ဧရာဝတီမြစ်

ဝီကီပီးဒီးယား မှ
ဧရာဝတီမြစ်
ဧရာဝတီမြစ်အား ကောင်းကင်မှ တွေ့မြင်ရပုံ
နိုင်ငံ မြန်မာနိုင်ငံ
ပြည်နယ် ကချင်
ဒေသများ စစ်ကိုင်း, မန္တလေး, မကွေး, ပဲခူး, ဧရာဝတီ, ရန်ကုန်
မြစ်လက်တက်များ
 - ဘယ် နမ့်ကောင် ခေါ် မိုးကောင်းချောင်း, မဲဇာမြစ်, မူးမြစ်, ချင်းတွင်းမြစ်, ယောချောင်း, ဆင်ဖြူကျွန်းချောင်း, မုန်းချောင်း, မန်းချောင်း, မင်းတုန်းချောင်း
 - ညာ မိုးလယ်ချောင်း, တပိန်မြစ်, ရွှေလီမြစ်, မြစ်ငယ်မြစ် ခေါ် နမ္မတူမြစ် ခေါ် ဒုဋ္ဌဝတီမြစ်, ဇော်ဂျီမြစ်, ပန်းလောင်မြစ်, စမုန်မြစ်, ပင်းချောင်း, ဒေါင်းသေချောင်း, ယင်းချောင်း, နဝင်းချောင်း
မြို့များ မြစ်ကြီးနားမြို့, ဝိုင်းမော်မြို့, ဆင်ဘိုမြို့, ဗန်းမော်မြို့, ရွှေကူမြို့, ကသာမြို့, ထီးချိုင့်မြို့, တကောင်းမြို့, မလယ်မြို့, သပိတ်ကျင်းမြို့, ကျောက်မြောင်းမြို့, စဉ့်ကူးမြို့, မန္တလေးမြို့, စစ်ကိုင်းမြို့, ရွာသစ်ကြီးမြို့, ငါးဇွန်မြို့
ရင်းမြစ် မလိခမြစ်[၁]
Secondary source မေခမြစ်
Source confluence
 - တည်နေရာ Damphet, ကချင်ပြည်နယ်
 - အမြင့် ၁၄၇ m (၄၈၂ ft)
မြစ်ဝ ကပ္ပလီပင်လယ်
 - တည်နေရာ Ale-ywa, ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ
 - အမြင့် ၀ m (၀ ft)
အရှည် ၂,၂၁၀[၂] km (၁,၃၇၃ mi)
မြစ်ဝှမ်း ၄၀၄,၂၀၀[၃] km2 (၁၅၆,၀၆၂ sq mi)
ရေစီးဝင်မှု
 - ပျမ်းမျှ ၁၃,၀၀၀ m3/s (၄၅၉,၀၉၁ cu ft/s)
 - အများဆုံး ၃၂,၆၀၀ m3/s (၁,၁၅၁,၂၅၈ cu ft/s)
 - အနည်းဆုံး ၂,၃၀၀ m3/s (၈၁,၂၂၄ cu ft/s)
ဧရာဝတီမြစ်နှင့် မြစ်လက်တက်များ
မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားခေါ်ဝေါ်ကြသော ဧရာဝတီမြစ်သည် တဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်သည်။[၄]

ဧရာဝတီမြစ် (အင်္ဂလိပ်: Ayeyarwaddy, Irrawaddy) သည် မြန်မာပြည်မြောက်ဖျားမှ တောင်ပိုင်းသို့ စီးဆင်းသော မြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအားဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါး သွယ်တန်းလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,၀၀၀ စတုရန်းကီလိုမီတာရှိသည်။ အေဒီ (၆) ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တည်ဆောက်ပြီး စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း အသက်တမျှ အရေးပါနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါးစိုက်ပျိုးရေးတွင် နာမည်ကြီးသောဒေသ ဖြစ်သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသော အရာမှာ မြစ်ညာဘက် ပိုင်း (မြစ်အထက်ပိုင်း)တွင် ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရှားပါးသတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်ကို စောင့်ရှောက်ထိန်းသိမ်းရန် နှိုးဆော်လျက်ရှိသည်။

အမည်ခေါ်တွင်လာပုံ[ပြင်ဆင်ရန်]

ဧရာဝတီနှင့် ယင်း၏မြစ်လက်တက်များ

ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပာယ်မှာ ဆင်မြစ်ဖြစ်သည်။

နာမည်တူမြစ်[ပြင်ဆင်ရန်]

လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့သည်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်သည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြသည်။

မြစ်ဆုံ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြစ်ဆုံဒေသ

မိုင်ပေါင်း (၁၃၀၀) ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုံးတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဘက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည် ကျောက်စရစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။

ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈-မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက် ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှစုန်သော် မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ်လည်တွင် ပေါ်နေသည်။ ဝဲဇလုပ်များကလည်း အသီးသီးဖြစ်ပေါ်နေ၏။

ပထမမြစ်ကျဉ်း[ပြင်ဆင်ရန်]

ပထမမြစ်ကျဉ်း

ဆင်ဘိုရွာကို လွန်မိပြီ ဆိုသည်နှင့် ရေစီးသန်လာလေတော့သည်။ မြင်သာရွာအလွန်တွင် မြစ်ကြောင်းကလည်း ပိုမိုကျဉ်းမြောင်း လာလေသည်။ မြစ်ကြောင်းကျဉ်းမြောင်းလာလေလေ ရေများသည် စုစုလာလေလေဖြစ်သည်။ ကမ်းနှစ်ဘက် အကွာအဝေးသည် ကိုက် (၅၀) ခန့်သာရှိတော့သည်။ အပေါ်မှ တရကြမ်း ထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီးလျက်ရှိသော ကျောက်တောင်ကြီးများကို အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရာ ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ ပွတ်တိုက်နေသည့် တဝေါဝေါ မည်သံများကိုလည်း အဝေးမှပင် ကြားနေရသည်။ ကမ်းတစ်ဘက် တစ်ချက်ရှိ ကျောက်တောင်နံရံများကလည်း ဇွတ်အတင်း ထိုးဆင်း နေသော မြစ်ရေလုံးကို ဟိုမှာဆီး၊ သည်မှတား နေသည့်နှယ် ရှိလေသည်။ တစ်ခါတစ်ရံ အရှေ့တည့်တည့်တွင် တောင်ကြီး ကာစီးနေသည်ကို မြင်လိုက်ရပြီး မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်ရသည်။ စုန်ဆင်းလာသော သင်္ဘောများသည် တောင်ကို ဆောင့်မည့်ဆဲဆဲ ရှိနေရာမှ လင်္ကျာဘက် ကသော်လည်းကောင်း၊ လက်ဝဲဘက်ကသော်လည်းကောင်း ရေကြောင်းလမ်းကလေး ပေါ်လာ၍ ယင်းဘက်သို့ ဆက်ခနဲလှည့်ကာ ချိုးကွေ့လိုက်ရပြန်သည်။ အနောက်ဘက်ကမ်းရှိ မြစေတီရွာကိုလွန်သော် မြစ်ကျဉ်းသည် တစ်ဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာလေသည်။ ဤသည်မှာ ၃၃-မိုင်ခန့် ရှည်လျားသော ပထမမြစ်ကျဉ်း၏ အဆုံးပင် ဖြစ်တော့သည်။

ထိုမှစုန်သော် ဗန်းမော်သို့၊ ဗန်းမော်အနီးသို့ ဧရာဝတီမြစ်ရောက်သောအခါ မြေနုချိုင့်ဝှမ်းကို ဖြတ်သန်းလေတော့သည်။ မြစ်ပြင်သည်လည်း နှစ်မိုင်နီးပါး ကျယ်ပြန့်နေလေသည်။ ဗန်းမော်မြို့အထက်နားလေးတွင်လည်း အရှေ့ဘက် ယူနန်ကုန်းပြင်မြင့်မှ စီးဆင်းလာသော တာပိန်မြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်လေသည်။

ဒုတိယမြစ်ကျဉ်း[ပြင်ဆင်ရန်]

ဗန်းမော်မှအစုန် ၁၈-မိုင်ခန့်ဝေးသော စင်းခမ်းရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စပါတော့သည်။ မြစ်ကြောင်းမှာလည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။ စင်းခမ်းရွာမှ ရွှေကူမြို့ အထက်နားရှိ အင်္ဘောဝင်းရွာအထိ ဒုတိယမြစ်ကျဉ်း နေရာဖြစ်လေသည်။ ဆယ့်လေးမိုင်ခန့် ရှည်၍ ပျှမ်းမျှ ကိုက် ၁၅၀ သာ ကျယ်ပေသည်။ မြစ်ကြောင်းသည် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ ရွှေကူမြို့ အနားရောက်လျှင် မြစ်လယ်ရှိ သောင်ကျွန်းကို၎င်း၊ သောင်ကျွန်းပြည့်တည်ထားသော ဘုရားစေတီများကို၎င်း တွေ့မြင်ရပြန်သည်။ မြစ်ကြောင်းကလည်း အနောက်ဘက်သို့ ဆက်လက်စီးနေသည်။ ထိုမှစုန်သော် အနောက်ဘက်ကမ်းပေါ်ရှိ ကသာမြို့သို့ ရောက်သည်။

