန် စဉ်းစားခဲ့ကြသည့် အတွင်းရေးများကို ဖွင့်ချကာ တပ်မတော် စစ်သည်များအား... သင်တို့သည် "အာဏာရူး နေသည့် ဘုရင်ဗိုလ်နေဝင်း၏ လက်ပါးစေ လူသတ်သမားများသာ ဖြစ်နေသည်"ဟု ထောက်ပြခဲ့သည်။

ပြန်လည် ထိုးစစ်ဆင်ခြင်း[ပြင်ဆင်ရန်]

အရှေ့မြောက်ပိုင်း ဒေသအပြင် ဗမာပြည် ကွန်မြူနစ် ပါတီသည် အနောက် မြောက်ပိုင်း ရခိုင်ပြည်နယ် နှင့် တောင်ပိုင်း တနင်္သာရီ တိုင်းတို့တွင် ထိမ်းချုပ်ထားနိုင်မှု ရှိနေသေးသည်။ သခင်ဗသိန်းတင်သည် အဆိုပါ ကျန်ရှိနေသော တပ်များရှိသည့် အနောက်ပိုင်းကို ဦးတည်တိုက်ကာ ရှမ်းကုန်းပြင်မြင့် အနောက်ဘက်စွန်းမှ ပြောက်ကျား စခန်းများနှင့် ဆက်စပ်မိ အောင် လုပ်ရန် "၇၅၁၀ အစီအစဉ်"ကို ၁၉၇၅ တွင် ရေးဆွဲသည်။ ပထမဆုံး တိုက်ခိုက်မှုသည် သံလွင်မြစ်မှ တန်ယန်းဒေသ အထိကို ဇွန်လတွင် ခြေမြန်တပ်မ ၉၉ မှ ဗိုလ်မှူး တစ်ဦးနှင့် တပ်အင်အား အတော်များများ ကျဆုံးခဲ့သည် အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အောင်မြင်ခဲ့သည်။

၁၉၇၅ နှောင်းပိုင်းတွင် ကွန်မြူနစ် ၈၁၅ တပ်မက တပ်မတော် ၈၈ ခြေမြန်တပ်မကို မိုင်းယောင်းနယ်တွင် လာအို နယ်စပ် တစ်လျှောက်ရှိ တောင်တန်းများကို ထိန်းချုပ်နိုင်ရန် အတွက် အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။ နောက်နှစ်တွင် ရှမ်း တပ်သားများနှင့် တပ်မ ၇၆၈ကို ဖွဲ့စည်း၍ အရှေ့ ရှမ်းပြည်နယ် တပ်မတော်မှ စစ်နယ်မြေ တစ်ခုတွင် စခန်းချသည်။ အခြား တပ်မတစ်ခုမှာ ရွှေလီမြစ်ကို ဖြတ်၍ ရွှေဘို မြို့ကို ချီတက်ရန် ကြိုးစားသည်။ တပ်မ ၆၈၃မှာမူ တပ်မဟောင်း ၁၀၈ ရှိခဲ့ရာ မန္တလေး၏ မြောက်ဘက်ဒေသကို ဆက်လက် ထိုးဖောက်နေသည်။

တပ်မတော် တစ်ပန်းသာလာခြင်း[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီးနေဝင်းကလည်း ဖြတ်လေးဖြတ် စီမံကိန်းကို အနောက်မြောက် ဒေသနှင့် ရခိုင်ပြည်နယ်သို့ ဆက်လက် တိုးချဲ့ နေသည်။ ထိုအချိန်တွင် ဗမာ့ ရိုင်ဖယ် တပ်ရင်းအရာရှိဟောင်း ဗိုလ်သက်ထွန်းက ချင်းအမျိုးသား များနှင့် ဗမာ အမျိုးသားများ ပါဝင်သော ဗမာပြည် ကွန်မြူနစ် ပါတီ၏ အနောက်မြောက်တိုင်း စစ်ဌာနကို ကွပ်ကဲသည်။ ၁၉၈၀ ၏ ဇူလိုင်လတွင် ခြေမြန်တပ်မ ၆၆မှ တောင်တန်းများကို ဝင်ရောက်ရှင်းလင်း ပြီးသည့် နောက်ပိုင်းတွင် ဗိုလ်သက်ထွန်းနှင့် သူ၏ တပ် အကျွင်းအကျန်ကို ဖမ်းဆီရရှိကာ ဖိအားပေး အလင်းဝင်စေခြင်းဖြင့် အနောက်မြောက်တိုင်း စစ်ဌာန အဆုံးသတ်သည်။

