ဘဝင်း

ဝီကီပီးဒီးယား မှ
(ဘဝင်း၊ ဦး မှ ပြန်ညွှန်းထားသည်)
ဦးဘဝင်း
(၁၉၀၁-၁၉၄၇)
မွေးသက္ကရာဇ် ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက် (အင်္ဂါနေ့)
၁၁ ဇွန် ၁၉၀၁ ခုနှစ်
အမည်ရင်း မောင်စံတင်
မိဘအမည် ဦးဖာ + ဒေါ်စု
မွေးဖွားရာဒေသ နတ်မောက်မြို့မကွေးတိုင်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဘီ၊အက်စ်စီ (သင်္ချာဂုဏ်ထူး)
အလုပ်အကိုင် ဝန်ကြီး၊ ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန
ကြင်ဖော် ဒေါ်ခင်စော
သားသမီး မတင်လှဝင်း၊
မောင်စောဝင်း၊
မောင်အေးဝင်း၊
မခင်မြဝင်း၊
မောင်စိန်ဝင်း
မောင်ထွေးဝင်း
ထင်ပေါ်ကျော်ကြားမှု အာဇာနည် ကိုးဦး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၁၉ ဇူလိုင် ၁၉၄၇
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့မြန်မာနိုင်ငံ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဘဝင်း၊ ဦး ( မြန်မာ ၁၂၆၃-၁၃ဝ၉ )[ပြင်ဆင်ရန်]

လူမသမာတို့ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးကြရရှာသော အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးအနက် ဦးဘဝင်းသည် တစ်ဦးအပါအဝင် ဖြစ်သည်။ ဦးဘဝင်းသည် ဘုရင်ခံ ဆာ ဟူးဘတ် ရန့်(စ်)၏ အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေးကြီးအဖြစ် ထမ်းဆောင်နေစဉ် လုပ်ကြံခံရခြင်းဖြစ်သည်။

ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း ၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက်အင်္ဂါနေ့တွင် နတ်မောက်မြို့ အထက်တန်း အမိန့်တော်ရရှေ့နေ ဦးဖာဒေါ်စုတို့မှ မွေးဖွားသောမွေးချင်း ၉-ယောက်တို့အနက် အကြီးဆုံးသားဖြစ်သည်။ ဇာတာအမည် မောင်စံတင်ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ဦးဘဝင်းသည် ၅-နှစ်သားအရွယ်တွင် နတ်မောက်မြို့ဆရာကြီး ဦးဝကြီး ကျောင်းတွင်စတင်ပညာသင်ကြားရာ ၇-နှစ်သားအရွယ်တွင် ၃-တန်းအောင်ခဲ့သည်။ တဖန် ဆရာဦး​သောဘိတကျောင်းသို့ ပြောင်းနေရာ ၁၂-နှစ်အရွယ်တွင် ၇-တန်း စာမေးပွဲကိုကောင်းစွာ အောင်မြင်ခဲ့သည်။ ထိုမှတဖန် တောင်တွင်းကြီးမြို့ ဆရာတော်ဦးသုန္ဒရကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားပြန်သည်။ ၁၆-နှစ်အရွယ်တွင် ၉-တန်းနှင့် ဆရာဖြစ်သင်စာမေးပွဲကို အောင်မြင်ပြီးနောက် ၁၇-နှစ်သားအရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်းတွင် လက်ထောက်ဆရာအဖြစ်အမှုထမ်းသည်။ လက်ထောက်ဆရာအဖြစ်ထမ်းရွက်နေရင်း ဦးဘဝင်းသည် တတ်နိုင်သရွေ့ အင်္ဂလိပ်ဘာသာကိုလေ့လာသင်ယူရာ အင်္ဂလိပ်စာ အတော်အတန် တတ်မြောက်လာသောအခါ ဆရာအလုပ်မှထွက်ကာ ရေနံချောင်းမြို့ ဘီအိုစီဂိုဒေါင်တွင် စာရေးကလေး အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်၊ လခစားအဖြစ်ရသမျှဝင်ငွေဖြင့် အင်္ဂလိပ်စာအုပ်များဝယ်ဖက်ကာ ရေနံချောင်းမြို့ ဆရာဦးအေးမောင်ထံတွင် ညကျောင်းတက်​ရောက်ခဲ့သည်။ ယင်းသို့ဖြင့်ကြိုးစားလာခဲ့ရာ အသက်၂၀-အရွယ်တွင် ၁၀-တန်းစာမေးပွဲကို အင်္ဂလိပ်ဘာသာဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်ခဲ့ လေသည်၊ ၁၀-တန်းအောင်သည်နှင့် တပြိုင်နက် ဦးဘဝင်းသည် အလုပ်မှထွက်ကာ မန္တလေးတိုင်း|မန္တလေးဥပစာကောလိပ်သို့ မိဘများအထောက်အပံ့ဖြင့် သွားရောက်သင်ယူပြန်သည်၊ ဥပစာကောလိပ်တွင် သိပ္ပံတန်းကိုဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် အစိုးရ စကောလားရှစ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ မန္တလေး ဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သူများတွင် ပထမဆုရရှိခဲ့သည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။၁၉၂၉ ခုနှစ်တွင် ဘီ၊အက်စ်စီ သင်္ချာဂုဏ်ထူးဖြင့်အောင်မြင်​လေသည်။ ဥပစာသိပ္ပံတန်းအောင်မြင် ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ဆက်လက်သင်ယူရာ သိပ္ပံဂုဏ်ထူးတန်းကိုထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည်။

