ဘမော်၊ ဒေါက်တာ
“တခေတ်က ထင်ရှားခဲ့သော ဒေါက်တာ ဘမော်” အကြောင်းကို ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချီရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် ကနေ ပြန်လည် ကူးယူ လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန်ရဲ့ ထောက်လှမ်းရေး လက်ကျန်တွေက စုစည်း ထုတ်ဝေခဲ့တာလို့ ယုံကြည်ရတဲ့ “သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ” (ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။) စာအုပ်ကနေ အချက်အလက် အသစ်တွေကို ထပ်မံ ဖြည့်စွက် ထားပါတယ်။
တစ်ခေတ်က ထင်ရှားခဲ့သော ဒေါက်တာဘမော် [ပြင်ဆင်ရန်]
ဒေါက်တာဘမော်ကို ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်ဗုဒ္ဓဟူးနေ့တွင် မအူပင်မြို့၌ အဖ ဦးမောင်မောင်ကျေး၊ အမိ ဒေါ်သိန်းတင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အငယ်ဖြစ်သည်။ အစ်ကို ဖြစ်သူမှာ ဥပဒေပါမောက္ခ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉) ဖြစ်သည်။ ဖခင် ဦးကျေး (ဦးမောင်မောင်ကျေး)မှာ သာသနာပြုဆရာကြီး ဒေါက်တာမှတ်၏ တပည့်ရင်းတဦးဖြစ်၍ မန္တလေး သံထဲကျောင်းတွင် မင်းတုန်းမင်း၏ သားတော်မင်းညီမင်းသားများနှင့်အတူ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သထုံဒေသ တော်လှန်ပုန်ကန်မှု တွင်ပါဝင်၍ ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။
မောင်ဘမော် ၃ နှစ်သား အရွယ်တွင် ဖခင်ဖြစ်သူ ဦးကျေးမှာ ကျိုက္ခမီနယ်တွင် မောင်ဘမော်အား ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး ကျောင်း၌ အပ်နှံထားရာ ယင်းဘုန်းတော်ကြီး၏ ခင်မင် ချစ်ခင်မှုဖြင့် ရန်ကုန်မြို့ စိန်ပေါကျောင်း (ယခု ဗိုလ်တထောင် ၆) တွင် ပညာ သင်ကြားခဲ့သည်။ ပညာ ထက်မြက်သော မောင်ဘမော်သည် ရန်ကုန် တက္ကသိုလ် တွင်ပင် ဆက်လက် ပညာ သင်ကြားခဲ့ရာ ၁၉၁၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (ဘီအေ) ကို ရရှိခဲ့သည်။
ဝိဇ္ဇာဘွဲ့ ရပြီးသော ကိုဘမော်သည် ရန်ကုန်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ လုပ်ကိုင်နေစဉ် တစ်နေ့သောအခါ မျက်နှာဖြူ ကျောင်းဆရာကြီး တစ်ဦးသည် ဆရာဦးဘမော်အား အချိန် နောက်ကျရမလားဟု မိမိ၏ မြန်နေသောနာရီကို အကိုးအကား ပြု၍ အပြစ်ရှာ ကြိမ်းမောင်း တော့သည်။ မဟုတ်လျှင် ခေါင်းငုံ့မခံတတ်သော ဆရာ ဦးဘမော်သည် ယင်းမျက်နှာဖြူ ကျောင်းဆရာကို သူတစ်ခွန်း ကိုယ်တစ်ခွန်း အကြိတ်အနယ် ပြောဆိုလိုက်သည်။ မျက်နှာဖြူ အင်္ဂလိပ် အစိုးရတို့ ကြီးစိုးသော ခောတ်အခါ သမယ ဖြစ်၍ နာရီဝက်မျှ မကြာမီ အတွင်းတွင် ဆရာ ဦးဘမော်မှာ ယင်းကျောင်းမှ ထွက်လိုက်ရသည်။
