အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
From Wikipedia
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းထူထောင်ခဲ့သော နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူ ဦးဆောင်သည်။ ၁၉၉၀ ခုနှစ် ပါလီမန် ရွေးကောက်ပွဲများတွင် အမတ်နေရာ ၄၈၉ နေရာအနက် ၄၀၆ နေရာ (၈၃ ရာခိုင်နှုန်း) ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် နအဖ အစိုးရ( ယခင် နဝတ အစိုးရ) မှ အစိုးရဖွဲ့ခွင့် မပြုခဲ့ချေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ၏ အဖွဲ့ဝင်ပါတီဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်တွင် လှုပ်ရှားလျက်ရှိပြီး၊ နအဖ၊ အင်အယ်လ်ဒီနှင့် တိုင်းရင်းသားလူမျိုးစုတို့အကြား သုံးပွင့်ဆိုင်မျက်နှာစုံညီ အစည်းအဝေးကို တောင်းဆိုနေသည့် အင်အယ်လ်ဒီ-အယ်လ်အေနှင့် အင်အယ်လ်ဒီသည် သီးခြားစီ ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် အစိုးရသည် အင်အယ်လ်ဒီရုံးခွဲများကို မြန်မာနိုင်ငံတစ်ဝန်း ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။ သို့သော် ၂၀၀၄ ခုနှစ်မှစတင်၍ အစိုးရ၏ နိုင်ငံရေးလှုပ်ရှားမှုများကို ကန့်သတ်သော စစ်ဆင်ရေးတစ်ရပ်အနေဖြင့် ၎င်းရုံးခွဲများကို ပြန်လည်ပိတ်စေခြင်း (သို့မဟုတ်) ပြင်းထန်သော ပိတ်ပင်တားဆီးမှုများကို ပြုလုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အင်အယ်လ်ဒီပါတီဝင် အများအပြားသည် တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့၏ ဖိအားပေးနှောင့်ယှက်မှုကြောင့် နှုတ်ထွက်ခဲ့ကြသည်။