ကသာမြို့အောက်နားတွင် အရှေ့ဘက်မှ ရွှေလီမြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပြန်သည်။ သစ်ဖောင်ဝါးဖောင်များ မျှောချလာသည်ကို မြင်ရပြန်လေသည်။ ကသာကိုလွန်သော် ဧရာဝတီသည် တောင်ဘက်သို့ ကွေ့ဆင်းလေသည်။ ကသာမြို့မှ ထီးချိုင့်၊ ၎င်းမှ မဇ္ဈိမဒေသ သကျသာကီဝင်မင်းများ လာရောက် နန်းစိုက်ခဲ့ဖူးသည် ဆိုသော တကောင်းမြို့ဟောင်း၊ တကောင်းမှသည် မိုင်လေးဆယ် ခန့်ဝေးသော မလည်ရွာသို့ ရောက်လေသည်။

တတိယမြစ်ကျဉ်း[ပြင်ဆင်ရန်]

မလည်ရွာအလွန်တွင် တတိယမြစ်ကျဉ်း စပါတော့သည်။ မလည်ရွာအောက်တွင် တောင်တန်းနိမ့်များမှာ ကမ်းစပ်နှင့်ပို၍ နီးလာသည်ကို တွေ့ရသည်။ အရှေ့ဘက်ကမ်းတွင်လည်း မိုးကုတ်တောင်တန်း မှိုင်းမှိုင်းညို့ညို့ကို တွေ့မြင်ရသည်။ အရှေ့ဘက်ကမ်းပေါ်ရှိ သပိတ်ကျင်းမြို့သည် မိုးကုတ်မြို့၏ ဆိပ်ကမ်းမြို့လည်းဖြစ်လေသည်။ သပိတ်ကျင်းမြို့မှ လွန်သော် သီဟတောရွာနှင့် ဘုရား၊ သုံးဆယ့်ရှစ်မိုင် ခန့်ရှိသော တတိယ မြစ်ကျဉ်းသည် မလည်ရွာမှစ၍ ကျောက်မြောင်းမြို့အနီး၌ ဆုံးလေသည်။

မြေလတ်ဒေသ[ပြင်ဆင်ရန်]

ကျောက်မြောင်းသည် အနောက်ဘက် ရွှေဘို၏ ဆိပ်ကမ်းဖြစ်ပြီး ကျောက်မြောင်းအလွန်တွင် မြစ်ပြင်သည် ပြန်လည် ကျယ်ပြန့် လာသည်။ ကျောက်မြောင်း၊ ရွှေဘိုဒေသ ရှုခင်းသည် ခြောက်သွေ့၏။ သစ်ပင်ချုံနွယ်များ ကျဲလာပြီး၊ တောင်များ ညိုပုပ်ပုပ်အရောင် ပြောင်းလာသည်။ မြစ်ကြောင်းကား မြေပြန့်လွင်ပြင်ကို ဖြတ်သန်းစီးဆင်း၍ မြစ်ပြင်ကျယ်လာသည်ကား မှန်၏။ သို့ရာတွင် စည်းသောင် တိမ်သောင် များလွန်း၍ ရေကြောင်းမှာ ရေမွှာ ရေခွဲများဖြင့် ကွဲသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိမြစ်အပိုင်းအတွင်း တွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။ ကျောက်မြောင်းမှ ရှိမ်းမကား၊ ထိုမှတဖန် မင်းကွန်းကို ဖြတ်သည်။ မင်းကွန်းပုထိုးတော်ကြီး ကို အဝေးမှပင် ဖူးတွေ့နိုင်ပေသည်။ မင်းကွန်းမှသည် မန္တလေးမြို့၊ ဂေါဝန်ဆိပ်သို့ ရောက်သည်။

ဤတွင် မန္တလေးနှင့် တဆက်တည်းရှိသော အမရပူရမြို့အစွန် တောင်ပူစာနှစ်ခု ထိပ်၌ရှိသော ရွှေကြက်ယက်စေတီရွှေကြက်ကျစေတီ နှစ်ဆူကို ဧရာဝတီမြစ်ပေါ်မှ ဖူးတွေ့ရပြန်သည်။ အမရပူရမြို့၏ အရှေ့တောင်ဘက်ကို လှမ်းကြည့်ပြန်သော် သပြေတန်း ခံတပ်ဟောင်း၊ ထို့နောက် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော မြစ်ငယ်မြစ်နှင့် ယင်းမြစ်၏ တစ်ဘက်ကမ်းတွင်ကား အင်းဝမြို့ဟောင်းကို တွေ့မြင်ရလေသည်။ အနောက်ဘက်တွင်ကား စစ်ကိုင်းမြို့၊ အမရပူရနှင့် စစ်ကိုင်းကြားတွင် အင်းဝတံတား က ကူးဆက်ထားပြန်သည်။ စစ်ကိုင်းမြို့၏ အနောက်ဘက်တွင်မူ မှိုင်းမှိုင်းညို့ညို့နှင့် စစ်ကိုင်းတောင်ရိုး၊ နေရာအကွက်ကလည်း ကျလှပေ၏။ အနောက်ဘက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင်၊ အရှေ့ဘက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီဖြူဖြူ အလည်တွင် မြစ်ရေဖွေးဖွေး မြင်ရသည်မှာ ကြည်နူးစရာ အလှအပ ရှုခင်းပါပေတည်း။

စစ်ကိုင်းအလွန်တွင် မြစ်ကြောင်းသည် အနောက်ဘက်သို့ ကွေ့ဝင်သွားသည်။ မကြာမီ ရွာသစ်ကြီးကို ဖြတ်သန်းရသည်။ ၎င်းနောက် မြင်းမူဆီမီးခုံ၊ နဂါးပေါက်၊ ရန္တပို စသောရွာများကို ဖြတ်သန်းလာခဲ့ရပြန်သည်။ ထို့နောက် မြစ်ကြောင်းသည် တောင်ဘက်သို့ ပြောင်း၍ စုန်ဆင်းပြန်၏။ မန္တလေးမှ မိုင်ရှစ်ဆယ် ဝေးသောမြင်းခြံမြို့၊ မြင်းခြံဆိပ်ကမ်းကို သင်္ဘောကပ်၍ မရပါ။ ဆိပ်ကမ်းဝတွင် ဧရာမ သောင်ပြင်ကြီးက ထီးထီးချည်း ခံနေလေသည်။ ထို့နောက် မြင်းခြံအောက် အနောက်ဘက် ကမ်းရှိ ပခုက္ကူမြို့ကို ဆိုက်ရောက်ပေသည်။

ဧရာဝတီယဉ်ကျေးမှု[ပြင်ဆင်ရန်]

ပခုက္ကူမြို့သည် အလုံ၊ မုံရွာဘက်မှ စီးဆင်းလာသော ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် ပေါင်းဆုံရာ အောက်နားတွင် တည်ရှိပြီး၊ အနောက်ဘက်တွင် ယောချောင်း၊ ချင်းတို့၏ ဒေသနှင့်လည်း အဆက်အသွယ် များလေသည်။ ပခုက္ကူမှ စုန်ဆင်းလာခဲ့ရာ အနောက်ဘက်ကမ်းတွင် မြစ်ခြေ၊ ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ တည်ရှိသည်။ ပခုက္ကူမှ ၂၅-မိုင်ခန့် အကွာတွင် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဟင်္သာမောင်နှံများ၊ ရေဘဲများ၊ ဝေသာလီဗျိုင်းများ ပျော်မြူးနေကြသော သောင်ပြင်ကျယ်ကြီးကို တွေ့ရလေသည်။ ညာဘက်တွင် တန့်ကြည့်တောင်တန်း၊ ဘယ်ဘက်တွင် ညောင်ဦးမြို့ နတ်သမီးကမ်းပါးစောက်တို့သည် မြင်ကွင်းတွင် တဖြည်းဖြည်း ပေါ်လာလေသည်။ ညောင်ဦးမြို့သည် ပုဂံမြို့ဟောင်း၏ ဆိပ်ကမ်းမြို့ဖြစ်သည်။ ပုဂံမှာ သောင်ထွန်း၍ လှေသင်္ဘောများ မကပ်နိုင်ပေ။ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်းသရေခေတ္တရာပုဂံမြင်စိုင်းစစ်ကိုင်းအင်းဝ စသည့် မြန်မာ့သမိုင်းကြီးတွင် ပေါ်ထွန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားလာခဲ့သည်။ စဉ်စစ် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုသည် ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်တော့သည်။

ပုဂံမှသည် မြေဆီမှ ရွှေရည်ထွက်ရာ ရေနံမြေကို ဖြတ်ကျော်လျှက် မြစ်၏ အနောက်ဘက်တွင် ရေနံချပ်နှင့် လမ်းရွာ၊ အရှေ့ဘက်တွင် စဉ့်ကူးနှင့် ချောက်၊ ချောက်မှသည် မိုင် ၄၀-ခန့်ဝေးသော ရေနံချောင်းမြို့၊ ဤနေရာတစ်လျှောက် မြစ်ကြောင်းသည် ဖြောင့်လိုက်၊ ကောက်လိုက် ရှိလေသည်။ မတ်စောက်သော ကမ်းပါးများ၏ ကုန်းပေါ်တွင် မျှော်စင်တွေနှင့် ရေနံတွင်းများ၊ စက်ရုံများကို တွေ့ရလေသည်။ ချောက်မှ သုံးမိုင်အကွာ စလေမြို့၊ စလေမှ ၁၅-မိုင်ဝေးသော ဆင်ဖြူကျွန်းမြို့ကို ဖြတ်ကျော်သည်။ ဆင်ဖြူကျွန်း တစ်ဝိုက်တွင် မြစ်သည် တံစုန်းများ ပေါများသည်။ (တံစုန်းများဆိုသည်မှာ ရေမြုပ်သစ်ပင်၊ သစ်တုံးနှင့် ရေပေါ်ရေမျော သစ်တုံးများကို ဆိုလိုသည်။)