ဆရာ ဘမော်သည် ကျောင်းမှ ထွက်လိုက်ရသော်လည်း ပညာထက်မြက်သူ တစ်ဦး ဖြစ်၍ ၂ ရက် အတွင်းတွင်ပင် အမေရိကန် သာသနာပြု ကျောင်း၌ လခနှစ်ဆဖြင့် ဆရာ အလုပ်ကို ရပြန်သည်။
ဆရာ ဦးဘမော်သည် ကျောင်းဆရာ အဖြစ် ဆောင်ရွက်နေရင်း ဆက်လက် ပညာ ဆည်းပူးခဲ့ရာ ကာလကတ္တား တက္ကသိုလ်မှ ၁၉၁၇ ခုနှစ်တွင် မဟာဝိဇ္ဇာ (MA) ဘွဲ့ကို ထိပ်တန်းမှ ဆွတ်ခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ကို ရပြီးနောက် ရန်ကုန် တက္ကသိုလ်တွင် အင်္ဂလိပ်စာ ကထိက အဖြစ် ပထမဆုံး မြန်မာလူမျိုး အနေဖြင့် ဆောင်ရွက်ခဲ့သည်။ ၄ နှစ်တာမျှ ကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၂ဝ ပြည့်နှစ်၊ (ပထမ ကျောင်းသား သပိတ်ကြီး အရေးအခင်း ဖြစ်သောနှစ်) တွင် ဥရောပတိုက်သို့ သွားရောက်ပြီး ဝတ်လုံဘွဲ့ကို ဆည်းပူးရာ ကိန်းဗရစ် တက္ကသိုလ်မှ ၁၉၂၃ ခုနှစ်တွင် (လန်ဒန်ဂရေးအင်း) ဝတ်လုံဘွဲ့ကို ရရှိခဲ့သည်။ ၁၉၂၄ ခုနှစ်တွင်လည်း (ပီအိပ်ချ်ဒီ) အဘိဓမ္မာ ပါရဂူဘွဲ့ထူးကို ပြင်သစ်နိုင်ငံ ဘော်ဂိုး တက္ကသိုလ်မှ ရရှိခဲ့သည်။ ယင်းအဘိဓမ္မာဘွဲ့မှာ ဗုဒ္ဓဘာသာနှင့် ဆိုင်သော ကျမ်းကို ပြုစုသည့် အတွက် ရရှိခဲ့သောဘွဲ့ ဖြစ်သည်။
ဒေါက်တာ ဘမော်သည် ဥရောပတွင် ရှိစဉ် နိုင်ငံ အသီးသီးမှ နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း လေ့လာဆည်းပူးခဲ့သည်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ဟိန္ဒူ စကားများကိုလည်း တတ်ကျွမ်း နားလည်ခဲ့သည်။
၁၉၂၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။ ဥရောပတွင် နှစ်အတော်ကြာ နေခဲ့သော်လည်း ဥရောပသားတို့၏ ဝတ်စား ဆင်ယင်မှုကို အားမကျခဲ့။ မြန်မာ့ဟန် မြန်မာ့မာန်ဖြင့် ဥရောပသားတို့ အပေါ် ဆက်ဆံခဲ့သည်။ ဝတ်လုံတော်ရ (ခေတ်အသုံးနှုန်း) အဖြစ်ဖြင့် နိုင်ငံရေး နယ်ပယ်ထဲသို့ တစတစ ဝင်ရောက်လာခဲ့သည်။ ခေတ်ပေါ် နိုင်ငံရေး ထွင်လုံးကလေးများဖြင့်လည်း လှုပ်ရှားခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်၊ ဒီဇင်ဘာတွင် သာယာဝတီ ဂဠုန် ဆရာစံနှင့် မျိုးချစ် တော်လှန်ရေးသမားများ ဘက်မှ အခြေအနေအရ လိုက်ပါ ဆောင်ရွက်ခဲ့ရာ ‘ဒေါက်တာ ဘမော်’ ဟူသော အမည်သည်လည်း တဖြည်းဖြည်း ထင်ရှား၍ လူသိ များလာခဲ့သည်။
