ဗိုလ်ချုပ်ရွာ

ဝီကီပီးဒီးယား မှ

ဗိုလ်ချုပ်

ဗိုလ်ချုပ်
ဗိုလ်ချုပ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဗိုလ်ချုပ်
ဗိုလ်ချုပ်
ဗိုလ်ချုပ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°44′46″N 96°14′29″E / 16.74601°N 96.24133°E / 16.74601; 96.24133
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
ခရိုင်ရန်ကုန်တောင်ပိုင်းခရိုင်
မြို့နယ်သန်လျင်မြို့နယ်
ကျေးရွာအုပ်စုBo Gyoke[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.

ဗိုလ်ချုပ်ရွာကို ဆရာတင်နိုင်တိုးက အလောင်းမင်းတရားလက်ထက်မှာ တည်သည်ဟုဆိုသည်။ သေနတ်ဝန်မဟာသေနာပတိဘွဲ့ခံ ဦးကောင်း (သန်လျက်စွန်းတိုက်ပွဲတွင်ကျဆုံး) တပ်ချခဲ့သောနေရာမှာ ရွာဖြစ်လာပြီး ဗိုလ်ချုပ်ရွာဟု ခေါ်တွင်ခဲ့သည်ဟု ဆိုသည်။

အမှန်တော့ ဗိုလ်ချုပ်ရွာသည် အလောင်းမင်းတရားထက် အလွန်စောသည်။ အနောက်ဘက်လွန်မင်း သန်လျင်တွင်ရှိသော ငဇင်ကာကို တိုက်တော့ ရေလမ်းက မနိုင်၍ ယခုဗိုလ်ချုပ်ရွာ နေရာတွင် ရှမ်းဗိုလ်ချုပ်ကြီး ကတပ်ချထားသည်ဟုဆိုသည်။ အနောက်ဘက်လွန်မင်း သန်လျင်ကိုရပြီး ပေါ်တူဂီများကို သန်လျင်မှရှင်းထုတ်လိုက်သည်။ နေချင်သော လူမျိုးစုများကို ထားခဲ့သည်။ ရှမ်းဗိုလ်ချုပ်ကြီး တည်သောရွာကိုလည်း ဗိုလ်ချုပ်ရွာ ဟုဆိုသည်။ ယခုအထိ ဗိုလ်ချုပ်သားများသည် သ နှင့် တ ကို မပီသကြပါ။ တချို့တွေလည်း လေ ကို လှေ လို့ ခေါ်နေကြ သေးသည်ဟု ပြောပြသည်။ နတ်ကိုးကွယ်မှုတွင်လည်း ဗိုလ်ချုပ်သားများ၏ ရိုးရာသည် ရှမ်းတလိုင်း တွေများ ကြသည်။ သို့သော် အနောက်ဘက်လွန်မင်း လက်ထက်မှာတည်သည် ဟူသောအဆိုသည် ပါးစပ်ရာဇဝင်အဖြစ်သာ ရှိနေသည်။ ထိုပါးစပ်ရာဇဝင်က ဆက်စပ်မှုတွေတော့ ရှိနေပါသည်။

            ဆရာတင်နိုင်တိုး၏ အဆိုရဆိုလျှင် ဗိုလ်ချုပ်ရွာသည် နှစ် ၂၀၀ကျော် လောက် ရှိနေပြီး၊ အနောက်ဘက်လွန်မင်းလက်ထက်မှဆိုလျှင်တော့ နှစ် ၆၀၀ ကျော်လောက် ရှိပေတော့မည်။ မှန်ကန်မှုကို သမိုင်းပညာရှင်များ ဖော်ထုတ်နိုင်လျှင် ပိုကောင်းပေတော့မည်။

သန်လျင်မြို့ ဗိုလ်ချုပ်ရွာကို အလောင်းဘုရား၏ စစ်သူကြီးဦးကောင်းကို အစွဲပြုပြီး ဖြစ်လာသည့်ရွာဟု ဆိုကြသည်။ ဒါကြောင့် သေနတ်ဝန်ဦးကောင်းကို သိချင်မိသည်။ အတုလဆရာတော်၏ ရဲဘော်သင်း လင်္ကာတွင် ငကောင်းလူကျော်ဟု ဖွဲ့ဆိုထားသည်။

          သေနက်ဝန်ဦးကောင်းသည် အလောင်းမင်းတရားကြီး၏ အားအကိုးရဆုံးသော ဗိုလ်ချုပ်ကြီး ဖြစ်သည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်။ လုပ်ရေးကြံရေးရှိသည်။ သို့အတွက် ဟံသာဝတီနှင့် စစ်ဖြစ်ကြ သောအခါ ဟံသာဝတီဗိုလ်ချုပ် တလပန်းက "သေနတ်ဝန်ဆိုသူကို အမိဖမ်းပါ။ သူ့ကိုမိလျှင် မုဆိုးဖိုကို အလွယ်နှင့်ရမည်" ဟုဆိုသည်။ ခင်ဦးစား သူရဲကောင်း ဦးချစ်ညိုနှင့်လည်း စိမ်ခေါ်၍ တစ်ဦးချင်း တိုက်ခိုက်ဖူးသည်။

            သေနတ်ဝန်ဦးကောင်းသည် အလောင်းမင်းတရားကြီး၏ တာဝန်ပေးချက်အရ တိုက်ပွဲပေါင်း များစွာကို အနိုင်ရအောင်တိုက်ခဲ့ဖူးသည်။ သို့အတွက် အလောင်းမင်းတရားကြီးက များစွာအားရ ကျေနပ်၍ ဘွဲ့ထူးများပေးခဲ့လေသည်။ မူလရရှိသော ဘွဲ့များမှာ မင်းကျော်ပျံချီ၊ မင်းလှမင်းခေါင်၊ မင်းလှမင်းခေါင်ကျော် တို့ဖြစ်သည်။ ရှမ်းပြည်တလွှားကို တိုက်ခိုက်သိမ်းပိုက်၍ ပြန်လည်ရောက်ရှိလာသောအခါ အလောင်းမင်းတရားကြီးက ဦးကောင်းအား အလွန်နှစ်ထောင်းအားရသဖြင့် လက်တော်တွင် ဝတ်ထားသောလက်ကောက်တစ်ရန်ကို ဆုအဖြစ် ချီးမြှင့်သည့်အပြင် မဟာသေနာပတိ ဘွဲ့ကိုလည်း ထပ်မံပေးအပ်လေသည်။

            သန်လျင်မြို့ကို သိမ်းရမည်ဟု အမိန့်တော်ရှိသောကြောင့် ဦးကောင်းကိုယ်တိုင် ကွပ်ကဲ၍ ဝန်းရံတိုက်ခိုက်လေသည်။ သို့ရာတွင် မြို့မှာ ခိုင်ခံ့လှပြီး ကျုံးများမှာလည်း နက်လှသဖြင့် မရချေ။ သေနတ်ဝန်ဦးကောင်းသည် မြင်းစီး၍ ကွပ်ကဲလျက်ရှိစဉ် ဝက်သားတံခါးအနီးသို့ အရောက်တွင် မြို့ထိပ်မှ ပစ်လိုက်သော သေနတ်ကျည်ဆန်သင့်လေသည်။ သို့ဖြစ်သော်လည်း အမူအရာမပျက်စေဘဲ တွဲယူစေပြီး လှေသို့ဆင်း၍ ရန်ကုန်သို့ ကူးခဲ့လေသည်။ သေနတ်ဝန်ကျည်သင့်ကြောင်း အလောင်းမင်းတရားကြီး ကြားလျှင် "ဟာ ဆုံးခဲ့ပြီ" ဟု မြည်တမ်းလျက် လှေသို့ကိုယ်တိုင်ဆင်းလာပြီး ဦးကောင်းအားမထူလေသည်။ ဦးကောင်းက "ကျွန်တော် ယနေ့ ကိုယ်တော်ကို ပစ်၍ သွားရချေတော့မည်" ဟုလျှောက်သည်။ ဦးကောင်းအား သမားတော်တို့နှင့် အထူးကြိုးစား ကုသော်လည်း ဒဏ်ရာပြင်းထန်လှ၍ သေနတ်ဝန် အနိစ္စရောက်လေသည်။ အလောင်းမင်းတရားကြီးသည် အလွန်နှမြောကြေကွဲလှ၍ သေနတ်ဝန်၏ အလောင်းကို အဂ္ဂမဟာသေနာပတိ ဘွဲ့တပ်ပြီး ထီးဖြူအုပ်၍ သင်္ဂြိုဟ်လေသည်ဟု ဒေါက်တာသန်းထွန်း (ရွှေဘို) ၏ အလောင်းမင်းတရားကြီး စစ်ရေးနှင့်နိုင်ငံရေး စွမ်းရည် စာအုပ်တွင် တွေရသည်။

