ခရစ်ယာန်ဘာသာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လက်ဝါးကပ်တိုင်
Photo of Jesus Christ
ခရစ်ယာန်ဘာသာဝင်များ ယုံကြည်ကိုးကွယ်ကြသည့် ယေရှူခရစ်တော်၏ပုံ

ခရစ်ယာန်သာသနာ (ဂရိ စာလုံး Xριστός မှ၊ ခရစ်စတို့စ်၊ “ယေရှု” ၊ စာပေအရ “ ဘိသိက်ခံသောသူ”) သည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသော နာဇရက်မြို့သား ယေရှု၏ ဘဝအသက်တာနှင့် သွန်သင်မှုများအပေါ် အခြေခံသော တစ်ဆူတည်းသော ထာဝရဘုရားကို ယုံကြည်သောဘာသာရေးဖြစ်သည်။ခရစ်ယာန်များသည် ယေရှုကို ထာဝရဘုရားသခင်၏ သားတော်၊ လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသခင်နှင့် လူသားတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ယေရှုကို ခရစ်တော် သို့မဟုတ် မေရှိ ဟု အများအားဖြင့် ရည်ညွှန်းကြသည်။ခရစ်ယာန်များဟု လူသိများသော ခရစ်ယာန်အယူဝါဒကိုထောက်ခံသူတို့က ယေရှုသည် ဟီဘရူးကျမ်းစာ (ခရစ်ယာန်သာသနာနှင့်ဂျူးဘာသာအယူဝါဒတို့တွင် တူညီသောသမ္မာကျမ်း၏ အပိုင်းတစ်ခုဖြစ်ပြီး ခရစ်ယာန်သာသနာတွင် "ဓမ္မဟောင်းကျမ်း"ဟု ရည်ညွှန်းသည်) တွင် နိမိတ်ဖတ်ထားသော မေရှိဟု ယုံကြည်သည်။ ခရစ်ယာန်ယုံကြည်မှုကို သက်ဝင်လိုက်လျှောက်သူများက ကျယ်ပြန့်စွာ လက်ခံထားသော အချက်အလက်များပါရှိသည်ဟုဆိုသော ရှေးဦး ခရစ်ယာန်သာသနာ တစ်ရပ်လုံးနှင့်ဆိုင်သည့်အယူဝါဒများတွင် ခရစ်ယာန် ယုံကြည်မှုနှင့်ဆိုင်သော အခြေခံအုတ်မြစ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ ဤဖွင့်ဟထုတ်ဖော်ချက်များက ယေရှုသည်ဝေဒနာခံစားပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့ကာမြှုပ်နှံခံခဲ့ရသည်။ ထို့နောက်မှယုံကြည်သူတို့အတွက်အပြစ်မှခွင့်လွှတ်ပြီး (ကယ်တင်ခြင်း) ကောင်းကင်ဘုံတံခါးဖွင့်ပေးရန် ပြန်လည်ရှင်ပြန်ထမြောက်ခဲ့သည်ဟုဖော်ပြသည်။ ၎င်းတို့ကယေရှုသည်ခမည်းတော်ထာဝရဘုရားသခင်နှင့်အတူ အုပ်ချုပ် စိုးစံသည့် ကောင်းကင်ဘုံသို့ ခန္ဓာကိုယ်နှင့်တကွ တက်ကြွသွားခဲ့သည်ကို ထပ်လောင်း ထိန်းသိမ်းဆုပ်ကိုင်ထားကြသည်။

ဧဝံဂေလိတရား[ပြင်​ဆင်​ရန်​]

ခရစ်ယာန်ဂိုဏ်းခွဲအများစုကယေရှုသည် သက်ရှိနှင့်သေလွန်ပြီးလူသားအားလုံးကိုတရားစီရင်ရန်နှင့် ယေရှုကိုယုံကြည်လက်ခံသူများအား ထာဝရအသက်တာပေးရန်တစ်ဖန်ပြန်လည်ကြွလာဦးမည်ဖြစ် ကြောင်း သွန်သင်ကြသည်။ ယေရှုကို မြတ်သောအကျင့်သီလနှင့် ပြည့်စုံသည့် ဘဝအသက်တာ၏ စံပြပုဂ္ဂိုလ်အဖြစ်သာမက ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဖော်ပြသောသူ၊ ဘုရားသခင်မှ လူ့ဇာတိအဖြစ်ခံယူခြင်းဟူ၍လည်းမှတ်ယူကြသည်။ခရစ်ယာန်များကယေရှုခရစ်တော်၏တရားဒေသနာများကိုဧဝံဂေလိတရား(“သတင်းကောင်း”)ဟုခေါ်ဆိုသောကြောင့်ရှေးအကျဆုံးရေးသားဖော်ပြချက်များတွင် သူ၏ သာသနာပြု ခြင်းကို ဧဝံဂေလိတရားများအဖြစ် ရည်ညွှန်းသည်။ ခရစ်ယာန်သာသနာသည် ဂျူးဘာသာအယူဝါဒ ဂိုဏ်းခွဲတစ်ခုအဖြစ် စတင်ခဲ့ပြီးအာဗြဟံဘာသာတရားဟုသတ်မှတ်ခွဲခြားထားသည်။အရှေ့မက်ဒီတာရေးနီးယမ်းတွင်အစပြုပြီးဆယ်စုနှစ်အနည်းငယ် အတွင်း လျင်မြန်စွာ ကြီးထွားလာပြီး ဩဇာလွှမ်းမိုးလာခဲ့သည်။ ၄ ရာစုတွင် ရောမအင်ပါယာအတွင်း၌ အဓိကလွှမ်းမိုးကြီးစိုးသော ဘာသာတရား ဖြစ်လာခဲ့သည်။အလယ်ခေတ်တွင် ဥရောပတိုက်၌ ကျန်ရှိသောနိုင်ငံ အများစုကို ခရစ်ယာန်သာသနာအုပ်စိုးခဲ့သည်။အရှေ့အလယ်ပိုင်း၊မြောက်အာဖရိကနှင့်အိန္ဒိယနိုင်ငံ၏အချို့ဒေသများတွင်လည်းခရစ်ယာန်အနည်းစု(တစ်ခါတစ်ရံများသည်လည်းရှိသည်) ရှိလာသည်။ စတင်တွေ့ရှိရာနှစ်များနောက်တွင် သာသနာပြုလုပ်ငန်းနှင့် လက်အောက်ခံ ကိုလိုနီအဖြစ် သိမ်းယူခြင်းတို့မှတဆင့် ခရစ်ယာန်သာသနာသည် အမေရိကနိုင်ငံများ၊ ဩစထရေလာဆီးယားနှင့် ကျန်ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့သွားသောကြောင့် ခရစ်ယာန်သာသနာသည် အနောက်တိုင်း ယဉ်ကျေးမှုကို ပုံသွင်းရာတွင် အဓိက လွှမ်းမိုးရာ ဖြစ်ခဲ့သည်။ ၂၁ ရာစုအစောပိုင်းအထိ ခရစ်ယာန်ဘာသာ ယုံကြည်သူ သန်းထောင်ပေါင်း ၂.၂ ပတ်ဝန်းကျင်ခန့် ရှိနေခဲ့သည်။ ခရစ်ယာန်သာသနာသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုပြီး ကမ္ဘာ့အကျယ်ပြန့်ဆုံး ဘာသာတရား ဖြစ်သည်။ ထို့အပြင် ခရစ်ယာန်သာသနာသည် နိုင်ငံအတော်များများ၏ နိုင်ငံတော်ဘာသာလည်းဖြစ်သည်။ ခရစ်ယာန်သာသနာကို အဓိကအားဖြင့်သုံးအုပ်စုခွဲခြားနိုင်သည်။ ကက်သလစ်ဘာသာ၊ ပရိုတက်စတင့်ဘာသာ နှင့် အော်သိုဒေါ့က်စ် တို့ဖြစ်သည်။