တပ်မတော်၏ ပင်မ စစ်ဆင်ရေးကြီးသည် ၁၉၇၉ ခုနှစ်၏ နိုဝင်ဘာလတွင် သံလွင် အရှေ့ပိုင်းမှ ပန်ဆန်းမြို့ကို အပေါ်စီးမှ မြင်နေရသော ၃၀ ကီလိုမီတာ အဝေးမှ တောင်ကုန်းများကို သိမ်းပိုက်ခြင်းဖြင့် စတင်သည်။ ၁၉၈၀ တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှာ အဓိက စစ်ဆင်ရေး နှစ်ခုနှင့် တွေ့ကြုံရကာ တောင်ပိုင်း ၂၅၀ မိုင်ခန့် အကွာမှ မူဆယ်နှင့် မုံယောင်း တို့ကို လက်လွှတ်ရသည်။ နှစ်ဖက်စလုံးမှ အကျအဆုံး များကြသော်လည်း တိကျသော အဖြေ မပေါ်ပဲ ဆက်လက် တောင့်ခံထား ကြသည်။

တရုတ် ကွန်မြူနစ် ပါတီ၏ အထောက်အပံ့ ရပ်တန့်ရန် နီးကပ်လာခြင်း[ပြင်ဆင်ရန်]

ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီမှ ၁၀ နှစ်တာ ကူညီထောက်ပံ့သည့် ကွန်မြူနစ် ပါတီခြင်း ကူညီရေး သဘောတူညီမှု ကလည်း ကုန်ဆုံးချိန်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သံလွင်၏ အနောက်ပိုင်းရှိ စခန်းများမှာ ထောက်ပံ့ရန် အလွန် အလှမ်း ကွာဝေးလွန်းသည်သာ မက ခုခံကာကွယ်ရန်လည်း ခက်ခဲလာသည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ် ပါတီမှာ စိတ်ဓာတ်သာ ရှိတော့သော်လည်း စစ်ရေးတွင်မူ ဗမာ့တပ်မတော်ကို ဆက်လက် ထိုးစစ်ဆင်ရန် ခက်ခဲလာ ပေတော့သည်။

အရှေ့မြောက် စစ်ဒေသရှိ ဘိန်းဘုရင်များ[ပြင်ဆင်ရန်]

