၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အပေါ်ဆုံးတန်း- ရန်ကုန်မြို့လယ်တွင် စုဝေးနေသော ကန့်ကွက်ဆန္ဒပြသူများ
အလယ်တန်း- မန္တလေးတွင် ဆန္ဒပြနေသော သံဃာတော်များ၊ ဒေါ်အောင်ဆန်းစုကြည် လူထုအား မိန့်ခွန်းပြောကြားနေပုံ
အောက်ဆုံးတန်း- မောင်းပြန်သေနတ်များ ကိုင်ဆောင်ထားသော စစ်သားများ၊ ကျည်ဆံ ထိမှန်ခဲ့သော ကျောင်းသူလေးကို သယ်ဆောင်လာစဉ်
Image preview.jpeg

ထင်ရှားသော ၈၈၈၈ အရေးအခင်း (မြန်မာ- ၈ - ၄လုံး သို့မဟုတ် ရှစ်လေးလုံး၊ MLCTS- hrac le: lum၊ ပြည်သူ့စွမ်းအား အရေးအခင်း) သည် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော ချီတက်ပွဲများ၊ ချီတက်ဆန္ဒပြပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများနှင့် အဓိကရုဏ်းများ ကို ရည်ညွှန်းသည်။ အဓိကဖြစ်ရပ်မှာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဤသည် (၁၉၈၈-၀၈-၀၈) ကို အကြောင်းပြု၍ ၎င်းကို “၈၈၈၈ အရေးအခင်း” ဟု လူသိများသည်။

၁၉၆၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တစ်ပါတီစနစ်ဖြင့် အုပ်စိုးခဲ့သည်။ အောင်မြင်မှုမရခဲ့သော ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းသည် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်စေခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော Newsweek မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်တွင် ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းကို “ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒီ ယုတ္တိမတန်မှု တို့ပေါင်းစည်းခြင်း” ဟု ဖော်ပြခဲ့သည်။

အရေးအခင်းစတင်ခဲ့ခြင်း[ပြင်​ဆင်​ရန်​]

၈၈၈၈ အရေးအခင်းမှာ ရန်ကုန်မြို့တွင် ကျောင်းသားများက ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသားကန့်ကွက်ဆန္ဒပြပွဲများသည် တစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့သည်။ သိန်းပေါင်းများစွာသော ရွှေဝါရောင်သင်္ကန်းဝတ် ဘုန်းကြီးများ၊ ကလေးငယ်များ၊ တက္ကသိုလ်ကျောင်းသားများ၊ အိမ်ရှင်မများနှင့် ဆရာဝန်များသည် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အရေးအခင်းသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (State Law and Order Restoration Council - SLORC) က သွေးချောင်းစီးစေခဲ့သော စစ်တပ်မှ အာဏာသိမ်းယူမှုအပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ဤအရေးအခင်းအတွင်း စစ်တပ်ကြောင့် ဆန္ဒပြသူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။ သို့သော် မြန်မာနိုင်ငံရှိ အာဏာပိုင်တို့က သေဆုံးခဲ့သည့် အရေအတွက်မှာ ၃၅၀ ခန့်မျှသာဟု ဆိုခဲ့သည်။

ဤအကျပ်အတည်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့ပုံဆောင်အဖြစ် ပေါ်ထွက်လာသည်။ စစ်အစိုးရက စီစဉ်ဆောင်ရွက်သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် သူမ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ် ချထားခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြုပြင်ပြောင်းလဲထားမှုတစ်ခု ဖြစ်လာခဲ့သည်။

အဓိက ဆန္ဒပြပွဲများ[ပြင်​ဆင်​ရန်​]

ကန့်ကွက်ဆန္ဒပြမှုများသည် ၁၉၈၈ ခုနှစ် ဩဂုတ်လတွင် အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ ကျောင်းသားများသည် ကိန်းဂဏန်းဆိုင်ရာ ထူးခြားမှုကို အခြေခံသည့် မင်္ဂလာနေ့ဖြစ်သည့် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် နိုင်ငံအဝှမ်း ချီတက်ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ ကန့်ကွက်ဆန္ဒပြမှု သတင်းသည် တောနယ်ဒေသများသို့ပါ ရောက်ရှိခဲ့ပြီး နိုင်ငံအဝှမ်း ချီတက်ဆန္ဒပြပွဲမတိုင်မီ လေးရက်အလိုတွင် တစ်နိုင်ငံလုံးရှိ ကျောင်းသားများသည် ဦးစိန်လွင်၏ အုပ်ချုပ်မှုကို ရှုတ်ချကြပြီး တပ်မတော်သားများသည် အင်အား စုရုံးနေခဲ့ကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အမှတ်အသားဖြစ်သော ခွပ်ဒေါင်းပုံပါ လက်ကမ်းစာစောင်များနှင့် ပိုစတာများသည် ရန်ကုန်မြို့ရှိ လမ်းများတွင် ထွက်ပေါ်လာခဲ့သည်။