ယေရှု ခရစ်တော်[ပြင်​ဆင်​ရန်​]

ခရစ်ယာန်များ၏ ယုံကြည်မှုမှာ ယေရှုကို ထာဝရဘုရားသခင်၏သားတော် အဖြစ်နှင့် မေရှိရ (ခရစ်တော်) အဖြစ် ယုံကြည်ခြင်းဖြစ်သည်။ “မေရှိရ” ဟူသော ဘွဲ့အမည်သည် ဟီဘရူးစာလုံး מָשִׁיחַ (māšiáħ) မှ ဆင်းသက်လာပြီး ဘိသိက်ခံသောသူ ဟုအဓိပ္ပါယ်ရသည်။ ဂရိဘာသာပြန် Χριστός (Christos) သည် အင်္ဂလိပ်စာလုံး “Christ” ၏ အရင်းအမြစ်ဖြစ်သည်။

Christianity
သူငယ်တော်ယေရှုကို မိခင် မာရိနှင့်အတူ သရုပ်ဖော်ပုံ၊ ဗလာဒီမာ၏ သီယိုတိုကို့စ် (၁၂ ရာစု)

ခရစ်ယာန်များက မေရှိရ ဖြစ်သော ယေရှုသည် လူသားများ၏ ကယ်တင်ရှင်အဖြစ် အဖဘုရားသခင်က ဘိသိက်ပေးထားသောသူဖြစ်သည်ဟု ယုံကြည်ကြပြီး ယေရှုသည် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြပါရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်များကို ပြည့်စုံစေခြင်းငှာ လာသည်ဟု ယူဆကြသည်။ ခရစ်ယာန်တို့၏ မေရှိရ နှင့်ပတ်သက်သော အယူအဆသည် ခေတ်ပြိုင်ဖြစ်သော ဂျူးတို့၏ အယူအဆနှင့် သိသာထင်ရှားစွာ ကွဲပြားသည်။ ခရစ်ယာန်တို့၏ အဓိက ယုံကြည်မှုမှာ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း၊ အပြစ်များသော လူသားများသည် ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ခွင့်ရနိုင်ပြီး၊ ထိုအကြောင်းကြောင့် ဘုရားသခင်ကပေးသည့် ထာဝရအသက်တာအတွက် ကယ်တင်ခြင်း ဆုကျေးဇူးနှင့် ကတိတော်ကိုလည်းကောင်း ယုံကြည်လက်ခံခြင်း ဖြစ်သည်။

သမ္မာကျမ်း[ပြင်​ဆင်​ရန်​]

ခရစ်ယာန်များ၏ ကျမ်းစာဖြစ်သည်။ ဓမ္မသစ်(၂၇ကျမ်း)နှင့် ဓမ္မဟောင်း(၃၉ကျမ်း) စုစုပေါင်း ၆၆ကျမ်းပါသည်။ သမ္မာကျမ်း ထာဝရဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်။ ရှင်ဘုရင်မှအစ တငါသည်အထိ လူ၊ ကျမ်းတတ်ဆရာ၊ ပရောဖက်ပေါင်းများစွာ ရေးသားထားသည့် ကျမ်းစာဖြစ်သည်။ ခရစ်ယာန်များ၏ အခြေပြုကျမ်းစာဖြစ်သည်။ မြန်မာနိုင်ငံကျမ်းစာအသင်း မှ စာအုပ်များစွာ ထုတ်ဝေခဲ့သည်။ အွန်လိုင်းကျမ်းစာ Online Bible များစွာရှိသည်။

တရားစီရင်ခြင်းနှင့် ဘုရားသခင်[ပြင်​ဆင်​ရန်​]

ခရစ်ယာန် သမိုင်းကြောင်း၏ အစောဆုံးရာစုနှစ်များတွင် ယေရှု၏ သဘာဝနှင့် ပတ်သက်သော ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများ မြောက်များစွာရှိနေစဉ် အချိန်ကာလတွင် ခရစ်ယာန်များက ယေရှုသည် လူ့ဇာတိကို ခံယူသောဘုရားသခင်နှင့် “စစ်မှန်သော ဘုရားသခင်နှင့် စစ်မှန်သော လူသား” (သို့မဟုတ် တစ်ချိန်တည်းတွင် ဘုရားသခင်စစ်စစ်နှင့် လူစစ်စစ်ဖြစ်ခြင်း) ဖြစ်သည်ဟု အများအားဖြင့် ယူဆကြသည်။ ယေရှုသည် လူသားအဖြစ်လုံးလုံးရောက်ရှိပြီး သေမျိုးဖြစ်သော လူသားတို့ကဲ့သို့ နာကျင်မှုဝေဒနာနှင့် သွေးဆောင်မှုတို့ကို ခံစားခဲ့ရသော်လည်း အပြစ်မှကင်းစင်သူ ဖြစ်သည်။ ဘုရားသခင်အဖြစ်ဖြင့် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ သမ္မာကျမ်းစာအရ “ဘုရားသခင်က ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့သည်”၊ ယေရှုသည် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ “ခမည်းတော်၏ လက်ယာဘက်၌ ထိုင်နေတော်မူသည်”၊ ကျန်ရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်ဖြစ်သည့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ နောက်ဆုံးသော

တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို နောက်ဆုံး ပြန်လည်တည်ထောင်ခြင်းကို ပြည့်စုံစေရန် နောက်ဆုံးအကြိမ် ပြန်လည် ကြွရောက်လာဦးမည် ဖြစ်သည်။ ရှင်မဿဲနှင့် ရှင်လုကာ ကျမ်းတို့အရ၊ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူ၍ အပျိုစင်မာရိ မှ ဖွားမြင်ခဲ့သည်။ ယေရှု၏ ငယ်စဉ်ဘဝကို ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ သို့သော် ရှေးယခင်ကာလများတွင် ငယ်စဉ်ဘဝအကြောင်း ကျမ်းစာများမှာ လူသိများခဲ့သည်။ နှိုင်းယှဉ်ရလျှင် ယေရှု၏ အရွယ်ရောက်ပြီးဘဝ၊ အထူးသဖြင့် မသေဆုံးမီ ရက်သတ္တပတ် တစ်ပတ်အတွင်း သူ၏ဘဝကို ဓမ္မသစ်ကျမ်းရှိ ကျမ်းများတွင် ကောင်းစွာ မှတ်တမ်းတင်ထားသည်။ သမ္မာကျမ်းစာကိုးကားချက်များအရ ယေရှု၏ ဓမ္မအမှုတော်ဆောင်ခြင်းများတွင် သူ၏ ဗတ္တိဇံခံယူခြင်း၊ သူပြုသော အံ့ဩဘွယ်ရာအမှုများ၊ ဒေသနာတော်ဟောကြားခြင်း၊ သွန်သင်ခြင်းနှင့် လုပ်ဆောင်ချက်များ ပါဝင်သည်။

ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့က ယေရှု၏ သေလွန်ပြီးမှ ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ၎င်းတို့ယုံကြည်ခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်ပြီး (၁ ကောရိန်သု ဩဝါဒစာပဌမစောင် ၁၅ တွင်ရှု) လူ့သမိုင်းကြောင်းတွင် အရေးအကြီးဆုံး ဖြစ်ရပ် ဖြစ်သည်ဟု မှတ်ယူကြသည်။ခရစ်ယာန်ယုံကြည်မှုများထဲတွင် ယေရှု၏ အသေခံခြင်းနှင့် ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ခရစ်ယာန် အယူဝါဒနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတို့ တွင်အခြေခံကျသော အဓိက ဖြစ်ရပ်နှစ်ခု ဖြစ်သည်။ဓမ္မသစ်ကျမ်းအရ ယေရှုသည် လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံခဲ့ရပြီး ခန္ဓာကိုယ်အားဖြင့် သေဆုံးခဲ့သည်၊ သချိုင်းတွင် မြှပ်နှံခံခဲ့ပြီးမှ သုံးရက်အကြာတွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ [ယောဟန်. ၁၉၊ ၃၀-၃၁-] [မာကု. ၁၆၊ ၁-] [၁၆၊ ၆-] ယေရှု ကောင်းကင်သို့ တက်ကြွခြင်းမတိုင်မီ အချိန်အမျိုးမျိုးတွင် “တစ်ပြိုင်နက်ညီအစ်ကိုငါးရာမက” အပါအဝင်[1 ကောတို့နှင့် နောက်လိုက်များအား ယေရှု ရှင်ပြန်ထမြောက်ပြီးမှ ကြိမ်ဖန်များစွာ ကိုယ်ထင်ရှားပြခြင်းအကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသည်။ ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ခရစ်ယာန်တို့က ဝတ်ပြုကိုးကွယ်ခြင်းအားလုံးတွင် အမှတ်ရကျင်းပသည်။ အထူးသဖြင့် မင်္ဂလာ သောကြာ နှင့် အီစတာတနင်္ဂနွေ အပါအဝင် သန့်ရှင်းသော ရက်သတ္တပတ် အတောအတွင်းတွင် ကျင်းပကြသည်။ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို ခရစ်ယာန် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွင် အရေးအကြီးဆုံးသော ဖြစ်ရပ်နှစ်ခုဟု အများအားဖြင့် ယူဆကြသည်။ ဤဖြစ်ရပ်တို့သည် ယေရှုတွင် အသက်ရှင်ခြင်းနှင့် သေခြင်းအပေါ် ပိုင်စိုးသောအစွမ်းရှိပြီး ထို့အတွက်ကြောင့် လူသားများကိုလည်း ထာဝရအသက်တာကို ပေးရန် အာဏာနှင့်အစွမ်း ရှိသည်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ခရစ်ယာန် အသင်းတော်များသည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြပါရှိသော ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ချွင်းချက် အနည်းငယ်မျှနှင့် လက်ခံပြီး သွန်သင်ကြသည်။အချို့ ခေတ်သစ်ပညာရှင်များက ယေရှုနောက်လိုက်များ၏ ယုံကြည်ချက်ဖြစ်သော သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သမိုင်းဝင် ယေရှုကို ဆက်လက်တည်ရှိစေခြင်းနှင့် ရှေးကနဦး အသင်းတော်များ၏ကြေညာချက်များကိုဖယ်ရှားမှုအချက်တစ်ခုအဖြစ်အသုံးပြုသည်။ အချို့လွတ်လပ်ခွင့်ကို လိုလားသောခရစ်ယာန်များသည် ကိုယ်ခန္ဓာနှင့်တကွပြန်လည်ရှင်ပြန်ထမြောက်သည်ကို လက်မခံကြပေ။ ထိုအဖြစ်အပျက်ကို အလွန်သင်္ကေတဆန်ပြီး ဝိညာဉ်ရေးရာ အားပေးသော ဒဏ္ဍာရီအဖြစ် ရှုမြင်ကြသည်။ သေလွန်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့နှင့်ပတ်သက်၍ ပြောဆိုမှုများအပေါ် အငြင်းပွားမှုများသည် ဘာသာရေးဆိုင်ရာ စကားရည်လုပွဲများနှင့် ဘာသာရေးနှီးနှောဖလှယ်ပွဲများ အများအပြားတွင် ဖြစ်ပွားကြသည်။ရှေးဦး ခရစ်ယာန်ပြောင်းလဲသူနှင့် သာသနာပြုဖြစ်သော တမန်တော် ရှင်ပေါလုက “ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။” ဟုရေးသားခဲ့သည်။

ဓမ္မမင်္ဂလာအမှုများ[ပြင်​ဆင်​ရန်​]

Celebration
ပွဲတော်မင်္ဂလာ

ခရစ်ယာန်ယုံကြည်မှုနှင့် အကျင့်တွင် ဓမ္မမင်္ဂလာအမှုသည် ခရစ်တော်က စတင်ခဲ့သော ဘုရားဝတ်ပြုခြင်း တစ်ခု ဖြစ်သည်။ ကျေးဇူးတော်နှင့် အထွတ်အမြတ်ထားသော ထူးခြားဆန်းကြယ်မှုကို ကိုယ်စားပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤဝေါဟာရသည် လက်တင်စကားလုံး sacramentum မှ ဆင်းသက်လာပြီး ထူးခြားဆန်းကြယ်မှု ဟူသော စကားလုံးကို ဂရိသို့ ဘာသာပြန်ရန် အသုံးပြုလေ့ ရှိသည်။ မည်သည့် ဘုရားဝတ်ပြုခြင်းများသည် မင်္ဂလာရှိသည် ဆိုသည်နှင့် ၎င်းသည် မင်္ဂလာရှိစေရန် မည်သည့် လုပ်ရပ်ကို ဆိုလိုသည်ဟူသော နှစ်ရပ်စလုံးအပေါ် ရှုမြင်မှုများသည် ခရစ်ယာန် ဂိုဏ်းများနှင့် ဓလေ့ထုံးစံများအကြားတွင် ကွဲပြားမှုရှိသည်။ ဓလေ့ထုံးစံအရ အများဆုံးပြုလုပ်သော ဓမ္မမင်္ဂလာအမှုတစ်ခု၏ လုပ်ဆောင်မှုဆိုင်ရာအဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ခရစ်တော်က စတင်ခဲ့သော အပြင်ပန်း အမှတ်အသားတစ်ခု ဖြစ်ပြီး အတွင်းကျသော အဓိပ္ပါယ်အားဖြင့် ခရစ်တော်မှတဆင့်ခံစားရရှိသော ဝိညာဉ်တော်ဆုကျေးဇူး ဖြစ်သည်။ အကျယ်ပြန့်ဆုံး လက်ခံထားသော ဓမ္မမင်္ဂလာအမှုနှစ်ခုမှာ ဗတ္တိဇံခံခြင်းနှင့် ပွဲတော်မင်္ဂလာယူခြင်း ဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်အများစုသည် ဓမ္မမင်္ဂလာအမှု သို့မဟုတ် မွန်မြတ်သော အံ့ဖွယ်ရာ ခုနစ်ခုကို အသိအမှတ်ပြုကြသည်- ဗတ္တိဇံခံခြင်း၊ အတည်ပြုခြင်း(အော်သိုဒေါ့က်စ် ဓလေ့တွင် ခရစ်ယာန်ဘာသာဝင်ခြင်း)၊နှင့် ပွဲတော်မင်္ဂလာယူခြင်း၊ သန့်ရှင်းသော အမိန့်တော်များ၊ အာပတ်ဖြေခြင်း (အပြစ်ဝန်ခံခြင်း)၊ နာမကျန်းသူကို ဆီမွှေးသုတ်လိမ်း၍ ဘိသိက်ပေး ခြင်း၊ နှင့် လက်ထပ်မင်္ဂလာပြုခြင်းတို့ ဖြစ်သည်။ အတူအကွအားဖြင့် ၎င်းတို့သည် အင်္ဂလိကန်ရိုးရာ အသင်းတော်များဖြစ်သည့်- ရိုမန်ကက်သလစ်၊ အရှေ့ပိုင်း အော်သိုဒေါ့က်စ်၊ အရှေ့တိုင်း အော်သိုဒေါ့က်စ်၊ လွတ်လပ်သော ကက်သလစ်၊ ကက်သလစ်ဟောင်းနှင့် အင်္ဂလိကန်အချို့ တို့က အသိအမှတ်ပြုထားသော ဓမ္မမင်္ဂလာအမှု ခုနစ်ခုဖြစ်သည်။ အခြားသော ဂိုဏ်းခွဲများနှင့် အစဉ်အလာ အများစုသည် ပုံမှန်အားဖြင့် ဗတ္တိဇံခံခြင်းနှင့် ပွဲတော်မင်္ဂလာယူခြင်းကိုသာ ဓမ္မမင်္ဂလာအမှုဟု အတည်ပြုကြသည်။ ကွေ့ကားစ်(Quakers) ကဲ့သို့ အချို့ ပရိုတက်စတင့် အုပ်စုများက ဓမ္မမင်္ဂလာအမှုဆိုင်ရာ ဘာသာရေးအယူဝါဒကို ငြင်းပယ်ကြသည်။ဤဓမ္မမင်္ဂလာအမှုတို့သည် ကျေးဇူးတော်တရားနှင့် ပတ်သက်မှုမရှိဟု ယုံကြည်သော အချို့ခရစ်ယာန် ဂိုဏ်းခွဲများက ၎င်းတို့ကို ဓလေ့ထုံးစံများဟု ခေါ်ရန် နှစ်သက်ကြသည်။