ကိုးကန့်နှင့် ဝနယ်များကိုသာ အဓိက အုပ်ချုပ်နေရ သောအခါ ဗမာပြည် ကွန်မြူနစ် ပါတီ သည် အစိုးရ အဆက်ဆက်က တွေ့ကြုံလာခဲ့သော ဘိန်းဖြူ ကူးသန်းရောင်းဝယ်မှု ပြဿနာနှင့် တိုက်ရိုက် တွေ့ကြုံလာရသည်။ လော်ဆစ်ဟန်နှင့် ခွန်ဆာတို့၏ မြန်မာ့ တပ်မတော်မှ ထောက်ပံ့အားပေး တည်ထောင်သော တပ်များလည်း ဘိန်းကုန်ကူးရာတွင် ပါဝင်ကြသည်။ ၁၉၇၀ အစပိုင်းတွင် ဗမပြည် ကွန်မြူနစ် ပါတီမှ ဘိန်းပင်များကို ဖျက်ဆီးသည့် စီမံကိန်းများ ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဘိန်းပင်များ၏ အမြတ်မှ ၂၀% အခွန်ကောက်၍ စည်းကမ်း တင်းကြပ်မှုကို လျှော့ချကာ တရုတ်ပြည်၏ အထောက်အပံ့မရရှိ တော့သောကြောင့် လျော့နည်းလာသော ပါတီ စရိတ်ကို ကျားကန်နိုင်ရန် ကြိုးပမ်းခဲ့ကြရသည်။ နယ်မြေခံ ဘိန်းဘုရင်များကို ထိမ်းချုပ်ထားကာ ပါတီကို အားပြု ထောက်ပံ့နေရခြင်းသည် မော် ဝါဒကို လက်ကိုင်ထားသော ပါတီ တစ်ခု အနေနှင့် နိုင်ငံရေးအရ အရှက်ရစေခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ၁၉၈၅ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တတိယ ကွန်ဂရက်တွင်မူ ဘိန်းနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ပတ်သက်သော ဥပဒေကို မိတ်ဆက်သည်။ ပါတီဝင်များ အနေနှင့် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်ခွင့် မရှိ၊ လက်ကား ရောင်းဝယ် ဖောက်ကားသော မူးယစ်ဆေး ရောင်းဝယ်သူ ကုန်သည်များကို သေဒဏ်ပေးမည်ဟူသည့် ဥပဒေဖြစ်သည်။ ထိုဥပဒေသည် ၁၉၈၉ တွင် ပါတီကို လုံးဝ မရပ်တည်နိုင် တော့သည်အထိ ဖြစ်ခဲ့သော တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့ရသည့် အကြောင်း တစ်ချက်ပင် ဖြစ်ခဲ့သည်။

ပါတီ လမ်းစဉ်သစ်များ[ပြင်ဆင်ရန်]

၁၉၇၈၏ နိုဝင်ဘာလတွင် ပန်ဆန်း၌ ကျင်းပသော ပေါလစ်ဗျူရို အစည်းအဝေးတွင် သခင်ဗသိန်းတင်က နိုင်ငံရေး အစီခံချက် ကို တင်ပြသည်။ ထို အစီရင်ခံချက်ကို ဗဟို ကော်မတီက ၁၉၇၉ တွင် အတည်ပြုသည်။ ထို အစီရင်ခံချက်သည် ပါတီ၏ ၁၉၈၅ ပါတီ၏ တတိယ ကွန်ဂရက်တွင် ထုတ်ပြန်သည့် ပါတီ၏ ရည်မှန်းချက်များ၏ အခြေခံပင် ဖြစ်သည်။ တတိယ ကွန်ဂရက်သည် ရန်ကုန်တွင် ကျင်းပခဲ့သော ပါတီဝင် ၅၀၀၀ ခန့်သာ ရှိနေစဉ်တွင် ၁၇၀ သာ တက်ရောက်ခဲ့သော ဒုတိယ ကွန်ဂရက်နှင့် နှစ် ၄၀ ခြားသည်။ ထို အစီရင်ခံချက်မှ အချက်များမှာ...

  • ပါတီတွင် ပေါ်ပေါက်ခဲ့သော ၁၉၅၅ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်နှင့် ၁၉၆၄ ပါတီတွင်း တော်လှန်မှု လမ်းစဉ်တို့ကို ပါတီ၏ လမ်းစဉ် အမှားများ အဖြစ် တင်ပြသည်။
  • မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အုပ်စိုးသော မြန်မာနိုင်ငံသည် နယ်ချဲ့၊ မြေရှင် ပဒေသရာဇ် နှင့် ဗျူရိုကရက်တစ် အရင်းရှင် နိုင်ငံ အဖြစ် သတ်မှတ်လိုက်သည်။
  • လက်နက်ကိုင် တော်လှန်ရေး၏ အဓိက အတွေးအခေါ်ကို မတ်စ်-လီနင်-မော် ဝါဒဟု ထားရှိရင်း တရုတ်ပြည်၏ အောင်မြင်မှုကို နမူနာယူမည်။
  • ဆိုဗီယက်တို့၏ ဆိုရှယ်လစ် နယ်ချဲ့ဝါဒနှင့် ဗီယက်နမ်နိုင်ငံ တို့၏ ဝါဒများမှာ အမေရိကန် နယ်ချဲ့ ဝါဒကို ခုခံနိုင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ကမ္ဘောဒီးယား နိုင်ငံတွင် ခမာရု အစိုးရ တက်လာသည့်အခါတွင် ထောက်ခံခဲ့၍ ဗီယက်နမ် အစိုးရကိုပါ စာရေး၍ ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ပြည်ကို ဗမာပြည် ကွန်မြူနစ် ပါတီနှင့် မနီးစပ်စေရန် ဦးအောင် သွားရောက်ခဲ့သကဲ့သို့ ဖနွမ်းပင်ကို ခမာရုအစိုးရ လက်ထက်တွင် ပထမဆုံး သွားရောက် လည်ပတ်ခဲ့သည့် အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့လေသည်။

