ဒုတိယ ကမ္ဘာစစ်

Wikipedia မှ
(ဒုတိယကမ္ဘာစစ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒုတိယ ကမ္ဘာစစ်
Infobox collage for WWII.PNG


ဖြစ်ပွားခြင်း ၁၉၃၉ စက်တင်ဘာ (၁) မှ ၁၉၄၅ စက်တင်ဘာ (၂)
ထိခိုက် ဒဏ်ရာရမှုများ
မဟာမိတ် ဝင်ရိုးတန်း နိုင်ငံများ
စစ်ဘက် သေဆုံးမှု စစ်ဘက် သေဆုံးမှု
(၁၄) သန်းကျော် (၈) သိန်းကျော်
အရပ်ဘက် သေဆုံးမှု အရပ်ဘက် သေဆုံးမှု
(၃၆) သန်းကျော် (၄) သန်းကျော်
စုစုပေါင်း သေဆုံးမှု စုစုပေါင်း သေဆုံးမှု
သန်း (၅၀) ကျော် (၁၂) သန်းကျော်
စစ်တိုက်နိုင်ငံများ
မဟာမိတ် ဝင်ရိုးတန်း နိုင်ငံများ
Flag of the United States.svg အမေရိကန်ပြည်ထောင်စု Flag of the NSDAP (1920–1945).svg ဂျာမနီနိုင်ငံ
Flag of the Soviet Union.svg ဆိုဗီယက်ရုရှား Flag of Japan.svg ဂျပန်နိုင်ငံ
Flag of the United Kingdom.png ဗြိတိသျှ ကျွန်းစု Flag of Italy (1861-1946).svg အီတလီနိုင်ငံ
Flag of the Republic of China.svg တရုတ်သမ္မတနိုင်ငံ Flag of Romania.svg ရိုမေးနီးယားနိုင်ငံ
Flag of New Zealand.svg နယူးဇီလန်နိုင်ငံ Flag of Hungary.svg ဟန်ဂေရီနိုင်ငံ
Flag of Australia.svg ဩစတေးလျယားနိုင်ငံ Flag of Bulgaria.svg ဘူဂေးရီးယားနိုင်ငံ
Flag of South Africa.svg တောင်အာဖရိကနိုင်ငံ Flag of Croatia.svg ခရိုအေးရှားနိုင်ငံ
နှင့် အခြားနိုင်ငံများ[၁] နှင့် အခြားနိုင်ငံများ[၂]

ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်း ခေါ်ကြပြီး ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများက မဟာမိတ် နှစ်ဖွဲ့အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၄င်းတို့မှာ မဟာမိတ်နိုင်ငံများနဲ့ ဝင်ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။ စစ်သားဦးရေ သန်း ၁၀ဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်တိုက်ခိုက်ကြသူများသည် ၎င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် သိပ္ပံနည်းပညာများကို သုံးစွဲကြကာ စစ်ပွဲအတွင်း အသာစီးရရန် ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်တွေအပြင် အရပ်ဖက်ပစ်မှတ်ကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ လောက် သေကြေပျက်စီးခဲ့ရာမှာ အများစုက အရပ်သားတွေပါ။ စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ( ၁,ဝ၀ဝ ဘီလီယံ၊ ၁,ဝ၀ဝ,ဝ၀ဝ မီလီယံ ) ( ဒေါ်လာသန်းပေါင်း တစ်သန်း ) ခန့်မျှ ကုန်ကျခဲ့ကာ စစ်စရိတ် အကြီးဆုံး စစ်ပွဲဖြစ်ခဲ့ရပါသည်။

 ဒုတိယ ကမ္ဘာစစ် (ဥရောပတိုက် ၁၉၄၁-၁၉၄၂) ၏ မြေပုံ
ဒုတိယ ကမ္ဘာစစ် (ဥရောပတိုက် ၁၉၄၁-၁၉၄၂) ၏ မြေပုံ

မာတိကာ

ပထမကမ္ဘာစစ်ပွဲအပြီးအခြေအနေ[ပြင်​ဆင်​ရန်​]

ပထမ ကမ္ဘာစစ်အပြီးတွင် ကျင်းပသည့် ဗာဆိုင်းညီလာခံသည် အမှန်တစ်ကယ်တွင် စစ်နိုင် နိုင်ငံများက စစ်ရှုံးနိုင်ငံများထံမှ အကျိုးအမြတ်များကို တောင်းယူခြင်း၊ စစ်ရှုံးနိုင်ငံများ ကိုစာချုပ်ပါအချက်အလက်များဖြင့် တားဆီးချုပ်ချယ်ရန် ကြိုးစားကြသည့် ညီလာခံသာဖြစ်သည်။ ထိုညီလာခံတွင် အကျိုးအများဆုံးအနေနှင့် အင်္ဂလိပ်နှင့် ဂျပန်ပြင်သစ်တို့သည် စစ်ရှုံးနိုင်ငံများထံမှ ကိုလိုနီနယ်အများအပြားကို လွှဲပြောင်းရယူပိုင်ဆိုင်ခဲ့ကြသည်။ စစ်ရှုံးနိုင်ငံဖြစ်သည့် ဂျာမနီ(ယခင်ဩစတီးယား)မှာ ကိုလိုနီနယ်များသာမက ဥရောပတိုက်ပေါ်ရှိ နိုင်ငံ၏နယ်နိမိတ်များကိုပါ ခွဲဝေပေးခဲ့ရသည့်အတွက် အနစ်နာဆုံးဖြစ်ခဲ့ရသည်။ စစ်ရှုံးနိုင်ငံမဟုတ်သည့်တိုင် အီတလီမှာ မည်သည့်အကျိုးအမြတ်မှ မယ်မယ်ရရ မရရှိဘဲ တိုင်းပြည်အခြေအနေ ဆိုးရွားသည်သာ အဖတ်တင်ခဲ့သည်။ စစ်နိုင်သည့်ဂျပန်မှာလည်း ဝေစုများရသည့်တိုင် အစွန်းရောက် အမျိုးသားရေး စစ်ဝါဒီများက အုပ်ချုပ်လာသည့်အတွက် နယ်ချဲ့ခြင်းကို လိုလိုလားလားပင် ဆက်လက်လုပ်ရန် အားသန်နေခဲ့ပြန်သည်။ စစ်ရှုံးနိုင်ငံများအနေနှင့်လည်း အဖက်ဖက်မှ ဖိနှိပ်ခံရသည့်အတွက် တိုင်းပြည်အခြေအနေမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ရပြီး တိုင်းပြည်အတွင်း အစွန်းရောက် အမျိုးသားရေးဝါဒ ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေးနေခဲ့သကဲ့သို့ ရှိနေခဲ့ပြန်သည်။

စစ်ဖြစ်ရသည့် အကြောင်းခံ[ပြင်​ဆင်​ရန်​]

ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသည်မှ ဒုတိယ ကမ္ဘာစစ်ကြီး စတင်သည်အထိ ကြားလာလတွင် ကမ္ဘာအရပ်ရပ်၌ လက်ရှိနှင့် လက်မဲ့ဟူ၍ လူတန်းစားနှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ ပေါ်ပေါက်ခဲ့ရသည်မှာ စီးပွားရေး စနစ်ဆိုးကြောင့်ဖြစ်ရာ လူအချင်းချင်း မနာလိုမုန်းတီးစိတ်များမှာ ဗလောင်ဆူလျက် ရှိလေသည်။ ပထမ ကမ္ဘာစစ်ကြီးကို အပြီးသတ်ခဲ့သော ဗာဆိုင်းစာချုပ်ကို ချုပ်ဆိုကြပြီးသည့်နောက် ကမ္ဘာ့အခြေအနေမှာ ဒုတိယ ကမ္ဘာစစ် ဖြစ်မည့်အချိန်သို့ တဖြည်းဖြည်း ချဉ်းကပ်ခဲ့သည်။

တရုတ်နိုင်ငံ၌ မဆုံးနိုင်သော ပြည်တွင်းစစ် ဖြစ်နေသည့်အပြင် ဒေသအချို့မှာ ၁၉၃၁ ခုနှစ်တွင် ဂျပန်လက်အောက် ကျရောက်ခံရသည်။ ဥရောပတိုက်တွင် ဆိုဗီယက်တော်လှန်ရေးကြီးကြောင့်လည်း လူအမြောက်အမြား သေကြေပျက်စီးကြရသည်။ အင်္ဂလန်နှင့် ပြင်သစ်ကမူ စစ်ကိုငြီးငွေ့ကာ ထာဝစဉ် ငြိမ်းချမ်းရေးကိုသာ အလိုရှိကြသည်။ ယင်းသို့သောအချိန်တွင် ဗော်လကန်တစ်ဝိုက်နှင့် ဥရောပအလယ်ပိုင်းတို့၌ အဝတ်အထည် အစားအစာ ခေါင်းပါးခြင်းတည်းဟူသော စီးပွားပျက်ကပ်ဆိုးနှင့် ရင်ဆိုင်တိုးနေရသည်။ မကြာမီပင် စီးပွားပျက် ကပ်ဆိုးကြီးသည် ဥရောပတိုက် တစ်ခုလုံးကို လွှမ်းခြုံမိတော့သည်။ အီတလီတွင် အာဏာရှင် မူဆိုလီနီက မင်းမူ၍ ဂျာမနီတွင် ဟစ်တလာက အာဏာသိမ်းလေသည်။ နောက်ထပ် ကမ္ဘာစစ်အတွက် အစစအရာရာ အဆင်သင့် ဖြစ်နေလေပြီ။ မီးတောက်ကြီး ထတောက်ရန် မီးပွားတစ်ခု ကျရောက်ဖို့သာ လိုတော့သည်။

လေချိုသွေးသည့် မျူးနစ်အရေး[ပြင်​ဆင်​ရန်​]

၁၆၄၇ ခုနှစ် ဝက်စဖေးလီးယားစာချုပ် ချုပ်ဆိုသည့်အခါမှစ၍ ဥရောပတိုက်ကို မရေရာလှသော အာဏာမဲတင်းပေးသည့် စနစ်အပေါ်တွင် တည်ဆောက်ခဲ့သည်။ သို့ရာတွင် ၁၈၁၇ ခုနှစ်တွင် ဂျာမန်ခေါင်းဆောင် ဗစ်ဇမတ်သည် အာဏာမဲတင်းပေးသည့် စနစ်ကို တိုက်ဖျက်၍ ဂျာမနီကို စည်းလုံးပြီးလျှင် ဥရောပတွင် ဂျာမန်တန်ခိုး ကြီးထွားနိုင်အောင် ကြိုးစားခဲ့သည်။ ပထမ ကမ္ဘာစစ်အပြီးတွင် ချုပ်ဆိုသော ဗာဆေးစာချုပ်သည် ပြိုကွဲနေပြီဖြစ်သော အာဏာမဲတင်းပေးသည့် စနစ်ကို ပြန်လည်အသက်သွင်းလိုက်သည်။ သို့ရာတွင် ဟစ်တလာနှင့် နာဇီပါတီ တက်လာသောအခါ ဗစ်ဇမတ်၏ လမ်းစဉ်အတိုင်း ဥရောပတွင် ထိပ်သီးနိုင်ငံကြီး ဖြစ်အောင် ဂျာမနီအား ပြန်လည်ထူထောင်လေသည်။ ယင်းသို့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သော ဝါဒနှစ်ခုသည် မျူးနစ်သဘောတူညီချက်စာချုပ် ချုပ်ဆိုသည့်အချိန်တိုင်အောင် ပဋိပက္ခဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ဗစ်ဇမတ်နှင့် ဟစ်တလာတို့၏ ဂျာမနီနိုင်ငံ အာဏာလွှမ်းမိုးရေးက စစ်တပ်အင်အား ထောက်ခံမှုဖြင့် အနိုင်ရသွားလေသည်။

ဒုတိယ ကမ္ဘာစစ် အကြောင်းကို မှတ်တမ်းတင်ရာ၌ အာဏာရှင် ဟစ်တလာ၏ အကြောင်းနှင့် မကင်းလွတ်နိုင်ပေ။ ဟစ်တလာသည် ၁၉၃၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီးလျှင် ဂျာမန်လူထုကြီး တစ်ရပ်လုံးအား စည်းရုံးလေသည်။ ၁၉၃၆ ခုနှစ်တွင် သူ၏ အင်အားမှာ အားကိုးလောက်အောင် တောင့်တင်းလာပြီးဖြစ်ရကား နိုင်ငံပေါင်းချုပ်အသင်းကြီးမှ နုတ်ထွက်လိုက်ပြီး လိုကားနိုးစာချုပ်ကိုလည်း ဖျက်သိမ်းခိုင်းလေသည်။ ထိုအချိန်တွင် ဂျာမနီနှင့် အီတလီတို့မှာ စစ်တိုက်ရန် အဆင်သင့် ဖြစ်နေကြလေပြီ။

ဗြိတိသျှဝန်ကြီးချုပ် ချိန်ဗာလိန်က ငြိမ်းချမ်းရေး သမားကြီး ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သူ၏ လက်ထက်တွင် စစ်မဖြစ်အောင် တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ဂျာမန်တို့အား မျက်နှာချိုသွေးကာ လေအေးဖြင့်ချော့မြှူလျှင် ရနိုင်မည်ဟုလည်း မျှော်လင့်လေသည်။ ၁၉၃၈ ခုနှစ်၌ ဂျာမနီက ချက်ကိုဆလိုဗားကီးယားကိုပိုင်သော ဆူဒေတင်နယ်ကို တောင်းဆိုသောအခါ ချိန်ဗာလိန်နှင့် ပြင်သစ်ဝန်ကြီချုပ်သည် ယခင်က မိမိတို့ ကတိများကို လျစ်လျူရှုလျက် ဂျာမန်၏ အလိုသို့ လိုက်လျောခဲ့ကြသည်။ အီတလီ၊ ပြင်သစ်၊ အင်္ဂလိပ်နှင့် ဂျာမန်ခေါင်းဆောင်များသည် မျူးနစ်မြို့တွင် စည်းဝေးကာ မျူးနစ်စာချုပ်ကို ရေးဆွဲ၍ ဆူဒေတင်နယ်ကလေးကို ဟစ်တလာ၏ လက်သို့ ပေးအပ်လိုက်သည်။

စစ်ရှုံးဂျာမနီ[ပြင်​ဆင်​ရန်​]

ပထမ ကမ္ဘာစစ်တွင် ဂျာမနီနှင့် အပေါင်းအပါနိုင်ငံများမှာ နလံမထူနိုင်အောင် အရှုံးကြီးရှုံးခဲ့ရသည်။ ထိုစစ်တွင် ဂျာမန်တို့သည် လူပေါင်း ၇ သန်းမျှ ဆုံးရှုံးခဲ့သည်။ အချို့မှာ ဒဏ်ရာရရှိ၍ များစွာသော သူတို့မှာ ပျောက်ဆုံးနေလေသည်။ ယင်းသို့ စစ်ရှုံးသောကြောင့် ဂျာမနီတစ်နိုင်ငံလုံး အင်အားပျက်ပြုန်းခဲ့၍ ဖရိုဖရဲဖြစ်နေစဉ် ၁၉၁၉ ခုနှစ်၌ နာဇီပါတီကို ထူထောင်လိုက်သည်။ ဗာဆေးစာချုပ်အရ ဂျာမနီသည် စတုရန်မိုင်ပေါင်း ၁ သန်းမျှ ကျယ်ဝန်း၍ လူဦးရေ ၁၈ သန်းနေထိုင်သော နယ်ပယ်များ၊ ကျောက်မီးသွေး ၄၅ %၊ သံ ၆၅ %နှင့် အခြား မြောက်မြားလှစွာသော ပစ္စည်းများကို စစ်လျော်ကြေး ပေးဆပ်ရသေးသည်။ ဂျာမနီ၏ ကြည်းတပ်ရေတပ်များမှာလည်း အင်အားလျော့ပစ်ခြင်း ခံရလေသည်။

ယင်းစစ်ရှုံးဂျာမနီသည် စစ်နိုင်သောနိုင်ငံများ၏ ဖိထောင်းခြင်းကို ခံနေရသောအချိန်တွင် ဟစ်တလာနှင့် သူ၏ အမျိုးသားဆိုရှယ်လစ် ဂျာမန် အလုပ်သမားပါတီခေါ် နာဇီပါတီ ပေါ်ပေါက်လာသည်။ သို့ရာတွင် ရင်ဆိုင်နေရသော ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း မရှိချေ။ သူတို့သည် စစ်ကြောင့် အခြေအနေပျက် ဖြစ်ရသော စီးပွားရေးသမား ကလေးများနှင့် ကိုယ်ပိုင်လုပ်ငန်းရှင်များကို မြှောက်ပင့်ပေးသည်။ မရေရာသော စီးပွားရေး ကတိများကို ပေးကြသည်။ ထို့အပြင် ကမ္ဘာစီးပွားရေးတွင်လည်း လက်ဝါးကြီးအုပ်နေသော ယဟူဒီများကြောင့်သာ ဂျာမနီနိုင်ငံကြီး စစ်ရှုံးရသည်ဟု စွပ်စွဲကြသည်။ ဂျာမန် တစ်မျိုးသားလုံးအား အိုးမဲသုတ်သော ဗာဆေးစာချုပ်ကို တိုက်ဖျက်ရမည်၊ ဂျာမန်နိုင်ငံသစ် ထူထောင်မည် စသော ကြွေးကြော်သံများဖြင့် ဝါဒဖြန့်ကြသည်။ နောက်ကွယ်တွင်မူ ဂျာမန် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ၊ စစ်ခေါင်းဆောင်များသည် အလုပ်သမား အင်အားစု ဖြိုခွဲရန်နှင့် ဂျာမနီ၏ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် အခွင့်ကောင်းယူကာ နာဇီဂိုဏ်းသားများအား ငွေကြေးဖြင့် အားပေး ကူညီလျက် ရှိကြသည်။

ဗီယာအဆောင် ပုန်ကန်မှု[ပြင်​ဆင်​ရန်​]

အစပထမတွင် နာဇီများသည် ထင်တိုင်း မပေါက်ကြချေ။ ၁၉၂၃ ခုနှစ်တွင် ဗီယာအဆောင် ပုန်ကန်မှုကို လုပ်ကိုင်ကြရာတွင် မအောင်မြင်ပဲ ဟစ်တလာနှင့် ခေါင်းဆောင်အချို့သာ ထောင်နန်းစံရလေသည်။ ထိုအချိန်တွင် ဂျာမနီသည် စီးပွားရေးအားဖြင့် အနည်းငယ် နလံပြန်ထူလာသည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး ဆောင်ရွက်မှုကြောင့် စစ်လျော်ကြေး ပေးဆောင်ခြင်းမှ အနည်းငယ် သက်သာရာ ရသည်။ သို့ရာတွင် တစ်ကမ္ဘာလုံးသို့ ဂယက်ရိုက်စပြုသော စီးပွားပျက်ကပ်ကြီးကိုကား ရှောင်ကွင်း၍မရချေ။