မြေအောက်လှုပ်ရှားသူများ၏ အကြံပေးချက်အရ ရပ်ကွက်လုံခြုံရေး နှင့် သပိတ်မှောက်ရေး ကော်မတီများကို တည်ထောင်ခဲ့သည်။ ၎င်းတို့မှ အများအပြားမှာ ၁၉၈၀ ခုနှစ်များက အလားတူဖြစ်ခဲ့သော အလုပ်သမားများနှင့် သံဃာတော်များ၏ မြေအောက်လှုပ်ရှားမှုများတွင် ဩဇာညောင်းသူများ ဖြစ်ခဲ့သည်။ ဩဂုတ်လ ၂ ရက်မှ ၁၀ ရက် အကြားတွင် ပူးပေါင်း ကန့်ကွက်ဆန္ဒပြမှုများသည် မြန်မာနိုင်ငံ၏ မြို့အများစုတွင် ဖြစ်ပွားခဲ့သည်။ ဤကာလအတွင်း အစိုးရကို ဆန့်ကျင်သော သတင်းစာများကို လွတ်လပ်စွာ ထုတ်ဝေကြသည်။ ခွပ်ဒေါင်း အောင်တံခွန်များကို ဖြန့်ခဲ့ပြီး ချီတက်ပွဲများကို တပြိုင်နက် ပြုလုပ်ခဲ့ကြပြီး ချီတက်ပွဲများ၌ ဟောပြောသူများကို အကာအကွယ်ပေးခဲ့ကြသည်။

ဆန့်ကျင်ဆန္ဒပြသူ ကျောင်းသားများက ဆန္ဒပြပွဲများကို ပံ့ပိုးမှုပေးကြရန် တောင်းဆိုမှုများ ပေါ်ထွက်လာခဲ့သည့်အခါ ရန်ကုန်မြို့တွင် ပထမဆုံး လှုပ်ရှားမှုကို ဗုဒ္ဓဘာသာဝင်တို့၏ ဝါဆိုလပြည့်နေ့ ဝန်းကျင် ရက်များတွင် ရွှေတိဂုံဘုရား၌ စတင်ခဲ့သည်။ ရပ်ကွက်လုံခြုံရေးနှင့် သပိတ်မှောက်ရေး ကော်မတီများသည် ရပ်ကွက်ပတ်ဝန်းကျင်တွင် အရန်အတားများ ချထားပြီး မိမိတို့ရပ်ကွက်ကို ခုခံကာကွယ်ခဲ့ပြီး နောက်ထပ်ချီတက် ဆန္ဒပြပွဲများအတွက် ပြင်ဆင်ခဲ့ကြသည်။ အချို့ဒေသများတွင် ကော်မတီများသည် ဟောပြောသူများက လူအများ တက်ရောက် ဟောပြောနိုင်ရန် ယာယီစင်မြင့်များ တည်ဆောက်ပြီး လူထုစည်းဝေးပွဲများကို ထောက်ပံ့ရန် အလှူငွေများကို စုဆောင်းပေးခဲ့သည်။

ကန့်ကွက်ဆန္ဒပြပွဲများ၏အမှတ်အသား[ပြင်​ဆင်​ရန်​]

ခွပ်ဒေါင်းပုံ သရုပ်ဖော်ထားသည့် NLD အလံသည် မြန်မာနိုင်ငံ၏ လမ်းများပေါ်ရှိ ကန့်ကွက်ဆန္ဒပြပွဲများ၏ အမှတ်အသား ဖြစ်လာခဲ့သည်။

ရန်ကုန် ကန့်ကွက်ဆန္ဒပြပွဲများ၏ အစပိုင်း ရက်အနည်းငယ်တွင် လှုပ်ရှားသူများက မန္တလေးရှိ ရှေ့နေများနှင့် သံဃာတော်များကိုကန့်ကွက်ဆန္ဒပြပွဲများတွင် ပါဝင်ဖို့ တိုက်တွန်းရန် ဆက်သွယ်ခဲ့ကြသည်။ အစိုးရ အလုပ်သမားများ၊ ဗုဒ္ဓဘာသာ သံဃာတော်များ၊ လေတပ်နှင့် ရေတပ် အမှုထမ်းများ၊ အကောက်ခွန် အရာရှိများ၊ ကျောင်းဆရာများနှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် အလွှာပေါင်းစုံမှ မြန်မာနိုင်ငံသားများက ကျောင်းသားများနှင့် လျင်မြန်စွာ ပူးပေါင်းခဲ့သည်။ ရန်ကုန်မြို့ရှိ ချီတက်ဆန္ဒပြပွဲများသည် အခြား ပြည်နယ်မြို့တော်များသို့ ပျံ့နှံ့စေခဲ့သော အခြားသော ချီတက်ဆန္ဒပြပွဲများအတွက် အဓိကျသည့် အချက်ဖြစ်ခဲ့သည်။