အထွေထွေ လမ်းစဉ်[ပြင်ဆင်ရန်]

ပါတီ၏ အထွေထွေလမ်းစဉ်ကို နှစ်၃၀ လက်နက်ကိုင် တော်လှန်ရေး၏ အတွေ့အကြုံကို အခြေခံ၍ ဆွဲသားနိုင်ခဲ့သည်။

  • တယူသန် အုပ်စုခွဲဝါဒ (sectarianism)၊ လက်ဝဲ နှင့် လက်ယာ သွေဖည်ရေးဝါဒ (leftist and rightist deviationism) တို့အား သတိပေးဆန့်ကျင်သည်။
  • ပါတီ၏ အခြေခံမူကို ကမ္ဘာ့ အခင်းအကျင်း ပြောင်းလဲမှုနှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင်သည်။
  • ပါတီ တည်ဆောက်မှု အသစ်၊ စစ်ရေးနှင့် စိုက်ပျိုးရေးတို့ကို သင်ယူရရှိသည်။

လျာထားချက် မပြည့်မှီမှုများ[ပြင်ဆင်ရန်]

  • ပါတီဝင် စုဆောင်းရေး အနေနှင့် အနည်းဆုံး ရွာတစ်ရွာမှ ပါတီဝင် တစ်ဦးရရှိရန် စည်းရုံးမည် ဟူသည့် ၁၉၆၄ ဆုံးဖြတ်ချက်ကို ပြည့်မီအောင် မဖြည့်ှဆည်းနိုင်ခဲ့ခြေ။
  • ခံစစ်လိုင်း အသစ်သည် ဗျူဟာပိုင်းဆိုင်ရာ ကာကွယ်ရေး ဖြစ်သင့်ခဲ့သော်လည်း ပါတီက အားနည်း၍ ရန်သူက အင်အား ကြီးမားနေခဲ့သည်။
  • ဗမာပြည်သည် ခေတ်နောက်ပြန်ဆွဲသော ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်းနိုင်ငံ ဖြစ်သောကြောင့် မညီမျှသော နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများ ရှိနေခဲ့သည်။ ထို့ကြောင့် မြေယာတော်လှန်ရေး၏ လယ်လုပ်သူ လယ်ပိုင်ရေး ဆောင်ပုဒ်သည် ပြည်သူတို့၏ စစ်ပွဲ၌ အခြေခံ ဖြစ်နေသေး၍ အနီရောင် အုပ်စိုးသည့် နယ်မြေများက မြို့များကို ဝိုင်းထားနိုင်ရန် လိုအပ်သေးသည်။ ရုရှ အောက်တိုဘာ တော်လှန်ရေးကို နမူနာယူသည့် လမ်းစဉ်ကို နမူနာ မယူတော့ပဲ "သပိတ်စုံ သူပုန်ထ" လမ်းစဉ်ကိုသာ ဖန်တီးရန်ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ[ပြင်ဆင်ရန်]