စီးပွားပျက်ကပ်ကြောင့် နာဇီတို့ အင်အား တက်လာသည်။ အလုပ်လက်မဲ့ဦးရေ တိုးတက်များပြားလာသည်။ ကွန်မြူနစ်ရန်ကို ကြောက်ရွံ့သော ဂျာမန်သံမဏိလုပ်ငန်း အရင်းရှင်များသည် နာဇီတို့အား ငွေကြေး အမြောက်အမြား ထောက်ပံ့ကြသည်။ အလုပ်လက်ကိုင် မရှိသဖြင့် ယောင်ချာချာ ဖြစ်နေသည့် သန်းပေါင်းများစွာသော ဂျာမန်တို့သည်လည်း ဟစ်တလာ၏ ဝါဒကို ယုံကြည်လျက် ဟစ်တလာကိုပင် မိမိတို့အား ကယ်တင်မည့်သူအဖြစ် ကြည်ညိုလေးစားလာသည်။ လက်ရှိ ဂျာမန်အစိုးရမှာ အင်အားနည်းပါး၍ နာဇီလက်ကိုင် မုန်တိုင်းတပ်သားများကို ကောင်းစွာ မနှိမ်နင်းနိုင်ချေ။ ယင်းသို့ဖြင့် နာဇီတို့၏ အင်အားမှာ ဒီရေအလား တိုးပွားလာရာ ၁၉၃၃ ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့တွင် ဟစ်တလာသည် အစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ သူ၏ ဝါဒမှာ စစ်ဝါဒ ဖြစ်သည့်အတိုင်း အာဏာရသည့်နေ့မှစ၍ စစ်ကိုလုံးပန်းတော့သည်။ သို့မှသာ အာဏာကို လက်ကိုင်ထားနိုင်ပေမည်။ အရေးပါသော ပါတီခေါင်းဆောင်များမှာ ရာထူးကြီးများ ရရှိ၍ ချမ်းသာကြသည်။ ငယ်သားများမှာလည်း လခကောင်းရာထူးများ အသီးသီး ရရှိ၍ ထိုရာထူးများ လက်လွတ်မသွားစေရန်သာ ကြိုးပမ်းနေကြသည်။

ဒုတိယ နပိုလီယန်[ပြင်​ဆင်​ရန်​]

ဟစ်တလာကား ဒုတိယ နပိုလီယန်ပင် ဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ တစ်ကမ္ဘာလုံး လွှမ်းမိုးရန် ဖြစ်သည်။ ပထမ ကမ္ဘာစစ်ဖြစ်ရသည်မှာလည်း ဂျာမန်ခေါင်းဆောင်များက ကမ္ဘာကို လွှမ်းမိုးလိုသောကြောင့် ဖြစ်သည်။ ဟစ်တလာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ ဂျာမန်လူမျိုးသည် မြင့်မြတ်သောလူမျိုးဖြစ်၍ အခြားလူမျိုးများက ဂျာမန်လူမျိုးကို ကျိုးနွံခစားကြရမည်ဟု ဟစ်တလာ ယူဆသည်။ ဟစ်တလာ၌ ချင့်ချိန်နိုင်သော စိတ်ဓာတ်ခေါင်းပါး၍ မိမိကိုယ်ကို ရှေးခေတ်က စစ်သူကြီးဖြစ်ခဲ့သော အယ်လက်ဇန္ဒားနှင့် နပိုလီယန်တို့ထက်ပင် ထင်ပေါ်ချင်လေသည်။

သို့ဖြစ်လေရာ ဟစ်တလာသည် အာဏာကို သူ၏လက်ထဲမြဲအောင် ဆုပ်ကိုင်ထားလေသည်။ ဂျာမန် ရိုက်စတတ်လွှတ်တော်ကို ကြိုတင်ကြံစည်၍ မီးရှို့လိုက်ပြီး အတိုက်အခံအားလုံးကို စွပ်စွဲကာ လိုက်လံနှိမ်နင်းလေသည်။ အချို့အား အကျဉ်းချထားပြီး အချို့အား အဆုံးစီရင် လိုက်သည်။ လွတ်လပ်စွာ ပြောဆိုရေးသားမှုကို ပိတ်ပင်သည်။ အဲလ်ဘတ် အိုင်းစတိုင်းစသော ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီများ၊ သောမတ်မန်းစသော ကမ္ဘာကျော် ဝတ္ထုရေးဆရာကြီးများကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့သည်။ အင်အား နည်းပါးသော ယဟူဒီများအား စနစ်တကျ ညှဉ်းပန်းသည်။ မိမိအား အတိုက်အခံပြောဆိုသော သာသနာရေး ခေါင်းဆောင်များအားလည်း နှိမ်နင်းလေသည်။

ဗာဆိုင်းစာချုပ်အား ဖောက်ဖျက်ခြင်း[ပြင်​ဆင်​ရန်​]

ဟစ်တလာသည် ဗာဆိုင်းစာချုပ်ကို ဤသို့ဖြင့် စက္ကူစုတ်အသွင်သို့ ပြောင်းလဲလိုက်သည်။ ဂျာမနီသည် လက်နက်စုဆောင်းရေးကိုသာ လုံးပန်းလျက် ဂျာမန်ကြည်းတပ်၊ လေတပ်၊ ရေတပ်များကိုလည်း အပူတပြင်း ချဲ့ထွင်သည်။

နာဇီတို့သည် ဗာဆေးစာချုပ်ကို မဖောက်ဖျက်ပါဟု ငြင်းဆိုသော်လည်း စစ်ပြင်ဆင်မှုများကိုကား အစွမ်းကုန် လုပ်ကိုင်နေကြသည်။ နိုင်ငံခြား အစိုးရများမှာ မည်သို့မျှ အရေးမယူကြပဲ လက်ပိုက်ကြည့်နေကြသည်။ ဆိုဗီယက်တစ်ဦးသာလျှင် ဂျာမန်၏ ရန်စွယ်ကို မြင်သဖြင့် စုပေါင်းကာကွယ်ရေး ပြုလုပ်ရန် အကြံပေးသော်လည်း အချည်းအနှီး ဖြစ်ခဲ့သည်။ သို့သော်လည်း ဆိုဗီယက်သည် စိတ်ပျက်ခြင်းမရှိပဲ အခြားသော ဥရောပနိုင်ငံများနှင့် အချင်းချင်း ရိုင်းပင်းကူညီရန် စာချုပ်ကို မဖြစ်မနေ ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်များအနက် ၁၉၃၅ ခုနှစ်တွင် ချုပ်ဆိုသော ပြင်သစ် - ဆိုဗီယက် မဟာမိတ်စာချုပ်မှာ အထင်ရှားဆုံးဖြစ်သည်။

နိုင်ငံပေါင်းချုပ် အသင်းကြီး မစွမ်းနိုင်ပြီ[ပြင်​ဆင်​ရန်​]

၁၉၃၅ ခုနှစ် အောက်တိုဘာတွင် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ စွမ်းအားကို မှတ်ကျောက်တင်ကြည့်သော အဖြစ်အပျက်တစ်ရပ် ပေါ်ပေါက်လာသည်။ မူဆိုလီနီ ကြီးစိုးနေသော အီတလီနိုင်ငံသည် အာဖရိကတိုက်ရှိ အီသီအိုးပီးယားနိုင်ငံကလေးကို အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်သည်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးသည် ကျူးကျော်သော အီတလီအား စီးပွားရေးအရ ကန့်သတ်ရုံမှတစ်ပါး မည်သို့မျှ ထိရောက်စွာ အရေးမယူခဲ့ချေ။ ၁၉၃၆ ခုနှစ် မေလ ၅ ရက်နေ့တွင် အီတလီတပ်များသည် အီသီအိုးပီးယားမြို့တော် အက်ဒစ်အဗာဗာသို့ ဝင်ရောက်ခဲ့ကြသည်။

ယင်းသို့ အခြားနိုင်ငံတစ်ခုကို လက်နက်အားကိုးဖြင့် ကျူးကျော်သိမ်းပိုက်နိုင်ပုံကို မူဆိုလီနီက နမူနာပြလိုက်ပြီး မကြာမီပင် ဟစ်တလာကလည်း အားကျမခံ အစွမ်းပြလိုက်သည်။ ၁၉၃၆ ခုနှစ် မတ်လတွင် ဟစ်တလာ၏ တပ်များသည် ရိုင်းလန်းနယ်ထဲသို့ ချီတက်ကြသည်။ ဗာဆေးစာချုပ်က ရိုင်းလန်းနယ်ထဲတွင် အမြဲတန်းစစ်တပ်များကို မထားရှိစေရဟု ဆိုထားသည်။ သို့သော် နိုင်ငံပေါင်းချုပ် အသင်းကြီးသည် ဟစ်တလာအား ရှုတ်ချရုံမှလွဲ၍ မည်သို့မျှ မပြုစွမ်းနိုင်ခဲ့ပေ။ ဂျာမန်တပ်များသည် ရိုင်းလန်းနယ်တွင် တပ်စွဲ၍ ခံတပ်များပင် ဆောက်လုပ်ကြသည်။

၁၉၃၆ ခုနှစ် ဇူလိုင်လတွင် ပြည်တွင်းစစ်တစ်ခု ပေါ်ပေါက်လာပြန်သည်။ စပိန်နိုင်ငံတွင် သမ္မတအစိုးရကို ဖက်ဆစ်သူပုန်များက တော်လှန်ကြသည်။ ထိုပြည်တွင်းစစ်ပွဲတွင် ပြင်သစ်နှင့် အင်္ဂလိပ်အမှူးရှိသော ဥရောပနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း ဂျာမနီနှင့် အီတလီတို့ကမူ သူပုန်များအား ကူညီခဲ့သည်။ ၁၉၃၉ ခုနှစ် မတ်လတွင် သမ္မတအစိုးရ ပြုတ်ကျ၍ ဖက်ဆစ်သူပုန် ဗိုလ်ချုပ်ဖရန်ကို အစိုးရ တက်လာသည်။

၁9၃၆ ခုနှစ်တွင် အခြားအရေးကြီးသော အဖြစ်အပျက်တစ်ရပ်မှာ ဂျာမနီနှင့် ဂျပန်ပူးပေါင်း၍ ကွန်မင်တန်ဆန့်ကျင်ရေးစာချုပ် ချုပ်ဆိုခြင်းဖြစ်သည်။ နောက်တစ်နှစ်တွင် အီတလီသည် ထိုစာချုပ်တွင် ပါဝင်ဆောင်ရွက်သည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့သည် ၃ နိုင်ငံ မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ကာ ထို ၃ နိုင်ငံအား ဝင်ရိုးတန်းနိုင်ငံများဟု ခေါ်ကြသည်။

၁၉၃၇ ခုနှစ်အတွင်း စပိန်နိုင်ငံသည် ပြည်တွင်းစစ်ဖြင့် ဆူပွက်နေစဉ် အရှေ့တိုင်း၌ ဂျပန်သည် တရုတ်အား စစ်မကြေငြာပဲ တိုက်ခိုက်လျက်ရှိသည်။ လက်နက်အင်အားချင်း ကွာခြားသော်လည်း မျိုးချစ်တရုတ်များသည် အချင်းချင်းသွေးစည်းလျက် ဂျပန်ကို ခုခံကြသည်။ တရုတ်တို့၏ ဇွဲသတ္တိကို ကမ္ဘာက ချီးကျူးခဲ့သည်။

ဩစတြီးယားကျခြင်း[ပြင်​ဆင်​ရန်​]

အရှေ့ဖျားဒေသတွင် ဂျပန်တို့ စစ်မီးမွှေးလျက်ရှိစဉ် ဥရောပတိုက်တွင် စစ်ယမ်းအိုးကြီး ပေါက်ကွဲရန် တစ်နေ့တစ်ခြား နီးကပ်လာသည်။ ၁၉၃၈ ခုနှစ်တွင် စိုးရိမ်ဖွယ်ရာ အရေးတော်များ တသီတတန်းကြီး ဖြစ်ပေါ်ခဲ့သည်။

၁၉၃၄ ခုနှစ် ဇူလိုင်လတွင် ဟစ်တလာသည် ဩစတြီးယားအား သိမ်းပိုက်ရန် ကြိုးစားသေး၏။ သို့သော် မအောင်မြင်ခဲ့ချေ။ ၁၉၃၈ ခုနှစ်တွင် ဟစ်တလာသည် ဩစတြီးယား အဓိပတိအား ရာဇသံများ တစ်ခုပြီးတစ်ခုပို့လျက် ခြိမ်းခြောက်လေသည်။ မတ်လ ၁၂ ရက်နေ့တွင် ဂျာမန်စစ်တပ်များသည် ဩစတြီးယားသို့ ချီတက်သိမ်းပိုက်သည်။

ဩစတြီးယားကို သိမ်းပိုက်ပြီးနောက် နာဇီရန်စွယ်သည် ချက်ကိုဆလိုဗားကီးယားဘက်သို့ ဦးလှည့်ပြန်သည်။ ဟစ်တလာသည် ချက်နိုင်ငံကို သိမ်းပိုက်ရန် အကြောင်းအမျိုးမျိုး ရှာဖွေ၍ ရန်စနေသည်။ ဗြိတိသျှဝန်ကြီးချုပ် ချိန်ဗာလန်သည် သုံးကြိမ်တိုင်တိုင် ဟစ်တလာနှင့် စေ့စပ်ဆွေးနွေးသည်။ ပြင်သစ်နှင့် အင်္ဂလန်တို့သည် ဟစ်တလာ၏ အလိုကို လိုက်လျောနိုင်သလောက် လိုက်လျောကြသည်။ သို့ရာတွင် ဟစ်တလာ မကျေနပ်ချေ။ ၁၉၃၈ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှဝန်ကြီးချုပ် ချိန်ဗာလန်၊ ပြင်သစ်ဝန်ကြီးချုပ် ဒါလာဒယေးနှင့် မူဆိုလီနီတို့သည် မျူးနစ်မြို့၌ ဟစ်တလာနှင့် ဆွေးနွေးကြသည်။ ဤကား ဟစ်တလာ၏ အလိုကို နောက်ဆုံး လိုက်လျောခြင်း ဖြစ်သည်။ ဟစ်တလာက နောက်ထပ် နယ်ပယ် မတောင်းတော့ပါဟု ကတိပြုသည်။ သို့ရာတွင် ၁၉၃၉ ခုနှစ်၌ ဟစ်တလာသည် ပရာဟမြို့တော်သို့ ချီတက်၍ ချက်တို့၏ လွတ်လပ်ရေးကို ချေမှုန်းလိုက်သည်။

ဒုတိယ ကမ္ဘာစစ်ကြီး စချေပြီ[ပြင်​ဆင်​ရန်​]

ချက်ကိုဆလိုဗားကီးယားအား သိမ်းပိုက်ပြီးနောက် နာဇီတပ်ဦးသည် ပိုလန်ဘက်သို့ လှည့်သွားသည်။ သို့ရာတွင် ဂျာမန်တို့သည် ချက်ခြင်း ဝင်ရောက် မတိုက်ခိုက်သေးပေ။ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ပိုလန်ကို ဟစ်တလာ တိုက်လျှင် ပိုလန်ဘက်မှ ဝင်ရောက်ကူညီရန် ကတိပေးထားကြသည်။ ထိုအတောအတွင်း ဂျာမနီသည် ဆိုဗီယက်ရုရှနှင့် မကျူးကျော်ရေးစာချုပ် ချုပ်ဆိုလိုက်ပြီးနောက် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပိုလန်ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်သည်။ ထိုနောက် နှစ်ရက်အကြာတွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် ဂျာမနီအား စစ်ကြေငြာလေသည်။ ဤသို့ဖြင့် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ခဲ့တော့သည်။

ပိုလန်တိုက်ပွဲ[ပြင်​ဆင်​ရန်​]

နာဇီတို့၏ စစ်စက်ယန္တရားကို ပိုလန်တိုက်ပွဲတွင် ကောင်းစွာတွေ့မြင်ရသည်။ လျှပ်တပြက်စစ်ဆင်နည်း ခရီးရောက်ပုံကိုလည်း ပိုလန်သိမ်းပွဲတွင် ရှေးဦးစွာ တွေ့မြင်ရသည်။ ပိုလန်လေယာဉ်ကွင်းများ၊ မီးရထားလမ်း အချက်အခြာများကို အပြင်းအထန် ဗုံးကြဲဖျက်ဆီးကြသည်။ နာဇီတို့၏ စစ်ချီစစ်တက်ပုံများမှာ အံ့ဩဖွယ်ရာကောင်းအောင် လျင်မြန်လှသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် ဂျာမန်များသည် ဝါဆောမြို့တော်၏ ဆင်ခြေဖုံးအထိ ရောက်လာကြသည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဂျာမန်တပ်များက ပိုလန် အနောက်ပိုင်းကို သိမ်းပိုက်ကြသည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရုရှားတပ်များက ပိုလန်အရှေ့ပိုင်းကိ ဝင်ရောက်သိမ်းပိုက်ကြသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဂျာမနီနှင့် ရုရှားတို့သည် မော်စကိုမြို့တော်တွင် စာချုပ်ချုပ်ဆိုပြီး ပိုလန်ကို ခွဲဝေယူကြသည်။ လူဦးရေ သန်းပေါင်း ၂၀ ရှိ၍ စက်မှုလက်မှု ဗဟိုဌာနများ ပါဝင်သော ပိုလန်အနောက်ပိုင်းကို ဂျာမနီကယူသည်။ လူဦးရေ ၁၄ သန်းရှိ၍ ရေနံထွက်သော အရှေ့ပိုင်းကို ရုရှားက ရရှိသည်။ ယင်းတို့ဖြင့် ပိုလန်နိုင်ငံသည် နိုင်ငံကြီးနှစ်ခု၏ မတရား သိမ်းပိုက်ခြင်း ခံခဲ့ရလေသည်။

အနောက်ဘက် စစ်မျက်နှာ[ပြင်​ဆင်​ရန်​]

ပိုလန်သည် ဂျာမနီနှင့် ရုရှားတပ်များ၏ ချေမှုန်းဖျက်ဆီးခြင်း ခံနေရစဉ် အနောက်ဘက် စစ်မျက်နှာ၌ စစ်အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။ ပြင်သစ်တပ်များသည် မက်ဇီးနိုးခံတပ်နောက်တွင် လပေါင်းများစွာ စစ်မဆင်ပဲ စောင့်ဆိုင်းနေကြသည်။ တခါတရံ ကင်းလှည့်တပ်များ တိုက်ခိုက်သည်မှလွဲ၍ ကြီးကျယ်သော တိုက်ပွဲများ မဖြစ်ပွားသေးချေ။

File:Anschluss in Tirol 1938.JPEG
ဂျာမန်ရှေ့တန်းထွက် စစ်သည်တော်များအား ပြည်သူများက ကြိုဆိုနေကြပုံ