ကန့်ကွက်ဆန္ဒပြသူပေါင်း ၁၀,၀၀၀ ခန့်သည် ရန်ကုန်မြို့တွင် ဆူးလေဘုရား အပြင်ဘက်တွင် ချီတက် ဆန္ဒပြခဲ့ကြပြီး၊ ထိုနေရာတွင် တရားဝင် ငွေကြေးအဖြစ်မှ ရပ်စဲခဲ့သော ငွေစက္ကူများဖြင့် တန်ဆာဆင်ထားသော ဦးနေဝင်းနှင့် ဦးစိန်လွင်တို့၏ ပုံတူရုပ်များ ထည့်ထားသည့် ခေါင်းတလားများကို မီးရှို့ကာ မြေမြုပ်ခဲ့ကြသည်။ အခြားသော ကန့်ကွက်ဆန္ဒပြသူများသည် နိုင်ငံအဝှမ်း အားကစားရုံများနှင့် ဆေးရုံများတွင် နေရာယူခဲ့ကြသည်။ ဆူးလေဘုရားရှိ သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်၏ အရိပ်တော်သည် ကောင်းကင်ထဲတွင် ဦးခေါင်းတော်နှင့်ရပ်နေသည့် ပုံသဏ္ဍာန် ပြောင်းသွားခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။ ဩဂုတ်လ ၃ ရက်နေ့တွင် အာဏာပိုင်များက စစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ည ၈ နာရီမှ နောက်တနေ့ နံနက် ၄ နာရီ အထိ အပြင်မထွက်ရအမိန့်နှင့် လူငါးယောက်ထက် ပိုမို၍ စုရုံးခွင့်မရှိ အမိန့်များ ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၈-၁၂ ရက်[ပြင်​ဆင်​ရန်​]

မြန်မာပြည် တစ်ဝှမ်း ကန့်ကွက်ဆန္ဒပြမှုများတွင် ပါဝင်ရန် ထောင်နှင့်ချီသော ပြည်သူများ ထွက်လာခဲ့ကြသည် - ကျောင်းသားများသာမက ဆရာများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ ကျွမ်းကျင် အတတ်ပညာရှင်များ နှင့် အလွှာပေါင်းစုံမှ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များ ပါဝင်ခဲ့ကြသည်။ ဤနေ့တွင် စစ်အစိုးရသည် ဆုံးဖြတ်ချက် ချပြီးဖြစ်သော ဖိနှိပ်ချုပ်ခြယ်မှုတို့၏ ပထမဆုံးအကြိမ် ကြိုးစားခြင်းကို စတင်ပြုလုပ်ခဲ့သည်။ စစ်သားများသည် ချီတက်ဆန္ဒပြသူများထဲသို့ သေနတ်များဖြင့် ပစ်ခဲ့ကြပြီး ရာနှင့်ချီသော လက်နက်မဲ့ ချီတက်သူများ အသတ်ခံခဲ့ရသည်။ သတ်ဖြတ်ခြင်းသည် တစ်ပတ်ကြာ ဆက်လက်ဖြစ်ပွားခဲ့သော်လည်း လမ်းမများသည် ချီတက် ဆန္ဒပြသူများနှင့် ဆက်လက် ပြည့်လျှံနေခဲ့သည်။”

အထွေထွေ သပိတ်မှောက်ကြီးသည် ကြိုတင် စီစဉ်ခဲ့သည့်အတိုင်း ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည်။ ကြီးမားသော ချီတက်ဆန္ဒပြမှုများ မြန်မာနိုင်ငံတစ်ဝှမ်း ကျင်းပခဲ့ရာ လူမျိုးစုများ၊ ကျောင်းသားများ၊ အလုပ်သမားများနှင့် လူကြီးလူငယ်မရွေး ချီတက် ဆန္ဒပြခဲ့ကြသည်။ ပထမဆုံး စီတန်းလှည့်လည်ခြင်းသည် ရန်ကုန်မြို့ကို လှည့်ပတ်ခဲ့ပြီးနောက် နေရာအချို့တွင် ဟောပြောရန် ရပ်တန့်ခဲ့သည်။ စင်မြင့်ကိုလည်း ဆောက်ခဲ့သည်။ ရန်ကုန်မြို့ဝန်းကျင်မှ ချီတက်ဆန္ဒပြသူများသည် ရန်ကုန်မြို့လယ်တွင် စုရုံးကြသည်။ ဤနေရာတွင် ကြောက်ရွံ့နေသော ယာဉ်ထိန်းရဲများက လူစုထဲသို့ သေနတ်နှင့် ပစ်ပြီး ထွက်ပြေးသွားပြီး တစ်ဦးတည်းသာ ကျဆုံးမှုရှိသည်ဟု သတင်းပို့ခဲ့သည်။ (ထိုကဲ့သို့ စစ်ကြောင်းချီတက်မှုများသည် စက်တင်ဘာလ ၁၉ ရက်နေ့အထိ နေ့စဉ် ဖြစ်ပွားခဲ့သည်။) ဆန္ဒပြသူများသည် ပြည်သူ့ ဆန္ဒပြပွဲသို့ ပူးပေါင်းဖို့ ဆွဲဆောင်ရန် ကြိုးစားသည့်အနေဖြင့် စစ်သားများ၏ ရှူးဖိနပ်များကို နမ်းခဲ့ကြသည်။ လူအုပ်ကြီးနှင့် အစောပိုင်း အကြမ်းဖက်မှုမှ ကာကွယ်ရန် လူအချို့က စစ်တပ်မှ အရာရှိများကို ဝိုင်းရံ ထားခဲ့သည်။ နောက်ထပ် လေးရက်အတောအတွင်း ချီတက်ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ အစိုးရသည် များပြားလှသော ဆန္ဒပြသူများကို တအံ့တဩဖြစ်ခဲ့ပြီး ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို “တတ်နိုင်သလောက်” လိုက်လျောရန် ဂတိပြုသည်ဟု ဆိုခဲ့သည်။ ဦးစိန်လွင်သည် ဆန္ဒပြသူများကို နှိမ်နင်းရန် လက်နက်ကိုင် လှုပ်ရှားမှုများရှိသော နေရာမှ စစ်သားများပိုမို ခေါ်ဆောင်ခဲ့သည်။