               ထိုအတိုင်းဆိုလျှင် သေနတ်ဝန် ရွာတည်နိုင်လောက်သော အခြေအနေမရှိပါ။ ထို့ကြောင့် သေနတ်ဝန်ဗိုလ်ချုပ်ရွာကို တည်ခဲ့သည်ဆိုတာတော့ မဖြစ်နိုင်တော့ပေ။

ကျိုက်မောဂ္ဂလိမိုးကောင်းစေတီ

        သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာတွင် ပထမဆုံး ဖြစ်တည်လာသော ဘုန်းကြီးကျောင်းသည် တောင်ကျောင်းဖြစ်ပေသည်။ နောက် မြောက်ကျောင်း၊ မင်္ဂလာကန်ဦးကျောင်းနှင့် အရှေ့ကျောင်း တို့အစဉ်လိုက် ဖြစ်ပေါ်လာသည်။ ထိုကျောင်းလေးကျောင်းသည် ရွာတည်ကတည်းက ဖြစ်ပေါ်၍နေလေသည်။ ထို့ကြောင့် ရွာထဲတွင် ဘိုးစဉ်ဘောင်ဆက်ကတည်းက ရွာလုံးဆိုင်ရာ ဆွမ်းတော်ကြီးတင်ပွဲကို ထိုကျောင်းလေးကျောင်း အလှည့်ကျ ကျင်းပနေသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်ပေသည်။

       ယခု မြောက်ကျောင်းတိုက် အတွင်းရှိ ကျိုက်မောဂ္ဂလိမိုးကောင်းဘုရားကို ထီးတော်ချ၍ ပြန်လည် ပြုပြင်ကြသည်။ ထိုထီးတော်တွင် လွန်ခဲ့သော နှစ် ၁၀၀ ကျော်က ခေါင်းလောင်းနှစ်လုံးပါလာသည်။ ဘိုးဘွားများပြောခဲ့သည်ကို မှတ်သားဖူးသည်။ မိုးကောင်းဘုရားသည် ရွာတည်ကတည်းက ရှိနေသည်ဟုဆိုသည်။ ယခုစေတီသည် စစ်အတွင်းက ဗုန်းဒဏ်ကြောင့် မပျက်စီးဘဲ ကျန်ခဲ့သော စေတီကို ပြန်ငုံပြီး တည်ထားသည်ဟု မှတ်သားဖူးသည်။

        ဗိုလ်ချုပ်ရွာတွင် ဟိုးအရင်က မိုးကောင်းဘုရားပွဲကို ပွဲများသွင်း၍ စည်ကားခဲ့သည်ဟု သိရသည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ပိတ်ကားကြီးထောင်၍ ညလုံးပေါက်ရုပ်ရှင်ပြကြသည်။ ခုတော့ မကျင်းပကြတော့ပါ။ တန်ခူးလသည် ကျိုက်မောဂ္ဂလိမိုးကောင်းဘုရားပွဲ ကျင်းပသောလပင်ဖြစ်သည်။