ကြည်းတပ်များ ငြိမ်သက်နေသော်လည်း ရေတပ်နှင့် လေတပ်များကား အတော်အသင့် လှုပ်ရှားလျက်ရှိသည်။ စစ်ဖြစ်သည်နှင့် တပြိုင်နက် ဂျာမန်လေတပ်သည် အင်္ဂလန်နှင့် ပြင်သစ်မြို့ကြီးများကို ဗုံးကြဲတိုက်ခိုက်လိမ့်မည်ဟု စိုးရိမ်ခဲ့ကြသော်လည်း ဂျာမန်လေတပ်မှာ ထိုအချိန်အထိ ထူးဆန်းစွာ ငြိမ်သက်နေသည်။ ဗြိတိသျှ အာအေအက်ဖ်ခေါ် ဘုရင့်လေတပ်မတော်ကသာ ဂျာမန်ရေတပ်စခန်းဖြစ်သော ကီးသင်္ဘောဆိပ်မြို့ကို သွားရောက် ဗုံးကြဲတိုက်ခိုက်လေသည်။ စစ်ဖြစ်ဦးစ ကာလများတွင် ဗြိတိသျှတို့မှာ အရေးကြီးသော စစ်သင်္ဘောနှစ်စင်း ဆုံးရှုံးရလေသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကာရေးဂျီးယပ် အမည်ရှိ လေယာဉ်တင်သင်္ဘော အမြှုပ်ခံရသည်။ အေက်တိုဘာလ ၁၄ ရက်နေ့မတွင် ရွိုင်ယယ်အုတ် အမည်ရှိ သင်္ဘောသည် ဂျာမန်တို့၏ တော်ပီဒို ထိမှန်၍ နစ်မြုပ်သွားသည်။ ဗြိတိသျှတို့ကလည်း ဒီဇင်ဘာလတွင် ဂျာမန်ခါးပိုက်ဆောင် စစ်သင်္ဘော ဂရပ်စပီးကို ဥရုဂွေးနိုင်ငံ မွန်တီဗစ်ဒီအိုမြို့ အလွန်၌ ပိတ်မိလေသည်။ ဂျာမန်စစ်သင်္ဘော၏ ကပ္ပတိန်သည် လက်နက်ချ အညံ့မခံပဲ သင်္ဘောကို ဖောက်၍နှစ်မြှုပ်လိုက်သည်။

ဆိုဗီယက် - ဖင်လန် စစ်ပွဲ[ပြင်​ဆင်​ရန်​]

အနောက်ဘက် စစ်မျက်နှာတွင် ပြင်းထန်သော တိုက်ပွဲများ မဖြစ်သေးပဲ ငြိမ်သက်နေစဉ် ကမ္ဘာတဝှမ်းလုံးသည် ဆိုဗီယက်ရုရှားဆီသို့ အာရုံစူးစိုက်လျက် ရှိကြသည်။ ဆိုဗီယက်တို့သည် ဂျာမန်တို့နှင့် မကျူးကျော်ရေးစာချုပ် ချုပ်ဆို၍ အနားယူကာ မိမိတို့၏ ကာကွယ်ရေးအင်အား ခိုင်လုံတောင့်တင်းအောင် အချိန်ယူလျက် ရှိသည်မှာ ထင်ရှားသည်။ ပိုလန်အရှေ့ပိုင်းကို သိမ်းယူပြီးနောက် ဆိုဗီယက်သည် အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သွေးနီးယား အစရှိသော ဗောလတစ်နိုင်ငံများနှင့်လည်း စာချုပ်ချုပ်ဆိုကာ ထိုနိုင်ငံများတွင် ဆိုဗီယက် ကြည်း၊ ရေ၊ လေတပ်စခန်းများ အခြေစိုက်လေသည်။ ဖင်လန်နိုင်ငံနှင့်လည်း အလားတူ စာချုပ်မျိုး ချုပ်ဆိုရန် စေ့စပ်ပြောဆိုရာတွင် ဖင်လန်အစိုးရက သဘောမတူသဖြင့် ဆိုဗီယက်နှင့် ဖင်လန် ဆက်ဆံရေးမှာ အခြေအနေဆိုးလာသည်။ ထိုနှစ် နိုင်ဝင်ဘာ ၂၈ ရက်နေ့တွင် ယခင်က ချုပ်ဆိုခဲ့သော ဆိုဗီယက်နှင့် ဖင်လန် မကျူးကျော်ရေးစာချုပ် ပျက်သွားပြီဟု ရုရှားက တဖက်သတ် ကြေငြာသည်။ နောက်နှစ်ရက် ကြာပြီးနောက် ဆိုဗီယက်တို့သည် ဖင်လန်အား စစ်သုံးကြောင်းခွဲ၌ စတင်တိုက်ခိုက်တော့သည်။

ပထမတွင် ဖင်လန်တပ်များ၏ အပြင်းအထန် ခုခံတိုက်ခိုက်မှုကြောင့် ဆိုဗီယက်တပ်များမှာ ထင်သလောက် ခရီးမရောက်ချေ။ သို့ရာတွင် ရက်အတော်ကြာ တိုက်ပြီးသောအခါ အင်အားမမျှသဖြင့် ဖင်လန်တပ်များမှာ တဖြည်းဖြည်း အရေးနှိမ့်လာသည်။ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများက ဖင်လန်အား စစ်ကူပေးမည်ဟု ဆိုသော်လည်း ယင်းအကူအညီများ ရသည်အထိ ဖင်လန်စစ်တပ်များသည် ရန်သူကို ခုခံနိုင်ခဲ့ခြင်း မရှိပေ။ သို့ဖြစ်ရာ ၁၉၄၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ဆိုဗီယက် - ဖင်လန် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုကြသည်။ ယင်းစာချုပ်အရ ဆိုဗီယက်ပြည်ထောင်စုသည် မူလတောင်းဆိုချက်များအပြင် အခြားသော အခွင့်အရေးများကိုလည်း ရရှိလိုက်သည်။

နော်ဝေးနှင့် ဒိန်းမတ်[ပြင်​ဆင်​ရန်​]

ဆိုဗီယက် - ဖင်လန် စစ်ပြီးဆုံးခါနီးတွင် ယခင်က ငြိမ်သက်နေသော အနောက်ဘက် စစ်မျက်နှာမှာ ရုတ်တရက် လှုပ်ရျားလာသည်။ အထူးသဖြင့် နော်ဝေးနိုင်ငံ တဝိုက်တွင် ပိုမိုလှုပ်ရှားလာသည်။ နော်ဝေးနိုင်ငံမှာ ဘက်မလိုက် ကြားနေနိုင်ငံဖြစ်သည်။ ပြည်ထောင် အချင်းချင်း ဥပဒေအရ နော်ဝေးကမ်းခြေမှ သုံးမိုင်အတွင်း မည်သည့်စစ်ဆင်မှုမျှ ပြုလုပ်ခွင့် မရချေ။ သို့ရာတွင် ဂျာမန်တို့သည် ပြည်ထောင်အချင်းချင်း ဥပဒေကို ဖောက်ဖျက်၍ နော်ဝေးသင်္ဘောဆိပ်ဖြစ်သော နားဗစ်မြို့မှ သံများကို သယ်ယူလျက်ရှိသည်။ ထိုအခါ ဗြိတိသျှတို့သည် ကြည့်မနေသာတော့ပဲ နော်ဝေးအား သတိပေးလိုက်သည်။ ဂျာမန်တို့က ထိုအချက်ကို အကြောင်းပြု၍ ၁၉၄၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့တွင် နော်ဝေးကို ဝင်ရောက်တိုက်ခိုက်လေသည်။ နာဇီပဉ္စမံ တပ်သားများသည်လည်း နော်ဝေးနိုင်ငံတွင်းမှနေ၍ မမှန်သတင်းလွှင့်ကာ လှုံ့ဆော်ပေးသည်။ ထို့နေ့မျာပင် အော်စလိုမြို့တော်နှင့် နားဗစ်ဆိပ်ကမ်းမြို့များမှာ နာဇီလက်တွင်း ကျဆုံးရလေသည်။

နော်ဝေးကို သိမ်းပိုက်သည့်နေ့မှာပင် ဂျာမန်တို့သည် ဒိန်းမတ်ကို သိမ်းယူကြသည်။ အခုအခံဟူ၍ လုံးဝမရှိချေ။ ဒိန်းမတ်အစိုးရမှာ မပြောင်းမလဲ နဂိုအတိုင်းပင် တည်ရှိသော်လည်း စင်စစ်အားဖြင့် ဂျာမန်စစ်တပ်က အုပ်ချုပ်နေလေသည်။ ဒိန်းမတ်နိုင်ငံတွင် အရေးကြီး၍ ကမ္ဘာကျော်သော နို့ထွက်ပစ္စည်း လုပ်ငန်းများကိုလည်း ဂျာမန်တို့ သိမ်းယူကြသည်။

ဒိန်းမတ်နိုင်ငံကလေးကို ဂျာမန်တို့ သိမ်းပိုက်နိုင်သော်လည်း အတ္တလန္တိတ် သမုဒ္ဒရာမြေက်ပိုင်းရှိ ဒိန်းမတ်ပိုင်နယ်များကိုကား မသိမ်းပိုက်နိုင်ချေ။ ဖဲရိုးကျွန်းများကို စောင့်ရှောက်ထားသည့် အိုက်စလန်ကျွန်းကို ဗြိတိန်က သိမ်းယူထားသည်။ ဂရင်းလန်းကျွန်းကို အမေရိကန် ပြည်ထောင်စုက ထိန်းသိမ်းထားသည်။

မဟာမိတ်တို့၏ အဆုံးအရှုံးများ[ပြင်​ဆင်​ရန်​]

ဂျာမန်လက်တွင်းသို့ နော်ဝေးနိုင်ငံ ကျဆုံးသွားရခြင်းသည် မဟာမိတ်နိုင်ငံများအဖို့ ကြီးစွာသော ဆုံးရှုံးခြင်းပင် ဖြစ်သည်။ အင်အားကြီးမားသော ဗြိတိသျှရေတပ်ကြီးကို ကျော်လွန်၍ ဂျာမန်များ နော်ဝေးကို မသိမ်းပိုက်နိုင်ဟု ယူဆခဲ့ကြသည်မှာ မဟာမိတ်တို့၏ အမှားကြီးတစ်ရပ် ဖြစ်သည်။ နော်ဝေးနိုင်ငံကို လက်လွှတ်ရပြီးနောက် မဟာမိတ်တို့သည် ဆက်ကာ ဆက်ကာ အရေးနိမ့်လျက်ရှိသည်။ ၁၉၄၀ ပြည့်နှစ် မေလ ၁၀ ရက်နေ့တွင် ဂျာမန်များက နယ်သာလန်နိုင်ငံကို တိုက်ခိုက်လေသည်။ မဟာမိတ်တို့၏ အခြေခံ သေနင်္ဂဗျူဟာမှာ တစ်နေရာတည်းမှ ခုခံကာကွယ်ခြင်း ဖြစ်သည်။ သူတို့သည် ခိုင်မာသော ခံတပ်များ၏ နောက်မှနေ၍ ရန်သူ၏ အတိုက်ကို စောင့်နေလေ့ရှိသည်။ သို့ဖြစ်ရာ မည်သည့်အချန်၌ မည်သည့်နေရာကို မည်သို့တိုက်မည်ဟူသော စီစဉ်မှုများကို ဂျာမန်တို့က လွတ်လပ်စွာ ရှေ့ဆောင် အသုံးချလျက်ရှိသည်။

ဂျာမန်တပ်များသည် ဘယ်လဂျီယမ်နှင့် ဟော်လန်သို့ဝင်သောအခါ မဟာမိတ်ခေါင်းဆောင်များသည် ဘယ်လဂျီယမ်ဘုရင် လီယိုပို၏ တောင်းပန်ချက်အရ တပ်မကြီး ၂၅ ခုကို ဘယ်လဂျီယမ်သို့ ပို့ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြင်သစ် တပ်မဟာများကို မက်ဇီးနိုးခံတပ်နောက်တွင် ဂျာမန်တို့ထိုးစစ်ကို စောင့်ဆိုင်းခုခံရန် ထားရှိသေည်။ သို့ရာတွင် ဂျာမန်များက ခြေလှမ်းတစ်မျိုး လှမ်းကြသည်။ ဘယ်လဂျီယမ်နိုင်ငံတွင်းသို့ စဝင်သည့်နေ့မှာပင် ဘယ်လဂျီယမ်ကာကွယ်ရေး၌ သော့ချက်ဖြစ်သော ဖို့အေဗင်အေးမားကို ဂျာမန်တို့ သိမ်းယူလေသည်။ ဂျာမန်လေထီးတပ်သားများသည် ဟော်လန်နိုင်ငံ၏ အရေးကြီးသော လေဆိပ်အားလုံးကို သိမ်းယူ၏။ ပဉ္စမံတပ်သားများ၏ အကူအညီဖြင့် ဒပ်ခ်ျတို့၏ ခုခံရေးအင်အားကို အတွင်းမှနေ၍ ဖြိုခွဲလေသည်။ ၄ ရက်အတွင်းတွင် ဂျာမန်တို့သည် ဟော်လန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ကြသည်။ ၁၉၄၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ဒပ်ခ်ျစစ်တပ်များ လက်နက်ချ၍ အညံ့ခံရလေသည်။

ဖို့အေဗင်အေးမား ကျဆုံးပြီးနောက် ဘယ်လဂျီယမ်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။ ဂျာမန်တပ်စုများသည် ဗရပ်ဆဲမြို့နှင့် အန်တွပ်မြို့များဆီသို့ လှိမ့်ဆင်းခဲ့၍ မေလ ၁၄ ရက်နှင့် ၁၈ ရက်နေ့များတွင် ထိုမြို့နှစ်မြို့မှာ ဂျာမန်တို့လက်အောက် ကျရောက်သွားသည်။

တောင်ဘက်ပိုင်း မျူးစမြစ်ခံတပ်ကြောင်းတွင် ဂျာမန်များသည် သံချပ်ကာစစ်ကားများ လေယာဉ်များ၏ အကူအညီဖြင့် ဆီဒန်မြို့မှနေ၍ ပြင်သစ်မြောက်ပိုင်းသို့ ထိုးဝင်လေသည်။ မက်ဇီးနိုးခံတပ်မှာ ထင်သလောက် အားမကိုးရတော့ချေ။ ထို့နောက် ဂျာမန်များသည် အင်္ဂလိပ် ရေလက်ကြားကြီးဆီသို့ ချီတက်သည်။ ၁၉၄၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် လီယိုပိုဘုရင်သည် လက်နက်ချ အညံ့ခံလေသည်။

ဒန်းကတ်မှ ဆုတ်ရခြင်း[ပြင်​ဆင်​ရန်​]

ဘယ်လဂျီယမ် ကျပြီးနောက် ဂျာမန်တပ်များသည် ဒန်းကတ်မြို့ကို ဝိုင်းကြပြန်သည်။ အင်္ဂလိပ်တို့ကလည်း ဂျာမန်များကို ခုခံရန် တပ်တစ်တပ်ကို ထားခဲ့ပြီးနောက် ဒန်းကတ်မှ အပြင်းဆုတ်ခွာကြသည်။ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့တိုင် နေ့ရောညပါ ရနိုင်သမျှ သင်္ဘောအမျိုးမျိုးဖြင့် စစ်တပ်များကို အင်္ဂလန်ကမ်းခြေသို့ ပြန်ပို့ရသည်။ ဗုံးမိုး၊ ကျည်ဆန်မိုးမစဲပဲ ပစ်ခတ်နေသည့်အထဲမှ ဗြိတိသျှနှင့် ပြင်သစ်စစ်သား ၃၃၅၀၀၀ ခန့်ကို သင်္ဘောတစ်ထောင်ခန့်ဖြင့် ရေလက်ကြားကို ဖြတ်၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ စစ်အသုံးအဆောင် အားလုံးကိုကား လက်လွှတ်ခဲ့ရသည်။

ပြင်သစ်ကို နာဇီမျိုခြင်း[ပြင်​ဆင်​ရန်​]

ပြင်သစ်နိုင်ငံ ကျဆုံးပြီးနောက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့အတွင်းရှိ ဂျာမန်စစ်တပ်များ
ပြင်သစ်နိုင်ငံ ကျဆုံးပြီးနောက် ပြင်သစ်နိုင်ငံပဲရစ်မြို့အတွင်းရှိ ဂျာမန်စစ်တပ်များ

ဗြိတိသျှတပ်များ ဒန်းကတ်မှ အပန်းတကြီး ဆုတ်ခွာရပြီးနောက် ဗြိတိသျှ တစ်မျိုးသားလုံး စိတ်ဓာတ်မှာ ယခင်ထက်တိုး၍ လှုပ်ရှားတက်ကြွ လာလေသည်။ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာချာချီကလည်း တိုင်းသူပြည်သားများအား စိတ်ဓာတ်မပျက်ပြားစေရန် ဩဝါဒစကား ပြောကြားသည်။ သို့ရာတွင် ပြင်သစ်အစိုးရ၏ စိတ်ဓာတ်ကား ပျက်ပြားလျက် ရှိလေပြီ။ ဂျာမန်တို့ မလာရောက်မီကပင် အညံ့ခံအရှုံးပေးလိုသော စိတ်မှာ ပြင်သစ်တို့၏ကိုယ်တွင် ကိန်းအောင်းလျက်ရှိသည်။ ဂျာမန်ဘက်တော်သား ဖြစ်သော ပြင်သစ်အစိုးရပိုင်းမှ ခေါင်းဆောင်များကလည်း အရှုံးပေးလိုကြသည်။ ပြည်သူလူထုကြီးမှာ တစ်ရှုံးတည်းရှုံးနေရသဖြင့် စိတ်ပျက်အားငယ်ကာ မည်သူ့ကို အားကိုးရမှန်း မသိရှာတော့ချေ။ စိတ်ဓာတ်ပျက်ပြား နေပြီဖြစ်သော ပြင်သစ်တပ်သားများကို ပြည်လည်စည်းရုံးမိအောင် ဗိုလ်ချုပ်မက်ဇင်းဝေးဂန်းက ကြိုးစားသေးသည်။ သို့သော်လည်း ဂျာမန်ယန္တယားတပ်များ၏ဒဏ်ကို မတွန်းလှန်နိုင်ချေ။ ဂျာမန်တို့သည် စိန်းမြစ်ကမ်းထိရောက်လာကြသည်။ ထိုကဲ့သို့ အရေးကြီးသည့်အချိန်တွင် အီတလီသည် စစ်ထဲသို့ ဝင်ရောက်လာပြီး ပြင်သစ်၏ နောက်ကျောကို ဓားနှင့်ထိုးလေသည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် မူဆိုလီနီက ပြင်သစ်အာ စစ်ကျေညာ၍ တိုက်ခိုက်သည်။ ဇွန်လ ၁၄ ရက်နေ့တွင် ပြင်သစ်တို့သည် ပဲရစ်မြို့တော်မှ ဆုတ်သွားသဖြင့် ဂျာမန်တို့လည်း မပင်ပန်းပဲ ပဲရစ်မြို့ကို သိမ်းပိုက်နိုင်လိုက်သည်။

ပြင်သစ်အစိုးရသည် ဗောဒိုးသို့ ပြောင်းရွှေ့သွားရသည်။ ဝန်ကြီးချုပ် ရေးနိုး နုတ်ထွက်၍ မာရှယ်ပေတန်း တက်လာသည်။ ပေတန်းသည် အင်္ဂလိပ် ပြင်သစ် စာချုပ်ကို ဖောက်ဖျက်ကာ ဂျာမန်နှင့် စစ်ပြေငြိမ်းရန် စေ့စပ်သည်။ ပေတန်းသည် ဂျာမန်တို့၏ တောင်းဆိုချက်များကို လိုက်လျောကာ ၁၉၄၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဂျာမနီနှင့် စစ်ပြေငြိမ်းလိုက်သည်။ ဤသို့ဖြင့် ဥရောပတိုက်တွင် လက်နက်နိုင်ငံကြီး တစ်ခုဖြစ်သော ပြင်သစ်သည် ရက်သတ္တပတ် အနည်းငယ်အတွင်း နာဇီတို့၏ လက်တွင်းသို့ လုံးဝ သက်ဆင်းသွားရသည်။