မန္တလေးတိုင်းတွင် ပိုမို၍ ဖွဲ့စည်းမှုကောင်းသော သပိတ်မှောက် ကော်မတီကို ရှေ့နေများက ဦးဆောင်ခဲ့ပြီး ဆွေးနွေးပွဲသည် ပါတီစုံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးတည်ခဲ့သည်။ ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ရန် အနီးအပါး မြို့များနှင့် ရွာများမှ လူပေါင်းများစွာ ရောက်ရှိလာခဲ့ကြသည်။ အထူးသဖြင့် အစိုးရ၏ စီးပွားရေး ပေါ်လစီအပေါ် မကျေနပ်ကြသော လယ်သမားများသည်လည်း ရန်ကုန်မြို့ ဆန္ဒပြပွဲကို ပူးပေါင်းခဲ့ကြသည်။ လူဦးရေ ၅,၀၀၀ ရှိသော ရွာတစ်ရွာတွင်မှ ၂,၀၀၀ သည် သပိတ်မှောက်ပွဲသို့ သွားရောက်ခဲ့သည်။ များမကြာမီ၊ အာဏာပိုင်တို့က ဆန္ဒပြသူမျာကို သေနတ်နှင့် ပစ်ခဲ့သည်။ ဦးနေဝင်းက “သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး” ဟု ညွှန်ကြားခဲ့ရာ ၎င်းသည် စစ်တပ်ကို ဆန္ဒပြသူလူထုထဲသို့ တည့်တည့်ပစ်ရန် အမိန့်ပေးသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ဆန္ဒပြသူများက လက်လုပ်ဗုံးများ၊ ဓားရှည်များ၊ ဓားများ၊ ကျောက်ခဲများ၊ အဆိပ်သုတ်ထားသော မြားတိုများနှင့် စက်ဘီး စပုတ်တံများကို ပစ်လွှတ်ခြင်းဖြင့် တုန့်ပြန်ကြသည်။ တစ်ခုသော ဖြစ်ရပ်တွင် ဆန္ဒပြသူများက ရဲဌာနကို မီးရှို့ပြီး၊ ထွက်ပြေးသော အရာရှိ လေးဦးကို ဆွဲဆုတ်ခဲ့သည်။ ဩဂုတ်လ ၁၀ ရက်နေ့တွင် စစ်သားများသည် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးကို မီးရှို့ခဲ့ရာ ဒဏ်ရာရသူများကို ကုသနေသော သူနာပြုများနှင့် ဆရာဝန်များ သေဆုံးခဲ့သည်။ နိုင်ငံပိုင် ရေဒီယို ရန်ကုန်က “လုယက်သူများနှင့် အနှောင့်အယှက်ပေးသူများ” ၁,၄၅၁ ယောက် အဖမ်းခံခဲ့ရကြောင်း ကြေညာခဲ့သည်။ ၈-၈-၈၈ ချီတက်ဆန္ဒပြပွဲအတွင်း သေကြေဒဏ်ရာရသူပေါင်း ခန့်မှန်းခြေ ရာပေါင်းများစွာမှ ၁၀,၀၀၀ အတွင်း ရှိခဲ့သည်။ စစ်အာဏာပိုင်တို့က ၉၅ ယောက်သေဆုံးပြီး ၂၄၀ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဩဂုတ်လ ၁၃-၃၁ ရက်[ပြင်​ဆင်​ရန်​]