ဆင်ဖြူကျွန်းမှ တစ်ဖန် ရေနံချောင်းအောက်ဘက် ၂၅-မိုင်ခန့် ကွာဝေးသော အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့၊ မင်းဘူးမြို့သည် မုန်းချောင်း၊ မန်းချောင်းတို့မှ မြောင်းသွယ်ထားသဖြင့် စိုက်ပျိုးရေး ထွန်းကားသော ဒေသဖြစ်လေသည်။ မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့၏ ကျက်သရေဆောင် ရွှေတဝင်းဝင်းနှင့် မြသလွန်ဘုရားကို ဖူးမြင်ရပြန်သည်။ ထိုမှတဆင့် အရှေ့ဘက် မြစ်ကြောင်းကွေ့သည့်အတိုင်း စုန်ဆင်းလာရာ အနောက်ဘက် ရခိုင်ရိုးမမှ ဖြာထွက်သော တောင်စွယ်သည်၎င်း၊ အရှေ့ဘက် ပဲခူးရိုးမမှ ဖြာထွက်လာသော တောင်စွယ်သည်၎င်း ကမ်းပါးအထိ ရောက်လာသည်ကို တွေ့မြင်ရပြန်သည်။ ထိုမှလွန်သော် အနောက်ဘက်ကမ်းရှိ မင်းလှမြို့နှင့် မလွန်မြို့၊ ထိုမှ အရှေ့ဘက်ကမ်းရှိ ဆင်ပေါင်ဝဲမြို့မြေထဲမြို့ (အောင်လံ)များကို ဖြတ်လာခဲ့ရသည်။ အောင်လံမြို့အောက် အနောက်ဘက်ကမ်းရှိ သရက်မြို့ညောင်ပင်ဆိပ်ကံမမြို့တို့ကို လွန်သော် ဖိုးဦးတောင်ကို၎င်း၊ အရှေ့ဘက်ကမ်းတွင် ပြည်မြို့ကို၎င်း ချဉ်းကပ်လာပြန်သည်။

မြစ်ဝကျွန်းပေါ်[ပြင်ဆင်ရန်]

ပြည်မှ တစ်ဖန် ခွာလေရာ ထုံးဘိုရွာအနီးတွင် မြစ်ကမ်းပါးအရောက် ထိုးထွက်နေသော ကျောက်နံရံကျယ်ကြီးကို တွေ့မြင်ရပြန်သည်။ ယင်းကို အကောက်တောင်ဟု ခေါ်သည်။ ထိုအကောက်တောင် နံရံများတွင် ဘုရားဆင်းတု ပုံတော် အမျိုးမျိုးကို ကြည်ညိုစရာ ထွင်းထုထားသည်ကို မြစ်ထဲမှ ကောင်းစွာဖူးမြော် တွေ့မြင်နိုင်ပေသည်။ ပြည်မြို့အောက် မိုင်၅၀-ခန့်ရှိ မြန်အောင်ကို ဖြတ်သည်နှင့် မိုးကောင်း၍ စိမ်းစိုသော မြစ်ဝကျွန်းပေါ် အစကို တွေ့မြင်နိုင်သည်။

ဧရာဝတီမြစ်သည် ရေစီးနှင့်အတူ နုံးမြေများကို သယ်ဆောင်ရာက တဖြည်းဖြည်း ပို့လာပြီး မြစ်ဝကျွန်းပေါ် မြေနုကျွန်းများ ဖြစ်ပေါ်လာခဲ့ရလေသည်။ မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ် (မုတ္တမပင်လယ်) ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။ ထိုအခါ ဧရာဝတီမြစ်သည် မြန်အောင်မြို့ အောက်နားမှစ၍ ပုသိမ်မြစ်၊ ရွေးမြစ်၊ ဧရာဝတီမြစ်မကြီး၊ ဖျာပုံမြစ် စသည်ဖြင့် မြစ်ငယ်များ ချောင်းများ ခွဲ၍ခွဲ၍ မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။

ဧရာဝတီမြစ်မကြီးအတိုင်း ကြံခင်းဟင်္သာတဓနုဖြူညောင်တုန်းမြို့များကို ဖြတ်ကျော်ပြီး ညောင်တုန်းမြို့ အောက်ဘက်တွင် ဧရာဝတီမြစ်မကြီးသည် မြစ်ငယ်၊ ချောင်းတိုများ ထပ်မံဖြာထွက်ပြန်သည်။ ညောင်တုန်းမြို့မှ တစ်ဆင့် ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ပန်းလှိုင်၊ လှိုင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရာ ရွှေတိဂုံစေတီတော်ကြီးကို လှမ်း၍ ဖူးမြော်ရပြီး ရန်ကုန်မြို့သို့ ရောက်ရှိလေတော့သည်။ ရန်ကုန်၏ တစ်ဖက်ကမ်းတွင် ဒလတွံတေးမြို့ များရှိပြီး ရန်ကုန်ကို ကျော်လျှင် သန်လျင်မြို့ ကိုတွေ့ရပြီး ဧရာဝတီမြစ်သည် မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။ [၅]

မြစ်အောက်ပိုင်းဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ) ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့် ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃) သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ) ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ ပုဂ္ဂလိကပိုင် ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည် "အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း" ဖော်ပြခဲ့သည်။ [၆]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

ဧရာဝတီမြစ်သည်မြောက်မှတောင်သို့ စီးဆင်းပြီး မြန်မာပြည်အရှေ့ခြမ်းနှင့်အနောက်ခြမ်းကို အလယ်မှ ပိုင်းခြားထားသည်။ ကပ္ပလီပင်လယ်အတွင်းသို့ မြစ်ခွဲ (၉) ခုဖြင့် စီးဝင်သည်။

ကမ်းရိုးတစ်လျှောက်ရှိ တွေ့ရသော လုမုတောစနစ်

မြစ်ညာပိုင်း[ပြင်ဆင်ရန်]

မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ မေခ(အင်န်မိုင်ခ)မြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဧရာဝတီမြစ်ဖြစ်ပေါ်လာသည်။ မေခနှင့်မလိခမြစ်နှစ်သွယ်လုံးသည် မြောက်လတ္တီကျု (၂၈) ဒီဂရီဝန်းကျင်ရှိ ဟိမဝန္တာ ရေခဲတောင်တန်းများတွင် မြစ်ဖျားခံသည်။ မြစ်နှစ်သွယ်အနက် အရှေ့ဘက်ခြမ်းမှမြစ်ဖြစ်သော မေခမြစ်သည် ပူတာအိုမြို့ မြောက်ဘက်ရှိ လန်ဂွဲလာ ရေခဲတောင်တွင် မြစ်ဖျားခံသည်။ ရေစီးအလွန်ကြမ်းသောကြောင့် မေခမြစ်ကိုရေကြောင်းသွားလာရေးအတွက် အသုံးပြု၍မရပေ။ အနောက်ဘက်ခြမ်းရှိ မလိခမြစ်ကိုမူ ရေကြောင်းသွားလာရေးအတွက် အသုံးပြု၍ ရနိုင်သည်။ မြစ်ဆုံမှ တောင်ဘက် မိုင်(၁၅၀)၊ ကီလိုမီတာ (၂၄၀)အကွာရှိ ဗန်းမော်မြို့အထိသာ လှေ၊သင်္ဘောများ ရာသီမရွေးသွားလာနိုင်သည်။ ကချင်ပြည်နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သည် မြစ်ဆုံမှတောင်ဘက် မိုင် (၃၀)၊ ကီလိုမီတာ (၄၈) အကွာတွင်တည်ရှိသည်။

ဧရာဝတီမြစ်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ အသက်သွေးကြောကြီးသဖွယ်တည်ရှိနေသော ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအလယ်တည့်တည့်ကိုဖြတ်၍ မြောက်ဘက်မှတောင်ဘက်သို့စီးဆင်းသည်။ ဧရာဝတီမြစ်ဟူ၍ စတင်ဖြစ်ပေါ်သည့် လွန်ခဲ့သောနှစ်ပေါင်း ၄၅ သန်းခန့်ကတည်းကပင် ယင်းသည် မြန်မာနိုင်ငံ စည်ပင်ဖွံ့ဖြိုးမှုနှင့် အထူးဆက်စပ်နေသော မြစ်ကြီးဖြစ်လေသည်။