ပြင်သစ်ကို သိမ်းပိုက်နိုင်လိုက်ခြင်းမှာ ဂျာမန်တို့အဖို့ ကြီးစွာသော အကျိုးကျေးဇူးကို ဖြစ်စေသည်။ ပြင်သစ်ထံမှ သိမ်းပိုက်ကြေး ရသည့်အပြင် ဂျာမန်တပ်များကို ပြင်သစ်တို့က ထောက်ပံ့ထားရသည်။ ဥရောပ အနောက်ကမ်းခြေကို ဂျာမန်တို့က ထိန်းချုပ်ထားလေသည်။

ပြင်သစ်၊ ဘယ်လဂျီယမ်နှင့် ဟော်လန်နိုင်ငံများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်သဖြင့် ဂျာမန်စစ်တပ်များအား မည်သည့်နိုင်ငံကမျှ နိုင်အောင်တိုက်နိုင်လိမ့်မည် မဟုတ်ဟု ထင်ကြသည်။ ပေတန်းအစိုးရသည် ဗီရှိမြို့သို့ ပြောင်းရွှေ့၍ ရုံးစိုက်သည်။ သို့ရာတွင် ဟစ်တလာ၏ သဘောတူညီချက် အရသာ ပေတန်းအစိုးရ တည်မြဲနေခြင်းဖြစ်သည်။ ပြင်သစ် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ဒီဂေါမှာ ဂျာမန်လက်အောက်သို့ မဝင်ဘဲ အင်္ဂလန်တွင် ခိုလှုံနေယင်း အင်အားစုဆောင်းလျက် ရှိသည်။

ဗြိတိန်တိုက်ပွဲ[ပြင်​ဆင်​ရန်​]

ဂျာမန်လက်အောက်သို့ ပြင်သစ်နိုင်ငံကြီး ကျသွားရခြင်းသည် ကြားနေနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ရုရှားတို့ကို များစွာ ထိခိုက်စေသည်။ စစ်ဖြစ်စတွင် အမေရိကန်သည် ကြားနေရေးဝါဒကို တင်းကျပ်စွာ လိုက်နာခဲ့သည်။ သို့သော် ပြင်သစ်နိုင်ငံကြီး ကျဆုံးသွားသောအခါ ကြားနေရေးဝါဒကို လိုက်မနေနိုင်တော့ဘဲ စစ်အင်အားတိုးချဲ့ကာ မဟာမိတ်နိုင်ငံများအား အစွမ်းကုန် ကူညီရတော့သည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဗြိတိန်နှင့် အမေရိကန် နှစ်ပြည်ထောင် သဘောတူညီ စာချုပ်ရေးထိုးသည်။ ထိုစာချုပ်အရ အမေရိကန် စစ်သင်္ဘောဟောင်း ၅၀ ကျော်ကို ဗြိတိန်ကရရှိ၍ ဗြိတိသျှပိုင် ကဒန်းများပေါ်တွင် အမေရိကန် စစ်စခန်းများ ဆောက်လုပ်ခွင့် ပြုသည်။

ဗြိတိန်လေကြောင်းတိုက်ပွဲ[ပြင်​ဆင်​ရန်​]

ဟစ်တလာသည် ပြင်သစ်ကို သိမ်းပြီးနောက် နှစ်လခန့် အချိန်ယူ၍ နေလေသည်။ ထိုအတောအတွင်း ဗြိတိသျှတို့သည် စစ်အတွက် ပြင်ဆင်မှုများကို အပြင်းအထန် လုံးပန်းလေသည်။ ၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ဂျာမန်လေတပ်သည် အင်္ဂလန်ရှိ အချက်အခြာမြို့ကြီးများကို စတင်၍ အပြင်းအထန် ဗုံးကြဲလေသည်။ ဗြိတိန်တိုက်ပွဲကြီးကား စလေပြီ။

နာဇီဂျာမနီတို့ အဂၤလန်အား ဗုံးကြဲတိုက်ခိုက်စဉ် ဂျာမန်လေယာဉ်ပျံများ
နာဇီဂျာမနီတို့ အဂၤလန်အား ဗုံးကြဲတိုက်ခိုက်စဉ် ဂျာမန်လေယာဉ်ပျံများ

ဂျာမန်တို့သည် ရာပေါင်းများစွာသော လေယာဉ်ပျံဖြင့် တစ်သုတ်ပြီးတစ်သုတ် ဗြိတိသျှ လေယာဉ်ကွင်းများ၊ စက်ရုံများ၊ ခံတပ်များ၊ မြို့ကြီးများကို ဗုံးကြဲတိုက်ခိုက်သည်။ သို့ရာတွင် ဗြိတိသျှတို့ကို အလွယ်တကူနှင့် မအောင်မြင်နိုင်ချေ။ ဗြိတိသျှ လေတပ်ကလည်း မိမိထက် အရေအတွက်များသော ဂျာမန်လေယာဉ်များကို အောင်မြင်စွာ ခုခံဖျက်ဆီးလေသည်။ သို့ရာတွင် ဂျာမန်လေတပ်က အဆက်မပြတ် ဗုံးကြဲလျက်ပင်ရှိသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗြိတိန်ကို လာရောက်တိုက်ခိုက်သော ဂျာမန်လေယာဉ်ပေါင်း ၆၅၀ ခန့်ရှိသည်။ ဗြိတိသျှတပ်ကလည်း ဂျာမန်လေယာဉ် ၁၀ စင်းလျှင် ၁ စင်းကို ပစ်ချနိုင်ခဲ့သည်။ ထို့နောက်တွင် ဂျာမန်များသည် နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်လေသည်။ စစ်ရေးစစ်ရာနှင်ဆိုင်သော နေရာများသာမက စစ်နှင့် တိုက်ရိုက် မသက်ဆိုင်သော နေရာများကိုလည်း ဗုံးကြဲဖျက်ဆီးလေသည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်သည်။ သို့ရာတွင် များစွာသော ဂျာမန်လေယာဉ်တို့မှာ ဗြိတိသျှ လေကြောင်းကာကွယ်ရေး ထုထည်ကြီးကို မထိုးဖောက်နိုင်ကြချေ။ နောက်ဆုံးတွင် ဂျာမန်တို့သည် ဗြိတိန်အား လေကြောင်းမှ အပြတ်အသတ် တိုက်ခိုက်ရန် အကြံကို လက်လျှော့လိုက်ရသည်။

ဗြိတိန်တိုက်ပွဲကို ဗြိတိသျှတို့ အောင်မြင်လိုက်ခြင်းမှာ အလွယ်တကူ မဟုတ်ပေ။ ဤတိုက်ပွဲတွင် လန်ဒန်မြို့တော်နှင့် အခြားမြို့ကြီးများ ဂျာမန်ဗုံးဒဏ်ကြောင့် မရှုမလှ ပျက်စီးခဲ့ရသည်။ ထောင်ပေါင်းများစွာသော အရပ်သူ အရပ်သားများလည်း သေကြေပျက်စီးရသည်။ မသေဆုံးသူများမှာလည်း ကိုယ်လက်အင်္ဂါ ချွတ်ယွင်းကြရသည်။ ဗြိတိသျှ သားကောင်းရတနာ ဖြစ်သော လေကြောင်း သူရဲကောင်းများလည်း ကျဆုံးခဲ့ရသည်။

ဝင်ရိုးတန်းနိုင်ငံများ[ပြင်​ဆင်​ရန်​]

ဗြိတိသျှတို့အား လေကြောင်းမှ တိုက်ခိုက်ရန်အကြံကို လက်လျှော့ရပြီးနောက် ဟစ်တလာသည် နောက်ထပ် အကြီးအကျယ် ထိုးစစ်ဆင်ရန် မကြိုးစားတော့ချေ။ တစ်ဖက်တွင် တစ်နေ့တစ်ခြား အင်အားကြီးမားလာသော ဆိုဗီယက်ရုရှား၏ရန်ကို ဟစ်တလာသည် သတိထားနေသည်။ ဆိုဗီယက်ရုရှားမှာ ထိုအချိန်အထိ ဟစ်တလာ၏ မဟာမိတ်ဖြစ်နေသော်လည်း မူလကတည်းက နာဇီတို့အား မုန်းတီးသောစိတ်ကို ကြာရှည်စွာ လျှို့ဝှက်မထားနိုင်ကြချေ။ ထိုအချက်ကို ကောင်းစွာသိသော ဟစ်တလာသည် ရှေးဦးစွာ ဆိုဗီယက်ရုရှားကို နှိမ်နင်းပြီးလျှင် ဥရောပတိုက် တစ်တိုက်လုံးကို စိုးမိုးရန် ကြံရွယ်သည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် နာဇီများ၏ အားပေးကူညီမှုဖြင့် ရူမေးနီးယားတွင် တော်လှန်ရေးဖြစ်ပွားပြီး ကဲရောဘုရင်သည် ထီးနန်းစွန့်လွှတ်လိုက်ရသည်။ နောက်တစ်လခန့်အကြာတွင် ရူမေးနီးယား တစ်နိုင်ငံလုံးကို ဂျာမန်တို့က သိမ်းပိုက်လိုက်သည်။ ဟန်ဂေရီမှာကား ဂျာမနီ၏ ဩဇာခံဖြစ်နေသည်။ ဟစ်တလာသည် ကြားနေနိုင်ငံ အမေရိကန်နှင့် ဆိုဗီယက်တို့၏ အင်အားစုကို ဖြိုခွဲရန် အီတလီ၊ ဂျပန်တို့နှင့် ပူးပေါင်းလေသည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဝင်ရိုးတန်းနိုင်ငံများဟူ၍ ပေါ်ပေါက်လာသည်။ ထိုနေ့တွင် ချုပ်ဆိုသော စာချုပ်အရ ဥရောပတိုက်တွင် ဂျာမနီနှင့် အီတလီတို့၏ ခေါင်းဆောင်မှုကို ဂျပန်က အသိအမှတ်ပြု၍ အာရှတွင် ဂျပန်၏ ဦးဆောင်မှုကို ဂျမနီနှင့် အီတလီက အသိအမှတ် ပြုရသည်။ တစ်နိုင်ငံအား ပြင်ပရန်သူများ တိုက်ခိုက်ခဲ့သော် တစ်ဦးကို တစ်ဦးကူညီရန် သဘောတူညီကြသည်။ ဟစ်တလာသည် သူ၏ ခေတ်သစ် ထူထောင်မှု လုပ်ငန်းစဉ်ထဲသို့ ဆိုဗီယက်အား ဆွဲသွင်းရန် ကြိုးစားခဲ့သေးသည်။ ဤသို့ကြိုးစား၍ မအောင်မြင်သည့်အဆုံး ဆိုဗီယက်အား ကျူးကျော်တိုက်ခိုက်ရန် စီစဉ်တော့သည်။ ဆိုဗီယက်တို့ကလည်း ပြန်လည်ခုခံရန် ပြင်ဆင်လေသည်။

၁၉၃၉ ခုနှစ်က အီတလီသည် အယ်လ်ဗေးနီးယားပြည်နယ်ကလေးကို သိမ်းခဲ့သည်။ တဖန် ၁၉၄၀ ပြည့်နှစ်တွင် ဂရိကို တိုက်ခိုက်သည်။ သို့ရာတွင် ရုတ်တရက် မအောင်မြင်ဘဲ ရှိသဖြင့် ဂျာမန်တို့၏ အကူအညီကို တောင်းယူရသည်။ အီတလီတပ်များသည် ဗြိတိသျှတို့၏ လက်တွင် နှစ်ကြိမ်တိုင်တိုင် အကြီးအကျယ် ဆုံးရှုံးသည်။ အထူးသဖြင့် လစ်ဗျန်သဲကန္တရတိုက်ပွဲမှာ အီတလီတို့အဖို့ အနစ်နာဆုံး တိုက်ပွဲဖြစ်သည်။

ဗြိတိန်အား အမေရိကန်ကူရပြီ[ပြင်​ဆင်​ရန်​]

ဂရိနှင့် လစ်ဗီးယားတွင် အီတလီတပ်များ အရေးနိမ့်နေစဉ် အမေရိကန်ပြည်ထောင်စုသည် စစ်ထဲဝင်ရန် ခြေလှမ်းလျှက် ရှိသည်။ ဗြိတိသျှတို့သည် စစ်ပစ္စည်းများကို အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူလိုက်ရာ ၁၉၄၀ ပြည့်နှစ် အကုန်လောက်တွင် ဒေါ်လာငွေများ ကုန်ခမ်းသွားသဖြင့် အခက်အခဲနှင့် တွေ့ရလေသည်။ ဂျာမန်ယူဘုတ် ခေါ် ရေငုပ်သင်္ဘောများကလည်း မဟာမိတ် ကုန်းသင်္ဘောများကို အစားမထိုးနိုင်လောက်အောင် နှစ်မြှုပ်လျက်ရှိသည်။ ယင်းအခက်အခဲကို ကျော်နင်းနိုင်ရန် အမေရိကန် သမ္မတ ရူးစဗဲ့က နည်းလမ်းသစ်များကို တီထွင်လိုက်၏။ ထိုနည်းလမ်းများမှာ အမေရိကန်ပြည်ထောင်စုမှ စစ်ပစ္စည်းများကို ဗြိတိန်နိုင်ငံသို့ ခေတ္တငှားထားပြီးလျှင် စစ်ပြီးသောအခါ အမေရိကန်ပြည်ထောင်စုသို့ ပြန်ပေးအပ်ရန်ပင် ဖြစ်တော့သည်။ ထိုအစီအစည်မှာ ကောင်းလွန်းသောကြောင့် ၁၉၄၁ ခုနှစ်တွင် အမေရိကန်လွှတ်တော်က အငှားချအကြွေးပေး ဥပဒေကြမ်းကို အတည်ပြုလိုက်သည်။ စစ်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာ၌ ဂျာမန်ရေငုပ်သင်္ဘောများ၏ အန္တရာယ်ကို ကာကွယ်ရန် သင်္ဘောများကို အမေရိကန်ရေတပ်က ဥရောပတိုက်နှင့် အိုက်စလန်ကဒန်းအထာ အစောင့်အရှောက်နှင့် လိုက်ပို့ပေးခဲ့ရသည်။

အာဖရိက နှင့် အရှေ့အနီးပိုင်းနိုင်ငံများ[ပြင်​ဆင်​ရန်​]

စစ်ဖြစ်စနှစ်များအတွင်း၌ အပြင်းထန်ဆုံး တိုက်ပွဲများမှာ ဥရောပတိုက်တွင် ဖြစ်ပွားလေသည်။ ဂျာမန်တို့က အောင်ပွဲ တစ်ပွဲပြီး တစ်ပွဲရလျက်ရှိရာ ဂျာမန် စစ်မျက်နှာမှာလည်း ကျယ်ပြန့်သည်ထက် ပျယ်ပြန့်လာသည်။ ၁၉၄၀-၄၁ခုနှစ် ဆောင်းရာသီတွင် တိုက်ပွဲများ အကြီးအကျယ်မဖြစ်ပွားဘဲ ငြိမ်သက်လျက်ရှိသည်။ ထိုအတောအတွင်း နိုင်ငံရေးပရိယာယ်များကို ပြင်ဆင်ယင်း လာမည့် တိုက်ပွဲကြီးများအတွက် အားယူနေကြသည်။ ၁၉၄၁ ခုနှစ် နွေဦးပေါက်တွင် ငြိမ်သက်နေသော စစ်မျက်နှာသည် ရုတ်တရက် လှုပ်ရှားလာသည်။ ဂျာမန်တို့သည် ဗော်လကန်ဒေသ၊ အာဖရိကနှင့် အရှေ့အနီးပိုင်းနိုင်ငံများတွင် ထိုးစစ်ဆင်လေသည်။

၁၉၄၁ ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံသည် ဝင်ရိုးတန်းနိုင်ငံများနှင့် ပူပေါင်းပြီး ဂျာမန်စစ်တပ်များကို ဝင်ခွင့်ပြုလိုက်သည်။ ယူဂိုဆလားဗီးယားနိုင်ငံသည်လည်း ဝင်းရိုးတန်းမဟာမိတ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သွားသည်။ ဂရိနိုင်ငံသည်လည်း ဂျာမန်တို့၏ တိုက်ခိုက်ခြင်းကို ခံရသည်။ ယခင်က အီတလီတပ်များအား အောင်မြင်စွာခုခံနိုင်ခဲ့သော ဂရိတပ်များသည် အင်အားကြီးမားသော ဂျာမန်တပ်ကြီးကိုမူ အရှုံးပေးရတော့သည်။ ယခုအခါတွင် ဂျာမနီသည် ဗော်လကန် တစ်လျှာက်လုံးကို သိမ်းပိုက်မိပြီးဖြစ်ရာ ဥရောပတစ်တိုက်လုံးအား မိမိခြေဖဝါး အောက်တွင် ထားရှိကာ ဆိုဗီယက် ရုရားတစ်ဦးတည်းကိုသာ တိုက်ခိုက်ရန်ကျန်တော့သည်။

အဒေါ့ ဟစ်တလာ
အဒ်ဒေါ့လ်ဖ် ဟစ်တ်တလာ

ဂျာမန်တပ်များက စစ်ပွဲတစ်ခုပြီး တစ်ခု ခံယူနေကြသည့် အချိန်တွင် ဗြိတိသျှတို့၏ဂုဏ်သတင်းမှာ များစွာ ယုတ်လျော့နေသည်။ အာဖရိကတိုက်ပွဲများတွင် ဂျာမန်တို့သည် ပွဲဦးထက် အောင်ပွဲများ ရရှိကြပေသည်။ ဂျာမန်ဗိုလ်ချုပ်ကြီး ရွမ်းမဲအုပ်ချုပ်သော တပ်များသည် လစ်ဗီးယားတွင် ထိုးစစ်ဆင်ကာ အီဂျစ်ဘက်သို့ ချီတက်လျှက်ရှိသည်။ ဗြိတိသျှတပ်များသည် အပြင်းဆုတ်ခွာပြီးလျှင် တိုဗရွတ်မြို့သို့ ရောက်ရှိသောအခါ ထိုနေရာမှနေ၍ အပြင်းအထန်ခုခံလေသည်။ နောက်ဆုံး၌ အီဂျစ်နိုင်ငံ ဆိုလစ်မြို့တွင် ဂျာမန်တို့အား ကြံ့ကြံ့ခံလေသည်။ ဂျာမန်တပ်များရှေသို့ မတိုးနိုင်တော့ချေ။ မေလတွင် ဂျာမန်တို့သည် မြေထဲပင်လည်အတွင်းရှိ ကရိကဒန်းကို လေထီးတပ်သားများ အသုံးပြုကာ အပြင်းအထန်တိုက်ခိုက်လေသည်။ ဗြိတိသျှတို့က စွမ်းအားရှိသမျှ ခုခံပါသော်လည်း ဂျာမန်လေတပ်ဒဏ်ကို မခံနိုင်ဘဲ ဆုတ်ပေးကြရသည်။ တိုက်ပွဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတစ်ရပ်ပင် ဖြစ်ပါတော့သည်။ ယင်းတိုက်ပွဲတွင် ဂျာမန်တို့ဘက်က လူ ၂၀၀၀၀ခန့် ဆုံးရှုံး၍ အဂၤလိပ်ဘက်မှ ၁၅၀၀၀ ခန့်ဆုံးရှုံးသည်။ ကရိကဒန်းကျဆုံးရခြင်းမှ ဗြိတ်သျှတို့အဖို့ ဆုံးရှုံးမှုကြီးတစ်ခုပင် ဖြစ်သည်။ အီရတ်နိုင်ငံတွင် နာဇီတို့၏ အကူအညီဖြင့် တော်လှန်ရေးဖြစ်ပွားလျက် အီရတ်တို့နှင့် ဗြိတိသျှတို့ တိုက်ခိုက်ကြသည်။ ပြင်သစ်ပိုင် ဆီးရီးယားပြည်တွင်လည်း ဂျာမန်တို့ ခြိမ်းခြောက်လျှက်ရှိသည်။ ကရီကဒန်းကျသွားပြီ:နောက် ဗြိတိသျှတို့သည် ဂျာမန်တို့ လက်မဦးခင် ဆီးရီးယားနှင့် လက်ဗနွန်ကို သိမ်းပိုက်လိုက် ကြသည်။ ဟစ်တလာသည် ဥရောပအရှေပိုင်းသို့ စစ်မျက်နှာဖြန့်နေစဉ် သိမ်းပိုက်ထားသော ဥရောပ အနောက်ပိုင်းတွင်လည်း အခြေအေနခိုင်မြဲအောင် ကြိုးပမ်းလေသည်။ဂျာမန် ဩဇာခံ ဗီရှိအစိုးရကလည်း ဟစ်တလာနှင့် ပူးပေါင်း၍ ဂျာမနီနှင့် ပြင်သစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများအတွက် စည်းဝေးတိုင်ပင်ကာ အစီအစဉ်များ ပြုလုပ်လေသည်။