မြန်မာ့ရေတပ် ချီတက်ဆန္ဒပြစဉ်

ဩဂုတ်လ ၁၂ ရက်နေ့တွင် ဦးစိန်လွင်၏ ဖြေရှင်းချက်မပါသော ရုတ်တရက်နုတ်ထွက်မှုသည် ကန့်ကွက် ဆန္ဒပြသူပေါင်း များစွာကို စိတ်ရှုပ်ထွေးမှု ဖြစ်စေခဲ့ပြီး ဝမ်းမြောက်စေခဲ့သည်။ လုံခြုံရေး အင်အားစုများက ချီတက်ဆန္ဒပြသူများကို သတိကြီးစွာထားခဲ့သည်။ အထူးသဖြင့် ချီတက်ဆန္ဒပြသူများနှင့် ကော်မတီများ၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ကျရောက်နေသော ရပ်ကွက်များတွင် ဖြစ်သည်။ ဩဂုတ်လ ၁၉ ရက်နေ့တွင် အရပ်သားအစိုးရကို ဖွဲ့စည်းရန် တောင်းဆိုမှုများအရ ဦးနေဝင်း၏ အတ္ထုပတ္တိကို ရေးသားသူ ဒေါက်တာမောင်မောင်ကို အစိုးရခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ဥပဒေပညာရှင် တစ်ယောက်ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် တာဝန်ထမ်းဆောင်သည့် စစ်ဘက်မှမဟုတ်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ဒေါက်တာ မောင်မောင်ကို ခန့်အပ်ခြင်းသည် ပစ်ခတ်မှုများနှင့် ဆန့်ကျင်ဆန္ဒပြမှုမျာကို လျော့ကျစေခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲများသည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လည် ဖြစ်ပွားခဲ့သည်။ မန္တလေးမြို့တွင် သံဃာတော်များ အပါအဝင် လူပေါင်း ၁၀၀,၀၀၀ နှင့် စစ်တွေတွင် ၅၀,၀၀၀ ချီတက် ဆန္ဒပြခဲ့ကြသည်။ ကြီးမားသော ချီတက်ဆန္ဒပြ စစ်ကြောင်းများသည် တောင်ကြီးနှင့် မော်လမြိုင် မြို့များမှသည် ဝေးကွာလှသော တိုင်းရင်းသား လူမျိုးစုပြည်နယ်များ (အထူးသဖြင့် ယခင်က စစ်တပ်က စစ်ဆင်ရေးများ ပြုလုပ်ခဲ့သော နေရာများ) ဆီသို့ပါ ပျံ့နှံ့ခဲ့သည်။ ဒီမိုကရေစီ အထိမ်းအမှတ် အရောင်ဖြစ်သော အနီရောင်ကို အောင်တံခွန်များ လွှင့်ထူကြထားသည်။ နှစ်ရက်အကြာတွင် ဆရာဝန်များ၊ သံဃာတော်များ၊ ဂီတပညာရှင်များ၊ သရုပ်ဆောင်များ၊ ရှေ့နေများ၊ စစ်မှုထမ်းဟောင်းများနှင့် အစိုးရဝန်ထမ်းများသည် ကန့်ကွက် ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့ကြသည်။ ကော်မတီများအနေနှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်ရန် အခက်အခဲ ရှိလာခဲ့သည်။ ထိုအတောအတွင်း ချီတက်ဆန္ဒပြသူများသည် “သံသယဖြစ်ဖွယ် ကောင်းသော” လူများ၊ ရဲများနှင့် စစ်တပ်မှ အရာရှိများအပေါ် သတိထားမှု ပိုလာခဲ့ကြသည်။

တစ်ခါတွင် ရပ်ကွက် ကော်မတီတစ်ခုသည် ဗုံးတစ်လုံး သယ်ဆောင်လာသည်ဟု ယူဆကာ လူနှစ်ယောက်ကို မှားယွင်းစွာ ခေါင်းဖြတ်သတ်ခဲ့သည်။ မန္တလေးမြို့တွင် ကန့်ကွက်ဆန္ဒပြမှုများကို ရှေ့နေများနှင့် သံဃာတော်များက ဦးဆောင်ခဲ့သောကြောင့် ပိုမို၍အေးချမ်းခဲ့ပြီး ထိုကဲ့သို့ ဖြစ်ရပ်များ မရှိခဲ့ပေ။ နာမကျန်းသော မိခင်၏ အိပ်ယာနံဘေးတွင် ပြုစုလျက် ချီတက်ဆန္ဒပြပွဲများကို စောင့်ကြည့်နေခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား၌ သန်းဝက်မျှသော ပြည်သူလူထုကို မိန့်ခွန်းချွေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ဤအကြောင်းကြောင့် အထူးသဖြင့် အနောက်တိုင်းလောက၏ အမြင်တွင် သူမသည် မြန်မာနိုင်ငံ ရုန်းကန်မှု၏ သင်္ကေတ ဖြစ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှားမှုများကို ဦးဆောင်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ သူမသည် လူထုကြီးအား စစ်တပ်ကို ဦးတည်ခြင်း မပြုရန်နှင့် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေးကို ရှေးရှုရန် တိုက်တွန်းခဲ့သည်။ မြန်မာပြည်၏ ဤအချိန်အခါကာလတွင် ကြုံတွေ့ရသော အရေးအခင်းကို ၁၉၈၆ ခုနှစ်က ဖိလိပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြည်သူ့စွမ်းအား တော်လှန်ရေးနှင့် အလားတူအဖြစ် ရှုမြင်ခဲ့ကြသည်။

ဤအချိန်အတောအတွင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး သည်လည်း နိုင်ငံရေး နယ်ပယ်ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။ များစွာသော ဒီမိုကရေစီ ခေါင်းဆောင်ဟောင်းများ ပြန်လည်ပါဝင်လာချိန် နိုင်ငံရေးရှုခင်းကို “ဒီမိုကရေစီ နွေရာသီ” ဟု တင်စားဖေါ်ပြခဲ့ကြသည်။ ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ရလဒ်များ ရှိသော်လည်း ဦးနေဝင်းသည် နောက်ကွယ်တွင် ဆက်လက် တည်ရှိနေခဲ့သည်။

စက်တင်ဘာလ[ပြင်​ဆင်​ရန်​]