ဧရာဝတီဟူသော အမည်သည် ဟိန္ဒီစကား ဣရဝတီ မှလာ၍ ဆင်မြစ် ဟု အဓိပ္ပာယ်ရသည်ဟု အချို့ကယူဆကြသည်။ သို့ရာတွင် သင်္သကရိုက်စကား ပရုပဏီ (ဧရာဝတီ) မှဆင်းသက်လာသော အမည်ဖြစ်သည်ဟူသော အယူအဆက ပိုမိုနီးစပ်သည်ဟု ဆိုကြသည်။ အဓိပ္ပာယ်မှာ အားသစ် ဖြည့်သူ သို့မဟုတ် မြစ် ဟုဖြစ်သည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်နယ်ရှိ မြစ်ငါးစင်းအဝင်အပါ ရာဗီ (ရာဝိ) မြစ်၏ ရှေးအခေါ်သည်လည်း ဧရာဝတီပင်ဖြစ်သည်။

ဧရာဝတီမြစ်သည် အရှေ့တောင်အာရှဒေသရှိ အခြား မြစ်ကြီးများနှင့်မတူဘဲ တမူထူးခြားသည်မှာ မြန်မာနိုင်ငံထဲ၌ ပင် မြစ်ဖျားခံ၍ မြန်မာနိုင်ငံကိုသာ ဖြတ်စီးကာ မြန်မာ့ ပင်လယ်ကမ်းခြေမှပင် ပင်လယ်ထဲသို့စီးဝင်ခဲ့သော မြန်မာမြစ် စစ်စစ် ဖြစ်ခြင်းပင်ဖြစ်သည်။ ရှေးအခါက ဧရာဝတီမြစ်သည် တိဗက်နိုင်ငံ၌ မြစ်ဖျားခံသည်ဟု ယူဆခဲ့ကြသော်လည်း ယခုမူ မြန်မာမြစ်စစ်စစ်ဖြစ်ကြောင်း တိကျစွာ ပြောဆိုနိုင်ကြပေပြီ။ ယင်းသည် မိုင်ပေါင်း ၁၃၅ဝ ရှည်၍ မြန်မာနိုင်ငံ မြောက်ဘက် တောင်ကုန်းဒေသ၊ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှားဒေသ၊ မြန်မာနိုင်ငံအောက်ပိုင်း မြေနုကျွန်းပေါ်ဒေသတို့ကို ဖြတ်သန်း၍ စီးဆင်းလေသည်။

ဧရာဝတီမြစ်သည် မေခနှင့် မလိခမြစ်နှစ်သွယ် ပေါင်း ဆုံရာမှစသည်။ မြစ်ကြီးနားမြို့မြောက်ဘက် ၄၆ မိုင်အကွာ မြောက်လတ္တီတွတ် ၂၅ ံ ၄၅ဒ တွင် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံမိ၍ ဧရာဝတီမြစ် ဖြစ်ပေါ်လာသည်။ မလိခဟူသောအမည်သည် ဂျိန်းဖောစကားဖြစ်၍ မြစ်ကြီးဟု အဓိပ္ပာယ်ရ သည်။ ခရီးသွားလာရန် အသုံးပြုလွယ်သည်ကိုစွဲ၍ ခေါ်ဟန်တူသည်။ သို့ရာတွင် အကျယ်အဝန်းအားဖြင့်မူ မေခမြစ်ထက် ကျဉ်းသည်။ မေခမြစ်သည် ၁၆၅ ကိုက်ကျယ်၍ မလိခမြစ်သည်ကိုက် ၁၅ဝ ကျယ်သည်။ မေခမြစ်ကို ထိုဒေသတွင် ဂျိန်းဖော ဘာသာဖြင့် အင်မိုင်ခဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ မြစ်ဆိုး ဖြစ်သည်။ မေခမြစ်၏ မြစ်ဖျားပိုင်းကို ဒေသအလိုက် လူမျိုးစုများက မလောင်ဝမ်းအဒွန်းဝမ်းနမ့်တမိုင် စသည် ဖြင့် ခေါ်ကြသည်။ အရှေ့ဘက်မှ စီးဆင်းလာသော တရုံမြစ်နှင့်ပေါင်းဆုံသည့် နေရာမှစ၍ အောက်ပိုင်းကို မေခ၊ အထက်ပိုင်းကို နမ့်တမိုင် စသည်ဖြင့်ခေါ်သည်။ နမ့်တမိုင်မြစ်သည်လည်း စိန့်ခူးဝမ်းနှင့် အဒွန်းဝမ်းမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာ၍ ခန္တီးရှမ်းလူမျိုးတို့က ခေါ်သောအမည် ဖြစ်သည်။ မေခမြစ်သည် ဧရာဝတီမြစ်၏ မူလအစဟု ပထဝီပညာရှင်များက ယူဆကြသည့်အလျောက် အရှေ့ဧရာဝတီမြစ်ဟုလည်း ခေါ်ဝေါ်ကြသည်။

မေခမြစ်သည် ပူတာအိုမြို့၏ မြောက်ဘက် မြောက်လတ္တီတွဒ် ၂၇ံ ၂၄ဒ နေရာရှိ နှင်းဖုံးသည့် တီလာတောင်ကြီး၌ ဖြစ်ပေါ် နေသော လန်ဂွေလာရေခဲမြစ်မှ မြစ်ဖျားခံသည်။ စူးစမ်းရှာဖွေသူ ကင်းဒမ်ဝဒ်က ၁၉၂၄ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုချက်အရဆိုမူ ယင်းမြစ်အဖျားပိုင်း၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၄၅ဝ ခန့်ရှိ၍၊ ပေ ၁၅,ဝဝဝ ကျော် မြင့်ကြောင်းသိရသည်။ ပေ ၁၅,၅၅ဝ အမြင့်တွင် နှင်းခဲရကား ဆောင်းအခါမှစ၍ ခဲနေသောနှင်းသည် ထိုဒေသ၌ ပေ ၆၅ဝဝ အထိဆင်းလာ၍ ဧပြီ၊ မေလ များအထိ မြေပေါ်တွင်ရှိနေတတ်သည်။

ဧရာဝတီမြစ်ကို သုံးပိုင်း ပိုင်းနိုင်သည်။ အထက်ဧရာဝတီ· ရှေးအကျဆုံးအပိုင်း၊ အောက်ဧရာဝတီ· တတိယကပ်အစအထိမပေါ်သေး သောအပိုင်း၊ မြစ်ဝကျွန်းပေါ်· နောက်ဆုံးပေါ်သည့်အပိုင်း၊

အထက် ဧရာဝတီ[ပြင်ဆင်ရန်]

အထက်ဧရာဝတီသည် မေခနှင့် မလိခမြစ်တို့ပေါင်းဆုံကာ ဧရာဝတီမြစ်ဟူ၍ ဖြစ်ပေါ်လာသည့်နေရာမှစ၍ ချင်းတွင်း မြစ်လက်တက် စီးဝင်သည့် နေရာအထိဖြစ်သည်။ ဧရာဝတီမြစ်သည် မြစ်ဆုံမှ တောင်ဘက်သို့တောင်ကုန်းများအကြားမှလည်းကောင်း၊ မြေပြန့်များကိုလည်းကောင်း ဖြတ်သန်းစီးဆင်း လာရာအချို့နေရာ၌ မိုင်ဝက်ကျော်ကျော်ပင် ကျယ်ဝန်း၍ အချို့နေရာ၌ အလွန်ကျဉ်းသွားရာ ယင်းသို့ ကျဉ်းသည့်အပိုင်းကို မြစ်ကျဉ်းဟုခေါ်သည်။ ကျောက်တောင်ကြီး နှစ်ခုအကြား ကျဉ်းမြောင်းစွာ စီးဆင်းရသည့်အခါ မြစ်ကျဉ်းဖြစ်၍ ကိုက် ၅ဝ၊ ၆ဝ ခန့်သာ ကျယ်ဝန်းတော့သည်။

မြစ်ကြီးနားမြို့မှ ၅၅ မိုင် ဝေးသော ဆင်ဘိုမြို့အလွန်မှစ၍ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်သည် ကျောက်တောင်အကြား စီးဆင်းရရာ ယင်းသည် ပထမမြစ်ကျဉ်းဖြစ်သည်။ ပထမမြစ်ကျဉ်းသည်ဆင်ဘိုမြို့ အလွန် သုံးမိုင်ကွာရှိ မြင်သာရွာမှ စတင်၍ ဗန်းမော်မြို့အနီးရှိ မြစေတီရွာအထိဖြစ်ရာ အလျား ၃၆ မိုင် ရှိလေသည်။ တစ်ဘက်တစ်ချက်ရှိ ကျောက်ဆောင် ကျောက်ကမ်းပါးများသည် ပေ ၆ဝ ခန့်သာ မြင့်သော်လည်း ပတ်ဝန်းကျင် မလှမ်းမကမ်း၌မူ ပေ ၃ဝဝ ကျော်မြင့်သော တောင်ကြီးများရှိသည်။ ဆင်ဘိုမြို့တွင် ဧရာဝတီမြစ်သည် မိုင်ဝက်ခန့်ကျယ်ဝန်းသော်လည်း ဆင်ဘိုမြို့အောက်ရောက်သည်နှင့် ကိုက် ၅ဝ ခန့်သာ ကျယ်ဝန်း၍ ဧရာဝတီမြစ်၏ အကျဉ်းဆုံးနေရာဖြစ်သည်။ ရေလယ်တွင်ကျောက်ဆောင်များရှိသည်။ ရေစီးအလွန်သန်၍ ဝဲများ အလွန်ထူထပ်သည်။ ထို့ကြောင့် ကူးသန်းသွားလာရေး ခက်ခဲသည်။ သစ်ထုတ်စခန်းတစ်ခုဖြစ်သော ပရှောရွာအောက်နားတွင် မြစ်ကြောင်းသည် ပြန်၍ကျယ်ပြန့်လာရာ မိုင်ဝက်နီးပါးခန့်ရှိသည်။ ယင်းမြစ်ကျဉ်း၏ အရှေ့ဘက်၌ ရှေးအခါက ဧရာဝတီမြစ်ကြောင်းဟောင်း ဖြစ်ဟန်ရှိသော ကျယ်ပြန့်သည့် ချိုင့်ဝှမ်း ကြီးတစ်ခုသည် ဧရာဝတီမြစ်နှင့် မျဉ်းပြိုင်တည်လျက်ရှိသည်။ ဗန်းမော်မြို့ အထက် ၁၂ မိုင်ကွာခန့်ရှိ သဖန်းပင်ရွာ သို့ ရောက်သောအခါ ဧရာဝတီမြစ်သည် မြေနုချိုင့်ဝှမ်းကို ဖြတ်သန်း စီးဆင်းရသည်ဖြစ်ရာ တစ်ဖန်ကျယ်ပြန့်လာ၍ ရေစီးလည်းသာလာသည်။

ဗန်းမော်မြို့နားသို့ ရောက်သောအခါ ဧရာဝတီမြစ်သည် တောင်ဘက်ရှိ မြေနုချိုင့်ဝှမ်းသို့ ဆက်မစီးဘဲ အနောက်ဘက်သို့ကွေးသွားကာ ထုံးကျောက်တောင်များအကြားသို့ ဖြတ်စီးသည်။ ဤနေရာတွင် မြစ်သည် ကိုက်တစ်ရာခန့်သာကျယ်၍ နံဘေးတစ်ဖက်တစ်ချက်မှ မတ်စောက်သော ကျောက်ဆောင်ကျောက်ကမ်းပါး များသည် ပေ ၂ဝဝ မှ ၃ဝဝ အထိ မြင့်ကြသည်။ ယင်းကို ဒုတိယမြစ်ကျဉ်းဟုခေါ်သည်။ ဒုတိယမြစ်ကျဉ်းသည် စင်းကန်းရွာမှစတင်၍ ရွှေဂူမြို့ အထက်နားရှိ သင်္ဘောအင်းရွာအထိ ၁၄ မိုင်ခန့် အလျားရှိသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ဒုတိယမြစ်ကျဉ်းနေရာသည် ရှုမျှော်ခင်းအလှဆုံးဟု ဆိုကြသည်။ ဒုတိယမြစ်ကျဉ်းတွင် ရေစီးမြန်၍ ဝဲများရှိသော်လည်း ပထမမြစ်ကျဉ်းလောက် ကူးသန်းသွားလာရေး အန္တရာယ်မရှိချေ။ ဧရာဝတီမြစ်ကြောင်းဖြင့် ဗန်းမော်မြို့အထိ သင်္ဘောများသည် တစ်နှစ်ပတ်လုံး ဆန်တက်သွားလာနိုင်သည်။

ဒုတိယမြစ်ကျဉ်းမှ ထွက်ခဲ့၍ ဗန်းမော်မှ ၃၈ မိုင် ဝေးသော ရွှေဂူမြို့ကို ဖြတ်ခဲ့ပြီး ကသာမြို့ကို လွန်သောအခါ ဧရာဝတီမြစ်သည် တောင်ဘက်သို့ ကွေ့ဆင်းသည်။ ကသာမြို့မှ တကောင်းမြို့အထိ မြေနုကမ်းပါးများဖြစ်သည်။ အရှေ့ဘက်ကမ်းနှင့် ခပ်လှမ်းလှမ်း၌မူ ရှမ်းကုန်းပြင်မြင့်၏ အဆက်ဖြစ်သော မိုးကုတ်နယ်မှ တောင်ကုန်းများကို တွေ့နိုင်သည်။ တကောင်းမြို့မှ လွန်သောအခါ သပိတ်ကျင်းမြို့အနီးတွင် တတိယမြစ်ကျဉ်းသို့ ရောက်ပြန်သည်။

တတိယမြစ်ကျဉ်းသည် သပိတ်ကျင်းမြို့၏ အထက် ၁ဝ မိုင်ခန့်ရှိ မလည်ရွာမှ စတင်၍ ကျောက်မြောင်းမြို့အထိ ဖြစ်ရာ အလျား ၂၉ မိုင်ခန့်ရှိသည်။ ထိုမြစ်ကျဉ်းနေရာ၌ မြစ်၏အကျယ်မှာ ကိုက် ၄၄ဝ ခန့် ရှိလေသည်။ ယင်း မြစ်ကျဉ်းသည် ပထမမြစ်ကျဉ်းနှစ်ခုလောက် ရှုခင်းမလှချေ။ သစ်တောများ ထူထပ်စွာပေါက်ရောက်နေသော ကမ်းပါးစောက်များသည် တစ်ဖက်တစ်ချက်တွင် တည်ရှိနေသည်။ ရွှေဘိုခရိုင် ကျောက်မြောင်းမြိုမှ လွန်သော် ဧရာဝတီမြစ်သည် တစ်ဖန်ကျယ်ပြန့်လာပြန်သည်။ အပူပိုင်းဇုန် မြေနု ဒေသကိုဖြတ်၍ မန္တလေးမြို့တိုင်အောင် စီးဆင်းလာပြီး ဗန်းမော် နှင့် မန္တလေးအကြား ဧရာဝတီမြစ်ကြောင်းသည် အကွေ့ အကောက်လည်းများ၊ သဲသောင်လည်းများလှသည်။ မန္တလေးမြို့ သို့ ရောက်သောအခါ တစ်ဖက်ကမ်းရှိ စစ်ကိုင်းတောင်တန်းများကို ကွေ့ဝိုက်၍ အရှေ့မှအနောက်သို့ မြစ်ကြောင်းပြောင်းခဲ့ရာ ယင်း၏ မြစ်လက်တက်ကြီးဖြစ်သော ချင်းတွင်းမြစ်နှင့် ဆုံရာ ပခုက္ကူမြို့အထိဖြစ်သည်။

အောက်ဧရာဝတီ[ပြင်ဆင်ရန်]

ချင်းတွင်းမြစ်လက်တက်နှင့် ဆုံရာမှစ၍ ဧရာဝတီမြစ်သည် ပိုမိုကျယ်ပြန့်သော မြေနုလွင်ပြင်ကို ဖြတ်သန်းစီးဆင်းလေရကား ရေစီးနှေးသည်။ များသောအားဖြင့် ကမ်းပါးသည်သဲကျောက် ကမ်းပါးစောက်များဖြစ်၍ မြစ်နှင့် မလှမ်းမကမ်းတွင် တစ်ခါတစ်ရံ တောင်ကုန်းများကို တွေ့နိုင်သည်။ ရေနံချောင်းမြို့အနီး၌တွေ့ရသော ကျောက်စရစ်နီ မြေကြမ်းများဖုံးနေသည့် သဲကမ်းပါးစောက်များကိုထောက်၍ တစ်ခါက ဧရာဝတီမြစ်သည် ယခုထက်ပို၍ မျက်နှာပြင်မြင့်ခဲ့ကြောင်း သိသာထင်ရှားသည်။ တစ်ခါတစ်ရံလည်း သဲကျောက်တောင်များ ပြတ်၍ တွန့်ခေါက်ကျောက်မြေများကိုတွေ့ရရာ ယင်းတို့သည် ရေနံထွက်ခြင်းနှင့် ဆက်စပ်နေလေသည်။ ဤအပိုင်းတွင် ဧရာဝတီမြစ်ကြောင်းသည်း တစ်ဖြောင့်တည်းမနေဘဲ ဖြောင့်လိုက်ကောက်လိုက်နှင့် စီးဆင်းသည်။ မြေနုလွင်ပြင်ကို ဖြတ်စီးသည့်အခါ မြစ်ကမ်းပါးသည် သဲတို့ဖြင့် ဖုံးလွှမ်း၍နိမ့်သည်။ တောင်ကုန်းကြား ဖြတ်စီးသည့်အခါ မြစ်ကမ်းပါးသည် မြင့်သည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ အကောက်တောင်သို့ စက်လှေဖြင့်သွားရာလမ်းတွင် မြင်တွေ့ရသည့် နံရံကပ်ဗုဒ္ဓရုပ်ပွားတော်များ

မင်းဘူးမြို့မှ ပြည်မြို့အကြားတွင် အနောက်ဘက် ရခိုင်ရိုးမတောင်မှ ဖြာထွက်လာသော တောင်စွယ်များသည် မြစ်ကမ်းပါးအထိရောက်သည်။ အရှေ့ဘက်မှလည်း ပဲခူးရိုးမနှင့် ယင်း၏တောင်စွယ်များက ကမ်းပါးအထိရောက်သည်။ သရက်မြို့ အောက်နားတွင် အနောက်ဘက်မှ ရခိုင်ရိုးမတောင်စွယ်သည် အရှေ့ဘက်မှ ပဲခူးရိုးမတောင်စွယ်နှင့် မိုင် ၅ဝ မှ ၆ဝ ခန့်သာ ကွာဝေးသည့် နေရာအထိ လာဆုံကြသည်။ သရက်မြို့မှ မိုင် ၄ဝ လွန်သော် ဧရာဝတီမြစ်၏ အရေးကြီးသော ဆိပ်ကမ်းမြို့ဖြစ်သည့် ပြည်မြို့သို့ ရောက်သည်။ ပြည်မြို့အောက် မိုင် ၃ဝ ခန့်အကွာ ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပါးအရောက် ထိုးထွက်နေသော အကောက်တောင်၏ သဲကျောက်တောင်စောင်းကြီးရှိသည်။ ယင်းတောင်စောင်းကို ဘုရားပုံတော်များ အမျိုးမျိုးထွင်းထုထားရာ မြစ်လမ်းခရီးသွားများ ကြည်ညိုစွာ ဖူးမြော် နိုင်သည်။