နာဇီစစ်ဦး ဆိုဗီယက်သို့ လှည့်ပြီ[ပြင်​ဆင်​ရန်​]

၁၉၃၉ခုနှစ်မှစ၍ အတိအလင်း ဖြစ်ပွားခဲ့သော ကမ္ဘာစစ်သည် ယုတ်လျော့ခဲ့သည်ဟူ၍ မရှိခဲ့ဘဲ တစ်နေ့တစ်ခြား ကျယ်ပြန့်ကူးစက်လာသည်။ ၁၉၄၁ခုနှစ်တွင် ဆိုဗီယက်ရုရှားစစ်ထဲသို့ ဝင်ရောက်လာသည်။ ဤသို့ဝင်ရောက်ရခြင်းမှာကား ဂျာမနီက စတင်တိုင်ခိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ ဂျာမနီသည် အခြားနိုင်ငံများကို စိတ်ချလက်ချ တိုက်ခိုက်ရန်အတွက် ဆိုဗီယက်ရုရှားနှင့် မကျူးကျော်ရေး စာချုပ်ကို ပြုလုပ်ထားသော်လည်း ဆိုဗီယက်၏ အင်အားကို အမြဲတမ်း စိုးရိမ်လျက်ရှိနေခဲ့သည်။ ဗြိတိန်ကို အင်တိုက်အားတိုက် ဝင်ရောက်မတိုက်ခိုက်ခြင်းမှာလည်း ဆိုဗီယက် ရုရှား၏ နောက်ပိုင်းရန်ကို စိတ်မချခြင်းကြောင့်ဖြစ်သည်။သို့ဖြစ်ရာ ဥရောပ တစ်တိုက်လုံးအား အုပ်စိုးမိသောအခါ နာဇီစစ်ဦးသည် ဆိုဗီယက်ရုရှားဘက်သို့ လှည့်လေသည်။ ၁၉၄၁ ခုနှစ် ဇွန် ၂၂ ရက်နေ့တွင် ဂျာမန်တပ်များသည် ဆိုဗီယက်-ဂျာမန် မကျူးကျော်ရေးစာချုပ်ကို ဖောက်ဖျက်ကာ ဆိုဗီယက်ရုရှားကို တိုက်ခိုက်လေတော့သည်။ ဂျာမန်တို့သည် အဓိက စစ်ကြောင်းကြီး သုံးကြောင်းခွဲ၍ ချီတက်သည်။

ဂျာမန် အကျဉ်းစခန်းရှိ ကိုယ်လုံးတီးဖြစ်နေသော ဆိုဗီယက် စစ်သားများ

မြောက်ဘက်စစ် ကြောင်းမှာ ဗော်လတစ်နိုင်ငံများကို ဖြတ်၍ လီနင်ဂရက်မြို့တော်သို့ ဦးတိုက်လေသည်။ အလယ်စစ်ကြောင်းမှာ ဝှိုက်ရပ်ရှားခေါ် ရုရှားဖြူနယ်ကို ဖြတ်၍ မော်စကိုမြို့တော်သို့ ဦးတည်လေသည်။ တောင်ဘက်စစ်ကြောင်းမှာ ယူကရိန်းနယ်နှင့် ကော်ကေးဆပ်နယ်ကို ဦးလှည့်ထားသည်။ ဆိုဗီယက်တို့ကလည်း စစ်တပ်များကို သုံးစုခွဲကာ ဂျာမန်တို့အား ခုခံရန် ပြင်ဆင်ထားသည်။ ဂျာမန်တို့၏ မြောက်ဘက်စစ်ကြောင်းနှင့် အလယ်စစ်ကြောင်းမှာ အလွန်လျှင်မြန်စွာ ချီတက်လျက်ရှိသည်။ ဇူလိုင်လတွင် အလယ်စစ်ကြောင်းသည် စမိုလင့်မြို့အထိရောက်၍ မြောက်ဘက်စစ်ကြောင်းမှာ ဗော်လတစ်နယ်များအားလုံးကို သိမ်းပိုက်မိလေသည်။ စမိုလင့်တွင် ဆိုဗီယက်တို့ အပြင်းအထန်ခုခံကြရာ ဂျာမန်တမ်းများ ရှေ့သို့မတက်နိုင်ဘဲ တစ်လခန့် ကြန့်ကြာသွားလေသည်။ ထိုသို့ ကြန့်ကြာသွား သောကြောင့်လည်း ဂျာမနီတို့ မော်စကိုမြို့တော်ကို လက်လွတ်ရလေသည်။မြောက်ဘက်တွင်ကား ဂျာမန်တို့သည် လီနင်ဂရက်မြို့အနီးသို့ ရောက်လာသည်။ ဖင်းလူမျိုးတို့ကလည်း ဂျာမန်တို့ဘက်မှ ဝင်ရောက်တိုက်ခိုက်သည်။

ဆိုဗီယက်တို့အား နာဇီတို့က ဤသို့သတ်ဖြတ်
ဆိုဗီယက်တို့အား နာဇီတို့က ဤသို့သတ်ဖြတ်

သို့သော် လီနင်ဂရက်မြို့တွင်းသို့ကား မဝင်ရောက်နိုင်ချေ။ တောင်ဘက်တွင် ဂျာမန်တို့သည် ယူကရိန်းသို့ဝင်ရောက်ပြီးလျှင် ကီးယက်မြို့နှင့် စက်ရုံများစွာရှိသော အိုဒက်ဆာမြို့သို့ သိမ်းပိုက်လိုက်သည်။ ခါခေါ့မြို့မှာလည်း ဂျာမန်တို့လက်တွင်းသို့ ကျဆင်းရလေသည်။ ဤသို့လျှင် ဂျာမန်တို့သည် မြို့များကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်ကြသော်လည်း သူတို့၏ အကျအဆုံးများမှာ မနည်းလှချေ။ မြေတစ်လက်မကို အသက်ပေါင်းများစွာဖြင့်လဲ၍ ခဲယဉ်းစွာ တိုက်ယူရလေသည်။

အမေရိကန်နှင့် ဂျပန် စစ်ထဲသို့ ဝင်လာခြင်း[ပြင်​ဆင်​ရန်​]

ယူကရိန်းနယ်တွင် ဆိုဗီယက်တို့၏ စက်မှုလက်မှု အဆုံးအရှုံးမှာ ကြောက်ခမန်းလိလိ များပြားလှသော်လည်း နောက်ထပ်ပြုလုပ်သော ပစ္စည်းများနှင့် နိုင်ငံခြားအကူအညီကြောင့်သာ ခံနိုင်ရည် ရှိလေသည်။ ထို့အပြင် အတ္တလန္တိတ်စာချုပ်ကို ချုပ်ဆိုပြီးသည့်နောက် အမေရိကန်နှင့် ဗြိတိန်ကလည်း ဆိုဗီယက်အား အကူအညီပေးရန် အတိအလင်း ထုတ်ပြန်ကြေငြာသည်။ ဆိုဗီယက်တို့က ဒုတိယ စစ်မျက်နှာ ဖွင့်ပေးရန် တောင်းဆိုကြသည်။ သို့ရာတွင် ဗြိတိသျှတို့က ဆိုင်းငံ့ထားလေသည်။ အာဖရိကတိုက် လစ်ဗီးယားနယ်တွင် ဗြိတိသျှအမှတ် ၈ တပ်မဟာက ဗိုလ်ချုပ်ရွမ်းမဲ၏ ဂျာမန်တပ်များကို မောင်းထုတ်လျက်ရှိသည်။ ထိုအချိန်ကား အလွန်ချမ်းသော ဆောင်းဥတုဖြစ်ရာ ရုရှားစစ်မြေပြင်သို့ ရောက်ရှိနေသော ဂျာမန်တပ်များမှာ အခက်အခဲနှင့် ကြုံတွေ့ကြရသည်။ အလယ်စစ်ကြောင်းတွင် ဂျာမန်တပ်များသည် မော်စကိုမြို့တော်မှ ၂၅မိုင်ခန့်သာ ဝေးတော့သည်။ သို့ရာတွင် အေးမြလှသော အအေးဒဏ်နှင့် ဆိုဗီယက်တို့၏ ပြင်းထန်သော ထိုးစစ်ကြောင့် ဂျာမန်တို့မှာ ရှေ့သို့ မတိုးနိုင်ဘဲ ဆုတ်ပေးကြရလေသည်။

အလယ်စစ်မျက်နှာတွင် ဆိုဗီယက်တပ်များ ထိုးစစ်ဆင်နေစဉ် တစ်ကမ္ဘာလုံး မမြှော်လင့်သော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။ ထိုနေ့သည်ကာ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ဖြစ်သည်။ ဝင်ရိုးစွန်းနိုင်ငံတစ်ခုဖြစ်သော ဂျပန်သည် စစ်မကြေညာဘဲ အမေရိကန်ပြည်ထောင်စုပိုင် ဟာဝိုင်ယန် ကျွန်း ပါးဟာဗာ ခေါ် ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဗုံးကြဲတိုက်ခိုက်သည်။ ထိုသို့ စတင် တိုက်ခိုက်ပြီး နာရီပေါင်း များစွာကြာမှ ဂျပန်အစိုးရက အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံကို စစ်ကျေညာလေသည်။ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ဂျပန်အား ပြန်၍ စစ်ကျေညာသည်။ ဂျာမနီနှင့် အီတလီတို့ကလည်း အမေရိကန်ပြည်ထောင်စုအား စစ်ကျေညာ၍ အမေရိကန်ပြည်ထောင်စုကလည်း ချက်ခြင်း တုံ့ပြန်သည်။ ဤသို့ဖြင့် ဒုတိယ ကမ္ဘာစစ်မီးမှာ တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားတော့သည်။

File:Soviet Offensive Moscow December 1941.jpg
မော်စကိုမြို့တော် တိုက်ပွဲရှိ ဆိုဗီယက်စစ်တပ်များ

[၁]

ပစိဖိတ် စစ်ပွဲ[ပြင်​ဆင်​ရန်​]

အနောက်ဥရောပတွင် အစပြုခဲ့သော ဒုတိယကမ္ဘာစစ်သည် ဂျပန်တို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် အရှေ့တိုင်းသို့ ကူးစက်လာခဲ့လေရာ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးသည် ဂျပန်နှင့် အဂၤလိပ်တို့ စစ်ခင်းရာ စစ်တလင်းကြီးဖြစ်လာခဲ့သည်။ ဂျပန်တို့သည် အဂၤလိပ်၊ အမေရိကန်တို့၏ အငိုက်တွင် ဝင်စီးလိုက်ရသဖြင့် ပထမတွင် များစွာစစ်ရေးသာလျက် ရှိသည်။ ဂျပန်တို့သည် စစ်အတွက် နှစ်ပေါင်းများစွာကပင် ပြင်ဆင်ထားခဲ့သည်။ စစ်သားများကိုလည်း အထူးလေ့ကျင့်ပေးထားသည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေးလမ်းပန်း အဆက်အသွယ်များမှာ ဂျပန်တို့အဖို့ များစွာ အဆင်ပြေလျက်ရှိသည်။ တိုက်ခိုက်ရာ၌ လက်ဦးသဖြင့် အလွယ်တကူ သိမ်းပိုက်ရရှိသော နေရာများကို စစ်စခန်းပြုလုပ်ကာ နောက်ထပ် ဆက်လက်၍ နယ်ပယ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်လေသည်။ သို့ဖြစ်၍ ငါးလတိုင်တိုင် ဂျပန်တို့သည် အောင်ပွဲများ တစ်ခုပြီးတစ်ခု ဆွတ်ခူးလျက်ရှိသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဗြိတိသျှတို့၏ အကြီးဆုံးနှင့် အကောင်းဆုံး စစ်သဘောၤကြီး နှစ်စင်းဖြစ်သော ဝေလမင်းသားနှင့် ရီပတ်တို့ကို ဂျပန်လေယာဉ်ပျံများက နှစ်မြှုပ်ပစ်လိုက်သည်။

ဂျပန်တို့၏ အောင်ပွဲများ[ပြင်​ဆင်​ရန်​]

တရုတ်နိုင်ငံမှ ရှန်ဟိုင်းမြို့အနီး စက်သေနတ်များတပ်များ ပုံးခိုရာ ကတုပ် ကျင်းတစ်ခု
တရုတ်နိုင်ငံမှ ရှန်ဟိုင်းမြို့အနီး စက်သေနတ်တပ်များ ပုံးခိုရာ ကတုပ် ကျင်းတစ်ခု

ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းများမှာ ဂျပန်တို့၏ လက်အောက်သို့ တဖြည်းဖြည်းကျဆင်းလျက်ရှိသည်။ ဂျပန်ရေတပ်သည် ဒီဇင်ဘာလအတွင်း၌ပင် ဂွမ်ကဒန်း၊ ဝိတ်ကဒန်းတို့ကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှပိုင် ဟောင်ကောင်ကျွန်းကို သိမ်းပိုက်လိုက်လေသည်။ ထို့နောက် ဂျပန်တို့သည် မလေးကျွန်းဆွယ်နှင့် ဖိလစ်ပိုင်ကျွန်းတို့ကို တိုက်ခိုက်သည်။ ဖိလစ်ပိုင်ကဒန်းရှိ ဗိုလ်ချုပ် မက်အာသာအုပ်ချုပ်သော အမေရိကန် ဖိလစ်ပီနိုတပ်များက အပြင်းအထန် ခုခံသော်လည်း စစ်အင်အားချင်း မမျှသဖြင့် ဆုတ်ခွာပေးရသည်။ လူဇုန်၊ ဗာတန်း၊ ကော်ရီဂျီဒေါ်ကျွန်းတို့မှာ တစ်ခုပြီးတစ်ခု ဂျပန်တို့ လက်တွင်းသို့ ဆင်းသက်ရလေသည်။ အမေရိကန်စစ်သား အမြောက်အများပင် သုံ့ပန်းအဖြစ် အဖမ်းခံရလေသည်။ ပစိဖိတ်အနောက်တောင်ပိုင်းတွင်လည်း ဂျပန်တို့မှာ အထူးပင် စစ်ရေးသာလျက်ရှိသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလတွင် စတီးဗီးကျွန်းနှင့် မလေးပြည်မကြီးကို အင်္ဂလိပ်တို့ လက်လွတ်လိုက်ရသည်။ ထိုအချိန်တွင် မြန်မာပြည်သို့လည်း စစ်မီးကူးစက်လျက်ရှိပေပြီ။

ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အရှေ့တိုင်း၌ ဗြိတိသျှတို့၏ အကြီးဆုံးခံတပ်ဖြစ်သော စင်ကာပူခံတပ်ကြီး ကျဆုံးလေသည်။ မဟာမိတ်တို့၏ အရှေ့ပိုင်းအင်အား ပြိုကွဲလေသည်။ အင်္ဂလိပ်၊ အမေရိကန်နှင့် ဒပ်ချ်တို့သည် ဆက်လက်၍ မခုခံနိုင်ကြတော့ချေ။ ဆူမတြား၊ ဂျာဗားနှင့် ဒပ်ချ်ပိုင်ကျွန်းများမှာ တစ်ကျွန်းပြီး တစ်ကျွန်း ဂျပန်လက်အောက်သို့ ကျရောက်ရလေသည်။ မြန်မာပြည်ဘက်တွင်လည်း မေလလောက်တွင် ဂျပန်တို့သည် မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်မိလေသည်။ ယင်းသို့အားဖြင့် ဂျပန်၏ အာဏာစက်ကွင်းမှာ ခြောက်လအတွင်းတွင် ပစိဖိတ် အနောက်တောင် ဒေသများကို လွမ်းခြုံမိလေတော့သည်။

အာရှအရှေ့တောင်ပိုင်းတွင် ဗြိသိသျှနှင့် မဟာမိတ်နိုင်ငံများ၏ အဆုံးအရှုံးမှာ များပြားလှသည်။ သဘာဝပစ္စည်းများ၊ ကုန်ကြမ်းများ၊ အသီးအနှံများဖြင့် ကုံလုံကြွယ်ဝသော နိုင်ငံများကို လက်လွတ်လိုက်ရသည်။မြန်မာပြည်မှ ဆန်နှင့် ရေနံ၊ မလ္လာယုကျွန်းဆွယ်မှ ကော်ဖတ်၊ ဒပ်ချ်ကျွန်းများမှ သကြားစသော ပစ္စည်းများကို ဂျပန်တို့ ရရှိလိုက်ကြသဖြင့် ဂျပန်တို့မှာ အင်အား ပိုမိုတောင့်တင်းသွားတော့သည်။ ထို့အပြင် စစ်ရေးစစ်ရာတွင်လည်း ဂျပန်သည် ပစိဖိတ်အနောက်တောင်ပိုင်းကို လက်ကိုင်ပြုထားရသဖြင့် များစွာအခွင့်အရေးသာလျက် ရှိလေသည်။ ယင်းသို့ အဘက်ဘက်တွင် အရှုံးနှင့်သာ ရင်ဆိုင်နေရသော်လည်း မဟာမိတ် နိုင်ငံများမှာ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ဤစစ်ကို မနိုင်မနေဟူသော ဇွဲသတ္တိဖြင့် ဆက်လက်တိုက်ခိုက်လျက်ရှိလေသည်။

စင်ကာပူ ခံတပ်ကြီး၌မဟာမိတ်တို့ အရေးနိမ့်စဉ်
စင်ကာပူ ခံတပ်ကြီး၌မဟာမိတ်တို့ အရေးနိမ့်စဉ်

