ကော့သောင်းခရိုင်

ဝီကီပီးဒီးယား မှ
ကော့သောင်းခရိုင်
ခရိုင်
Skyline of ကော့သောင်းခရိုင်
တနင်္သာရီတိုင်းအတွင်းတည်နေရာ
တနင်္သာရီတိုင်းအတွင်းတည်နေရာ
ကော့သောင်းခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကော့သောင်းခရိုင်
ကော့သောင်းခရိုင်
တနင်္သာရီတိုင်းအတွင်းတည်နေရာ
ကိုဩဒိနိတ်: 11°03′N 98°51′E / 11.050°N 98.850°E / 11.050; 98.850ကိုဩဒိနိတ်: 11°03′N 98°51′E / 11.050°N 98.850°E / 11.050; 98.850
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး တနင်္သာရီ
မြို့နယ်ပေါင်း
မြို့တော်ကော့သောင်းမြို့
လူဦးရေ (၂၀၁၄)၂၂၁,၂၇၇[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကော့သောင်းခရိုင် (အင်္ဂလိပ်: Kawthaung District) သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ကော့သောင်းမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

ကော့သောင်းခရိုင်မြို့နယ်များ
  ကော့သောင်းမြို့နယ်

ကော့သောင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်နှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးရုံး

၂၀၂၂ခုနှစ် ဧပြီလတွင် ကော့သောင်းခရိုင်မှ ဘုတ်ပြင်းမြို့နယ်ကို ဘုတ်ပြင်းခရိုင်အဖြစ် တိုးမြှင့်ခဲ့သည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ယခု ကော့သောင်းခရိုင် ပါဝင်သောဒေသသည် ယခင်က မြန်မာပိုင်လိုက်၊ ယိုးဒယားပိုင်လိုက်ဖြစ်ခဲ့ရာမှ အလောင်းမင်းတရားနှင့် ဆင်ဖြူရှင်တို့လက်ထက်တွင် မြန်မာတို့မှ သိမ်းယူခဲ့သည်။ သို့သော် ယိုးဒယားတို့မှ အသိအမှတ်မပြုခဲ့ပေ။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး တနင်္သာရီနှင့် ရခိုင်ကို အင်္ဂလိပ်တို့က သိမ်းယူရာတွင်မှ မြန်မာနိုင်ငံအပိုင်အဖြစ် သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်တို့သည် အုပ်ချုပ်ရေးလွယ်ကူစေရန်အတွက် မြိတ်ခရိုင်နှင့် ဝိတိုရိယခရိုင်ဟူ၍ ခွဲ၍ အုပ်ချုပ်ခဲ့သည်။၁၈၅၉ခုနှစ်မှစ၍ မလိဝမ်းဒေသတွင် ရွာကြီးအဖြစ်မှ လူနေများလာပြီး မလိဝမ်းမြို့အဖြစ်မှနေ၍ မလိဝမ်းမြို့နယ်အထိ ဖြစ်လာခဲ့သည်။၁၈၆၅ခုနှစ်နောက်ပိုင်းတွင် ကော့သောင်းပေါ်ပေါက်လာခဲ့သည်။[၃]

