ပုလောမြို့

ဝီကီပီးဒီးယား မှ
ပုလောမြို့
မြို့
ပုလောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုလောမြို့
ပုလောမြို့
ပုလောမြို့ တည်နေရာ
ကိုဩဒိနိတ်: 13°07′N 98°41′E / 13.117°N 98.683°E / 13.117; 98.683
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်ပုလောမြို့နယ်
ဧရိယာ
 • စုစုပေါင်း၇.၀၇ စတုရန်းကီလိုမီတာ (၂.၇၃ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄ မီတာ (၁၂ ပေ)
လူဦးရေ (၂၀၁၄)၁၈,၉၃၆[၁]
 • လူမျိုးများဗမာ မြန်မာ၊ ချင်းမွန်ကရင်ရခိုင်၊၊ ရှမ်း
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ ၁၁၈၀၈၅
အစ္စလာမ်ဘာသာ၂၂၉
ခရစ်ယာန် ၂၁၇၆၉
ဟိန္ဒူ ၁၀၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဖိုင်:Palaw sign.jpg

ပုလောမြို့ သည် တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်၏ မြောက်ဘက်အစွန်ဆုံးကျသော ပုလောမြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ထားဝယ်ခရိုင် နယ်နိမိတ်နှင့် ပုလောမြို့နယ်သည် စပ်လျက်ရှိသည်။ ပုလောမြို့နယ်သည် မူလက တိုက်နယ်ကလေးမျှသာ ဖြစ်သော်လည်း သတ္တုလုပ်ငန်းဖွံ့ဖြိုးလာသည်နှင့်အမျှ စီးပွားရေးဖွံ့ဖြိုးလာ၍ မြို့နယ်အဖြစ် ရောက်ရှိလာသည်။ ပုလောမြို့နယ်၏ အကျယ်အဝန်းမှာ ၁၁၅၁ စတုရန်းမိုင် ရှိ၍၊ ပုလောမြစ်၏ တောင်ဘက်ရှိ ပင်လယ်ကမ်းခြေ မြို့နယ်ကလေး ဖြစ်သည်။ သစ်တောနှင့် တောင်များ ထူထပ်သော မြို့နယ် ဖြစ်သည်။ ကိုလိုနီခေတ်ဦးကာလ ၁၈၄၀ ပြည့်နှစ် ဝန်းကျင်က ပုလောရွာကြီးတွင် လူဦးရေ ၂၀၀၀ ခန့် နေထိုင်သည်။ ၁၈၆၅ တွင် မော်လမြိုင်မှ နှစ်ပတ် တကြိမ် ခုတ်မောင်းသော မီးသင်္ဘော ဆိုက်ကပ်ရာ ဆိပ်ကမ်း ဖြစ်သည်။ ပြည်ထဲ ရေး နှင့် သာသနာ ရေး ဝန်ကြီးဌာန၏ (၃၀.၆.၇၂) ရက်စွဲပါစာအမှတ်၊ ၁၁၃/၂၇/ စိတ် (၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ မြို့အဖြစ် သတ်မှတ် ခဲ့သည်။ သူကြီးနယ်ပေါင်း (၃၀) ခန့်ပါဝင်၍ မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၈,၉၃၆ ယောက် ရှိသည်။

ဒေသသမိုင်းအကျဉ်း[ပြင်ဆင်ရန်]

ပုလောသည် ပသျှူး(မလေး)စကား ဖြစ်ပြီး၊ ကျွန်းဟု အဓိပ္ပာယ် ရသည်။ ရှေးက ပသျှူးလူမျိုးများ နေထိုင်ရာ အရပ် ဖြစ်ပြီး၊ အနီးဝန်းကျင် ကျွန်းများကိုလည်း ပုလောဂျန်ဂစ်၊ ပုလောတွန်တွန်(ပလုံးတုံးတုံး)၊ ပုလောရေမီးယ၊ ပုလောဘာလီစသည်ဖြင့် အမည် ပေးထားသည်။ ဒဏ္ဍာရီအရ ဘီလူးကျွန်းတွင် နေထိုင်ကြသည့် ဘီလူးများသည် နောင် ပုလောသို့ ပြောင်းရွှေ့လာကာ နန်းတောင်ရွာ၌ ထီးနန်းစိုက်ထူကြသည်။ [၂]