အမေရိကန် ပြည်ထောင်စုမှာ အငိုက်တွင် အတိုက်ခံရသဖြင့် ပထမတွင် အတန်ပင် နစ်နာဆုံးရှုံးသွားရသော်လည်း နောင်တွင် တဖြည်းဖြည်း အင်အားပြည့်တင်းလာပြီးလျှင် ရန်သူကိုပြန်၍ ထိရောက်စွာ တိုက်ခိုက်နိုင်လေသည်။ ဂျပန်သည် ဩစတီးလီးယား အရှေ့မြောက်ရှိ ကော်ရယ်ပင်လယ်ကို စိုးမိုးရန် ကြိုးစားသောအခါ အမေရိကန် တပ်များက အပြင်းအထန် ခုခံတိုက်ခိုက်သဖြင့် ဂျပန်တို့၏ ကြိုးစားအားထုတ်မှုမှာ အထမမြောက်တော့ချေ။ ဤတိုက်ပွဲမှာ ပစိဖိတ်တိုက်ပွဲတွင် ပထမ အကြီးကျယ်ဆုံး တိုက်ပွဲတစ်ပွဲဖြစ်သည်။ ကော်ရယ်ပင်လယ်တွင် အရေးနိမ့်သော ဂျပန်တို့သည် ပစိဖိတ်အလယ်ပိုင်း အမေရိကန် စစ်စခန်းတစ်ခုဖြစ်သော မစ်ဒဝေးကဒန်းကို ၁၉၄၂ ခုနှစ် ဇွန်လတွင် စစ်သင်္ဘော တပ်ကြီးဖြင့် တိုက်ခိုက်ပြန်သည်။ လေယာဉ်ပျံများလည်း နှစ်ဘက်စလုံးမှပင် ပါဝင်တိုက်ခိုက်ကြသည်။ ဤတိုက်ပွဲတွင်လည်း ဂျပန်တို့ပင် အရေးနိမ့်လေသည်။ ထိုနှင့် တစ်ချိန်တည်းမှာပင် ဂျပန်တပ်သားများသည် အလူးရှင်းကဒန်းများပေါ်သို့ တက်ရောက်နိုင်ကြလေသည်။

ရုရှားစစ်မျက်နှာ[ပြင်​ဆင်​ရန်​]

ဂျာမန်လေတပ်မတော်မှ လေထီးခုန်ဆင်းနေသော လေတပ်သားများ
ဂျာမန်လေတပ်မတော်မှ လေထီးခုန်ဆင်းနေသော လေတပ်သားများ

ပစိဖိတ်သမုဒ္ဒရာဘက်တွင် အမေရိကန်နှင့် ဂျပန်တို့ သဲသဲမဲမဲတိုက်ခိုက်နေစဉ် ဥရောပတွင် ဂျာမန်များသည် ဆိုဗီယက်ရုရှားကို နွေရာသီထိုးစစ်ဆင်လျှက်ရှိသည်။ ဆိုဗီယက်တို့သည် ဂျာမန်တို့အား ခုခံယင်း အဂၤလိပ်နှင့် အမေရိကန်တို့ကို ဥရောပတွင် ဒုတိယစစ်မျက်နှာဖွင့်ရန် တိုက်တွန်းလျက်ရှိသည်။ ဆိုဗီယက်နိုင်ငံခြားရေး ဝန်ကြီး မိလိုတော့ သည် ၁၉၄၂ခုနှစ် မေလတွင် လန်ဒန်နှင့် ဝါရှင်တန်မြို့တော်များသို့ သွားရောက်ဆွေးနွေးပြီးလျှင် ဒုတိယစစ်မျက်နှာဖွင့်ရေးကို ဆွေးနွေးခဲ့သည်။

၁၉၄၂ခုနှစ်ကစ၍ ဗြိတိသျှလေတပ်မတော်သည် ဂျာမန်စက်မှုလက်မှုအလုပ်ရုံကြီးများကို အပြင်းအထန် ဗုံးကြဲစပြုလေသည်။ မေလတွင် ကိုလုန်းမြို့ပေါ်သို့ လေယာဉ်ပျံ ၁၀၀၀ ကျော်ခန့်ဖြင့် သွားရောက်၍ ဗုံးကြဲဖျက်ဆီးသည်။ တနေ့လုံးပင် ဗြိတိသျှ လေတပ်သည် ဂျာမန်စစ်စခန်းများ၊ အလုပ်ရုံစက်ရုံများကို စနစ်တကျ ဗုံးကြဲဖျက်ဆီးလေသည်။ နာဇီများမှာ ဆိုဗီယက် ရုရှားကို ဖိတိုက်လျက်ရှိလေသည်။ ဂျာမန်တို့သည် ဆီဗတ်စတိုမြို့ကိုသိမ်းပိုက်၍ တောင်ပိုင်း စစ်မျက်နှာတွင် အတင်းထိုးစစ်ဆင်သည်။ သူတို့၏ရည်ရွယ်ချက်မှာ ကော်ကေးဆပ်ရေနံမြေသို့ ချီတက်ရန်ဖြစ်သည်။ ၁၉၄၂ခုနှစ် ဩဂုတ်လတွင် ဗောလဂါမြစ်ပေါ်ရှိ ဆိုဗီယက်စက်မှုလက်မှု မြို့ကြီးဖြစ်သော စတာလင်ဂရက်မြို့တော်ကို ဂျာမန်များ ဝိုင်းမိကြသည်။ ဆိုဗီယက်တပ်နီတော်သည် စတာလင်ဂရက်မြို့တော်ကို ရန်သူလက်သို့ အကျမခံဘဲ ရှိသမျှသော အင်အားကို ပေါင်းစု၍ ဂျာမန်တို့အား ရွပ်ရွပ်ချွံချွံ ခုခံလေသည်။ လူအင်အား၊ လက်ယာဉ်ပျံအင်အား၊ တင့်ကား အင်အားချင်း အဆမတန် ကွာခြားသော်လည်း မြေတစ်လက်မအတွက် အသက်ပေါင်း များစွာပေး၍ ခုခံကြသည်။ ဤတိုက်ပွဲတွင် ဆိုဗီယက် အမျိုးသားတို့၏ ခိုင်မြဲသော စိတ်ဓာတ်နှင့် ဇွဲသတ္တိကို ကမ္ဘာက ကောင်းစွာ သိရှိလာလေသည်။ ၁၉၄၂ ခု နိုဝင်ဘာလတွင် ဆိုဗီယက်တို့သည် တန်ပြန်ထိုးစစ်ဆင်ပြီးလျှင် စတာလင်ဂရက်နှင့် မော်စကို ကြားရှိ ဂျာမန်စစ်ကြောင်းကို ဖောက်ဝင်နေသည်။ ဂျာမန်တို့ သိမ်းပိုက်မြို့များကို ပြန်လည်ရရှိလေသည်။

သဲကန္တရတိုက်ပွဲများ[ပြင်​ဆင်​ရန်​]

နာဇီတို့သည် ဆိုဗီယက်စစ်မျက်နှာတွင် နွေရာသီထိုးစစ်ဆင်နေသည့် အချိန်မှာပင် အာဖရိကတိုက် လစ်ဗီးယားပြည်တွင်လည်း တိုက်ခိုက်လျက်ရှိသည်။ နာဇီစစ်သူကြီး ရွမ်းမဲသည် အဂၤလိပ်တို့အား အရှေ့ဘက်သို့ တဖြည်းဖြည်းတိုက်ထုတ်လျက်ရှိသည်။ နာဇီစစ်ကူများလည်း အဆက်မပြက် ရောက်လျက်ရှိရာ ဗြိတိသျှတပ်များလည်း နောက်သို့တဖြည်းဖြည်း ဆုတ်ပေးရလေသည်။ တိုဗရွတ်မြို့တွင်မူကား ဗြိတိသျှ တပ်သား ၃၀၀၀၀ မှာရန်သူလက်သို့ ကျရောက်သွားသည်။ ဂျာမန်တို့လည်း ရှေ့သို့ချီတပ်ရာ အယ်အားလမိန်း အရပ်တွင်မှ ရပ်တပ်သွားသည်။ အယ်အားလမိန်းမှာ အီဂျစ်နိုင်ငံ အယ်လက်ဇန္ဒြီးယားမြို့မှ မိုင် ၇၀ ခန့်သာ ဝေးကွာလေသည်။ ဗြိတိသျှတို့လည်း ရွမ်းမဲ၏ တပ်များ အယ်လက်ဇန္ဒြီးယားကို ကျော်လွန်ပြီးလျှင် ဆူးအပ်တူးမြောင်းအထိ ရောက်သွားမည်းစိုး၍ အလျင်အမြန် စစ်အင်အားဖြည့်တင်းလာသည်။ ဗြိတိသျှနှင့် အမေရိကန် လေတပ်ကိုလည်း အားဖြည့်၍ အသင့်ပြင်ထားသည်။ နိုဝင်ဘာတွင်မူကား မဟာမိတ်တို့က တဖန် စစ်ရေးသားပြန်သည်။ ဗြိတိသျှအမှတ် ၈ တပ်မဟာသည် အယ်အားလမိန်းတွင် ဂျာမန်နှင့် အီတလီတပ်များကို တိုက်ခိုက်အောင်မြင်လိုက်သည်။ ထိုအချိန်တွင် ဆိုဗီတို့ကလည်း စတာလင်ဂရက်မြို့တော်ကို အပြင်းအထန်ခုခံကာကွယ်လျှက် ရှိရာ ဂျာမန်တို့မှာ ရှေ့သို့မတိုးနိုင်တော့ဘဲ ထို့နေရာမှပင် နောက်သို့ပြန်ဆုတ်သွားကြရတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှတို့သည် ရွမ်းမဲ၏ တပ်များကို မောင်းထုတ်၍ ဒလကြမ်း ချီတပ်လျက်ရှိသည်။ ဆိုဗီယက်ရုရှားတွင်လည်း ဂျာမန်တို့သည် ခံစစ်ဖြင့် နောက်ဆုတ်ပေးနေရသည်။ ယင်းသို့ ဂျာမန်များ စစ်ရေးမလှဖြစ်ရခြင်းမှာ ဂျာမန်လေတပ်အင်အား များစွာ ယုတ်လျော့သွားသောကြောင့် ဖြစ်သည်။ ဂျာမန်စက်မှုလက်မှုဌာနများကို ဗြိတိသျှ လေတပ်က အကြီးအကျယ်သွားရောက်ဗုံကြဲထားခြင်းမှာ များစွာ ခရီးရောက်လျက်ရှိလေသည်။

ဥရောပ လေကြောင်းတိုက်ပွဲများ[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာစစ်တွင် ထူးခြားသည့်အချက်များမှာ လေကြောင်းတိုက်ပွဲများ ပိုမိုပြင်းထန်၍ အရေးပါလာခြင်းပင်ဖြစ်သည်။ စစ်စတင်ဖြစ်ပွားသည့် ဥရောပတိုက်တွင် လေကြောင်းတိုက်ပွဲများ အများဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်၏။၁၉၄၂ ခုနှသ၏စ် နှစ်ဦးမှစ၍ ဗြိတိသျှ လေတပ်မတော်သည် ဗုံးကြဲလေယာဉ်ပျံများကို တိုးတက်လုပ်ကိုင်ခြင်းအားဖြင့်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုမှ ပေးပို့သော လေယာဉ်ပျံများကို အသုံးပြုခြင်းအားဖြင့်လည်းကောင်း၊ လေတပ်အင်အားကို ဖြည့်တင်းပြီးလျှင် ဂျာမနီလေကြောင်းကို ထိုးစစ်ဆင်ခဲ့သည်။ ရှေးဦးစွာ ပြင်သစ်နိုင်ငံ ပါရီမြို့အစွန်းအဖျားရှိ စက်မှုလက်မှုဌာနများကို ဗုံးကြဲဖျက်ဆီးသည်။ ထို့နောက် တဖြည်းဖြည်းတိုးချဲ့၍ ဥရောပ ဝင်ရိုးစွန်းနိုင်ငံများကို ဗုံးကြဲလေယာဉ်ကြီးများဖြင့် တိုက်ခိုက်သည်။ ဗြိတိသျှလေတပ်သည် နေရာအနှံ့အပြားကို ဗုံးကြဲခြင်းမပြုဘဲ အရေးကြီးသော နေရာတစ်ခုတည်းကိုသာ ဖိ၍ ဗုံးကြဲဖျက်ဆီးသဖြင့် အထူးအောင်မြင်လေသည်။ ၁၉၄၂ ခု မေလတွင် ဆင်နွှဲသော ဗြိတိသျှလေတပ်ကြီး၏ ထိုးစစ်သည်ကား အပြင်းထန်ဆုံးဖြစ်ပေသည်။ လေယာဉ်ပျံ ၁၀၀၀ ကျော်သည် ဗုံးတန်ချိန် ၃၀၀၀ ကျော်ကို ကိုလုန်းမြို့ပေါ်သို့ ကြဲချခဲ့သည်။ ကရွပ်လက်နက်အလုပ်ရုံများရှိရာ အက်ဆင်မြို့ကိုလည်း လေယာဉ်ပျံ ၁၀၀၀ ကျော်ဖြင့် ဗုံးကြဲခဲ့သည်။ ထို့နောက် အမေရိကန်လေတပ်ပါ ဝင်ရောက်လာသောအခါ မဟာမိတ်တို့၏ လေတပ်အင်အားမှာ ဂျာမန်တို့ထက် အဆများစွာ သာသွားလေတော့သည်။ ၁၉၄၂ ခုနှစ်တွင် မဟာမိတ်တို့သည် အဂၤလန်တွင် စခန်းချ၍ ဥရောပရှိရန်သူစစ်စခန်းများ၊ စက်ရုံများ၊ လက်နက်ရုံများ၊ သဘောၤဆိပ်များ၊ ဘူတာရုံများနှင့် စစ်ဖက်ဆိုင်ရာနေရာဌာနများကို အကြီးအကျယ် ဗုံးကြဲဖျက်ဆီးကြသည်။ နေ့ရော ညပါလိုပင် လေယာဉ်ပျံ အစင်းပေါင်း ၇၀၀ ကျော်သည် အဂၤလိပ်ရေလက်ကြားကြီးကို ဖြတ်ကျော်ပျံသန်း၍ နာဇီ စစ်အချက်အခြာ နေရာများကို မှုန့်မှုန့်ညက်ညက် ချေမှုန်းလေသည်။ စစ်ဖြစ်စတွင် အင်အားကြီးမား၍ အလွန်ပင်အရေးပါခဲ့သော ဂျာမန်လေတပ်မှာ မဟာမိတ်တပ်ဒဏ်ကို အနိုင်နိုင် ခုခံရလေတော့သည်။

ဂျာမန်တို့ ဗွီဝမ်းဒုံးပျံကြီးအား ဆွဲထုတ်သယ်ဆောင်လာစဉ်

အဂၤလိပ်၊ အမေရိကန်လေတပ်၏ ဗုံးဒဏ်ကို အပြင်းအထန်ခံရသော နေရာမှာ နာဇီစက်မှုလက်မှုဌာနချုပ် ဖြစ်သော ရူးဝါးမြစ်ဝှမ်းဖြစ်သည်။ အက်ဆင်အရပ်ရှိ ကရွပ်လက်နက်ရုံများ၊ ကိုလုန်မြို့၊ ဟမ်းဗက်မြို့နှင့် အခြားသော စစ်နှင့်ဆိုင်သော အရေးပါသည့် မြို့များမှာလည်း ဗုံးဒဏ်ကို မချိမဆံ့ခံရလေသည်။ စစ်ဖြစ်စတွင် လန်ဒန်မြို့တော်သည် ဂျာမန်ဗုံးဒဏ်ကို အများဆုံး ခံရသကဲ့သို့ ယခုအချိန်တွင် ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်မြို့သည် မဟာမိတ်လေတပ်၏ ဖိထောင်းခြင်းကို ခံရလေသည်။ အမေရိကန် လေတပ်မှ မိုးပျံခံတပ်ကြီးများမှာ ဗုံးကြဲရာ၌ များစွာခရီးရောက်လေသည်။ ဂျာမန်တို့လည်း မဟာမိတ်လေကြောင်းရန်ကို တတ်နိုင်သလောက် ကာကွယ်ရန် ကြိုးစားကြ၏။ ၁၉၄၄-၁၉၄၅ ခုနှစ်များတွင်ကား ဂျာမနီသို့ လာရောက် ဗုံးကြဲသော မိုပျံခံတပ်များမှာ တစ်ကြိမ်လျှင် ၁၃၀၀ ထက်မနည်းပေ။ ဂျာမန်တို့ကလည်း လက်နက်ဆန်းများကို ထွင်၍ ပြန်လှန်တိုက်ခိုက်ကြသည်။ လန်ဒန်မြို့တော်အား ဗွီဝမ်းဗွီတူး စသော ဒုန်းပျံ လက်နက်ဆန်းများဖြင့် အဝေးမှပစ်ခွင်းကြသည်။ သို့ရာတွင် လူများကိုသာ ထိမှန်၍ စစ်ရေးအတွင် အရာမရောက်လှချေ။ မည်သို့ပင် ဆန်းပြားသော လက်နက်မျိုးကို တီထွင်အသုံးပြုသော်လည်း ဂျာမန်လေတပ်အင်အားသည် မဟာမိတ်လေတပ်အင်အားကို မလိုက်နိုင်တော့ချေ။ ဤသို့ဖြင့် လေကြောင်းစစ်တွင် ဂျာမန်တို့ အရေးနိမ့်ရလေသည်။

မြေထဲပင်လယ် စစ်မျက်နှာ(၁၉၄၂)-(၁၉၄၅)[ပြင်​ဆင်​ရန်​]

၁၉၄၂ ခုနှစ်မှစ၍ စစ်ကြီးပြီးဆုံးသည်အထိ မြေထဲပင်လယ်အတွင်းနှင့် အနီးနားတဝိုက်ရှိနိုင်ငံများတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။၁၉၄၂ ခုနှစ်တွင် ဟစ်တလာသည် အီဂျစ်နိုင်ငံကိုပင် အောင်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ အာဖရိကမြောက်ပိုင်း စစ်မျက်နှာတွင် ဂျာမန်စစ်သူကြီး မာရှယ်ရွမ်းမဲသည် အထူးပင် စစ်ရေးသာခဲ့သည်။ ဗြိတိသျှတပ်များသည် အီဂျစ်နယ်စပ်တလျှောက်ရှိ အယ် အားလမိန်း အထိ ဆုတ်ပေးရသည်။ သို့ရာတွင် ရွမ်းမဲသည် ဆူးအပ်တူးမြောင်းသို့ အရောက်ချီတက်ရန် အားခဲထားခြင်းကို လက်လျှော့ရတော့သည်။ ဗြိတိသျှ အမှတ် ၈ တပ်မဟာ၏ ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီသည် မိမိ၏ တပ်မကြီးကို ပြန်လည်ဖွဲ့စည်း၍ ဂျာမန်တို့အားတန်ပြန် ထိုးစစ် ဆင်လေရာ ဂျာမန်တို့ နောက်ဆုတ်ပေးရသည်။ ထို့နောက် အမေရိကန် စစ်ဗိုလ်ချုပ်အိုင်ဆင်ဟောင်းဝါးအုပ်ချုပ်သော မဟာမိတ်တပ်ပေါင်းစုများသည် မိုရိုကိုနှင့် အယ်လဂျီးယားကမ်းခြေသို့ တက်၍ တျူနစ်ဇီးယားသို့ အပြင်းချီတက်သွားသည်။ ဂျာမန်တို့လည်း နှစ်ဖက်ညှပ်မိ၍ လက်နက်ချရသည်။ အာဖရိကတိုက်ကို အောင်မြင်ပြီးနောက် ၁၉၄၂ ခု ဇူလိုင်လ ၁၀ ရက်နေ့တွင် အီတလီပိုင် စစ္စလီကဒန်းပေါ်တွင် မဟာမိတ်တပ်များတက်ရောက်ကြသည်။ အီတလီတပ်များပြိုကွဲ၍ မူဆိုလီနီလည်း ရာထူးမှကျလေသည်။ ၁၉၄၅ ခုနှစ် မေလ ၂ ရက်တွင်ကား အီတလီ မြောက်ပိုင်းရှိ ဂျာမန်နှင့် အီတလီတပ်များ လက်နက်ချရလေသည်။

