မာတိကာသို့ ခုန်သွားရန်

ကယ်လ်ဗင်

ဝီကီပီးဒီးယား မှ
Kelvin
ယူနစ်အချက်အလက်
အတိုင်းအတာစနစ်SI base unit
ယူနစ်၏အပူချိန်
သင်္ကေတK 
အမည်ပေးလော့ဒ် ကယ်လဗင်

ကယ်လ်ဗင် (သင်္ကေတ — K) သည် အပြည်ပြည်ဆိုင်ရာ ယူနစ်စနစ် (SI) တွင် အပူချိန်အတွက် သတ်မှတ်ထားသော အခြေခံယူနစ် ဖြစ်သည်။ ကယ်လ်ဗင်အပူချိန်စကေး (Kelvin scale) သည် ဖြစ်နိုင်သမျှ အနိမ့်ဆုံးအပူချိန်ဖြစ်သော အကြွင်းမဲ့သုည (absolute zero) မှ စတင်သည့် အကြွင်းမဲ့အပူချိန်စကေး (absolute temperature scale) ဖြစ်ပြီး၊ အကြွင်းမဲ့သုညကို 0 K ဟု သတ်မှတ်ထားသည်။ အဓိပ္ပာယ်သတ်မှတ်ချက်အရ စင်တီဂရိတ်အပူချိန်စကေး (Celsius scale၊ သင်္ကေတ — °C) နှင့် ကယ်လ်ဗင်အပူချိန်စကေးတို့၏ တစ်ယူနစ်ချင်းစီ အတိုင်းအတာသည် တူညီသည်။ ဆိုလိုသည်မှာ အပူချိန် ၁ ကယ်လ်ဗင် မြင့်တက်ခြင်းနှင့် ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်ခြင်းတို့သည် အပူချိန်ပြောင်းလဲမှု 1 K နှင့် တူညီသည်။ ထို့ကြောင့် ဒီဂရီစင်တီဂရိတ်ဖြင့် ဖော်ပြထားသော မည်သည့်အပူချိန်ကိုမဆို 273.15 ပေါင်းထည့်ခြင်းဖြင့် ကယ်လ်ဗင်စကေးသို့ ပြောင်းလဲနိုင်သည်။

၁၉ ရာစု ဗြိတိသျှသိပ္ပံပညာရှင် လော့ဒ် ကယ်လဗင်သည် ဤအပူချိန်စကေးကို ပထမဆုံး တီထွင်ဖော်ထုတ်ခဲ့ပြီး အဆိုပြုခဲ့သည်။ ၂၀ ရာစုအစောပိုင်းကာလတွင် ယင်းကို “အကြွင်းမဲ့စင်တီဂရိတ်” (absolute Celsius) စကေးဟု မကြာခဏ ခေါ်ဆိုခဲ့ကြသည်။ ၁၉၅၄ ခုနှစ်တွင် ကယ်လ်ဗင်ယူနစ်ကို အပြည်ပြည်ဆိုင်ရာ ယူနစ်စနစ် (SI) ထဲသို့ တရားဝင်ထည့်သွင်းခဲ့ပြီး၊ ရေ၏ သုံးဆမှတ် (triple point of water) အပူချိန်ကို 273.16 K (0.01 °C) ဟု သတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ချက်ကို အခြေခံ၍ စင်တီဂရိတ်၊ ဖာရင်ဟိုက်နှင့် ရန်ကင်း (Rankine) အပူချိန်စကေးများကို ကယ်လ်ဗင်စကေးနှင့် ဆက်စပ်သည့်ပုံစံဖြင့် ပြန်လည်သတ်မှတ်ခဲ့ကြသည်။ ယခုအခါ ၂၀၁၉ ခုနှစ် SI ယူနစ်စနစ် ပြင်ဆင်သတ်မှတ်ချက်အရ ကယ်လ်ဗင်ကို စွမ်းအင်နှင့် ဆက်စပ်၍ သတ်မှတ်ထားသည်။ ယင်းသို့ သတ်မှတ်ရာတွင် ဘော့လ်ဇ်မန်းကိန်းသေ (Boltzmann constant) ကို တိကျသောတန်ဖိုးတစ်ခုအဖြစ် သတ်မှတ်အသုံးပြုသည်။ အပူချိန်ဆိုင်ရာ ဒိုင်းနမစ်အပူချိန် (thermodynamic temperature) 1 K ပြောင်းလဲမှုတိုင်းသည် kBT ဟု ဖော်ပြသော အပူစွမ်းအင် (thermal energy) ပြောင်းလဲမှု 1.380649×10−23 J⋅K−1 နှင့် တိတိကျကျ ညီမျှသည်။


ကိုးကား

[ပြင်ဆင်ရန်]