ကျောင်းဆရာဘဝ[ပြင်ဆင်ရန်]

ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ အဖြစ်ဝင်ရောက်အမှုထမ်းသည်။ ယင်းသို့အမှုထမ်းနေစဉ် သက္ကရာဇ် ၁၂၉၇-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြေပိုင်ရှင်ဦးအံ့၊ ဒေါ်ရွှေမေတို့ သမီးကြီး ဒေါ်ခင်စောနှင့် အိမ်ထောင်ပြုသည်။ ခရစ်နှစ် ၁၉၄၁-မှ ၁၉၄၂-ခုထိ (ရေနံချောင်း အမျိုးသားကျောင်းမှထွက်) ဖြူးမြို့ ကေအီးအမ် အမျိုးသားကျောင်း တွင်ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်သည်။ မြန်မာနိုင်ငံသို့ ဂျပန်များဝင်လာချိန် ၁၉၄၂-ခုကုန်ခန့်တွင် ဦးဘဝင်းသည်ဇာတိ နတ်မောက်မြို့ သို့ပြန်ကာ မိခင်အိုကြီးအား စောင့်ရှောက်နေထိုင်သည်။

နိုင်ငံရေးဆောင်ရွက်မှု[ပြင်ဆင်ရန်]

ဘီအိုင်အေခေတ် အုပ်ချုပ်ရေးအဖွဲ့တွင် ဦးဘဝင်းသည် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာ တမြို့နယ်လုံး၏ ကြည်ညိုလေးစား ခြင်းကိုခံရသည်။ ဂျပန်ပြေးပြီး အင်္ဂလိပ်ပြန်ဝင်လာသောအခါ ရေနံချောင်းသို့ပြောင်းရွှေ့ နိုင်ငံရေးဆောင်ရွက်သည်။ ရေနံချောင်းနယ်လုံးဆိုင်ရာ ဖဆပလ အဖွဲ့တွင် ဥက္ကဋ္ဌကြီးအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဦးဘဝင်းကား ဖဆပလ ဥက္ကဋ္ဌအဖြစ် တောရောမြို့ပါ ကြည်ညိုလေးစားခြင်း ခံရသူဖြစ်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇-ဧပြီလတွင်ကျင်းပ သောအခါ ဦးဘဝင်းသည် မကွေးအနောက်မြောက်ပိုင်း အမတ်အဖြစ် ပြိုင်ဘက်မရှိ ရွှေးချယ်တင်မြှောက်ခြင်းခံရသည်၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင်လည်း ပါဝင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေစဉ် ၁၉၄၇-ဇူလိုင်လ ၁၉-ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ် လုပ်ကြံခြင်းခံရလေသည်။ ဦးဘဝင်းသည် ရိုးသား အေးဆေးသူဖြစ်သည်။ ဝါကြွားခြင်းကိုမုန်းတီး တဖက်သားကို အားနာတတ်သည်။ ဇွဲအလွန်ရှိပြီး လုံ့လဝီရိယ နှင့်ပြည့်စုံသည်။ ဉာဏ်အလွန်ထက် တပည့်များအပေါ် စေတနာကောင်းလှသဖြင့် တပည့်များသာမက ယင်းတို့ မိဘများကပါလေးစား ကြည်ညိုကြသည်။ သားသမီး ၆ ယောက် ကျန်ခဲ့ရာ အကြီးဆုံးမှာ ၁၁ နှစ်အရွယ်ရှိပြီးလျှင် အငယ်ဆုံးမှာ ၁ဝ လသာ ရှိသေးသည်။ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စော နှင့် သမီး မတင်လှဝင်း၊ သားမောင်စောဝင်း၊ မောင်အေးဝင်း၊သမီး ခင်မြဝင်း၊သားမောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့ကျန်ရစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
- ၁၉၈၉ခုနှစ်၊(၄၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနမှထုတ်ဝေသည်။