ပုဂံခေတ်နှောင်းကာလတွင် ယိုးဒယားမင်းက တနင်္သာရီမြို့ကို တည်စဉ် မြို့ရံအဖြစ် ပါဝင်သည်။ ယိုးဒယားမြို့ဝန်များ အုပ်ချုပ်ရာ မြို့တမြို့ ဖြစ်သည်။ တောင်ငူခေတ်နှင့် ကုန်းဘောင်ခေတ်တို့တွင် မြန်မာမင်းပိုင်နက် ဖြစ်သော်လည်း စစ်မှုရေးရာအရ ဖြတ်သန်းသွားသော မြို့တမြို့သာ ဖြစ်သည်။[၃]

ပုလောမြို့နယ်အနီး အရှေ့ဘက် ပုလောချောင်း ပုလောနှင့် နန်းတောင် အကြား လွင်ပြင်၊ မကျည်းကုန်း လယ်ကွင်း မြောင်းဖောက် တို့သည် သစ်နုမြေရိပ်များ ဖြစ်ကြရာ ပုလောမြို့နယ်နှင့် မော်သာယာ တောင်တန်း တို့သည် ယခင်က ကျွန်း တစ်ကျွန်းဖြစ်ဟန်တူသည်။ ပသျှူးဘာသာ စကား ဖြင့်(ပုလို) မြန်မာ အဓိပ္ပာယ်ကျွန်းဟု ခေါ်ဆိုကြရာ ယခုအခါ ပုလောဟု အမည်တွင်လာသည်။ (၁၆)ရာစုမှ(၁၇)ရာစု အတွင်း ပုလော မြို့နယ်တွင် ဝင်ရောက် နေထိုင်သူများ သည် မြောက်ဘက် ဒေသတွင် ဗမာ၊ ကရင်၊ ယိုးဒယား (ရှမ်း)လူမျိုးများ နေထိုင်ကြ ဟန်ရှိသည်။ (၁၈၀၈ - ၁၈၂၄) ခုနှစ်တွင် ထားဝယ်မြို့၌ ပုန်ကန်မှု များ ဖြစ်ပွား သဖြင့် ထားဝယ်သား အမြောက်အမြား ယခု ပုလော မြို့နယ် တည်နေရာ သို့ ပြောင်းရွှေ့ ရောက်ရှိလာသည်။ ပုလောမြို့သည် မြို့နယ် ၏ အလယ်ဗဟိုတွင် ကျရောက်ပြီး မြို့နယ် အတွင်း ကုန်လမ်း၊ ရေလမ်းဖြင့် အလွယ်တကူ ဆက်သွယ် သွားလာနိုင်သည်။

ပုလောမြို့သည် ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသော ကားလမ်းပေါ်တွင် တည်ရှိသည်၊ ထားဝယ်မြို့မှ ၉၂ မိုင်ဝေး၍ မြိတ်မြို့မှ ၅၆ မိုင်ဝေးသည်။ ပုလောမြို့သည် ပင်လယ်ကမ်းခြေတွင် တည်ရှိသဖြင့် မော်လမြိုင်၊ မြိတ်မြို့ စသည်တို့မှ သင်္ဘောများ ဝင်ထွက်သွားလာသောကြောင့် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် ကောင်းမွန်သည်။ ကြေးနန်းဆက်သွယ်ရေးစခန်းတခုကို ၁၈၉၈ ခုနှစ်တွင် တည်ဆောက်သည်။

သတ္တုထွက်ရာဒေသ ဖြစ်သဖြင့် သတ္တုလုပ်ငန်းနှင့် ပင်လယ်ကမ်းခြေနှင့် နီးသဖြင့် ဆားချက်ခြင်းငါးဖမ်းခြင်း လုပ်ငန်းများအပြင် ငပိငါးခြောက် လုပ်ငန်းများ ထွန်းကားသည်။ မြတ်စွာဘုရား၏ ခြေတော်ရာရှိသဖြင့် ကျော်ကြားသော ကမ္ဘာလှစက်တော်ရာတောင်သည် ပုလောမြို့တောင်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိသည်။[၄]

ကမ်းခြေနှင့် အပန်းဖြေနေရာများ[ပြင်ဆင်ရန်]

  • ဖိုးရှမ်းဘုရား ကမ်းခြေ (ရှပ်ပုံကျေးရွာ)
  • မိုးမခ ကမ်းခြေ (ဖော့ကျေးရွာ)
  • မီးလောင်ချောင်းရေတံခွန် ( မီးလောင်ချောင်းကျေးရွာ)


ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. IRPD Palaw Facebook
  3. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၇။
  4. မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၃၄၇)