ဒုတိယ စစ်မျက်နှာ[ပြင်​ဆင်​ရန်​]

နောမန်ဒီ ကမ်းခြေသို့ တက်ရောက်လာသော မဟာမိတ်တပ်များ
နောမန်ဒီ ကမ်းခြေသို့ တက်ရောက်လာသော မဟာမိတ်တပ်များ

၁၉၄၂-၁၉၄၃ ခုနှစ်များတွင် ဟစ်တလာသည် ဆိုဗီယက်ရုရှားကိုသာ ဖိတိုက်နေသဖြင့် ဆိုဗီယက် အစိုးရက အဂၤလိပ်နှင့် အမေရိကန်တို့အား ဥရောပအနောက်ပိုင်း၌ ဒုတိယ စစ်မျက်နှာတစ်ခုဖွင့်ရန် တိုက်တွန်းလိုက်သည်။ အဂၤလိပ်နှင့် အမေရိကန်တို့မှာ ဆိုဗီယက်အစိုးရ၏ တောင်းခံချက်အတိုင်း ဒုတိယစစ်မျက်နှာကို ဖွင့်လိုသော်လည်း လုပ်ရမည့် လုပ်ငန်းမှာ ကြီးကျယ်ခက်ခဲလှသဖြင့် ရုတ်တရက် ထိုးစစ်မဆင်နိုင်သေးဘဲ ဥရောပတိုက်ကို ပြန်လည် သိမ်းပိုင်နိုင်ရေးအတွက် အစီအစဉ်များကို အပူတပြင်း လုပ်ကိုနေကြရသည်။ ၁၉၄၄ ခုနှစ်ဇွန်လ ၆ ရက်နေ့တွင်ကား ဗိုလ်ချုပ်အိုင်ဆင်ဟောင်းဝါး အုပ်ချုပ်သော မဟာမိတ် တပ်ပေါင်းစုသည် ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှ ဥရောပတိုက်ပေါ်သို့ တက်ရောက်ကြသည်။ ထို့နေ့ကို ကမ္ဘာ့သမိုင်းတွင် ဒီ-ဒေး (D-Day)ထင်ရှားလေသည်။ ဤတွင်မှသာ ဆိုဗီယက်တို့ တောင်းတလျက်ရှိသော ဒုတိယ စစ်မျက်နှာ ပေါ်ပေါက်လာတော့သည်။ စိန်လိုးမြို့ကျဆုံးပြီးသည့်နောက် ဂျာမန်တပ်များမှာ နောက်သို့ တဆုတ်တည်း ဆုတ်နေကြရသည်။ နောက်သုံးပတ်မျှ ကြာသောအခါ အမေရိကန်နှင့် ပြင်သစ်တပ်များသည် မြေထဲပင်လယ် ကမ်းခြေမှနေ၍ ပြင်သစ်နိုင်ငံပေါ်သို့ တက်ရောက်ကြပြီးလျှင် ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြင်သစ်မြို့တော် ပါရီမြို့ကို သိမ်းပိုက်မိကြသည်။ မဟာမိတ်တပ်ပေါင်းစုသည် ဆုတ်ခံလျက်ရှိသော ဂျာမန်တပ်များကို လိုက်လံတိုက်ခိုက်ရင်း ရှေ့သို့ တွင်တွင်ကြီး ချီတက်လျက် ဗယ်လဂျီယမ်၊ လပ်ဇင်ဗတ်နှင့် ဟော်လန် စသောနိုင်ငံများကို ဂျာမန်တို့လက်မှ ကယ်တင်လိုက်သည်။ အဂၤလိပ်ရေလက်ကြားကြီးကိုလည်း ပြန်လည်စိုးမိုးနိုင်လေသည်။ ဂျာမန်တပ်များမှာ ပြင်သစ်နိုင်ငံမှ တဖြည်းဖြည်း မောင်းထုတ်ခံခြင်း ခံရလေသည်။ ၁၉၄၅ ခုနှစ်ဆန်းတွင် ဆိုဗီယက်တပ်များက ပိုလန်နှင့် ဗောလတစ်နိုင်ငံများကို သိမ်းပိုက်လိုက်သည်။ ဂျာမန်လက်တွင်း ကျရောက်နေသော ရူးမေးနီးယား၊ ဘူလဂေးရီးယား၊ ဖင်လန် စသောနိုင်ငံများလည်း ဆိုဗီယက်တို့အား လက်နက်ချကာ အရှုံးပေးကြရသည်။ တူရကီကလည်း ဂျာမနီနှင့် အဆက်အသွယ် ဖြတ်လိုက်လေသည်။ ယခင်က ဂျာမနီ၏ မဟာမိတ်နိုင်ငံများကပင် ဂျာမနီအား စစ်ကြေညာ၍ ပြန်လှန်တိုက်ခိုက်ကြသည်။ ယူဂိုဆလားဗီးယားတွင်ကား မာရှယ်တီးတိုးခေါင်းဆောင်သော ပြောက်ကျားတော်လှန်ရေး တပ်သားများသည် ဖက်ဆစ်တို့ကိုတွန်းလှန်လျက်ရှိလေသည်။

ဘာလင်စစ်ပွဲအပြီး ဘာလင်မြို့လယ်ရှိ လမ်းတစ်ခု

ဂရိနိုင်ငံကိုလည်း ၁၉၄၄ ခုနှစ် နိုဝင်ဘာလတွင် ကယ်တင်လိုက်ကြသည်။ ဤသို့ဖြင့် ဥရောပတွင် ဂျာမနီတစ်ဦးတည်းသာလျှင် ကျန်ရှိလေတော့သည်။

၁၉၄၅ ခုနှစ် နွေဦးတွင် မဟာမိတ်တပ်ပေါင်းစုသည် ဂျာမနီတွင် အပြင်းထိုးစစ်ဆင်ကာ ရိုင်းမြစ်ကို ဖြတ်ကူ၍ ဂျာမန်မြို့ကြီးများကို သိမ်းယူလေသည်။ ဧပြီလ ၂၁ ရက်နေ့တွင် အရှေ့ဘက်မှ အောင်ပွဲဆင်လျက်ရှိသည် ဆိုဗီယက်တပ်နီတော်သည် ဘာလင်မြို့တော်သို့ ဝင်ရောက်ခဲ့သည်။ သို့ရာတွင် ဟစ်တလာကား လက်မလျော့သေးပေ။

ကြွင်းကျန်နေသော အင်အားစုနှင့်ပင် ခုခံလျက်ရှိသေးသည်။ အရှေ့ဘက်မှ ချီတက်လာသော ဆိုဗီယက်တပ်များနှင့် အနောက်ဘက်မှ ချီတက်လျက်ရှိသော အမေရိကန်တပ်များလာသော တွေ့ဆုံမိသောအခါ ဂျာမနီသည် နှစ်ခြမ်းကွဲသွားလေသည်။ ဂျာမန်စစ်တပ်များလည်း တဖွဲဖွဲ လက်နက်ချလျက်ရှိသည်။ စစ်ကြီးကား ပြီးလုနီးလေပြီ။

အမေရိကန်နှင့် ဆိုဗီယက်တို့ အယ်ဘီမြစ်အနီးတွေ့ဆုံကြစဉ်
File:Reichstag flag original.jpg
ဆိုဗီယက် စစ်သားတစ်ဦး အလံကို၍ဝှေ့ရမ်း အောင်ပွဲဆင်နေစဉ်

ဧပြီလ ၂၈ ရက်နေ့တွင် အီတလီ ဖက်ဆသ် ဆန့်ကျင်ရေးသမားများက အာဏာရူး မူဆိုလီနီအား သုတ်သင်လိုက်ကြသည်။ မေလ ၁ ရက်နေ့တွင်မူ ဟစ်တလာ သေဆုံပြီးဆိုသော သတင်းကို ဂျာမန်ရေဒီယိုက ကျေညာသည်။ နောက်တစ်နေ့တွင် ရုရှားတပ်နီတော်က ဘာလင်မြို့ကို သိမ်းပိုက်လိုက်သည်။ ထိုနောက် ငါးရက်မျှအကြာ မေလ ၇ ရက်နေ့တွင် ဂျာမနီက ချွင်းချက်မရှိ လက်နက်ချလေသည်။ သို့ဖြင့် ဥရောပ စစ်ပွဲကြီးကား ပြီးဆုံးသွားလေပြီ။

အရှေ့ဖျား စစ်မျက်နှာ အဆုံးသတ်[ပြင်​ဆင်​ရန်​]

ဥရောပစစ်မျက်နှာတွင် ဂျာမန်နှင့် အခြားဖက်ဆစ် အင်အားစုများ အရေးနိမ့်လျက်ရှိစဉ် ကမ္ဘာအရှေ့ဖျားစစ်မျက်နှာတွင်လည်း ဂျပန်တို့ တဖြည်းဖြည်း အင်အားဆုတ်ယုတ်လျက် သိမ်းပိုက်ပြီး နယ်မြေများမှ ဆုတ်ခွာနေကြရသည်။ ပစိဖိတ်စစ်မျက်နှာတွင် အမေရိကန်ပြည်ထောင်စုက တာဝန်ယူ၍ အခြားမဟာမိတ်နိုင်ငံများနှင့် အတူတိုက်နေရသည်။ ပစိဖိတ်အလယ်ပိုင်းဒေသတွင် အမေရိကန်ရေကြောင်းဗိုလ်နီမစ်က အုပ်ချုပ်၍ ပစိဖိတ် အနောက်ပိုင်းတွင် ဗိုလ်ချုပ်အာသာက အုပ်ချုပ်ပြီးလျှင် အာရှအရှေ့တောင်ပိုင်းတွင်မူ ဗြိတိသျှရေကြောင်းဗိုလ်ချူပ် မောင့်ဘက်တန်က တာဝန်ယူရသည်။ တရုတ်စစ်တပ်များကို ချန်ကေရှိတ်က ဦးစီးလျက်ရှိသည်။

ဂျပန်-အမေရိကန်တိုက်ပွဲဝင် အမေရိကန်လေယာဉ်ပျံများ
ဂျပန်-အမေရိကန်တိုက်ပွဲဝင် အမေရိကန် လေယာဉ်ပျံများ

မဟာမိတ်တပ်ပေါင်းစုများ၏ လူအင်အားလက်နက်အင်အား စစ်ပစ္စည်းအင်အားမှာ ဂျပန်တို့ထက် များစွာသာလွန်သော်လည်း ဂျပန်ကျွန်းပေါ်သို့ တက်ရောက်သိမ်းပိုက်ရန် လုငန်းမှာ မလွယ်ကူလှချေ။ အထူးလေ့ကျင့်ထားသော ဂျပန်စစ်သားများမှာလည်း အသက်နှင့်လဲ၍ ခုခံကာကွယ်လျက်ရှိသည်။ သို့ဖြစ်လေရာ ပထဝီ အနေအထားနှင့် ဂျပန်စစ်သားများ၏ အရှုံးမပေးလိုသော စိတ်ဓာတ်ကြောင့် အမေရိကန်တပ်များသည် ကျွန်းတစ်ကျွန်းကို သိမ်းယူရန်အတွက် အသက်ပေါင်းများစွာ စွန့်လွတ်ကာ ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲရလေသည်။ ပစိဖိတ်အလယ်ပိုင်းတွင် ရေကြောင်းဗိုလ်ချူပ် နီမစ်သည် ဂျပန်ကျွန်းမကြီးများကို တိုက်ခိုက်ရန်အတွက် စစ်စခန်းများရရှိရန် ဂီးလဘတ်ကဒန်း၊ မာရှယ်ကဒန်း၊ ဆိုင်ပန်ကဒန်း၊ မယ်ရီယန္နားကဒန်းများနှင့် ပါလောင်ကျွန်းများကို တိုက်ခိုက် သိမ်းယူလေရာ ဂျပန်စစ်သားများကလည်း စွန့်စွန့်စားစား ပြန်လှန်၍ ခုခံတိုက်ခိုက်ကြသဖြင့် နှစ်ဦးနှစ်ဖက် အကျအဆုံးမှာ ကြောက်ခမန်းလိလိဖြစ်တော့သည်။ အလယ်ပိုင်း စစ်မျက်နှာတွင် နီမစ်၏ တပ်များက ကျွန်းကလေးမျာငို ဤသို့တိုက်ခိုက်နေစဉ် မက်အာသာ၏ တပ်များသည် ဖိလစ်ပိုင်ကျွန်းစုရှိလေးတီးကျွန်းပေါ်သို့ တက်ရောက်ကြသည်။ ၁၉၄၅ ခုနှစ် ဇန်နဝါရီလတွင် လူဇုန်ကျွန်းထက်သို့ တက်ရောက်ကြသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မနီလာမြို့တော်ကို သိမ်းယူရရှိသည်။ ဇူလိုင်လ လောက်တွင် ဖိလစ်ပိုင်ကျွန်းအားလုံးကို သိမ်းပိုက်မိလေသည်။

နာဂစကီမြို့၌ အနုမြူဗုံးပေါက်ကွဲစဉ်
နာဂစကီမြို့၌ အနုမြူဗုံးပေါက်ကွဲစဉ်

အရှေ့ဖျားစစ်မျက်နှာတွင် အရေးကြီးသော စစ်မျက်နှာတစ်ခုမှာ မြန်မာပြည်မြောက်ပိုင်း အိန္ဒိယ နယ်စပ်တွင် ဖြစ်သည်။ ဂျပန်တို့သည် အာသံကိုဝင်ရောက်တိုက်ခိုက်ရန်ပြင်ဆင်နေကြသည်။ အာသံကို သိမ်းယူရန် သုံးကြိမ်တိုင်တိုင် ကြိုးစားသော်လည်း မအောင်မြင်ချေ။ ၁၉၄၄ ခုနှစ်တွင် အဂၤလိပ် အမေရိကန်တို့ကလည်း မြန်မာပြည်ကို ပြန်လည်သိမ်းယူရန် ကြိုးစားကြသည်။ ဗိုလ်ချုပ်ဝင်းဂိတ်၏ လေထီးတပ်သားများကို အထက်မြန်မာပြည်သို့ ချပေးကား ပျောက်ကျားစစ်ဆင်နွှဲစေခဲ့သည်။

မဟာမိတ်တပ်များ မိတ္ထီလာမြို့သို့ ချီတက်စဉ်
မဟာမိတ်တပ်များ မိတ္ထီလာမြို့သို့ ချီတက်စဉ်

၁၉၄၅ ခု မတ်လတွင် အဂၤလိပ်တို့ မန္တလေးကို ပြန်လည်သိမ်းယူသည်။ ထိုမတ်လအတွင်း၌ပင် ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားတို့သည် ဂျပန်ကို တော်လှန်တိုက်ခိုက်ကြသည်။ ထို့ကြောင့်လည်း မဟာမိတ်တို့က မြန်မာပြည်ကို လျင်မြန်စွာ ပြန်လည်သိမ်းပိုက်နိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကြီးမှုးသော ဗမာ့တပ်မတော်သားများသည် မြန်မာတစ်မျိုးသားလုံးအား ဖက်ဆစ်ဂျပန်ကို တော်လှန်ရာ၌ ခေါင်းဆောင်ခဲ့သည်။ မြန်မာတစ်မျိုးသားလုံးကလည်း ဗိုလ်ချုပ်အောင်ဆန်း ရှေ့ဆောင်ရာသို မသွေမဖီဘဲလိုက်ခဲ့၍ ဂျပန်များကို မြန်မာပြည်မှ အချိန်အနည်းငယ်အတွင်းတွင် မောင်းထုတ်နိုင်ခဲ့ပေသည်။

ရန်ကုန်မြို့အတွင်းသို့ ချီတက်လာသော တင့်ကား တစ်စီး

မဟာမိတ်တပ်များသည် ဂျပန်ကျွန်းကြီးများနှင့် မလှမ်းမကမ်းရှိသော ကျွန်းများကို တုက်ခိုက်ကြရာ ၁၉၄၅ ခု မတ်လတွင် အီဝိုဂျီးမားကျွန်းကိုလည်းကောင်း၊ ဧပြီလတွင် အိုကီနာဝါးကျွန်းကိုလည်းကောင်း အကျအဆုံးများစွာနှင့် သိမ်းယူရရှိသည်။ အမေရိကန် တပ်များလည်း ဂျပန်ကျွန်းမကြီးပေါ်သို့တက်ရောက်နိုင်ရန် အကြီးအကျယ် ပြင်ဆင်လျက်ရှိသည်။

အိန္ဒိယနိုင်ငံအတွင်းမှ ဗြိတိသျှစစ်သားများတိုက်ပွဲဝင်စဉ်
အိန္ဒိယနိုင်ငံအတွင်းမှ ဗြိတိသျှစစ်သားများတိုက်ပွဲဝင်စဉ်

ထိုသို့ ဂျပန်တို့၏အချက်အခြာ ကျွန်းမကြီးကို တိုက်ခိုက်ရန်စီစည်နေခိုက် မမျှော်လင့်သော အဖြစ်အပျက်များ ပေါ်ပေါက်လာသဖြင့် မူလစစ်အခြေအနေမှာ လုံးဝပြောင်းလဲသွားလေတော့သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့ပေါ်သို့ ပထမဆုံးအကြိမ် အနုမြူဗုံးတစ်လုံး ကြဲချလိုက်သည်။ ဩဂုတ်ခ ၈ ရက်နေ့တွင် ဆိုဗီယက်ရုရှားက ဂျပန်အား စစ်ကျေညာပြီးလျှင် မန်ချူးရီးယားကို ဝင်ရောက်တိုက်ခိုက်သည်။ ဩဂုတ်လ ၉ ရက်နေ့တွင် နောက်ထပ် အနုမြူဗုံးတစ်လုံးကို ဂျပန်နိုင်ငံ နာဂစကီမြို့ပေါ်သို့ ကြဲချလိုက်ပြန်သည်။ အနုမြူဗုံးကား သာမန်ဗုံးများထက် အဆပေါင်းများစွာ အင်အားကြီးမား၍ အထိရောက်ဆုံးသော လက်နက်ဖြစ်သည်။ လူဦးရေ သုံးသိန်းကျော်စီရှိသော ထိုမြို့ကြီး နှစ်မြို့မှာ သုံးပံ နှစ်ပုံခန့် ပြာအတိဖြစ်သွားသည်။ ထောင်ပေါင်းများစွာသော လူတိရစ္ဆာန်၊ အဆောက်အအုံများ သေကြေပျက်စီး၍ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိကြသည်။ ဂျပန်တို့ တာရှည်မခံနိုင်တော့ဘဲ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် လက်နက်ချကာ အရှုံးပေးလေသည်။ လက်နက်ချသော စာချုပ်ကို စက်တင်ဘာလ ၂ ရက်နေ့တွင် ဂျပန်အစိုးရက လက်မှတ်ရေးထိုးလေသည်။ ဤတွင် ကြောက်မက်ဖွယ်ကောင်းလှသော ဒုတိယ ကမ္ဘာစစ်ကြီးမှာ ပြီးဆုံးခြင်းသို့ ရောက်လေတော့သည်။

စစ်သုံ့ပန်းများ[ပြင်​ဆင်​ရန်​]