အောက်ပိုင်း ဧရာဝတီတွင်လည်း မြစ်ကြောင်း ကျဉ်း သွားသော နှစ်နေရာရှိသည်။ ထိုနှစ်နေရာ၌ မြစ်ကြောင်းသည် ကိုက် ၈ဝဝ· ၈၈ဝ ခန့်ရှိသည်။ သို့သော် ရေနက်၍ သင်္ဘော များ သွားလာနိုင်သဖြင့် အချို့က မြစ်ကျဉ်းဟု မခေါ်ချေ။ ထိုနှစ်နေရာမှ မင်းလှနှင့် မိကျောင်းရဲအကြား (ကိုးမိုင်ခွဲခန့်) နေရာနှင့် ပြည်မြို့အထက် ကမ္မနှင့် စစ္စယံအကြားရှိ တစ်နေရာ (ရှစ်မိုင်ခန့်) ဖြစ်ကြသည်။

မြစ်ဝကျွန်းပေါ်[ပြင်ဆင်ရန်]

ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ပိုင်းသည် ပြည်မြို့ အောက် ၅၃ မိုင် ဝေးသော မြန်အောင်မြို့နားမှ စလေသည်။ မြန်အောင်မြို့ အောက် မိုင် ၃ဝ ခန့်အကွာ ညောင်ကျိုးရွာအနီးမှ စ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ အနောက်ဘက်အကျဆုံးနှင့် အကြီးဆုံးမြစ်ခွဲဖြစ်သည့် ပုသိမ်မြစ်ခွဲထွက်သည်။ (ပုသိမ်မြစ်·ရှု။) ဧရာဝတီမြစ်ဝကျွန်းပေါ်သည် ပင်လယ်မှမိုင် ၁၈ဝ အကွာမှစ၍ မြစ်ခွဲများ ဖြာထွက်ကာ တြိဂံပုံသဏ္ဌာန် တည်ရှိသည်။ ဟင်္သာတမြို့အနီးတွင် အရှေ့ဘက်မှ ပဲခူးရိုးမတောင်၊ အနောက်ဘက်မှ ရခိုင်ရိုးမတောင်တို့သည် တစ်ခုနှင့်တစ်ခု မိုင် ၈ဝ ခန့် သာ ကွာဝေးသည်အထိ နီးကပ်လာပြီးနောက် တဖြည်းဖြည်း တောင်ဘက်သို့ ခွာထွက်သွားကြရာ ယင်းသို့ကွာသွားသည့် မြေပြန့်တစ်လျှောက် ဧရာဝတီမြစ်သည် မြစ်ခွဲများစွာဖြာထွက်၍ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။ ပင်လယ်ထဲသို့ စီးဝင်ရာ၌ ပုသိမ်မြစ်အပါအဝင် မြစ်ဝကြီးပေါင်းကိုးခု ဖြစ်ပေါ်လေသည်။ မြစ်ခွဲကြီးများမှ မြစ်ချောင်းကလေးများစွာ ဖြာထွက်ကာ တစ်ခုနှင့်တစ်ခု ဆက်စပ်စီးဆင်းလျက်ရှိရာ ဒီချောင်းပေါင်းများစွာ ဖြစ်ပေါ်လျက်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ် သည် ပိုက်ကွန်ကြီးသဖွယ်ဖြစ်နေသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် စတုရန်းမိုင် ၁၂ဝဝဝ ကျယ်ပြန့်သည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်၏ အနောက်ဘက်ဆုံးမြစ်ဝသည် ပုသိမ်မြစ်ဝဖြစ်သကဲ့သို့ အရှေ့ဘက်ဆုံး မြစ်ဝသည် ရန်ကုန်မြစ်ဝဖြစ်သည်။ ပုသိမ်မြစ်သည် ဧရာဝတီမှစ၍ ခွဲထွက် စီးဆင်းလာသောမြစ် ဖြစ်သော်လည်း ရန်ကုန်မြစ်မှာမူ ပဲခူးရိုးမတောင်မှ မြစ်ဖျားခံ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်မှ မြစ်ခွဲဖြစ်သော ဘောလယ်မြစ်နှင့်ဆုံကာ ပင်လယ်ထဲသို့ စီးဝင်သည်။ ရန်ကုန်မြစ်၏ အထက်ပိုင်းကို လှိုင်မြစ်ဟုလည်းကောင်း၊ မြစ်မခဟုလည်းကောင်းခေါ်သည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ပင်လယ်ထဲသို့စီးဝင်သော မြစ်ဝကိုးခုရှိသော်လည်း ပုသိမ်မြစ်ဝနှင့် ရန်ကုန်မြစ်ဝ နှစ်ခုတွင်းသို့သာလျှင် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက် ဆိုက်ကပ်နိုင်ကြသည်။ ပုသိမ်မြစ်ဝနှင့် ရန်ကုန်မြစ်ဝသည် တစ်ခုနှင့်တစ်ခု မိုင် ၁၆ဝ ခန့်ဝေးသည်။ ရန်ကုန်မြစ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ဆက်လျက်ရှိသော်လည်း ဧရာဝတီမြစ်ဝကြီးမှရေသည် ရန်ကုန်မြစ်အတွင်းသို့ လုံးဝစီးဝင်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်မြစ်သည် ဧရာဝတီမြစ်မှ ခွဲထွက်လာသည်မဟုတ်ဘဲ ဧရာဝတီမြစ်အတွင်းသို့ ပူးပေါင်းစီးဝင်သောကြောင့်ဖြစ်သည်။ ထို့အတူပင် ပုသိမ်မြစ်သည် ဧရာဝတီမြစ်၏ မြစ်ခွဲဖြစ်သော်လည်း ဧရာဝတီ မြစ်ရေသည်ပုသိမ်မြစ်ထဲသို့ အနည်းငယ်သာ စီးဝင်လေသည်။ အဘယ်ကြောင့်ဆိုသော် ပုသိမ်မြစ်နှင့် ဧရာဝတီမြစ်ကို ဆက်သောချောင်းသည် ကိုက် ၃ဝဝ ခန့်သာကျယ်၍ ချောင်းတစ်ခုလုံး သဲသောင်ပြင်နှင့် ပြည့်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယင်းမြစ်ဝနှစ်ခုကို ဧရာဝတီမြစ်အစစ်ဟု ခေါ်ရန်မလွယ်ချေ။ ဧရာဝတီမြစ်မကြီးမှ ရေသည် ပင်လယ်ထဲသို့ အမှန်စီးထွက်ရာထွက်ပေါက်ကား ဧရာမြစ်ဝဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝဝ,ဝဝဝ ကျော်က ဧရာဝတီမြစ်ဝသည် ပြည်မြို့နား၌ ရှိသည်ဟု ခန့်မှန်းကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၂,ဝဝဝ ခန့်ကပင် ဧရာဝတီမြစ်ဝသည် ယခုအခြေအတိုင်း မရှိသေးချေ။ ယခု ဖြစ်ပေါ်နေသော မြစ်ဝကျွန်းပေါ်နေရာတစ်ခုလုံးသည် တွံတေး၊ မြောင်းမြ၊ ပုသိမ် စသော ဂဝံ ကျောက်ကုန်းရိုးများ ရေပြင်ပေါ်၌တက်နေသည့်ကျွန်းသဖွယ် ဖြစ်ပေါ်နေသော နေရာများမှတစ်ပါး အားလုံးပင် ပင်လယ်ရေပြင်ကြီး ဖြစ်လျက်ရှိသည်ဟု ဆိုကြသည်။ ထိုခေတ်အခါက ဒီတက် ဒီကျသည် ပြည်မြို့အထက်တွင် ဖြစ်သော်လည်း ယခုအခါ၌မူ ဒီရေသည် ညောင်တုန်းမြို့အထိပင် တစ်ခါတစ်ရံ မရောက်ချေ။ ဧရာဝတီမြစ်တစ်လျောက် ရေစီးနှင့်အတူပါလာသော နုန်းမြေသည် ယခုမြစ်ဝကျွန်းပေါ်ဖြစ်နေသောနေရာ၌ တဖြည်းဖြည်းပို့လာကာ မြေနုကျွန်းပေါ်ဒေသဟူ၍ ဖြစ်လာခြင်းဖြစ်လေသည်။