နိုင်ငံအလိုက် ခရစ်ယာန်သာသနာ[ပြင်​ဆင်​ရန်​]

Periodic chart 01
နိုင်ငံတစ်ခုစီတွင် ခရစ်ယာန်သာသနာကို လူဦးရေ၏ ရာခိုင်နှုန်းဖြင့် ဖော်ပြချက်
Periodic chart 02

ခရစ်ယာန်သာသနာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော နိုင်ငံများအော်သိုဒေါ့က်စ် ခရစ်ယာန်သာသန ပရိုတက်စတင့်ဘာသာရိုမန်ကက်သလစ်ဘာသာကက်သလစ်၊ပရိုတက်စတင့်နှင့် အော်သိုဒေါ့က်စ်ဟူသော အဓိက ဂိုဏ်းခွဲ၃ အုပ်စုကွဲပြားနေသည့် ယုံကြည်သူ ခန့်မှန်းအရေအတွက်ဖြစ်သော သန်းထောင်ပေါင်း ၂.၁ ခန့် ကြောင့်ခရစ်ယာန်သာသနာသည် ကမ္ဘာ့အကြီးဆုံး ဘာသာတရား ဖြစ်နေသည်။လွန်ခဲ့သော နှစ်တစ်ရာအတွင်း ခရစ်ယာန်များသည် ကမ္ဘာ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းနှင့် ရပ်တည်နေခဲ့သည်။ ၎င်းသည် ခရစ်ယာန် ယုံကြည်သူလူဦးရေကို အဓိက ပြောင်းလဲစေခဲ့သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် (တစ်နေ့လျှင် ၂၃၀၀၀ ခန့်) ကျယ်ပြန့်စွာ ပွားများလာမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလွန်အမင်းကျဆင်းမှုနှင့် အတူတွဲလျက် ဖြစ်ပေါ်နေသည်။ အဓိကအားဖြင့် ဥရောပနှင့် မြောက်အမေရိက (တစ်နေ့လျှင် ၇၆၀၀ ခန့်) တွင် အများဆုံး ဖြစ်သည်။ ၎င်းသည် ဥရောပ၊ အမေရိကနိုင်ငံများ၊ ဖိလိပိုင်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့တွင် အဓိကကိုးကွယ်သည့်ဘာသာ ဖြစ်နေဆဲ ဖြစ်သည်။သို့သော် အမေရိကန်ပြည်ထောင်စု ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်း၊ သမုဒ္ဒရာပိုင်းဒေသများ (ဩစတြေးလျနှင့် နယူးဇီလန်)၊ ဥရောပမြောက်ပိုင်း (ဂရိတ်ဗြိတိန်၊စကင်ဒီနေဗီးယားနှင့် အခြားနေရာများ အပါအဝင်)၊ ပြင်သစ်၊ ဂျာမနီ၊ အွန်တေးရီးယို၏ ကနေဒီးယန်း ပြည်နယ်များ၊ ဗြိတိသျှကိုလံဘီယာနှင့် ကွိဘက်နှင့် အာရှ၏အချို့အစိတ်အပိုင်းများ (အထူးသဖြင့် အရှေ့အလယ်ပိုင်း၊တောင်ကိုရီးယား၊ထိုင်ဝမ်နှင့် မကာအို) အပါအဝင် နေရာအများအပြားတွင် လျော့ပါးလာလျက် ရှိသည်။

ခရစ်ယာန်သာသနာကိုအခြေခံဘာသာရေးအဖြစ်ထားရှိသောနိုင်ငံများ[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံအများစုတွင် ပြီးခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း ခရစ်ယာန် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်သူများအထဲမှ ခရစ်ယာန်ဟု မိမိကိုယ်မိမိ သတ်မှတ်သောသူများ လျော့ကျလျက် ရှိသည်။အခြားသူများက ယေဘုယျအားဖြင့် ဘာသာရေး၏ အရေးကြီးမှုကို ယုံကြည်ခြင်းကို ငြင်းပယ်ခြင်း လက္ခဏာများနှင့် ဆက်စပ်ပြောဆိုကြ စဉ်တွင်အချို့အရင်းအမြစ်များက ၎င်းကို မိရိုးဖလာ အသင်းဝင်မှုမှ ဝေးလွင့်ခြင်း၏ တစ်စိတ်တစ်ဒေသသက်သက်သာ ဖြစ်သည်ဟု ရှုမြင်ကြသည်။ ခရစ်ယာန်သာသနာသည် အောက်ပါနိုင်ငံများ၏ နိုင်ငံတော် ကိုးကွယ်မှု အခြေခံ ဘာသာရေးအဖြစ် ပုံစံ တစ်မျိုးသို့မဟုတ်တစ်မျိုးဖြင့် တည်ရှိသည်- အာမေးနီးယား(အာမေးနီးယန်း အပိုစတော်လစ်)၊ဘိုလီးဗီးယား (ရိုမန်ကက်သလစ်)၊ကော်စတာရီကာ (ရိုမန်ကက်သလစ်)၊ဒိန်းမတ် (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊အယ်လ်ဆာဗေဒေါ (ရိုမန်ကက်သလစ်)၊အင်္ဂလန် (အင်္ဂလိကန်)၊ဖင်လန် (အီဗန်ဂျဲလ်လိကယ် လူသေးရန်းနှင့် အော်သိုဒေါ့က်စ်)၊ဂျော်ဂျီယာ(ဂျော်ဂျီယန် အော်သိုဒေါ့က်စ်)၊ဂရိ (ဂရိ အော်သိုဒေါ့က်စ်)၊အိုက်စ်လန် (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊လိချ်တန်စတိုင်း (ရိုမန်ကက်သလစ်)၊မဲလ်တာ (ရိုမန်ကက်သလစ်)၊မိုနာကို (ရိုမန်ကက်သလစ်)၊နော်ဝေ (အီဗန်ဂျဲလ်လိကယ် လူသေးရန်း)၊ဆွစ်ဇာလန်(ရိုမန်ကက်သလစ်၊ ရှေးရိုးကက်သလစ်၊သို့မဟုတ် ပရိုတက်စတင့်- ပြည်နယ်အလိုက် ပြောင်းလဲမှုရှိသော ဘာသာရေးဂိုဏ်းခွဲ) နှင့် ဗာတီကန်စီးတီး (ရိုမန်ကက်သလစ်)။တည်ဆောက်ထားသော ဘုရားရှိခိုးကျောင်း တစ်ခုမျှ မရှိသော်လည်း တစ်ခုသော ခရစ်ယာန်ဘာသာရေး ဂိုဏ်းအဖြစ် တရားဝင် အသိအမှတ်ပြုထားဆဲ ဖြစ်သည့် ဆိုက်ပရပ်စ် ကဲ့သို့သော အခြားနိုင်ငံများစွာလည်း ရှိပါသည်။