ဗမာပြည်သည် ၁၉၇၉ ဟာဗားနား ဆိုဗီယက်နှင့် ဗီယက်နမ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုမှ နုတ်ထွက်ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဟွန်ဟွာသည် ရန်ကုန် မြို့တော်သို့ လာရောက် လည်ပတ်သည်။ ဗိုလ်ချုပ်နေဝင်းက ၁၉၈၀ တွင် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန် ကြေညာခဲ့ရာ ထိုင်းနိုင်ငံ အခြေစိုက် ပြည်သူ့ ဒီမိုကရက်တစ် ပါတီမှ ဦးနုတို့ ပြန်ဝင်လာကြသည်။ ဗမာပြည် ကွန်မြူနစ် ပါတီကမူ မုံယောင်းမှ တိုက်ခိုက်မှု တစ်ခုနှင့် တုံ့ပြန်သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ဖျက်ပြီးနောက်မှ စက်တင်ဘာ လတွင် ဆွေးနွေးရန် သဘောတူသည်။ ပထမဆုံး ဆွေးနွေးပွဲမှာ ဘေဂျင်းတွင် ကျင်းပသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ကချင် လက်နက်ကိုင်များနှင့် ဆွေးနွေးမှု တစ်ဝက်တွင် တရုတ်ပြည်ကို ရန်ကုန်မှ ထွက်ခွာလာခဲ့ကာ သခင်ဗသိန်းတင်နှင့် လာရောက် ဆွေးနွေးသည်။ ဒုတိယ ဆွေးနွေးပွဲတွင်မူ ကွန်မြူနစ်အတွက် သခင်ဖေတင့်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဖက်မှ ဗိုလ်မှူးအေးကိုတို့က မေလတွင် လားရှိုးမြို့၌ ဆွေးနွေးခဲ့ကြသည်။

မဖြစ်နိုင်သော တောင်းဆိုချက်များ[ပြင်ဆင်ရန်]

ဗိုလ်မှူးအေးကိုဖက်မှ တောင်းဆိုမှုများမှာ...

  • ၁။ ဗမာပြည် ကွန်မြူနစ် ပါတီကို ဖျက်သိမ်းရမည်။
  • ၂။ ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင်တပ် ဖြစ်သော ပြည်သူ့ တပ်မတော်ကို ဖျက်သိမ်းရမည်။
  • ၃။ ဗမာပြည် ကွန်မြူနစ် ပါတီမှ သိမ်းပိုက်ထားသော လွတ်မြှောက်ဒေသများကို လက်လွှတ်ရမည်။ ဟူ၍ ဖြစ်သည်။

ဗမာပြည် ကွန်မြူနစ် ပါတီသည် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဗမာပြည်အား တစ်ပါတီစံနစ်ဖြင့်သာ ဦးဆောင်မည် ဖြစ်သဖြင့် အခြား ပါတီ အားလုံး ဖျက်သိမ်းရမည် ဟူသည့် အပိုဒ် ၁၁ ကို ထောက်ပြ ပြောဆိုခြင်း ဖြစ်လေသည်။ ထို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သည်လည်း မေလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဖက်မှ အဆုံးသတ်သည်။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့်အပစ်အခတ် ရပ်စဲရေး ကာလကို မေလ ၃၁ ရက်နေ့ အထိ သတ်မှတ်၍ ဗမာပြည် ကွန်မြူနစ် ပါတီနှင့်မူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရှိခဲ့ပါ။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ် ပါတီ၏ ရေဒီယိုလိုင်း ပြည်သူ့အသံ ကမူ ပြည်တွင်းစစ်ကို ရပ်စဲ၍ ပြည်တွင်း စည်းလုံး ညီညွတ်မှုနှင့် ပါတီပြိုင် စံနစ်ကို ထောက်ခံကာ ဒီမိုကရေစီကို တည်ဆောက်သည့် ဖက်ကို စတင် ထုတ်လွှင့်စ ပြုလာသည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် ထိုအချိန်တွင် အရှေ့မြောက်ဒေသတွင် အင်အား ၁၅၀၀၀ ခန့် ရှိနေသေးသည်။ တပ်မတော်ကလည်း ဗမာပြည် ကွန်မြူနစ်ပါတီအား စစ်ဆင်သည့် ထိုးစစ်ကြီး နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ပြန်လည် ထိုးစစ်များ ဆင်ရာ ကျိုင်းတုံ-တန်ယန်း ဧရိယာတွင် ရာပေါင်းများစွာ ကျဆုံးသည်။ သို့သော်လည်း ဗမာပြည် ကွန်မြူနစ် ပါတီမှ သိမ်းပိုက် နိုင်ခဲ့ခြင်းတော့ မရှိပေ။