နိုင်ငံ အရေအတွက်
Soviet Union.png ဆိုဗီယက် ၄ သန်း မှ ၅.၇ သန်းထိ (ဂျာမန်တို့ ဖမ်းဆီးခြင်း ခံရခြင်း)
Flag of the NSDAP (1920–1945).svg ဂျာမဏီ (၁၁) သန်းခန့်
ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ် (၁.၈) သန်း
ပိုလန်နိုင်ငံ၏ အလံတော် ပိုလန် (၆၇၅၀ဝ၀) ခန့်
UK.png ဗြိတိသျှ နှစ်သန်း ခန့်
အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန် တစ်သိန်း သုံးသောင်းခန့်
ဂျာမန်တို့ ဖမ်းဆီးထားသည့် ဆိုဗီယက် စစ်သုံ့ပန်းများ

သေကြေ ပျက်စီးမှုများ[ပြင်​ဆင်​ရန်​]

WW II Deaths.png

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့အသုံးပြုခဲ့သော V1 ဒုံးပျံ[ပြင်​ဆင်​ရန်​]

V-1 ဒုံးပျံ

စစ်ပြီးနောက် အကျိုးဆက်များ[ပြင်​ဆင်​ရန်​]

လူသားများ မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာကြီးသည် နှစ်ငါးဆယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာစစ်ကြီး နှစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၁၄ - ၁၉၁၈ ခုနှစ် ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားသောအခါ ကမ္ဘာသူ ကမ္ဘာသားများသည် စစ်၏ဆိုးရွားပုံနှင့် အဖျက်သဘောတရားများကို မျက်ဝါးထင်ထင် တွေ့မြင်ကြရသဖြင့် နောက်ထပ် စစ်ဖြစ်မည်ကို အထူးစိုးရိမ်ခဲ့ကြသည်။ သို့ဖြစ်၍ စစ်နောက်ထပ် မဖြစ်ပွားစေရန် နည်းလမ်းများကို ရှာကြံရာမှ နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့ကြသည်။ သို့ရာတွင် ဤအသင်းကြီးမှာ မူလရည်ရွယ်ချက်များ မွန်မြတ်သလောက် လုပ်ငန်းကို ထိထိရောက်ရောက် မလုပ်နိုင်သဖြင့် ကမ္ဘာ့အခြေအနေမှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်သည့်အခြေတိုင်အောင် တစတစ ဆိုးရွားလာခဲ့သည်။

၁၉၃၉ - ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်သည် လူတိုင်းသိရှိသည့်အတိုင်း ပထမ ကမ္ဘာစစ်ထက် အစစအရာရာတွင် ကြီးကျယ်ပေသည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ သိပ္ပံပညာလည်း ထွန်းကားလာသဖြင့် စစ်လက်နက်များ၊ စစ်တပ်ကြီးများလည်း ကြီးကျယ်ဆန်းပြားလာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း၌ အပျက်အစီးများမှာ ယခင်စစ်များမှထက် အဆပေါင်း မြောက်မြားစွာ ပိုမိုခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ပြီးစီးသွားသောအခါ လူများသည် စစ်ကို အထူးမုန်းတီး ရွံရှာလာ၍ စစ်ကိုတားဆီးနိုင်မည့် နည်းလမ်းများကို ကြံဆကြပြန်သည်။ ဤသို့ဖြင့် ယခင် ပထမ ကမ္ဘာစစ်ကြီး အပြီးတွင် တည်ထောင်ခဲ့သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို မူသစ်ဖြင့် ပြန်လည် အသက်သွင်းပေးကာ ကုလသမဂ္ဂဟူသော အမည်ဖြင့် ဖွဲ့စည်းလိုက်သည်။ ကုလသမဂ္ဂသည် နောက်ထပ်ကမ္ဘာစစ်ကြီးကို မဖြစ်စေရန် တားဆီးနိုင်မည်လော၊ သို့တည်းမဟုတ် နိုင်ငံပေါင်းချုပ်အသင်းကြီး၏ နမူနာအတိုင်းပင် ဖြစ်သွားဦးမည်လော ဆိုသည်ကို အချိန်ကသာ သက်သေခံပေမည်။

စစ်ပြီး ကမ္ဘာ့အခြေအနေ[ပြင်​ဆင်​ရန်​]

မည်သည့်နိုင်ငံ မည်သည့်အရပ်ဒေသတွင် ဖြစ်စေ စစ်ဖြစ်ပွားပြီးသည့်နောက် အခြေအနေ အရပ်ရပ်မှာ နည်းများမဆို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်မှာ ဓမ္မတာပင် ဖြစ်သည်။ စီးပွားရေးနိုင်ငံရေးပညာရေး၊ ပြည်ထောင် အချင်းချင်း ပေါင်းသင်းဆက်ဆံရေး စသည်တို့မှာ ဆုတ်ယုတ်သွားသည်လည်း ရှိသည်။ တိုးတက်လာသည်လည်း ရှိသည်။ လက်အောက်ခံ နိုင်ငံကလေးများအနက် အချို့မှာ သခင်အပြောင်းအလဲ ရှိကြ၍ အချို့မှာ လွတ်လပ်ရေး ရရှိသွားကြသည်။ စစ်ရှုံးသော နိုင်ငံများကို စစ်နိုင်သော နိုင်ငံကြီးများက ခွဲခြမ်းအုပ်ချုပ်ကြသည်။ တစ်ခါတစ်ရံ နိုင်ငံသစ်လေးများလည်း ဖြစ်ထွန်းလာတတ်သည်။ ယင်းသို့ ယေဘုယျ နိုင်ငံရေး အခြေအနေ ပြောင်းလဲသွားပုံကို ပထမ ကမ္ဘာစစ်အပြီးတွင် တွေ့ကြုံရသကဲ့သို့ ယခု ဒုတိယ ကမ္ဘာစစ်ပြီးခေတ်တွင်လည်း တွေ့မြင်ရပြန်သည်။

ကြီးသုံးကြီး[ပြင်​ဆင်​ရန်​]

ဒုတိယ ကမ္ဘာစစ်ကြီးတွင် အောင်ပန်းဆွတ်ခူးခဲ့သော မဟာမိတ်နိုင်ငံများအနက် ဗြိတိသျှ၊ အမေရိကန်နှင့် ဆိုဗီယက်ရုရှတို့ကို ကြီးသုံးကြီးဟူ၍ ခေါ်စမှတ်ပြုကြသည်။ ယင်းနိုင်ငံကြီး သုံးနိုင်ငံမှာ လက်နက်အင်အားနှင့် စက်မှုလက်မှုအင်အားတွင် အကြီးဆုံးနိုင်ငံများ ဖြစ်လာသောကြောင့် ဖြစ်သည်။ စစ်နိုင်ခဲ့သည် ဆိုသော်လည်း စစ်အတွင်း အပျက်အစီး အဆုံးအရှုံးမှာ ကြောက်ခမန်းလိလိ ဖြစ်တော့သည်။ ဗြိတိန်နိုင်ငံသည် စစ်မဖြစ်မီက ပထမတန်းစား နိုင်ငံကြီးဖြစ်ခဲ့သော်လည်း စစ်ပြီးချိန်တွင် တတိယတန်းစား နိုင်ငံဘဝသို့ လျှောကျသွားသည်။ စစ်ပြီးခေတ် စီးပွားရေး ကျပ်တည်းမှုကြောင့် ဗြိတိန်တစ်မျိုးသားလုံး ခြိုးခြံစွာ ကျင့်သုံးနေကြရသည်။ စစ်တွင်းက ခေါင်းဆောင်ခဲ့သော ချာချီအစိုးရ ပြုတ်ကျ၍ အက်တလီ ဦးစီးသော အလုပ်သမား အစိုးရ တက်လာသည်။ ယခင်က နေမဝင်သော ဗြိတိသျှအင်ပါယာကြီးမှာလည်း တစတစနှင့် ပြိုကွဲလျက် ရှိသည်။ သို့ရာတွင် ဗြိတိသျှလူမျိုးတို့သည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဇွဲကောင်းကောင်းနှင့် လုပ်ကိုင်ခဲ့ကြပေသည်။

ကြီးသုံးကြီးတွင် ပါဝင်သော အမေရိကန် ပြည်ထောင်စုသည် ဒုတိယ ကမ္ဘာစစ်တွင် အမြတ်အထွက်ဆုံး နိုင်ငံဖြစ်သည်။ အမေရိကန်မြေပေါ်သို့ ရန်သူများ လာရောက်ဗုံးမကြဲနိုင်သဖြင့် အပျက်အစီးဟူ၍ လုံးဝမရှိသလောက်ပါ။ သဘာဝ သယံဇာတ ပေါကြွယ်ဝသည့်အပြင် စက်မှုလက်မှု အလုပ်ရုံများ ပေါများသဖြင့် လက်နက်များကို အခြားနိုင်ငံများသို့ပင် တင်ပို့နိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် အနုမြူဗုံးကို ရှေးဦးစွာ အသုံးပြုသော နိုင်ငံလည်း ဖြစ်သည်။ စစ်ကြီးပြီးသောအခါ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံဖြစ်လာပြီး အခြားနိုင်ငံများသို့ ငွေကြေး အထောက်အပံ့များ ပေးလျက်ရှိရာ ယခုအခါ အမေရိကန် ပြည်ထောင်စုမှ အထောက်အပံ့ကို မယူသောနိုင်ငံဟူ၍ မရှိသလောက်ပင် ဖြစ်တော့သည်။

ဆိုဗီယက်ရုရှမှာလည်း ကြီးသုံးကြီးတွင် အပါအဝင်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ဒဏ်ကို အများဆုံးခံရသော ပြည်ထောင်စု နိုင်ငံဖြစ်သော်လည်း နောက်ဆုံးတွင် ဂျာမနီတို့ကို ပြန်လည်အောင်မြင်ခဲ့သည်။ မဟာမိတ်တို့ ဂျာမနီကို အောင်နိုင်ခြင်းမှာ ဆိုဗီယက်ရုရှကြောင့် ဖြစ်သည်ဟုဆိုက မှားမည်မဟုတ်ချေ။ စစ်ပြီးနောက် ဆိုဗီယက်ပြိုကွဲသည်အထိ အမေရိကန်နှင့် ရင်ဘောင်တန်းနိုင်ခဲ့သည်။ ကမ္ဘာတွင်လည်း ဆိုဗီယက်တို့၏ ဩဇာ ပြန့်နှံ့လာသည်။ ဥရောပ အရှေ့ပိုင်းနိုင်ငံများမှာ ဆိုဗီယက်နှင့် များစွာသင့်မြတ်ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးပင် ဆိုဗီယက်၏ မဟာမိတ်ဖြစ်လာခဲ့သဖြင့် ဆိုဗီယက်တို့၏ အင်အားမှာ များစွာ တောင့်တင်းလာခဲ့သည်။

ကမ္ဘာ့အနောက်ပိုင်း[ပြင်​ဆင်​ရန်​]

ဥရောပတိုက်သည် ၁၉၃၉ ခုနှစ် စစ်ဖြစ်သည့်အချိန်မှ အစပြု၍ ဂျာမန်တို့ လက်နက်ချသည့်အချိန်အထိ စစ်တလင်းဖြစ်ခဲ့ရာ အပျက်အစီး အသေအပျောက် များလှသည်။ ပြင်သစ်၊ ဘယ်လဂျီယမ်၊ ဟော်လန်စသော နိုင်ငံများမှာ နာဇီလက်အောက်တွင် နှစ်အတန်ကြာ ဖိနှိပ်ညှဉ်းပန်းခြင်း ခံခဲ့ကြရသည်။ မြို့ရွာများစွာတို့မှာလည်း ပြာပုံအတိဖြစ်ခဲ့ရပြီး လူများမှာ ရှားပါးငတ်မွတ်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်ရှုံးသော ဂျာမနီနိုင်ငံမှာလည်း ထို့အတူပင် ဖြစ်သည်။ ဗြိတိသျှ၊ အမေရိကန်၊ ရုရှနှင့် ပြင်သစ်တို့သည် ဂျာမနီနိုင်ငံကို လေးပိုင်းပိုင်း၍ တစ်ဦးလျှင် တစ်ပိုင်းစီ အုပ်ချုပ်ကြသည်။ မြို့တော်ဘာလင်အား အရှေ့ပိုင်း၊ အနောက်ပိုင်းဟူ၍ ခွဲထားပြီး အရှေ့ပိုင်းကို ဆိုဗီယက်ကလည်းကောင်း၊ အနောက်ပိုင်းကို အင်္ဂလိပ်၊ အမေရိကန်တို့ကလည်းကောင်း အုပ်ချုပ်သည်။ နာဇီလက်အောက်သို့ ကျရောက်ခဲ့သော ဥရောပနိုင်ငံများမှာ ယခုအခါ လွတ်လပ်သော နိုင်ငံများ ဖြစ်လာကြသည်။ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်များမှာကား စစ်၏ဒဏ်ကို တိုက်ရိုက်မခံရသဖြင့် အပျက်အစီး မရှိချေ။ ပထဝီဝင် အနေအထားကြောင့် သက်သာရာရခဲ့သည်။

ကမ္ဘာအရှေ့ပိုင်း[ပြင်​ဆင်​ရန်​]

ဥရောပတိုက်နှင့် ကပ်လျက်ရှိသော ပါလက်စတိုင်းနိုင်ငံတွင် စစ်အတွင်းက ပြင်းထန်သော တိုက်ပွဲများ မဖြစ်ပွားသော်လည်း စစ်ပြီးခေတ်တွင် ပြည်တွင်းစစ်ဒဏ်ကို ခံရလေသည်။ ယဟူဒီတို့အား ပါလက်စတိုင်းတွင် နေရာချထားသည်ကို အာရပ်နိုင်ငံများက ကန့်ကွက်လျက်ရှိသည်။ နောက်ဆုံးတွင် အာရပ်နှင့် ယဟူဒီတို့ လက်နက်စွဲကိုင် တိုက်ခိုက်ကြသည်။ ယခုအခါတွင် ယဟူဒီတို့သည် အစ္စရေးနိုင်ငံဟူ၍ နိုင်ငံသစ် ထူထောင်လိုက်သည်။

ဒုတိယ ကမ္ဘာစစ်ကြောင့် အပြောင်းအလဲ အများဆုံးမှာ အရှေ့ဖျား နိုင်ငံများဖြစ်သည်။ အိန္ဒိယပြည်ကြီးသည် နှစ်ပေါင်းများစွာ ဗြိတိသျှလက်အောက်တွင် နေခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဗြိတိသျှ ဓနသဟာယ အဖွဲ့အတွင်း ဒိုမီနီယန် အဆင့်အတန်းကို ရလေသည်။ သို့ရာတွင် ဝမ်းနည်းဖွယ်ကောင်းသည်မှာ အိန္ဒိယပြည်ကြီးသည် ရှေးယခင်ကဲ့သို့ တလုံးတစည်းတည်း မဟုတ်တော့ပဲ အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နိုင်ငံနှစ်ခု ဖြစ်သွားခြင်းပင် ဖြစ်သည်။

အိန္ဒိယနှင့် ကပ်လျက်ရှိသော မြန်မာပြည်သည်ကား နှစ်ကြိမ်တိုင်တိုင် ဒုတိယ ကမ္ဘာစစ်၏ဒဏ်ကို အလူးအလဲ ခံခဲ့ရသဖြင့် မြန်မာ့စီးပွားရေး အခြေအနေမှာ များစွာပျက်စီး ယိုယွင်းခဲ့သည်။ စီးပွားရေးအားဖြင့် ဆုတ်ယုတ်သွားခဲ့သော်လည်း နိုင်ငံရေးအပိုင်းတွင် တိုးတက်လာသည်ဟု ဆိုရပေမည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့်လည်းကောင်း၊ စစ်ပြီးခေတ်တွင် မြန်မာလူထု၏ နိုးကြားလာမှုကြောင့်လည်းကောင်း ဗြိတိသျှလက်အောက်တွင် နှစ်တစ်ရာကျော် ကျရောက်ခဲ့ရသော မြန်မာပြည်သည် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့မှစ၍ လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံတော်အဖြစ်သို့ ရောက်ရှိလာလေသည်။

ဒုတိယ ကမ္ဘာစစ်အပြီးတွင် အရှေ့အာရှနိုင်ငံများ၌ အမျိုးသားရေး နိုးကြားထကြွမှုများ အနှံ့အပြား ပေါ်ပေါက်လာသည်။ အင်ဒိုနီးးရှားအင်ဒိုချိုင်းနားမြန်မာနိုင်ငံ စသည်တို့တွင် လွတ်လပ်ရေး တိုက်ပွဲများ ဆင်နွှဲကြသည်။ ယင်းနိုင်ငံများအနက် မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာသည်။ အင်ဒိုနီးရှားနိုင်ငံသည်လည်း ဒပ်ချ်တို့နှင့် အရေးဆိုပြီးနောက် လွတ်လပ်သော အင်ဒိုနီးရှား ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ်သို့ ရောက်ရှိလာသည်။

အရှေ့ဘက်နိုင်ငံများအနက် အကျယ်ဝန်းဆုံးနှင့် လူဦးရေအမျာဆုံး တရုတ်နိုင်ငံကြီးမှာ စစ်ပြီးခေတ်တွင် အကြီးအကျယ် ပြောင်းလဲခဲ့သည်။ ၁၉၂၇ ခုနှစ်မှစ၍ ချန်ကေရှိတ်အစိုးရကို တော်လှန်ပုန်ကန်ခဲ့သော ကွန်မြူနစ်များသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ချန်ကေရှိတ်အစိုးရနှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ကြသည်။ ဂျပန် အရေးနှိမ့်သွားသောအခါ ချန်ကေရှိတ်အစိုးရနှင့် ကွန်မြူနစ်များမှာ ရန်သူပြန်ဖြစ်မြဲ ဖြစ်ပြီးလျှင် ပြည်တွင်းစစ်ပွဲကြီးကို ဆင်နွှဲကြသည်။ တရုတ်ကွန်မြူနစ်များ၏ ခေါင်းဆောင်မှာ မော်စီတုန်းဖြစ်သည်။ နောက်ဆုံးတွင် ချန်ကေရှိတ်အစိုးရ၏ ညံ့ဖျင်းမှုကြောင့်လည်းကောင်း၊ တရုတ်ကွန်မြူနစ်များ၏ ဇွဲသတ္တိကြောင့်လည်းကောင်း ချန်ကေရှိတ်တပ်များ တဖြည်းဖြည်း အရေးနှိမ့်ပြီး ပြည်မကြီးကို စွန့်ခွာ၍ ဖော်မိုဆာခေါ် ထိုင်ဝမ်ကျွန်းပေါ်သို့ တိမ်းရှောင်ခဲ့သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့ နိုင်ငံရေးရာ အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မော်စီတုံးအား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ်ကို ထူထောင်ခဲ့သည်။

ဝင်ရိုးတန်းနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံမှာကား စစ်အပြီးတွင် အမေရိကန်တပ်များ၏ သိမ်းပိုက်ထားခြင်းကို ခံခဲ့ရသည်။ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ်ကို ၁၉၅၁ ခုနှစ် စက်တင်ဘာလရောက်မှ အင်္ဂလိပ်၊ အမေရိကန်တို့နှင့် ချုပ်ဆိုခဲ့သည်။ ဂျပန်တို့သည် စက်မှုလက်မှုပညာရပ်တွင် ကျွမ်းကျင်သူများ ဖြစ်သည့်အားလျော်စွာ ယခုတွင် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်လျက် ရှိသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အပိုင်း1 အတွဲ2
  • Myanmar Encyclopedia Part1 by U Nu
  • สงครามโลกครั้งที่สอง [၃]
  • World War II [၄]
  • Burma Campaign [၅]