ဒေါက်တာ ဘမော်သည် ၁၉၃၂ ခုနှစ်တွင် တွဲရေး ခွဲရေး ပြဿနာ ပေါ်လာသော အခါ (ထိုစဉ်က မြန်မာပြည်သည် အန္ဒိယပြည်၏ ပြည်နယ်လေး တခုသာ ဖြစ်ခဲ့သည်)။ ဝတ်လုံ ဦးကျော်မြင့်၊ ရမ်းမြဲ ဦးမောင်မောင် စသော ပုဂ္ဂိုလ်ကြီးများနှင့် တွဲရေးဘက်မှ ဆောင်ရွက် ခဲ့သည်။ ဝံသာနု ဆင်းရဲသား ဝါဒ စည်းမျဉ်းများကို ဆွဲ၍ အင်အားစုရန် ‘ဝံသာနု ဆင်းရဲသား အဖွဲ့’ ကို တည်ထောင်လိုက်သည်။ ယင်အဖွဲ့ဖြင့် နိုင်ငံရေး လှုပ်ရှားမူကို ပြုခဲ့သည်။ လူအား ငွေအားဖြင့် ဆင်းရဲသား ဝါဒကို မြန်မာတပြည်လုံး ကျယ်ပြန့်အောင် ဆောင်ရွက် ခဲ့သည်။ ‘ဆင်းရဲသားဝါဒ အဆင်’ ဟုပင် စီးပွားရေးသမားများက လုံချည် အကွက်ဆန်းကလေးများဖြင့် ခေတ်စားအောင် ဝတ်ဆင် လာခဲ့ကြသည်။ ခွဲရေးဘက်မှ နိုင်ငံရေး စစ်ပြိုင် ဦးဘဖေ (ဘကြီးဘဖေ) တို့နှင့် ယှဉ်ပြိုင်၍ နိုင်ငံရေးကို ဆောင်ရွက်ခဲ့သည်။
၁၉၃၆ ခုနှစ်တွင် (ဒိုင်အာခီ အုပ်ချုပ်သော ကာလ) ရမည်းသင်း မြောက်ပိုင်းမှ မင်းတိုင်ပင် အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ပညာရေး ဝန်ကြီးချုပ် ရာထူးကို အစိုးရက ပေးသည်။ အခြေအနေ အရ ရာထူးကို လက်မခံဘဲ အမတ် အဖြစ်နှင့်သာ နေခဲ့ရသည်။ အင်္ဂလန်မှ ပြန်လာသော အခါ အင်္ဂလိပ်တို့၏ ပရိယာယ်ကို ကောင်းစွာ နားလည်လာ၏။ အာဏာရှိမှ တန်ခိုး ရှိ၏။ တန်ခိုး ရှိမှ အင်အား ရှိ၏။ အင်အား ရှိမှ ကိုယ်လိုသည့် အကျိုး ဆောင်ရွက်နိုင်၏ဟု ကောင်းကောင်းကြီး သဘောပေါက်လာသည်။
ထို့ကြောင့် ဒေါက်တာ ဘမော်သည် ပညာရေး ဝန်ကြီးချုပ် ရာထူးကို လက်ခံလိုက်သည်။ ၅ဝဝဝိ စား ဝန်ကြီး အဖြစ်ဖြင့် ပေါ်လွင် ထင်ရှား လာခဲ့သည်။
မြန်မာပြည်အား ၉၁ ဌာနဖြင့် လွှဲပြောင်း အုပ်ချုပ်မှု ပြုရေးတွင် တွဲရေးဘက်မှ ဒေါက်တာ ဘမော်သည် ခေါင်းဆောင် တဦးဖြစ်ပြီး ဦးဘဖေ မှာ ခွဲရေးဘက်မှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေး ကွက်ကျော်များဖြင့် ဦးဘဖေတို့ အဖွဲ့အပေါ် အသာရခဲ့သည်။
၁၉၃၇ ခုနှစ်တွင် မြန်မာပြည် အတွက် အုပ်ချုပ်ရေးသစ် ရောက်လာသော အခါ ယင်း အုပ်ချုပ်ရေးသစ်ကို စီမံခန့်ခွဲရန် ပညာရေး ဝန်ကြီးချုပ် ဒေါက်တာ ဘမော်အား ‘နန်းရင်းဝန်’ အဖြစ် ရွေးကောက် တင်မြှောက်ကြသည်။ ‘ညွန့်ပေါင်း အစိုးရ’ ဟု ခေါ်တွင် ခဲ့ကြသည်။