ခရစ်ယာန်သာသနာ၏ အဓိက ဂိုဏ်းခွဲများ[ပြင်​ဆင်​ရန်​]

ခရစ်ယာန်သာသနာ၏ အဓိက အစိတ်အပိုင်း သုံးမျိုးမှာ ရိုမန်ကက်သလစ်ဘာသာ၊ အော်သိုဒေါ့က်စ် အသင်းတော်နှင့် ပရိုတက်စတင့်ဘာသာတို့ ဖြစ်သည်။ ပရိုတက်စတင့် ဘာသာသည် မြန်မာနိုင်ငံတွင် နှစ်ခြင်းခရစ်ယာန် အသင်တော်ဟူ၍ ခေါ်ဆိုသည်။ ဤအမျိုးအစား သုံးခုထဲမှ တစ်ခုခုနှင့် မကိုက်ညီသော အခြား ခရစ်ယာန် အုပ်စုများရှိသည်။ နိုင်စင်းခရိဒ် (Nicene Creed) ကို “ရိုမန်ကက်သလစ်၊ အရှေ့ပိုင်း အော်သိုဒေါ့က်စ်၊ အင်္ဂလိကန် နှင့် အဓိက ပရိုတက်စတင့် အသင်းတော်များက ခိုင်လုံမှုရှိ၍ ယုံကြည်ထိုက်သည်ဟု လက်ခံထားသည်”။၎င်းတို့ကိုယ်ကို ၎င်းတို့ ခရစ်ယာန်ဟု ခေါ်ဆိုသော အုပ်စုများအကြား ခြားနားသော အယူဝါဒများနှင့် အလေ့အကျင့်များ ရှိသည်။ ဘာသာရေးဆိုင်ရာ အယူအဆများအရ အုပ်စုအများအပြားသည် ဤအမျိုးအစားခွဲခြားမှုစနစ်ကို ငြင်းပယ်သည်ဟု သုံးသပ်သော်လည်း ဤအုပ်စုများကို တစ်ခါတစ်ရံ ခရစ်ယာန်ဂိုဏ်းခွဲများအောက်တွင် သတ်မှတ်သည်။အခြားကွဲပြားမှုမှာ အရှေ့ပိုင်း ခရစ်ယာန်သာသနာနှင့် အနောက်ပိုင်း ခရစ်ယာန်သာသနာအကြား အာရုံစိုက်စရာများ ရှိခြင်းဖြစ်သည်။ ယနေ့ခောတ်တွင်း ပါရာချာပ် ( ဂိုဏ်းကြီးများမှ ခွဲထွက်) ဟူသော အသင်တော်ငယ်လေးများလည်း ပေါ်ပေါက်ပြီး သာသနာ ပြန့်ပွားရေးကို ဆောင်ရွက်နေကြသည်။ ထိုအသင်းတော်လေးများသည် မည်သည့်ဂိုဏ်းဟု တိကျစွာ မရှိပေ။


မြန်မာနိုင်ငံကက်သလစ်သာသနာ သမိုင်းအကျဉ်း[ကိုးကားချက်လိုသည်][ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာ စတင်ဝင်ရောက်လာခြင်းသည် သာသနာပြုပုဂ္ဂိုလ်များအားဖြင့် မဟုတ်ပေ။ သာသနာပြုများ မရောက်လာမီ ဘာသာဝင်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြသည်။ ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက် (မြန်မာသက္ကရာဇ်-၆၄၆) ခရစ်နှစ် အေဒီ-၁၂၈၅ တွင် တရုတ်ဘုရင် ကူဗလိုင်ခန်က ပုဂံကို ကျူးကျော်စစ် ဆင်နွှဲပြီးနောက်ပိုင်း ကျန်စစ်သား ဥမင်ရဲ့ အတွင်းဘက်နံရံ တစ်နေရာမှာ ခရူစူး အမှတ်အသားများဖြင့် တန်ဆာဆင်ထားသော ပဒုမ္မာကြာပွင့် တစ်ပွင့်ပုံကို ယခုတိုင် တွေ့ရှိနိုင်သည်။ အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama က Good Hope အငူကို ရှာဖွေတွေ့ရှိ ပြီးနောက်ပိုင်း အာရှတိုက်ကို ရောက်ရှိလာသော ဥရောပတိုက်သား ကုန်သည်ပွဲစားများနှင့် ကြေးစားစစ်သားများ၏ ဝိညာဉ်ရေး စောင့်ရှောက်မှုအတွက် အထူး တာဝန် ယူရတဲ့ Chaplain ခေါ် ဘုန်းတော်ကြီး တစ်ချို့လည်း ရောက်ရှိလာခဲ့ကြသည်။

တစ်ဆယ့်ခြောက်ရာစုမှစ၍ ပေါ်တူဂီတို့ မြန်မာနိုင်ငံနှင့် အဆက်အသွယ်များ ရှိခဲ့သည်။ ပေါ်တူဂီခေါင်းဆောင် အယ်လဗူကပ်သည် (၁၅၁၁) ခုနှစ်တွင် မလေးကျွန်းဆွယ်နှင့် မလက္ကာကိုသိမ်း၍ တနင်္သာရီမုတ္တမနှင့် ပဂိုးမြို့များသို့ စေတမန်များစေလွှတ်၍ အန်ထော်နီကော်ရီယာက(၁၅၁၉)ခုတွင် ပေါ်တူဂီကိုယ်စားနှင့် မုတ္တမမြို့စား ရောင်းဝယ်ရေး သဘောတူညီချက်ရခဲ့သည်။ စစ်တကောင်းတွင် အခြေပြုပြီး ပေါ်တူဂီတို့ အရောင်းအဝယ် အကြီးအကျယ် ဖြစ်ထွန်းခဲ့ရာ မြန်မာနိုင်ငံသို့ သေနတ်အမြောက်များစွာ တင်သွင်းခဲ့သည်။ ထို့ပြင် ပေါ်တူဂီနိုင်ငံသားတို့ ကိုယ်တိုင်ကတည်းကလည်း မြန်မာမင်းတို့ထံ၌ သေနတ်အမူထမ်းအဖြစ် ဝင်ရောက် အမှုထမ်းခဲ့ကြသည်။ တပင်ရွှေထီးလက်အောက်၌ ဂျိုဝါနောကယယ်ရော ခေါင်းဆောင်သည့် ပေါ်တူဂီအမှုထမ်း ခုနှစ်ရာ ရှိခဲ့ဖူးသည်။

မလက္ကာ တွင်ရှိသော St. Francis Xavier သည် ၁၅၄၈-ဇန်နဝါရီ-၂၀ နေ့စွဲဖြင့် သူ၏ အထက်အကြီးအကဲ St. Ignatius ထံသို့ ပဲခူးနိုင်ငံအတွက် သာသနာပြုအချို့ စေလွှတ်ပေးသင့်ကြောင်း အစီရင်ခံ တင်ပြခဲ့သည်။ သူတို့၏ Jesuit ဘုန်းတော်ကြီးတွေဟာ ၁၆ ရာစု ကုန်ခါနီးတွင် ပဲခူးသို့ လေးပါး၊ ၁၇ ရာစု အစပိုင်းတွင် အင်းဝသို့ နှစ်ပါး ရောက်ရှိခဲ့ကြသည်ဟု ဆိုသည်။