ဧရာဝတီမြစ်တစ်လျှောက်မှ မြစ်ဝသို့ တစ်နှစ်လျှင် နုန်းမြေတန်ပေါင်း ၂၆၁ သန်း စီးပါလာသည်ဟု ခန့်မှန်းကြသည်။ မန္တလေးမြို့နေရာအထိ နုန်းမြေတန်ပေါင်း ၃၂ သန်း စီးပါလာပြီးလျှင် ချင်းတွင်း မြစ်ဘက်မှ တန်ပေါင်း ၁ဝ၉ သန်းပါလာ၍ အခြားမြစ်ချောင်းများမှ တန်ပေါင်း သန်း ၁၂ဝ ခန့် မျောပါလာသည်ဟု တွက်ဆကြသည်။ ၁၈၆ဝ·၇ဝ နှင့် ၁၉ဝ၉·၁ဝ ခုနှစ်များက တိုင်းတာရေးဆွဲထားသော မြေမျက်နှာပြင် အနိမ့်အမြင့် တိုင်းတာချက်အရ ဘူမိဗေဒပညာရှင် ဒေါက်တာချစ်ဗား၏ ယူဆချက်မှာ မြစ်ဝကျွန်းပေါ်ကမ်းခြေသည် အနှစ်တစ်ရာခန့်တွင် သုံးမိုင်ခန့်သာ အများဆုံးမြေဖို့၍ ကျယ်ထွက်လာသည်ဟုဆိုသည်။ ဆာအက်ဒွင်ပတ်စကိုဆိုသူ ဘူမိဗေဒပညာရှင်ကမူ တစ်နှစ်လျှင် ပေ ၂ဝဝ သို့မဟုတ် အနှစ်တစ်ရာလျှင် ၃.၇၉ မိုင် ပင်လယ်ထဲသို့ ပြန့်ထွက်လာသည်ဟု ယူဆသည်။ ပင်လယ်နှင့်စပ်လျက်ရှိသော မြေနုကျွန်းပေါ်ဒေသတွင် ကနစိုတောများပေါက်ရောက်၍ မြစ်ဝကျွန်းပေါ် တစ်ခုလုံး၌မူ ဆန်စပါး အကြီးအကျယ်စိုက်ပျိုးသည်။

ဧရာဝတီမြစ်သည် ရှေးနှစ်ပေါင်း ထောင်ပေါင်းများစွာက မန္တလေးမြို့အနီးမှ တောင်ဘက်သို့ တန်းလျက် စီးဆင်းဖူးကြောင်း အထောက်အထားများရှိသည်။ စစ်တောင်းမြစ်သည် တစ်ချိန်က ဧရာဝတီမြစ်အောက်ပိုင်းဟု ဘူမိဗေဒပညာရှင်များက ယူဆကြသည်။ ယခု ဧရာဝတီမြစ်အောက်ပိုင်းသည် တစ်ချိန်က ချင်းတွင်းမြစ်ဝှမ်းဖြစ်ရမည်ဟု ဆိုကြလေသည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ရေတိုက်စားခြင်း အမြန်ဆုံးသော မြစ်တစ်မြစ်ဖြစ်သည်။ နိုင်းမြစ်၊ မစ္စစ္စပီမြစ်၊ ဂင်္ဂါမြစ်၊ ဒင်းညုမြစ်တို့ထက် ရေတိုက်စားနှုန်း အားကြီးသည်။ ယင်းမြစ်ဝှမ်း အောက်ခြေရှိ ကျောက်ဆောင်များကိုပင် အနှစ် ၄ဝဝ လျှင် တစ်ပေခန့် တိုက်စားသည်ဟု ခန့်မှန်းကြသည်။

မြစ်လက်တက်များ[ပြင်ဆင်ရန်]

မေခနှင့်မေလိခတို့ ပေါင်းဆုံ၍ ဧရာဝတီမြစ်ဟု ပေါ်လာသည်မှစ၍ ဧရာဝတီမြစ်တွင်းသို့ စီးဝင်သော မြစ်လက်တက်များမှာ လက်ျာဘက်မှ နမ့်ကောင်ခေါ် မိုးကောင်းချောင်း၊ မဲဇာမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်၊ယော ချောင်း၊ စလင်းချောင်းခေါ်ဆင်ဖြူကျွန်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း စသည်တို့ဖြစ်၍ လက်ဝဲဘက်မှ မိုးလယ်ချောင်း၊ တပိန်မြစ်၊ ရွှေလီမြစ်၊ မြစ်ငယ်မြစ်၊ သို့မဟုတ် နမ္မတူ၊ သို့မဟုတ် ဒုဋ္ဌဝတီမြစ်၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ စမုန်မြစ်၊ ပင်းချောင်း၊ ဒေါင်းသေချောင်း၊ ယင်းချောင်း၊ နဝင်းချောင်းတို့ ဖြစ်ကြသည်။ ယင်းတို့ အနက် ချင်းတွင်းမြစ်သည် အကြီးဆုံး မြစ်လက်တက်ဖြစ်သည်။

ဧရာဝတီမြစ်ကမ်းပေါ်ရှိ ထင်ရှားသော မြို့ကြီးများမှာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေဂူမြို့၊ ကသာမြို့၊ ထီးချိုင့်မြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ အင်းဝမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ ပခုက္ကူမြို့၊ ပုဂံမြို့၊ ချောက်မြို့၊ စလေမြို့၊ဆင်ဖြူကျွန်းမြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ မင်းလှမြို့၊ မိချောင်းရဲမြို့၊ အောင်လံမြို့၊ သရက်မြို့၊ ပြည်မြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သာတမြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့ စသည်တို့ဖြစ်ကြသည်။ ရှေးမြန်မာမင်းများ၏ မြို့တော်ဟောင်းများဖြစ်သော ပုဂံ၊ အင်းဝ၊ သရေခေတ္တရာ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးမြို့များသည် ဧရာဝတီမြစ်ကြောင်းပေါ်၌ပင် တည်ရှိခဲ့သည်ကို ထောက်ခြင်းဖြင့် ဧရာဝတီမြစ်၏ အသုံးဝင်တန်ဖိုးရှိပုံကို သိသာနိုင်သည်။

ဧရာဝတီမြစ်တွင် ရေတံခွန်များမရှိချေ။ ယင်းသည် ရေစီးသာသဖြင့် မြစ်ဝမှ မိုင်ပေါင်း ၈ဝဝ ကျော်ဝေးသော ဗန်းမော်မြို့အထိ သင်္ဘောများ ၁၂ ရာသီပတ်လုံး သွားလာ ဆန်တက်နိုင်သည်။ ရေကြောင်း ပို့ဆောင်ရေးကော်ပိုရေးရှင်းပိုင် မီးသင်္ဘောများနှင့် ပုဂ္ဂလိကပိုင် မီးသင်္ဘောများဖြင့် ဧရာဝတီမြစ်ကြောင်း ကူးသန်းသွားလာရေး လွယ်ကူလျက်ရှိသည်။ ထို့ကြောင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်း ကူးလူးဆက်ဆံရာ သဘာဝခရီးလမ်းမကြီးဟု ခေါ်ဆိုနိုင်လေသည်။ အထက်အောက်ကုန်များ အလွယ်တကူ ဖလှယ်ရောင်းချရသော ဗဟိုလမ်းမကြီးလည်းဖြစ်သည်။ ထို့ကြောင့် မြစ်ဆိပ်မြို့ကြီးများသည် မြစ်ကြောင်းခရီးကို အမှီပြု၍ စည်ပင်ဝပြောလာကြသည်။ အမရပူရမြို့နှင့် စစ်ကိုင်းမြို့အကြား ဧရာဝတီ မြစ်ကိုဖြတ်၍ အင်းဝတံတားကြီးကို ဆောက်လုပ်ထားသည်။ ပေပေါင်း ၃၉၈ဝ ရှည်၍ အလယ်တွင် မီးရထားလမ်း တစ်လမ်း၊ ဘေးနှစ်ဖက်တွင် မော်တော်ကားလမ်းများရှိ၏။ ယင်းကို ၁၉၃၄ ခုနှစ်က ဖွင့်လှစ်ခဲ့ရာ ဒုတိယကမ္ဘာစစ် အတွင်းက ပျက်စီးသွား၍ ပြန်လည်ပြင်ဆင်ခဲ့ပြီး ၁၉၅၄ ခုနှစ် တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ချင်းတွင်းမြစ်နှင့် အထက်ပိုင်း ဧရာဝတီမြစ်ဝှမ်းရှိ သစ်တောများမှ သစ်ဖောင်ဝါးဖောင်များကို အောက်မြန်မာနိုင်ငံသို့ ဧရာဝတီမြစ်တစ်လျှောက် စရိတ်သက်သာစွာဖြင့် အလွယ်တကူမျောချနိုင်သည်။ မြစ်ဝှမ်းတစ်လျှောက် မိုးနည်းပါးသော ဒေသများ၌ ဧရာဝတီမြစ်ရေကို သောက်သုံးခြင်း၊ စိုက်ပျိုးရေး အတွက် ဆည်မြောင်းဖြင့် သွယ်ယူသုံးစွဲခြင်းများပြုကြရသည်။ ထို့ကြောင့် ဧရာဝတီမြစ်ကို မြန်မာနိုင်ငံ၏ အသက်သွေးကြောကြီးဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ [၇]

မြစ်လက်တက်များ[ပြင်ဆင်ရန်]

ဧရာဝတီမြစ်တွင် အဓိကမြစ်လက်တက်ကြီး (၅) ခုရှိသည်။ မြစ်လက်တက်များသည် အမြင့်ပေ (၇၀၀၀)မှ (၁၀၀၀၀)အထိရှိသော တောင်တန်းများတွင် မြစ်ဖျားခံကြသည်။