၁၃ဝဝ ပြည့်နှစ် အလုပ်သမား၊ တောင်သူလယ်သမား၊ အရေးအခင်းနှင့် ဂျပ်ဆင် ကောလိပ် ကျောင်သား မောင်အောင်ကျော် သေဆုံးသည့် အရေးအခင်းများနှင့် ကြုံတွေ့ ခဲ့ရသည်။ ထိုအရေးအခင်းများကြောင့် နန်းရင်းဝန် အဖြစ်မှ ၁၉၃၉ ခုနှစ်တွင် ပြုတ်ကျသည်။
ဦးပု (ရွှေကျင်) နန်းရင်းဝန် ဖြစ်လာသည်။ ၎င်းနောက် ဂဠုန်ဦးစော နန်းရင်းဝန် ဖြစ်လာသည်။
ဒေါက်တာ ဘမော် နန်းရင်းဝန် ဖြစ်သော အချိန်ခါက ဆဌမမြောက် ဂျော့ဘုရင်မင်း၏ (အင်္ဂလိပ် အင်ပါယာ ရှင်ဘုရင်) ၁၉၃၇ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ကျင်းပသော ဘိသိက်ပွဲသို့ အင်္ဂလိပ် လက်အောက်ခံ ပြည်နယ် ကိုယ်စားလှယ်တော်ကြီး တဦး အနေဖြင့် တတ်ရောက် ခဲ့သည်။ (တိုင်းရင်းသား ဝတ်စုံဖြစ်သော မန္တလေးချိတ် တောင်ရှည်ပုဆိုး၊ ပေါ်ဖုံးပိုး အင်္ကျီအဖြူ၊ ဖက်ဖူးရောင် မောင့်ကျက်သရေ ခေါင်ပေါင်း၊ မန္တလေး ကတ္တီပါ ဖိနပ် စီးလျက် တက်ရောက်ခဲ့၏။) မြန်မာ တိုင်းရင်သား ဝတ်စုံဖြင့် တက်ရောက်သော ပုဂ္ဂိုလ်မှာ ထိုစဉ်က သူတစ်ဦးသာ ရှိခဲ့သည်။
ယင်းနောက် ဥရာပနိုင်ငံ တလွှားတွင်ကား (ဂဠုန် ဦးစော နန်းရင်းဝန် ဖြစ်နေသော အချိန်) စစ်ခင်းလျက် ရှိချေသည်။ ဂျာမနီ အာဏရှင် ဟစ်တလာနှင့် အီတလီ ဖက်ဆစ် မူဆိုလီနီတို့ တန်ခိုးထွားနေသော အခါလည်း ဖြစ်သည်။ ဂျာမနီက ဟောတစ်ပြည် သိမ်းယူနေသော အခါလည်း ဖြစ်သည်။ ပိုလန်၊ ဟော်လန်၊ ပြင်သစ်၊ စသည်များ ဂျာမနီလက်အောက် ရောက်ခဲ့ရချေပြီ။ အင်္ဂလန်ပြည်ကိုလည်း သိမ်းရန် ဟိန်းဟောက် ခြိမ်းခြောက်ကာ ဟန်ပြင်နေ၍ အင်္ဂလိပ်တို့ မျက်ဖြူဆိုက်နေသော အခါလည်း ဖြစ်သည်။ အင်္ဂလိပ် နန်းရင်းဝန် ချိန်ဘာလိန် ပါးနပ်လိမ္မာစွာ ပရိယာယ် သုံး၍ အမေရိကန်ကို မျက်နှာချို သွေးနေသော အခါလည်း ဖြစ်သည်။
ယင်းအခွင့်ကောင်းကို ယူ၍ ဒေါက်တာ ဘမော်သည် ‘တို့ဗမာ သခင်’ လှုပ်ရှားမူ လူငယ်များနှင့် ပေါင်းကာ လွတ်လပ်ရေး အတွက် ဗမာ့ ထွက်ရပ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။
၁၉၄ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆင်းရဲသား ဝံသာနု အသင်း အစည်းအဝေးကြီးက ဒေါက်တာ ဘမော်အား ‘အာဏာရှင်’ အဖြစ် ရွေးကောက် တင်မြှောက် လိုက်ကြသည်။