အရေးအခင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနယ်ပယ်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်လာခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် ပါတီကိုယ်စားလှယ် ရ၅% (၁,၀၈၀ ဦးရှိသည့်အနက် ၉၆၈ ဦး) သည် ပါတီစုံစနစ် အစိုးရဖွဲ့စည်းရန် မဲဆန္ဒပေးခဲ့ကြသည်။ BSPP က ၎င်းတို့သည် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ဆောင်ရွက်မည်ဟု ကြေညာသော်လည်း အတိုက်အခံ ပါတီများက အစိုးရချက်ချင်းနုတ်ထွက်ပြီး ကြားဖြတ်အစိုးရဖွဲ့စည်း၍ ရွေးကောက်ပွဲကို စီစဉ်ရန် တောင်းဆိုခဲ့ကြသည်။ BSPP က တောင်းဆိုချက် နှစ်ခုစလုံးကို ငြင်းဆိုခဲ့အပြီးတွင် ကန့်ကွက် ဆန္ဒပြသူများသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် လမ်းများပေါ်၌ ပြန်လည် နေရာယူကြသည်။ ဦးနုသည် ယာယီအစိုးရဟု ကြေညာခဲ့ကာ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ဂတိပေးခဲ့သည်။ ထိုအတောအတွင်းတွင် ရဲများနှင့် စစ်တပ်သည် ကန့်ကွက်ဆန္ဒပြသူများနှင့် ပူးပေါင်းလာခဲ့ကြသည်။

လှုပ်ရှားမှုသည် ၎င်းတို့၏ တောင်းဆိုချက်များကို အစိုးရမှ တုန့်ပြန်မှု ရရှိရန်အတွက် နေ့စဉ် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ စစ်သားများကို ဘက်ပြောင်းရန် အားပေးခြင်းနှင့် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုမှ စစ်တပ်များ ရောက်ရှိလာလိမ့်မည်ဟူသော အားထားဖြင့် အပြည်ပြည်ဆိုင်ရာ ပရိတ်သတ်ကို မေတ္တာရပ်ခံခြင်း တည်းဟူသော မျှော်လင့်ချက် သုံးခုအပေါ်တွင် မှီခိုရသည့် တစ်ဖက်ပိတ်လမ်း အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ အချို့သော တပ်မတော်သားများ၊ အများအားဖြင့် ရေတပ်မှ ဘက်ပြောင်းသွေဖည်ခဲ့ကြသော်လည်း အနည်းအကျဉ်းသာ ဖြစ်သည်။

မြန်မာနိုင်ငံအပေါ်တွင် ထားရှိသည့် အမေရိကန် ပြည်ထောင်စု အစိုးရ၏ ပေါ်လစီကို ထင်ဟပ်သော စတီဗင် ဆိုလာ့ဇ်သည် မြန်မာနိုင်ငံအုပ်ချုပ်ရေး ပြန်လည်ဖွဲ့စည်းရန်အတွက် အစိုးရကို တွန်းအားပေးရန် မြန်မာနိုင်ငံသို့ စက်တင်ဘာလတွင် ရောက်ရှိလာခဲ့သည်။ သူသည် ဖိလိပိုင်နှင့် တောင်ကိုရီးယားတို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဒီမိုကရေစီ ဆန္ဒပြပွဲများတွင် အတွေ့အကြုံရှိခဲ့သူဖြစ်သည်။ စက်တင်ဘာလလယ်တွင် ဆန္ဒပြမှုများသည် ပိုမို၍ အကြမ်းဖက်လာကြပြီး ဥပဒေမဲ့ဖြစ်လာသည်။ စစ်သားများက ဆန္ဒပြသူများကို ၎င်းတို့စစ်တပ်က အလွယ်အကူ အနိုင်ရသော စစ်ပွဲငယ်လေးများ အတွင်းသို့ ရောက်ရန် သွေးအေးစွာ လမ်းကြောင်းခဲ့သည်။ ဆန္ဒပြသူများသည် ပိုမိုမြန်ဆန်သော ပြောင်းလဲမှုများ ချက်ချင်းပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြပြီး တဖြည်းဖြည်း ပြန်လည်ဖွဲ့စည်း တည်ဆောက်ရေး အဆင့်များကို အယုံအကြည် မရှိခဲ့ကြပေ။

နဝတ “အာဏာသိမ်းယူခြင်း” နှင့် နှိမ်နင်းခြင်း[ပြင်​ဆင်​ရန်​]

ရန်ကုန် လူထု ဆန္ဒပြပွဲ အတွင်း စစ်တပ်က ပစ်ခတ် ခဲ့သဖြင့် ကျည်ဆံ ထိမှန်ခဲ့သော အ.လ.က(၄)ကြည့်မြင်တိုင်၊ အ.ထ.က(၂)လသာ ကျောင်းသူလေး မဝင်းမော်ဦး ကို သယ်ဆောင်လာစဉ်

“ကျွန်မကတော့ မြန်မာပြည်သားတွေ ဘာအကြောင်းမှမရှိဘဲ အပစ်သတ်ခံရတယ် ဆိုတာကို တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအားလုံးကို သိစေချင်ပါတယ်။”အောင်ဆန်းစုကြည်၊ ၂၂ စက်တင်ဘာ ၁၉၈၈။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် စစ်တပ်သည် နိုင်ငံ့အာဏာကို ရယူခဲ့သည်။ ဗိုလ်ချုပ်စောမောင်သည် ၁၉၇၄ ခုနှစ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရုပ်သိမ်းခဲ့ပြီး “ဦးနေဝင်း အာဏာပြ ချယ်လှယ်သည်ထက် ပိုမိုပြင်းထန်သော” နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (State Law and Order Restoration Council - SLORC) ကို တည်ထောင်ခဲ့သည်။ ဦးစောမောင်က မာရှယ်လောခေါ် စစ်တပ်မှ အုပ်ချုပ်သည့် ဥပဒေကို ထုတ်ပြန်ပြီးနောက်တွင် ဆန္ဒပြသူများသည် အကြမ်းဖက်ခံရလျှက် ပြိုကွဲခဲ့သည်။ အစိုးရက မြန်မာ့အသံမှတဆင့် စစ်တပ်သည် ပြည်သူ့အကျိုးအတွက် “နိုင်ငံအဝှမ်းတွင် ဖြစ်ပွားနေသော ဆိုးဝါးနေသည့် အခြေအနေများကို အချိန်မီ ရပ်တန့်ရန်” နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရသည်ဟု ကြေညာခဲ့သည်။