ပေါ်တူဂီ စစ်ဗိုလ် ဆာလ်ဗာ ဒေါ်ရီ ဘေအီရိုဒေ ဘော်ဆာသည် ခရစ်သက္ကရာဇ် (၁၅၅၀) အကုန် လောက်တွင် ရခိုင်ဘုရင် မင်းရာဇာကြီးထံ ဗိုလ်မှူးအဖြစ် ဝင်ရောက် အမှုထမ်းရာ သူနှင့် တွဲဖက်၍ ဖီးလစ် ဒီဗရစ်တိုနီ (ငဇင်္ကာ)လည်း အမှုထမ်းသည်။ ပေါ်တူဂီ စစ်သားများသည် ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစားစောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ထံ၌ အမှုထမ်းခဲ့ကြကြောင်း ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံးမြန်မာ ရာဇဝင်နှင့် အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတို့တွင် လေ့လာတွေ့ရှိရသည်။ ခရစ်သက္ကရာဇ် (၁၅၉၉-၁၆၀ဝ) တွင် တောင်ငူနှင့် ရခိုင် ပူးပေါင်း၍ ဟံသာဝတီ နန္ဒဘုရင်ကို တိုက်ခိုက်သည့် အခါ ဖီးလစ်ဒီဗရစ်တိုသည် ရခိုင်ဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးခဲ့သည်။ ရခိုင်ဘုရင် မင်းရာဇာကြီးသည် ပဲခူးကို အောင်မြင်သောအခါ မိမိအား အကူအညီ ပေးခဲ့သော ဖီးလစ်ဒီဗစရစ်တို ခေါင်းဆောင်သည့် ပေါ်တူဂီတို့အား သန်လျင်ဆိပ်ကမ်းကို ပေးအပ်ခဲ့သည်။ နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်းလာသောအခါ တောင်ငူဘုရင်ကိုရော ရခိုင်ဘုရင်ကိုပါ ထောင်ထားခြားနားရုံမက မုတ္တစားနဲ့ပူးပေါင်းပြီး တောင်ငူကို လုပ်ကြံခဲ့သည်။

ခရစ်သက္ကရာဇ် (၁၆၀၅)ခုတွင် မဟာဓမ္မရာဇာ (အနောက်ဖက်လွန်မင်း) အင်းဝထီးနန်းကို စိုးစံတော်မူသည်။ (၁၆၁၃)ခုတွင် သန်လျင်၌ နယ်ချဲ့ ခြေကုတ်ယူထားသော ပေါ်တူဂီ ခေါင်းဆောင် ဒီဗရစ်တိုကို အနိုင်တိုက်ယူပြီး ကွက်မျက်၍ ကျန် ပေါ်တူဂီလူမျိုးတို့နှင့် ၄င်းတို့၏ သားမယား အဆက်အနွယ် အပေါ်တူဂီ ခရစ်ယာန် လေးထောင်ကျော်ကို အင်းဝသို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

သာလွန်မင်းသည် (၁၆၃၅)ခု ၌ ဒတ်ချ်ကုန်သည်များ ဖြစ်သော ဒီရက်စ်တွိုင်းရဲ နှင့် ဗီဒယဲရတ်ဆိန် ပေါပတာ (Dirck Steur and Wiert Jansen Popta) တို့ကို ဆက်သွယ်ခဲ့သည်။ ၄င်း အချိန်မှာပင် ယိုးဒယားသို့ ချီတက် တိုက်ခိုက်ရာ၌ ဖမ်းဆီး ရမိခဲ့သည့် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်တို့ကို မူလ ရှိရင်း ပေါ်တူဂီများနှင့်အတူ နေရာ ချထားခဲ့သည်။ နိုင်ငံခြား စစ်အကျဉ်းသားများသည် လူဦးရေတိုးပွားလာပြီး အင်အားကောင်းလာရာ စိုးရိမ်တော်မူသဖြင့် စစ်မှုထမ်းဖို့ တစ်ချို့ကို ချန်ထားပြီး ကျန်ရှိသူများကို ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းရှိ ပရိမ္မရွာသို့ ပို့ခဲ့သည်။ ယင်းနောက် ချင်းတွင်းမြစ်နှင့် မူးမြစ်ကြား တဝိုက်ရှိ ရွာများ၌ အစုခွဲ၍ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေခဲ့သည်။ ထိုအချိန်မှစ၍ "ဘုရင်ရဲ့ မိတ်ဆွေ" ဟု အဓိပ္ပာယ်ရသော ဘုရင်ဂျီရွာများ ပေါ်ပေါက်လာခဲ့သည်။ လစ္စဘွန်းမြို့ (၁၆၉၅) မှ ဘုန်းတော်ကြီး သြဂုတ်စတင်း ဒေဂျေဇူး (Fr.Augustin De Jesu) ရေးခဲ့သော မှတ်တမ်းတွင် (၁၆၃၅) ခုနှစ် သူ အင်းဝ ရောက်စဉ်က သံလျင်မှ ဖမ်းလာသော ကက်သလစ် ခရစ်ယာန် (၄၀ဝ၀) ကျော်ကို အင်းဝ၌ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အေဒီ-၁၇၁၉ ခုနှစ် ပုပ် ရဟန်းမင်းကြီး ဧကဒသမမြောက်ကလဲမင်းကနေ တရုတ်ပြည် ကန်တုံမြို့ကို Rev. Msgr. Carlo Ambrogio Mezzabarba ဦးဆောင်တဲ့ ဘာသာရေးသံတမန်အဖွဲ့ တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ ထိုအဖွဲ့သည် ကပ္ပလီပင်လယ်ကို ဖြတ်ပြီး အပြန်ခရီး ဆက်ခဲ့ကြစဉ် မြန်မာပြည်ကို ဖြတ်သွားခိုက် ပဲခူးမြို့တော်နှင့် အင်းဝနေပြည်တော်တွင် ဘုရင်ဂျီဘာသာဝင်များရှိနေခြင်းသည် နှစ်ပေါင်း(၁၅၀)ကျော် ကြာပြီ ဖြစ်ကြောင်း၊ သာသနာပြုပုဂ္ဂိုလ်များလည်း လိုအပ်နေကြောင်း သိရှိရသောကြောင့် သူတို့၏ အဖွဲ့ထဲမှ ဘာနာဘိုက် ဂိုဏ်းဝင်ဘုန်းတော်ကြီး Sigismondo Maria Calchi ကို ထားရစ်ခဲ့ပြီး၊ ပထမဦးဆုံး မြန်မာပြည် ကက်သလစ် သာသနာ ဦးစီးမှူး တာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။ (၁၇၂၈) ခုတွင် ဖါသာရ်ပီအိုဂါလီဇီးယား မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္ဂနွေမင်းက သန်လျင်တွင် ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့်များ ပေးခဲ့သည်။ ၁၇၄၃ ခုတွင် မွန်ဘုရင် သမိန်ထောက ဖါသာရ် ဂါလီဇီယားအား ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့်၊ ဘုရားကျောင်း ဆောက်ခွင့်များ ပေးသည်။ ပဲခူးတွင် သာသနာပြုများအတွက် နေအိမ်ဆောက်လုပ်ရန်နှင့် ဘုရားကျောင်းဆောက်ရန် ဘုရင်က မြေနေရာ ပေးခဲ့သည်။

အေဒီ-၁၇၃၀ ခုနှစ်တွင် သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များ ရှားပါးမှု အခက်အခဲကြောင့် ဘာနာဘိုက်ဘုန်းတော်ကြီး ဂါလီဇီယားကို ဆရာတော်သိက္ခာတင်ပေးပြီး မြန်မာပြည် သာသနာတော်တွင် လုပ်ဆောင်စရာရှိသမျှကို အသင်းဂိုဏ်းကြီး၏လက်သို့ အပြည့်အဝ အပ်နှင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ ဘာနာဘိုက်ဘုန်းတော်ကြီးများ မြန်မာပြည်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့ကြသည်။