ဗမာ ပါတီများ ဖြစ်သော တပ်မတော်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ကွန်မြူနစ် ပါတီတို့ နှစ်ဖက်လုံးသည် ၁၉၇၆ တွင် တည်ထောင်သော အမျိုးသား ဒီမိုကရက်တစ် တပ်ဦး၏ ကြီးထွားလာမှု အပေါ်တွင် ထိပ်တိုက် စိမ်ခေါ်မှုများ ဖြစ်ပေါ်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗမာလူမျိုး များကို ထုတ်ပယ်ထား၍ ကရင်မွန်ကချင်ရှမ်းပအိုဝ်းကယန်း၊ နှင့် လားဟူတို့ အားလုံးသည် အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖြစ် စည်းလုံး ထားကြ သောကြောင့် ဖြစ်ရာ ဗမာ ပါတီများအတွက် အန္တရာယ် ရှိလာနိုင်သောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီတို့၏ ၁၉၈၃၊ မအောင်မြင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ပိုမို အင်အားကောင်းလာခြင်း ဖြစ်သည်။ ထိုအချက်သည် နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို အမျိုးသား ဒီမိုကရက်တစ် တပ်ဦး နှင့် ၁၉၈၆ တွင် သဘောတူညီချက် တစ်ခု ဖြစ်ပေါ်ရန် တွန်းအားပေးခဲ့လေသည်။

၈၈၈၈ အထွေထွေ သပိတ်နှင့် ဆန္ဒပြပွဲများ[ပြင်ဆင်ရန်]

မြန်မာပြည်အား တိုးတက်မှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ၁၉၈၇ ၌ ထည့်သွင်းသည်။ ၁၉၈၈ တွင် မြန်မာပြည် စီးပွားရေး အကျပ်အတည်းနှင့် အစိုးရက ငွေစက္ကူ တရားမဝင် ကြေညာမှုများမှ စတင်၍ ၁၉၈၈ အရေးအခင်းများ စတင် ဖြစ်ပေါ်သည်။ တစ်နိုင်ငံလုံး ပါဝင်လာသော အထွေထွေ သပိတ်နှင့် ဆန္ဒပြပွဲများမှာ ဩဂုတ်လ ၈ ရက် ၁၉၈၈ တွင် စတင်ရာ တပ်မတော်မှ ကျောင်းသားနှင့် လုပ်သား ပြည်သူ ထောင်ပေါင်း များစွာတို့ကို ပစ်ခတ် သတ်ဖြတ် နှိုမ်နင်းခဲ့ကာ အဆိုပါ ၈၈၈၈ ဆန္ဒပြပွဲများသည် နိုင်ငံတော် မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီမှ ဝါဒဖြန့်မှုကြောင့်သာ ဖြစ်သည် ဟု စွပ်စွဲခဲ့သည်။