တပ်မတော် စစ်သည်များသည် မြန်မာနိုင်ငံတဝှမ်းလုံးရှိ မြို့များတွင် ရှိနေပြီး ဆန္ဒပြသူများကို အတားအဆီးမဲ့စွာ ပစ်ခတ်ခဲ့သည်။ အာဏာရယူအပြီး ပထမ သီတင်းပတ်အတွင်း ကျောင်းသားများ၊ သံဃာတော်များနှင့် ကျောင်းသားငယ် ၁၀၀၀ ခန့် အသတ်ခံခဲ့ရပြီး အမေရိကန်ပြည်ထောင်စု သံရုံးရှေ့တွင် ဆန္ဒပြသူ ၅၀၀ လည်း အသတ်ခံခဲ့ရသည်။ ဤဖြစ်ရပ်ကို ကမ္ဘာ့မီဒီယာအတွက် သတင်းရိုက်ကူးသူဖြစ်သော အနီးအနားရှိ ဓာတ်ပုံဆရာတစ်ဦးက ရိုက်ကူးထားခဲ့သည်။ ဦးစောမောင်က သေဆုံးသူများကို “လုယက်သူများ” ဟုပြောဆိုခဲ့သည်။ ဆန္ဒပြသူများသည် တောခိုခဲ့ကြပြီး အချို့ကျောင်းသားများသည် ထိုင်းနိုင်ငံ နယ်စပ်တွင် သင်တန်းများ တက်ခဲ့ကြသည်။

စက်တင်ဘာလကုန်တွင် ဆန္ဒပြသူ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဦးရေ အတိအကျကိုမူ ယခုအချိန်အထိ မသိရပေ။ ရန်ကုန်မြို့ တစ်ခုထဲတွင်ပင် လူ ၁,၀၀၀ သေဆုံးခဲ့သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အကူအညီပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အစိုးရသည် နိုင်ငံကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ အောက်တိုဘာလတွင်း လှုပ်ရှားမှုများသည် ထိရောက်စွာ ပြိုကွဲပျက်ပြားခဲသည်။ ၁၉၈၈ ခုနှစ်ကုန်တွင် ဆန္ဒပြသူများနှင့် စစ်သားများအပါအဝင် လူပေါင်း ၁၀,၀၀၀ ခန့် သေဆုံးခဲ့ရသည်။ အခြား များစွာသော သူများလည်း ပျောက်ဆုံးနေခဲ့သည်။

နောက်ဆက်တွဲရလဒ်[ပြင်​ဆင်​ရန်​]

၁၉၈၈ အရေးအခင်းနှစ်ပတ်လည်နေ့ အမှတ်တရပွဲများကို နှစ်စဉ်မပျက် ကမ္ဘာနှင့်အဝှမ်း ကျင်းပကြသည်။

မြန်မာအများစုက ယုံကြည်ခဲ့ကြသည်မှာ အကယ်၍ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများက စစ်တပ်မှ အာဏာသိမ်းခြင်းကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပါက စစ်အစိုးရ ပြိုကျသွားနိုင်သည်ဟူ၍ ဖြစ်သည်။ အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ အထောက်အပံ့ပေးမှုများ ရပ်ဆိုင်းခဲ့သည်။ မြန်မာ့အိမ်နီးချင်း များအနက် အိန္ဒိယနိုင်ငံက အများဆုံး ဝေဖန်ခဲ့ပြီး ဖိနှိပ်မှုကို ရှုတ်ချခဲ့သည်။ ၎င်း၏နယ်စပ်ကို ပိတ်ပစ်လိုက်ပြီး ဒုက္ခသည် စခန်းများကို မြန်မာနှင့် နယ်စပ်တစ်လျှောက်တွင် တည်ဆောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် NLD အား ထောက်ခံသူ ၆,၀၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ တိုင်းရင်းသားများ နေထိုင်ကြသော ကော်သူးလေ ခေါ် ကရင်ပြည်နယ် ကဲ့သို့သော နယ်စပ်ဒေသသို့ ထွက်ပြေးလွတ်မြောက်သွားသော သူများသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုလိုလားသော သူများနှင့်အတူ ပူးပေါင်းကာ အုပ်စုများ ဖွဲ့ခဲ့ကြသည်။ ကရင်အမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ် ကဲ့သို့သော လူမျိုးစုလက်နက်ကိုင်တပ်များ ထိန်းချုပ်ရာ တောင်တန်းဒေသများသို့ ၁၀,၀၀၀ ခန့် ထွက်ပြေးသွားသည်ဟု ခန့်မှန်းရသည်။ နောက်ပိုင်းတွင် ယင်းတို့အနက် အများအပြားကို စစ်သားများဖြစ်လာရန် သင်တန်းများ ပေးခဲ့သည်။