ဗုဒ္ဓဘာသာနှင့်တကွ မြန်မာစာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ စသည်များကို လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံသားများနှင့် တစ်သားတည်း နေထိုင်ခဲ့ကြသည်။ အေဒီ-၁၇၅၀ ခုနှစ် သံလျင်တွင် ဘုရားကျောင်း တည်ဆောက်ခဲ့သည်။ ပဲခူးနှင့် အင်းဝ ဆင်နွှဲသည့် စစ်ပွဲတစ်ခုတွင် ပျက်စီးသွားပြီး တံတိုင်း၊ နံရံနှင့် အုတ်ရိုးများမှာ ယခုထိတိုင် ရှိနေသေးသည်။ အထောက်အထားပြနိုင်သည့် ရှေးအကျဆုံး ဘုရားကျောင်းဟု ဆိုနိုင်သည်။

သက္ကရာဇ် ၁၁၁၇၊ (အေဒီ-၁၇၅၆ )ခုနှစ်တွင် မွန်များကို ကူညီဖို့ သံလျင်သို့ ရောက်ရှိလာသော ပြင်သစ် စစ်သင်္ဘော နှစ်စီးကို အလောင်းဘုရားက အနိုင်ရလိုက်ပြီး ပြင်သစ် စစ်သုံ့ပန်းများအား ဘုရင်ဂျီရွာများသို့ ပို့လိုက်ကြောင်း ကက်သလစ်ရာဇဝင်နှင့် ကျောင်းသုံး မြန်မာရာဇဝင်တို့တွင် တွေ့ရှိရသည်။ ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၈) ခုတွင် ဖြစ်ပွားသော တရုတ်မြန်မာစစ်တွင် ဘုရင်ဂျီ (ခရစ်ယာန်)များ စစ်မှုထမ်းကြရသည်။ ပြင်သစ်လူမျိုး ချီဗားလီယားမီးလပ် ဦးဆောင်သော ဘုရင်ဂျီတပ်သားများသည် ရဲဝံ့ ကျွမ်းကျင်သူများဖြစ်၍ တရုတ်မြန်မာစစ်ပွဲတွင် မြန်မာတို့က အောင်ပွဲ ခံရသည်။ ဖါသာရ်ပဲရ်ကော်တိုသည် ဘုရင်ဂျီ စစ်သားများကို လိုက်လံ စောင့်ရှောက်ရသည်။ ချီဗားလီးယားမီးလပ်သည်လည်း နန်းတော်တွင် သြဇာရှိသူ တစ်ဦးဖြစ်လာပြီး ဆရာတော် ပဲရ်ကော်တိုသည်လည်း ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ (၁၇၆၉)ခု နိုဝင်ဘာလ (၃)ရက် နေ့စွဲနှင့် ဆရာတော်ပဲရ်ကော်တိုရေးသော စာတွင် တရုတ်မြန်မာစစ်ပွဲ တရုတ်တို့ကို အနိုင်ရပြီးနောက် ကျွန်ုပ်သည် အင်းဝ၊ နဘက်၊ ရွှေဘိုသို့ ပြန်လာခဲ့သည်။ ထူးထူးခြားခြား မှတ်တမ်းတင်ရမည်မှာ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ် တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံး အောင်မြင်စွာ ပုံနှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော် Percoto သည် ပိဋိကတ် (၃) ပုံမှ တချို့ကို အီတလီဘာသာသို့ ဘာသာပြန်ဆိုနိုင်ခဲ့သည်။ အေဒီ-၁၇၇၀ ခုနှစ် မုံလှရွာတွင် ပထမဆုံး ရဟန်းဖြစ် သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ ပထမဦးဆုံး ရဟန်းတော် (၃) ပါးကို မွေးထုတ် ပေးနိုင်ခဲ့သည်။ ထိုသူတို့မှာ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်မှ Fr. Ignatius di Britto တို့ဖြစ်ကြသည်။

အေဒီ-၁၇၈၉ နောက်ပိုင်း ပြင်သစ်တော်လှန်ရေးကြီး ပေါ်ပေါက်လာပြီး ဘာနာဘိုက် အသင်းဂိုဏ်းကြီးမှာလည်း လူအင်အား နည်းပါးသွားခြင်းကြောင့် မြန်မာပြည် သာသနာကို ဆက်လက်၍ တာဝန်မယူနိုင်ကြတော့ပေ။ ဘာနာဘိုက် အသင်းဂိုဏ်းအနေဖြင့် မြန်မာနိုင်ငံကို အေဒီ-၁၇၂၂ မှ ၁၈၃၀ ထိ (၁၀၈) နှစ် တာဝန်ယူခဲ့ကြသည်။ လူဦးရေအားဖြင့် ဆရာတော် တင်မြှောက်ခံရသူ (၆) ပါး၊ ဘုန်းတော်ကြီး (၂၇) ပါး၊ ထိုအထဲမှ (၄) ပါးသည် လမ်းခရီးတွင် မုန်တိုင်းမိပြီး သင်္ဘောပျက်ကာ ပျံလွန်တော်မူခဲ့ကြသည်။ ကိုရင်ကြီး (၂) ပါးနှင့် တိုင်းရင်းသား ရဟန်းတော် (၂) ပါးတို့ကလည်း သူတို့ အသင်းဂိုဏ်းမှာ သစ္စာခံယူခဲ့တဲ့အတွက် စုစုပေါင်း (၃၁) ပါး ဖြစ်သည်။

ဘကြီးတော်မင်းလက်ထက် (၁၈၂၄)ခုတွင် ဖြစ်ပွားသော အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် အမှုထမ်းရသော ဘုရင်ဂျီများ စစ်ပွဲအတွင်း အများအပြား ကျဆုံး၍ ပြန်မလာကြသောကြောင့် ဘုရင်ဂျီရွာများ၌ လူဦးရေ အများအပြား လျော့နည်းသွားသည်။ ဘုရင်ဂျီ စစ်မှုထမ်းများသည် မြန်မာနိုင်ငံ ကာကွယ်ရေးအတွက် သက်စွန့် ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်မှာ ထင်ရှားသည်။

အေဒီ-၁၈၄၂မှာ သာသနာပြန့်ပွားရေး ဌာနချုပ်က Oblates ဟုခေါ်သော မာရီးယား သခင်မဂိုဏ်းကို တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည်။ သူတို့၏ ဖိတ်ကြားချက်အရ ၁၈၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသို့ St.Joseph သီလရှင်အသင်းဂိုဏ်း မော်လမြိုင်သို့ စတင် ရောက်ရှိလာခဲ့သည်။

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုရာတွင် မင်းတုန်းမင်းကြီး၏ စေခိုင်းချက်အရ Fr. Abbona နဲ့ Fr. Tarolli တို့သည် မြန်မာသံတမန်တွေဖက်မှ ပါဝင်ကူညီခဲ့ရကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်၌ သမိုင်းဆရာ Vivian Ba က ဖော်ပြထားသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် နိုင်ငံခြား သာသနာပြု အသင်းဂိုဏ်း (ပြင်သစ် စာလုံးဖြင့် အတိုကောက် MEP) ပထမဆုံး ကြွရောက်လာခြင်းသည် မြန်မာသမိုင်း လေ့လာသူများကြား၌ လူသိများသော ဆရာတော်ကြီး Paul Ambrose Bigandat ကြောင့် ဖြစ်သည်။ သူ့အား လူသိများရခြင်းမှာ မင်းတုန်းမင်းကြီးက ဆရာတော်ကြီးကို အင်မတန် ခင်မင်ရင်းနှီးပြီး သာသနာတော်အတွက် အကူအညီများ ပေးခဲ့သလို၊ မင်းညီမင်းသားတွေကို အင်္ဂလိပ်စာနဲ့ သိပ္ပံဘာသာရပ်တွေ သင်ယူဖို့ ဆရာတော်ကြီးက စီစဉ်ပေးခဲ့သည်။ ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် တွေ့ဆုံ၊ ဗုဒ္ဓဘာသာ ကျမ်းဂန်များကို လေ့လာပြီး ရှင်ဂေါတမ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ဥရောပတိုက်သားများအား ဗုဒ္ဓဘာသာနှင့် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ ပညာရေးအတွက်လည်း ၁၈၅၈ ခုနှစ်တွင် Da Lasalle ကိုရင်ကြီးများကို ဖိတ်ကြားပြီး စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံကို (၃) ပိုင်း ပိုင်းကာ သာသနာပြုလုပ်ငန်းတာဝန်များ ခွဲ​ဝေရန် ဆရာတော်ကြီးမှ တင်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သာသနာပြန့်ပွားရေး ဌာနချုပ်မှ ၁၈၇၀ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကို Vicariate Apostolate ဟုခေါ်သော သာသနာအထူးနယ်မြေများအဖြစ် ခွဲခြားသတ်မှတ်ပေးခဲ့သည်။