ဒေါက်တာ ဘမော်ကလည်း အင်္ဂလိပ်တို့ကို တိုက်နေသော စစ်ကို မြန်မာများ မကူရန်၊ ဗမာ့ လွတ်လပ်ရေး ချက်ချင်းပေး စသော အမိန့် ၇ ချက်၊ အာဏာရှင်ပီပီ ထုတ်လိုက်သည်။ ယင်းအမိန့် ၇ ချက်ကြောင့် ဒေါက်တာ ဘမော် ထောင်နန်း စံရလေသည်။ မန္တလေးထောင်မှ မိုးကုတ်ထောင် အထိ ဘီကလပ်နှင့် နေခဲ့ရသည်။ (ထိုစဉ် အခါက အေကလပ်၊ ဘီကလပ် ရှိခဲ့၏။ နိုင်ငံရေးသမား အားလုံးလိုလို ဘီကလပ်နှင့် ထောင်ထဲ၌ ချထား၏။)
ဒုတိယ ကမ္ဘာစစ်ကြီးသည် အနောက်မှ အရှေ့သို့ ကူးစက် ပြန့်ပွားလာချေပြီ။ ဂျပန်တို့ကလည်း အာရှတခွင် ပြဲပြဲစင်အောင် စစ်တိုက်၍ နိုင်နေသော အခါ ဖြစ်သည်။ ဂျာမနီ အာဏာရှင် နာဇီ အဒေါ့ ဟစ်တလာ၊ အီတလီ ဖက်ဆစ် မူဆိုလီနီ၊ ဂျပန် ဖက်ဆစ် နန်းရင် ဝန်ကြီးချုပ် ဂျင်နရယ်တိုကျိုတို့ ၃ ဦး၊ ဝင်ရိုး တန်းသုံးပွင့်ဆိုင် အဖြစ် ထင်ရှား ကျော်ကြားနေသော အခါလည်း ဖြစ်သည်။
မြန်မာပြည်မှလည်း မြန်မာ့ လွတ်လပ်ရေး အတွက် လှုပ်ရှားမှု အမျိုးမျိုး ပြုလုပ် ဆောင်ရွက်နေ၍ မသင်္ကာသူ လူတန်းစား အသီးသီးကို အင်္ဂလိပ် အစိုးရက ထောင်သွင်း အကျဉ်း ချထားလေသည်။
ဒေါက်တာ ဘမော်နှင့် အတူ မိုးကုတ်ထောင်တွင် အကျဉ်းချထားခြင်း ခံရသူများကား မနည်းလှချေ။ ဒေါက်တာ ဘမော်ကား လျှို့ဝှက် မြေအောက် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် မိုးကုတ်ထောင်မှ ရုပ်ဖျက်၍ ထွက်ပြေးခဲ့သည်။ အင်္ဂလိပ် အစိုးရသည် ဒေါက်တာ ဘမော်အား တွေ့သည့် နေရာတွင် ပစ်သတ်ရန် အမိန့် ထုတ်ခဲ့သည်။ အင်္ဂလိပ်ကလည်း အပြေးမြန်၊ ဂျပန်ကလည်း အရောက်စောသဖြင့် အသက်ချမ်းသာရာ ရခဲ့သည်။
၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် (ဂျပန် လက်အောက်မှ လွတ်မြောက်သည် အထိ) အတွင်း ဒေါက်တာ ဘမော်သည် အုပ်ချုပ်ရေး အကြီးအကဲ ပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ အဓိပတိ အရှင်မင်းကြီး၊ ဝန်ကြီးချုပ်၊ စစ်သေနာပတိချုပ် အဖြစ် ဂျပန် လက်ထက်တွင် ဆောင်ရွက် ခဲ့သည်။ ထိုစဉ်အခါက အဓိပတိ အရှင်မင်ကြီး အခမ်းအနားဖြင့် ထွက်တော်မူသော အခါ “ရွှေဘုန်းတော် တိုးပါလို့၊ ရွှေမိုးတွေရွာ” စသော ဘုန်းတော်ဘွဲ့ သီချင်း သီဆို၍ စည်တော်ကြီး ဗျောကြီးများဖြင့် မြှောက်ပင့် ချီးပင့်ခြင်းကိုပင် ခံခဲ့ရသည်။
ဒေါက်တာ ဘမော်သည် ဂျပန် စစ်အုပ်ချုပ်ရေး လက်အောက်ခံ မြန်မာ အစိုးရ အဖွဲ့နှင့် ဂျပန်ခေတ် မြန်မာနိုင်ငံ လွတ်လပ်ရေး အစိုးရ အဖွဲ့ တို့ကို နိုင်ငံတော် အဓိပတိကြီး အဖြစ် ဦးဆောင် ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။