အရေးအခင်းပြီးနောက် ဆန္ဒပြပွဲများကို စီစဉ်ဦးဆောင်သူများကို ဦးတည်၍ “ကိုးရိုးကားရားနိုင်သော ဝါဒဖြန့်ချီမှုနည်းစနစ်”ကို န.ဝ.တ က စတင်လုပ်ဆောင်ခဲ့သည်။ စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံခြား သံတမန်များနှင့် သတင်းဌာနများသို့ န.ဝ.တ က မျက်နှာသာပေးသည့်အနေဖြင့် ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာဖြင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲ အထွတ်အထိပ်သို့ ရောက်နေချိန်၍ ယခင်သတင်းများနှင့် နှိုင်းစာလျှင် ပိုမိုလွတ်လပ်သော သတင်းများ ပို့ပြီးသည့်နောက် မြန်မာ့သတင်းဌာနသည် ဤကာလအတောအတွင်း ပိုမိုတင်းကြပ်သော ကန့်သတ်မှုများ တွေ့ကြုံရသည်။ သတင်းစာရှင်းလင်းပွဲများတွင် လက်ယာသမားများနှင့် အဖျက်သမား နိုင်ငံခြားသားများ လျှို့ဝှက်ပူးပေါင်းကြံစည်ပြီး စစ်တပ်ကို ဖြုတ်ချရန် လုပ်ကြံမှုနှင့် လက်ဝဲသမားများ၏ အစိုးရကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုများအကြောင်း ၎င်းက အသေးစိတ်ရှင်းပြခဲ့သည်။ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သော်လည်း အစိုးရ၏ သီအိုရီအယူအဆကို ယုံကြည်သူ အနည်းငယ်သာ ရှိခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်နေစဉ် ကာလအတွင်း သည် သူပုန်များနှင့် တိတ်တဆိတ် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၁၉၈၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ် အကြားတွင် မြန်မာအစိုးရသည် မြန်မာ့သမိုင်း တစ်လျှောက်လုံး စစ်တပ်၏ ဗဟိုချုပ်ကိုင်မှုအကြောင်း အသေးစိတ်ပြထားသော ပြတိုက်အသစ် ၂၀ ဖွင့်လှစ်ခဲ့သည်။ ၎င်း၏ စစ်အင်အားကိုလည်း ၁၈၀,၀၀၀ မှ ၄၀၀,၀၀၀သို့ တိုးမြှင့်ခဲ့သည်။ နောက်ထပ် အုံကြွမှုများမှ ကာကွယ်သည့်အနေဖြင့် ကျောင်းများနှင့် တက္ကသိုလ်များကိုလည်း ပိတ်ထားခဲ့သည်။ အစဦး၌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးအောင်ကြီးတို့ နောက်လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော န.ဝ.တ ၏ ကမ်းလှမ်းချက်ကို စစ်အစိုးရ၏ လက်အောက်တွင် လွတ်လပ်စွာ ကျင်းပနိုင်မည်မဟုတ်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။

အရေးပါခြင်း[ပြင်​ဆင်​ရန်​]

ယနေ့အချိန်အခါတွင် အရေးအခင်းကြီးအား နိုင်ငံရပ်ခြားတွင် ရောက်ရှိနေထိုင်လျက်ရှိကြကုန်သောမြန်မာနိုင်ငံသားများ မမေ့နိုင်အောင် မှတ်မိနေကြပြီး ဂုဏ်ပြုကြသော နေ့တစ်နေ့လည်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ရှိကြသော ကျောင်းသားများအကြားတွင်လည်း နှစ်စဉ် ဩဂုတ်လ ၈ ရက်နေ့ရောက်တိုင်း အမှတ်တရပွဲများ ကျင်းပခြင်းအားဖြင့် လှုပ်ရှားမှုကို ပံ့ပိုးကူညီကြသည်။ အရေးအခင်း နှစ်ပတ်လည် အနှစ် ၂၀ ပြည့်နေ့တွင် ထိုအဖြစ်အပျက်ကို အမှတ်ရ ကျင်းပကြသော လှုပ်ရှားတက်ကြွသူ ၄၈ ဦး အဖမ်းခံခဲ့ရသည်။ ဤအဖြစ်အပျက်က မြန်မာပြည်သားများအပေါ် နိုင်ငံတကာမှ ပံ့ပိုးမှုများ ပိုမိုရရှိစေခဲ့သည်။ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများက အမှတ်တရ ကဗျာများ ရေးခဲ့ကြသည်။ ၁၉၉၅ ခုနှစ်က ရုပ်ရှင်ဖြစ်သည့် Beyond Rangoon ဟူသော ရုပ်ရှင်မှာ အရေးအခင်းကာလအတွင် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်မှန်ကို အခြေခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ် ဖြစ်ရပ်သည် နောင် ၁၉ နှစ်အကြာတွင် ဖြစ်ပွားခဲ့သော၂၀၀၇ ခုနှစ် မြန်မာတို့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲများအတွက် အထူးအဓိပ္ပါယ်ရှိခဲ့ပါသည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]