တောင်ငူကို အခြေပြုပြီး မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းကို ဆရာတော် Biffi မှ တာဝန်ယူကာ အထက်မြန်မာနိုင်ငံအတွက် ဆရာတော် ဘူးဒွန်း မှ တာဝန်ယူရသည်။ ဆရာတော် ဘီဂန်းဒက်မှ အောက်မြန်မာပြည်ကို တာဝန်ယူသည်။ တခြား သာသနာပြု အသင်းဂိုဏ်းများကိုလည်း ဖိတ်ခေါ်ခဲ့သည်။ တောင်ကြီး၊ ကျိုင်းတုံဒေသသို့ အီတလီနိုင်ငံမှ PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြု အသင်းဂိုဏ်း လာရောက်ခဲ့ကာ၊ ကချင်ပြည်နယ်သို၌ အိုင်ယာလန်နိုင်ငံမှ St. Columban အသင်းဂိုဏ်း လာရောက် သာသနာပြုခဲ့ကြသည်။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတောင်ဒေသသို့ MEP အဖွဲ့မှဆက်လက် တာဝန်ယူသည်။ ဘာသာရေးတင်မက၊ ပညာရေးအတွက်လည်း ကျောင်းသုံး စာအုပ်တွေ၊ အဘိဓာန်တွေ၊ ဘာသာပြန်စာပေနဲ့ ကျမ်းအမျိုးမျိုးကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ နောက်ထပ်လည်း ဆရာတော်များသည် သူတော်စဉ်ဂိုဏ်းများကို ဖိတ်ကြားပြီး အားဖြည့်ခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ကောင်းသော သိုးထိန်းသီလရှင် ဂိုဏ်းသည် ရန်ကုန်၌ အမျိုးသမီးကျောင်း ဖွင့်လှစ်ခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် တိုင်းရင်းသူများသာ ပါဝင်သော St.Francis Xavier သီလရှင် ဂိုဏ်းကို တည်ထောင်ခဲ့ပြီး၊ ၁၈၈၉ ခုနှစ်တွင် Franciscan သီလရှင်များသည် မန္တလေး မနော်ရမန်၌ အနာကြီးရောဂါသည်များအတွက် ဆေးရုံဖွင့်လှစ်ခဲ့သည်။

၁၉၁၆ ခုနှစ်တွင် ကရုဏာရေးသီလရှင်များသည် ကျိုင်းတုံ နောင်ကန်၌ အနာကြီးရောဂါသည်များအတွက် ဆေးရုံ ထပ်မံဖွင့်လှစ်ခဲ့သည်။ ဆပ်ဖြေခြင်းအသင်း ဂိုဏ်းမှ ၁၈၉၅ ခုနှစ် တွင် မိဘမဲ့ကျောင်းကို တောင်ငူသာသနာ လိပ်သိုတွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် (FSAG) စိန်အလွိုက်ရှက်စ် သီလရှင် အသင်းဂိုဏ်း ရောက်ရှိလာကာ (SDB) ဟူသော ဆလေးရှင်း အသင်းဂိုဏ်း မှ ၁၉၃၉ ခုနှစ်တွင် လက်သမားလုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းနဲ့ ဖိနပ်ချုပ်လုပ်ငန်းများကို တည်ထောင် ဦးစီးခဲ့ကြသည်။ ဆေးရုံ၊ ဆေးခန်း၊ လူအိုရုံ၊ မိဘမဲ့ဂေဟာ စသော လူမှုရေးနှင့် ကရုဏာရေး လုပ်ငန်းများကိုလည်း အသင်းဂိုဏ်း အသီးသီးမှ တွဲဖက်လုပ်ဆောင်ခဲ့ကြသည်။ Missios School ဟုခေါ်သည့် သာသနာပြုကျောင်းများသည် ထိုခေတ်တွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ နေရာအနှံ့အပြားတွင် ဘာသာဝင်ဦးရေ တိုးပွားများပြားသည်နှင့်အမျှ သက်ဆိုင်ရာ ဆရာတော်များမှ အစီရင်ခံ တင်ပြကြခြင်းကြောင့် သာသနာပြန့်ပွား ရေးဌာနချုပ်မှ ၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်တွင် ရန်ကုန်နှင့် မန္တလေးအား Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ်မှ Archdiocese (ခေါ်) ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ လက်အောက်တွင် ပုသိမ်ဂိုဏ်းအုပ်သာသနာ နှင့် တောင်ငူ၊ မန္တလေးဂိုဏ်းချုပ် သာသနာ၏ လက်အောက်တွင် ကျိုင်းတုံ ဂိုဏ်းအုပ်သာသနာနှင့် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ ဟူ၍ ခွဲခြားပေးခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်ဂိုဏ်းအုပ်သာသနာမှ ပြည်သာသနာကို ၁၉၆၁ ခုနှစ်နှင့် မော်လမြိုင်သာသနာကို ၁၉၉၃ ခုနှစ်များတွင် မွေးထုတ်ပေးခဲ့သလို၊ တောင်ငူသာသနာမှ ၁၉၆၁ ခုနှစ်တွင် တောင်ကြီးသာသနာ နှင့် ၁၉၈၈ ခုနှစ်တွင် လွိုင်ကော်သာသနာ တို့ကို မွေးထုတ်ပေးခဲ့ပြန်ကာ၊ ကျိုင်းတုံသာသနာမှ လားရှိုးသာသနာကို ၁၉၇၅ ခုနှစ်တွင် ခွဲပေးပြီး၊ မန္တလေးသာသနာမှ ဟားခါးသာသနာကို ၁၉၉၂ ခုနှစ်၊ ၂၀၀၅ ခုနှစ်တွင် တောင်ကြီးသာသနာမှ ဖယ်ခုံသာသနာ၊ ၂၀၀၆ ခုနှစ်တွင် မန္တလေးသာသနာမှ ဗန်းမော်သာသနာ၊ ၂၀၀၉ ခုနှစ်တွင် ဖားအံသာနာကို ရန်ကုန်မှ လည်းကောင်း ၂၀၁၀ တွင် ကလေးသာနာကို ဟာခါးမှလည်းကောင်း ခွဲပေးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် တောင်ကြီးကို Archdiocese အဖြစ် တိုးမြှင့် သတ်မှတ်ခံရခြင်းကြောင့် ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနှင့် ဂိုဏ်းအုပ် သာသနာ (၁၃) ခု၊ စုစုပေါင်း (၁၆) ခု၊ တစ်နိုင်ငံလုံးရှိ ကသလစ်ဘာသာဝင်ဦးရေမှာ ၂၀၁၀ ခုနှစ် စာရင်းအရ (၇)သိန်းကျော် ရှိသည်။

မြန်မာနိုင်ငံရှိ ခရစ်ယာန် အသင်းအဖွဲ့များ[ပြင်​ဆင်​ရန်​]

  1. မြန်မာနိုင်ငံ ခရစ်ယာန် လူငယ်အဖွဲ့အစည်း YMCA
  2. မြန်မာ့နိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ MCC
  3. ဒေသအလိုက် ခရစ်ယာန် အသင်းချုပ်များ

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]