ပေါလစ်ဗျူရို အဖွဲ့ဝင် ရဲဘော်ထွန်း ခေါ် ရဲဘော်ကြင်မောင်က ဗမာပြည် ကွန်မြူနစ် ပါတီ၏မြေအောက် လှုပ်ရှားမှု အဖွဲ့ ၄၈၂၈ ပါတီကော်မတီကို ဦးစည်းလှုပ်ရှားခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇောသားမက် ရဲဘော်သက်ခိုင် ပါဝင်သော အဆိုပါအဖွဲ့သည် မြို့များအတွင်း၌ လျှို့ဝှက်စွာ လှုပ်ရှားသည်။ သို့သော် တပ်မတော် ထောက်လှမ်းရေး၏ ထောက်လှမ်း သိရှိခြင်းနှင့် ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြေအောက် ၄၈၂၈ ပါတီကော်မတီတို့၏ အခန်းကဏ္ဍကြီးကြီးမားမားပါရှိကြောင်း အစိုးရတပ်မတော်ထောက်လှမ်းရေးက စွပ်စွဲခဲ့ကာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နီးစပ်သူတချို့က တစွန်းတစ ထုတ်ဖော်ပြောဆိုမှုများရှိသော်လည်း အငြင်းပွားမှုများရှိခဲ့သည်။

ပြည်သူ၏ တောင်းဆိုမှုသာ ဖြစ်သည်[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ် ပါတီသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရန် ပါတီစုံ စံနစ်နှင့် ရွေးကောက်ပွဲ တစ်ခုကိုသာ ကြွေးကျော် တောင်းဆို လာသည်။ သို့သော်လည်း ဒီမိုကရေစီ ဝါဒကို လက်ကိုင်ထားကြသော ဦးနုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှာမူ လက်တွဲ လုပ်ကိုင်ရန် အခက်အခဲ ရှိနေခဲ့ကြသည်။ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် အလံနီ ကွန်မြူနစ် ပါတီတို့မှ ကွန်မြူနစ် ဟောင်းကြီးများနှင့် လက်ဝဲဝါဒ ထောက်ခံသူများသည် ထို ဒီမိုကရေစီ လှုပ်ရှားမှုကြီးနှင့် သပိတ် ကော်မတီများကို အားပေး ကူညီ ထောက်ခံခဲ့ကြသည်။

ရဲဘော်ကြင်မောင် ကမူ ၈၈၈၈ လှုပ်ရှားမှုကြီးအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ပါ။

၁၉၈၉ ပါတီတွင်းသူပုန်ထမှုနှင့် မျက်မှောက်ခေတ် မြေအောက်လှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၄၈ မှ ၁၉၈၉ အထိ ဗမာပြည် ကွန်မြူနစ် ပါတီမှာ လက်နက်ကိုင် တော်လှန်ရေးဖြင့် ပြည်သူ့ ဒီမိုကရေစီနှင့် ဆိုရှယ်လစ် လူ့ဘောင် တစ်ခုကို ရယူနိုင်ရန်အတွက် မြောအောက် နိုင်ငံရေး ပါတီ တစ်ခုအဖြစ် တိုက်ပွဲဝင်ခဲ့သည်။ ၁၉၈၉ တွင်မူ ပါတီတွင်း သူပုန်ထမှုများကြောင့် ပါတီ အင်အား အလွန့်အလွန် လျော့နည်းသွားရာ လက်နက်ကိုင် တော်လှန်ရေးကို ဘယ်လိုမှ ဆက်လက် ပြုလုပ်ရန် မဖြစ်နိုင်တော့ပဲ ခေါင်းဆောင်များပါ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက် ခိုလှုံခဲ့ကြရပါတော့သည်။ ပြည်သူ့အာဏာနှင့် အရေးတော်ပုံဂျာနယ်များကို မြေအောက်စာစောင်များအဖြစ် ထုတ်ဝေလျက်ရှိသည်။