ဒေါက်တာ ဘမော်သည် မြန်မာ ကိုယ်စားလှယ်တော်ကြီးများ ဖြစ်ကြသော သခင် မြ၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဒေါက်တာ သိန်မောင်တို့နှင့် အတူ ဂျပန် ဧကရာဇ် ဘုရင်မင်းမြတ်က (ခေတ်အခေါ်အဝေါ်) ‘တက်နေဝန်း’ တံဆိပ် (Order Of Rising Sun) တခုစီဖြင့် ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။
၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသော အခါ မော်လမြိုင်ဘက်သို့ စစ်ပြေးရင်း အင်ဒိုချိုင်းနားဘက်မှ မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ဖဆပလ အစိုးရက သာယာဝတီ ထောင်တွင် ဖမ်းဆီး ထောင်သွင်း အကျဉ်းချ ထားခဲ့သည်။ ထောင်မှ လွတ်ပြီးနောက် ဥပဒေ အကျိုးဆောင် အဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။
၁၉၆ဝ ပြည့်နှစ်တွင် Old Paulians Association နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။ ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သော စာအုပ်များမှာ ၁၉၂၄ ခုနှစ်တွင် ‘စိတ်သာယှဉ်စော ဘုရားဟော (Buddhist Mysticism)’ စိတ်ပညာကို လေ့လာခြင်း၊ ၁၉၄၅ ခုနှစ်တွင် ‘ဗမာပြည် အတွင်း စီမံကိန်းသစ်’၊ ‘ဗမာစစ်တွင်းကာလ ကိုယ်တွေ့ ဖြစ်ရပ်များ’ တို့ ဖြစ်သည်။
ဒေါက်တာ ဘမော်ကား လူပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ဖော်ပြရလျှင် ဥပဓိရုပ် ခံ့ညားသည်။ အပြောအဆို ကောင်းသည်။ ဟန်၊ မာန်၊ မောင်း ကောင်းသည်။ နိုင်ငံခြား ခေါင်းဆောင်ကြီးများကဲ့သို့ ပေမီသည်။ အင်္ဂလိပ်စကားကို အင်္ဂလိပ်အစစ်ကဲ့သို့ ပီသစွာ ပြောနိုင်သည်။ ပါးနပ် လိမ္မာသည်။ ဘာသာစကား ၆မျိုးမျှ တတ်ကျွမ်းသည်။
ဇနီး ဒေါ်ခင်မမမော်နှင့် သား ၃ ယောက်၊ သမီး ၄ ယောက် ထွန်းကားခဲ့သည်။ သမီးဖြစ်သူ တင်ဇာမော်နှင့် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရန်နိုင် တို့ ၁၉၄၄-ခု၊ ဇွန်လ(၂၃)ရက်တွင် ထိမ်းမြားလက်ထပ်သည်။ [၁]
ဘဝနိဂုံး [ပြင်ဆင်ရန်]
၁၉၇၇ ခုနှစ်၊ မေလ ၂၉ ရက်နေ့ အသက် ၈၅ နှစ် အရွယ်တွင် လူကြီး ရောဂါဖြင့် ရန်ကုန်မြို့ မိမိအိမ်၌ ကွယ်လွန် သွားရှာသည်။ မိဘ ၂ ပါးကို ရည်စူး၍ သမီး မာလာမော်က ၁၉၈၄ ခုနှစ်၊ ရွှေစက်တော် ဘုရားတွင် ဓာတ်မီး အတွက် ငွေ ၁,ဝဝဝိ တိတိ လှူဒါန်းခဲ့သည်။ [၂] ဒေါက်တာဘမော်၏ မျိုးဆက်များ ၊ ဒေါက်တာဖုန်းဝင်းနှင့် ဒေါ်ယူဇာမော်ထွန်းတို့ ဖြစ်သည်။