ထို့အပြင် ချောင်းလက်တက်များလည်း ရှိသေးသည်။

တာပိန်မြစ်[ပြင်ဆင်ရန်]

တာပိန်မြစ်သည် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်မှ စတင်မြစ်ဖျားခံစီးဆင်းလာပြီး ကချင်ပြည်နယ်အတွင်းတွင်ပင် ဧရာဝတီမြစ်အတွင်း စီးဝင်သည်။

ရွှေလီမြစ်[ပြင်ဆင်ရန်]

ရွှေလီမြစ်သည်လည်း တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်မှပင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းလာပြီး ကသာမြို့တောင်ဘက်ရှိ အင်းရွာအနီးတွင် ဧရာဝတီမြစ်နှင့်ပေါင်းဆုံသည်။

မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နိုင်ငံ နယ်စပ်အနီး မှ စတင်မြစ်ဖျားခံစီးဆင်းသည်။ သိန္နီ၊ သီပေါ၊ ရွှေစာရံ နှင့် ကျောက်ဆည်လွင်ပြင်ကို ဖြတ်ကာ မန္တလေးတောင်ဘက် အင်းဝအနီးတွင် ဧရာဝတီမြစ်အတွင်း စီးဝင်သည်။

မူးမြစ်[ပြင်ဆင်ရန်]

ကဘော်ချိုင့်ဝှမ်း ဒေသကို မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းလာကာ မြင်းမူမြို့အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။

ချင်းတွင်းမြစ်[ပြင်ဆင်ရန်]

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကြီးမှ ဖြတ်သန်းစီးဆင်းလာပြီး ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့ အနီးတွင် ပေါင်းဆုံသည်။

မြန်မာနိုင်ငံတွင်အတွေ့ရများဆုံး ရေငံမိချောင်းတစ်ကောင်၊ ၎င်းတို့သည် တောအနီးတွင် အသက်ရှင်နေထိုင်ကြသည်၊ လူတို့၏တိုက်ခိုက်ဖမ်းဆီးခြင်းအားယနေ့တိုင်ခံနေရဆဲဖြစ်သည်။

စီးပွားရေးနှင့်နိုင်ငံရေး[ပြင်ဆင်ရန်]

မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။ မွန်-မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိ ပြည်မြို့သည်လည်း နှစ်ဖက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်လည်း အထက်မြန်မာနိုင်ငံတလွှား ဆန်တိုက်ခိုက်ရာတွင် စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိကအားဖြင့် အသုံးပြုခဲ့ပြန်သည်။ ထို့အတူ ညောင်ရမ်းခေတ်ဦးမင်းများဖြစ်ကြသည့် အနောက်ဘက်လွန်မင်း နှင့် သာလွန်မင်းတို့လည်း ဧရာဝတီမြစ်ကို စုန်ဆန်သွားလာခဲ့ကြသည်။ ကုန်းဘောင်ခေတ်တစ်လျှောက်လုံးတွင်လည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။

ဆည်တမံများ[ပြင်ဆင်ရန်]

အဓိက ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်တမံမှာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း တစ်ခုသာ ရှိသော်လည်း မြစ်ဖျားခံရာမြစ်များ၊ ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် မြစ်များပေါ်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်း ရေကာတာများ တည်ဆောက်ရန် စီမံကိန်းများ ရှိသည်။

ကချင်ပြည်နယ်[ပြင်ဆင်ရန်]

  • ဧရာဝတီမြစ်
    • မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၆၀၀၀ (မြစ်ကြီးနားမြို့အနီး)
  • မလိခမြစ်
    • လာဇာ ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၁၉၀၀
  • မေခမြစ်
    • ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၃၄၀၀
    • ပါရှီး (ခေါ်) ဝူဆောက် ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၁၈၀၀
    • လာကင် (ခေါ်) ယီနန် ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၁၄၀၀
    • ဖီဇော ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၂၀၀၀
    • ခေါင်လန်ဖူး ရေအားလျှပ်စစ်စီမံကိန်း မီဂါဝပ် -၂၇၀၀
  • တပိန်မြစ်
    • တပိန်(၁) ရေအားလျှပ်စစ်စီမံကိန်း မီဂါဝပ် - ၂၄၀
    • တပိန်(၂) ရေအားလျှပ်စစ်စီမံကိန်း မီဂါဝပ် - ၁၆၈

ရှမ်းပြည်နယ်[ပြင်ဆင်ရန်]

  • ရွှေလီမြစ်
    • ရွှေလီ(၁) ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၆၀၀
    • ရွှေလီ(၂) ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၄၆၀
    • ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၃၆၀
  • ဒုဋ္ဌဝတီမြစ်
    • အထက်ရဲရွာရေအားလျှပ်စစ်
    • အလယ်ရဲရွာရေအားလျှပ်စစ်
  • ဇော်ဂျီ
    • ဇော်ဂျီ (၁) ရေအားလျှပ်စစ်
    • ဇော်ဂျီ (၂) ရေအားလျှပ်စစ်
    • မြို့ကြီး ရေအားလျှပ်စစ်

မန္တလေးတိုင်း[ပြင်ဆင်ရန်]

  • ချောင်းမကြီးချောင်း
    • ဆည်တော်ကြီးဆည် နှင့် ‌ေအားလျှပ်စစ်
  • ဒုဋ္ဌဝတီမြစ်
    • ရဲရွာရေအားလျှပ်စစ်
  • ကင်းတား‌ေ င်းာ
    • ကင်းတားတမံ

စစ်ကိုင်းတိုင်း[ပြင်ဆင်ရန်]

  • ချင်းတွင်းမြစ်
    • ထမံသီ ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၁၂၀၀
    • ရာဇဂြိုဟ်ရေအားလျှပ်စစ်စီမံကိန်း
    • ရွှေစာရေး ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၆၆၀
    • မော်လိုက် ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၄၀၀
    • ဟုမ္မလင်း ရေအားလျှပ်စစ်စီမံကိန်း - မီဂါဝပ် ၁၅၀ [၈]

မကွေးတိုင်း[ပြင်ဆင်ရန်]

  • မုန်းချောင်း
    • မုန်း‌ချောင်းဘက်စုံတမံစီမံကိန်း

ယနေ့ခေတ် လေ့လာတွေ့ရှိချက်[ပြင်ဆင်ရန်]

ဧရာဝတီမြစ်တွင် ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင်၊ ၂ဝဝ၂ ခုနှစ် အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများ အသိ အမှတ်ပြုထားသော ငှက်စားကျက်နယ်မြေ (၄) ခုလည်း ရှိသည်။ မြစ်၏ ဇီဝသတ္တ စုံလင်ထွေပြားမှုအကြောင်းနှင့် ပတ်သက်၍ ကောင်းစွာလေ့လာထားသည်များလည်း မရှိသေးချေ။ ရေနေသတ္တဝါမျိုးစိတ်ပေါင်းများစွာ မှီတင်းနေထိုင်ကြသည်။ ထိုမျိုးစိတ်များအနက်မှ အထူးထင်ရှားသည့် မျိုးစိတ်သတ္တဝါမှာ ဧရာဝတီလင်းပိုင် ဖြစ်သည်။[၉] မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ် သစ်များကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုံးတင်မြေနှစ်များ အများဆုံးပို့ချပေးနိုင်သောမြစ်လည်း ဖြစ်သည်။

စစ်ကိုင်းတောင်မှ တွေ့ရသော ဧရာဝတီမြစ်

မြစ်ကမ်းဘေးရှိမြို့ကြီးများ[ပြင်ဆင်ရန်]

တံတားကြီးများ[ပြင်ဆင်ရန်]

ဗြိတိသျှကိုလိုနီအစိုးရက ၁၉၃၄ တွင် အင်းဝတံတား(စစ်ကိုင်းတံတား)ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။ ထပ်မံအသစ်တည်ဆောက်သောတံတားကြီးများမှာ -

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. James R Penn (2001) Rivers of the World Archived 11 January 2016 at the Wayback Machine.. Santa Barbara, Calif. [u.a.] ABC-Clio ISBN 1-57607-042-5, ISBN 978-1-57607-042-0. Page 115 paragraph 2, retrieved July 16, 2009
  2. Water Quality Management at River Basin in Myanmar (PDF) (in English)။ The Republic of the Union of Myanmar Ministry of Agriculture and Irrigation (21 September 2011)။ 16 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 March 2017 တွင် ပြန်စစ်ပြီး။ “Ayeyarwady River 2210 Km”
  3. Water Quality Management at River Basin in Myanmar (PDF) (in English)။ The Republic of the Union of Myanmar Ministry of Agriculture and Irrigation (21 September 2011)။ 16 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 March 2017 တွင် ပြန်စစ်ပြီး။ “Catchment Area (000's sq-km) Chindwin River 115.30 Upper Ayeyarwady River 193.30 Lower Ayeyarwady River 95.60”
  4. www.news-eleven.com
  5. ဝင်းသိမ်း(ကျောင်းအုပ်ကြီး၊ ရေကြောင်းပညာသိပ္ပံ)၏ ဧရာနဒီသိပါသည် ဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။
  6. ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) မှ
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  8. အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) ဧရာဝတီ။ 17 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2011 တွင် ပြန်စစ်ပြီး။
  9. မော်ကွန်းတင်ပြီးမိတ္တူ။ 16 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2014 တွင် ပြန်စစ်ပြီး။