ဖော်ပြနိုင်သော ပါတီဝင်များမှာ စုစုပေါင်း ၃၀၀၀ ခန့်သာ ရှိတော့သည်။ ပါတီသည် အဝင်ခက်၊ အထွက်လွယ်သော စံနစ်ဖြင့် ပါတီဝင် အသစ်များကို ဆက်လက် လက်ခံလျက် ရှိသည်။ နိုင်ငံရေး ကျွမ်းကျင်သူ အချို့၏ ခန့်မှန်းချက်အရ ဗမာပြည် ကွန်မြူနစ် ပါတီသည် အနာဂတ်တွင် လာလတ္တံ့သော ကြီးမားသည့် ဆန္ဒပြပွဲကြီးများတွင် နောက်ခံ ကျောရိုးကြီး တစ်ခု အဖြစ် စစ်အာဏာရှင်တို့အား ကြီးမားစွာ ခြိမ်းချောက် လာနိုင်သည့် ပါတီအဖြစ် နောက် တစ်ဖန် ပြန်ဖြစ်လာဦးမည်ဟု ခန့်မှန်းသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြန်လည်ဦးမော့လာခြင်း[ပြင်ဆင်ရန်]

Flag of the People's Liberation Army (Myanmar)
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အလံ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သည် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းလိုက်လေတော့သည်။ အာဏာသိမ်းလျှင်သိမ်းခြင်းပင် ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီမှ တိုက်ပွဲခေါ်သံအဖြစ် သဘောထားထုတ်ပြန်ချက်တစောင် ထုတ်ကာ တပ်မတော်ကို ရင်ဆိုင်ရန် ညီညွတ်ရေးတပ်ပေါင်းစုတရပ်ဖွဲ့စည်းရေးအား တိုက်တွန်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ မတ်လတွင်မူ တရုတ်နိုင်ငံ၌ ခိုလှုံနေကြသော ပါတီကေဒါကြီးများ နယ်စပ်ကို ဖြတ်ကျော်ကာ ဗမာပြည်တွင်းသို့ ပြန်လည်ချဉ်းနင်းဝင်ရောက်လာခဲ့ပြီး ၅ လမျှ အကြာ ၂၀၂၁ ဩဂုတ်တွင် ပါတီသည် မပြီးဆုံးသေးသော ပစ္စည်းမဲ့လူတန်းစားတိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် အလို့ငှာ ပြန်လည်၍ လက်နက်တပ်ဆင်လိုက်ပြီး ပါတီ၏ တပ်မတော်သစ်အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကို တည်ထောင်ကာ အာဏာသိမ်းစစ်ကောင်စီအား ပြည်သူ့တော်လှန်စစ် ဆင်နွှဲမည်ဖြစ်ကြောင်း ကြေညာသည်။ ကချင်လွတ်လပ်ရေးတပ်မတော် မှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွက် လက်နက်ပထမအသုတ်အား တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

များမကြာမီပင် ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေလတ်တနေရာ၌ ပြောက်ကျားလှုပ်ရှားနယ်မြေအဖြစ် အမှတ်(၁) စစ်ဒေသ ကို ထူထောင်လာနိုင်ခဲ့ပြီး မဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် အတူတကွ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့သည်။ ညီနောင်မဟာမိတ် တို့၏ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း မဟာမိတ်အင်အားစုတရပ်အဖြစ် ပူးပေါင်းပါဝင်လျှက်ရှိပြီး သိန္နီ နှင့် ကွတ်ခိုင် မြို့သိမ်းတိုက်ပွဲများတွင် အမှတ် (၉) စစ်ဒေသ အဖြစ် ညီနောင်မဟာမိတ်တို့နှင့်အတူတကွ တိုက်ပွဲဆင်နွှဲခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် မဟာမိတ်အင်အားစုများနှင့် ညီညွတ်မှုရယူပြီး ခြေကုပ်ယူရန် ကြိုးစားလျက် ရှိပါသည်။

ဗမာပြည် ကွန်မြူနစ် ပါတီမှာမူ မပြီးဆုံးသေးသည့် လုပ်ငန်းစဉ်များနှင့် အခြေခံ လူတန်းစားအတွက် တိုက်ပွဲဝင်နေဆဲသာ ဖြစ်လေသည်။

ရည်ညွှန်း[ပြင်ဆင်ရန်]

  1. ကွန်မြူနစ် ပါတီ၏ စာမျက်နှာ Archived 29 May 2009 at the Wayback Machine. မှ သမိုင်း အကျဉ်းချုပ်