လွတ်လပ်ရေးရပြီးနောက်ဖွဲ့စည်းသော တနင်္သာရီတိုင်းတွင် ခရိုင်(၆)ခု ပါဝင်ဖွဲ့စည်းခဲ့သည်။၎င်းအနက် တောင်ဘက်အစွန်ရှိ မြိတ်ခရိုင်၏ တောင်ဘက်အစွန်တွင် ကော့သောင်းနယ် ပါဝင်ခဲ့သည်။ ကော့သောင်းနယ်တွင် ကော့သောင်းမြို့နယ်နှင့် မလိဝမ်းမြို့နယ်တို့ပါဝင်သည်။[၄][၅]သို့သော် ယခုအခါတွင် မလိဝမ်းမြို့နယ်မှာ လူဦးရေ ၁၈၀၀ကျော်ရှိသော မလိဝမ်းကျေးရွာအုပ်စုအဖြစ်သာ တည်ရှိသည်။ နောက်ပိုင်းတွင် မြိတ်ခရိုင်မှ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များကို ခွဲထုတ်၍ ကော့သောင်းခရိုင် ကော့သောင်းခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော့သောင်းခရိုင်တွင် ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ ကရသူရိမြို့နယ်ခွဲနှင့် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲတို့ ပါဝင်ခဲ့သော်လည်း ၂၀၁၄ခုနှစ်တွင် မြို့နယ်ခွဲဟူသော စကားရပ်အား ပယ်ဖျက်ခဲ့ရာ လက်ရှိကော့သောင်းခရိုင်တွင် မြို့နယ် (၂)မြို့နယ်နှင့် မြို့(၅)မြို့ ပါဝင်သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ကော့သောင်းခရိုင်သည် မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးကျသော ခရိုင်ဖြစ်သည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် မြိတ်ခရိုင်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံမှ ရနောင်းပြည်နယ်နှင့် ချွမ်ပွန်ပြည်နယ်၊ တောင်ဘက်တွင် ပါချန်မြစ်ဝနှင့် ကပ္ပလီပင်လယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့ တည်ရှိသည်။ ခရိုင်၏ အနောက်ဘက်နယ်နိမိတ် အချို့မှာ ကပ္ပလီပင်လယ်အတွင်း တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ကော့သောင်းခရိုင်၏ အရှေ့ခြမ်းတွင် တနင်္သာရီတောင်တန်း၊ အလယ်ပိုင်းတွင် ကမ်းရိုးတန်းနှင့် အနောက်ဘက်တွင် ပင်လယ်ပြင်နှင့် ကျွန်းစုများဖြစ်သည်။ တောင်တန်းများတွင် သစ်တောများ ဖုံးလွှမ်းနေသည်။ ခရိုင်အတွင်း ကျွန်းပေါင်း ရာနှင့်ချီ၍တည်ရှိပြီး ထင်ရှားသောကျွန်းများမှာ သူဌေးကျွန်း၊ ရတနာကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ဆလုံကျွန်း စသည်တို့ဖြစ်သည်။

ရေဆင်း[ပြင်ဆင်ရန်]

ခရိုင်၏ အရှေ့ပိုင်းတွင် ပါချန်မြစ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အဖြစ် စီးဆင်းနေသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ ကော့သောင်းခရိုင်တွင် လူဦးရေ ၂၂၁,၇၃၈ဦးဖြစ်ကာ အမျိုးသား ၁၁၅,၈၇၅ဦး၊ အမျိုးသမီး ၁၀၅,၈၆၃ဦးဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၇၉,၁၄၈ဦးဖြစ်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၃၅.၇ရာခိုင်နှုန်းဖြစ်သည်။ ကော့သောင်းမြို့နယ်သည် ပို၍လူနေထူထပ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၃)ခုတွင် လူဦးရေ အနည်းဆုံးခရိုင်ဖြစ်သည်။ မွန်လူမျိုးရခိုင်လူမျိုးဆလုံလူမျိုးမြိတ်လူမျိုး နှင့် ထားဝယ်လူမျိုး အများအပြားနေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ကော့သောင်းခရိုင်သည် တနင်္သာရီတိုင်းအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်သောဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ ကွမ်းသီး၊ ဆီအုန်း၊ ရာဘာ၊ ရေထွက်ကုန်များသည် ခရိုင်၏ အဓိကထွက်ကုန်များဖြစ်သည်။ ခရီးသွားလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကော့သောင်းခရိုင်အတွင်း အဓိကလမ်းမကြီးမှာ အခြားသော ပြည်နယ်/တိုင်းများနှင့် ဆက်သွယ်သည့် ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်း လမ်းမကြီးဖြစ်သည်။ ထိုလမ်းမကြီးသည် ခရိုင်အတွင်းရှိ မြို့အားလုံးကို ဖြတ်သန်းသွားသည်။ ကော့သောင်းမြို့အနီးရှိ ပုလုံးတုံးတုံးကျွန်းနှင့် ပင်မကုန်းမြေအားဆက်သွယ်ပေးသော ပုလုံးတုံးတုံးတံတားမှာ အရှည်ပေ(၂၄၀၀)ကျော်ရှိပြီး ထင်ရှားအရေးပါသည်။[၆]မြန်မာနိုင်ငံကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေကြောင်းဖြင့် သွားလာနိုင်သည်။ကော့သောင်းမြို့နှင့် ဘုတ်ပြင်းမြို့များတွင် လေဆိပ်ရှိကာ လေကြောင်းခရီးစဉ်များရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက်လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၉၁.၆ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ကော့သောင်းမြို့နယ်တွင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၄)ရုံ၊ ဘုတ်ပြင်းမြို့နယ်တွင် ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံ၊ ကုတင်(၁၀၀)ဆံ့ တပ်နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံတို့ တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၇၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း
  3. တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 8 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  6. တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာစေမည့် အသစ်တည်ဆောက်ပြီးစီးသော သမုတ်-လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံးတံတား