ဆူးလေစေတီတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆူးလေစေတီတော်
Sulay.jpg
တည်နေရာ ရန်ကုန်မြို့လည်ခေါင်၊ မြို့တော်ခန်းမအနီး
ဉာဏ်တော် ၁၅၁-ပေ
ကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရား

ဆူးလေဘုရား[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးတို့တွင် ဆူးလေဘုရားသည် အပါအဝင်ဖြစ်၍၊ ရန်ကုန်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုစေတီတော်ကို မဏ္ဍိုင်ပြု၍ အရှေ့ဘက်မှ အနောက်ဘက်သို့ မဟာဗန္ဓုလလမ်းသည်၎င်း၊ တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်၏ဘွဲ့မည်ကို အစွဲပြု၍ ခေါ်တွင်သော ဆူးလေဘုရားလမ်းဟူ၍၎င်း အသီးအသီး ဖြတ်သန်းတည်ရှိသည်။ ဆူလေဘုရား၏ အရှေ့မြောက်ထောင့်၌ မြို့တော်ခန်းမ ရှိ၍၊ အရှေ့တောင်ထောင့်တွင်မူ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားရှိသော ဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ချုပ် စသည်တို့ တည်ရှိသည်။ ဆူးလေဘုရားသည် ရွှေတိဂုံဘုရားမှ ၉၂၇၅ ပေခန့် ကွာဝေး၍၊ ဗိုလ်တစ်ထောင်ဘုရားမှမူ ၅၁ဝ၂ ပေခန့် ကွာဝေးသည်။ ဉာဏ်တော် ၁၅၁-ပေ ရှိသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဆူးလေဘုရားသမိုင်းနှင့် စပ်လျဉ်း၍၎င်း၊ ဘွဲ့အမည်နှင့် စပ်လျဉ်း၍၎င်း အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အများနားလည်ယူဆထားကြသော ဘုရားသမိုင်းမှာ ရွှေတိဂုံ စေတီတော် ဘုရားသမိုင်းများတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်းဖြစ်၏။ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု တွင် 'တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီး ထံယူဆောင်လာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သံမြေ ဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တစ်ရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် ဝိသကြုံ နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြ၏။ သို့သော်လည်း အခြားသော ဘုရားရှင်သုံးဆူတို့၏ ပရိဘောဂတော်များ တည်ရှိရာတွင် ဆံတော်များကို ဌာပနာ၍ စေတီတည်ရမည်ဖြစ်ရာ ထိုနေရာကို မသိကြ ဖြစ်သဖြင့် ဆူးလေစေတီတည်မည့် ကုန်းနေရာ၌ ဥကလာပ မင်းနှင့်တကွ လူနတ်အများ စုဝေးကြပြီးလျှင် ဆူးလေနတ်ကြီး အပါအဝင် နတ်ကြီးလေးပါးကို ပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကို တွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြ၏။ ထို့နောက် နတ်လူအများစုဝေးကြရာ ကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်၍ စုဝေးစေတီတွင်၏။ ဆူးလေဟူသောအမည်မှာ စုဝေးမှတစ်ဆင့် ကာလရွေ့လျောသဖြင့် ပြောင်းလဲလာသော အမည်ဖြစ်၏။'ဟုဆိုကြသည်။ သို့သော် ဓမ္မစေတီ မင်းလက်ထက် သက္ကရာဇ် ၈၃၈ ခုနှစ်လောက်တွင် (ခရစ် ၁၄၈၅ ခုနှစ်) ရေးထိုးခဲ့သော ရွှေတိဂုံသမိုင်းကျောက်စာ၌ စုဝေးစေတီအကြောင်း စိုးစဉ်းမျှမပါရှိချေ။ အခြားသမိုင်း အဆိုတစ်ရပ်မှာ ကျိုက္ကစံဘုရားသမိုင်းတွင်ပါသည့် အာဘော်အရ ဤသို့ဖြစ်၏။ 'တတိယသင်္ဂါယနာတင်ပွဲကို ပါဋလိပုတ်ပြည်၌ကျင်းပပြီးနောက် ဗုဒ္ဓသာသနာသည် သီဟိုဠ်ကျွန်းသို့ ရောက် ရှိလာ၏။ သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်ခန့်တွင် ရဟန္တာ ၈ ပါးသည် သီဟိုဠ်ကျွန်းကို ရေတိုက်စားခြင်းဘေးမှ ကာကွယ်နိုင်သော ပတ္တမြားကိုယူဆောင်ရန် သထုံမြို့သို့ ရောက်ရှိနေသည့်အတွက် သံလျင်မြို့သို့ သွားယူရလေသည်။ ရဟန္တာရှစ်ပါး သည် ထိုပတ္တမြားကိုရရှိသဖြင့် တုံ့ပြန်ကျေးဇူးပြုလို၍ သီဟိုဠ်ကျွန်းမှ ဆောင်ယူခဲ့သော မြတ်စွာဘုရား၏ ဆံတော်နှင့် ဓာတ်တော်အချို့ကို သံလျင်မင်းဘောဂသေနအား ပေးလေ၏။ ထို့နောက် ထိုရဟန္တာရှစ်ပါး ကြည့်ကြပ်ဦးစီး၍ပင် ထိုဆံတော်ဓာတ်တော်များကို စေတီတည်ကြ၏။ ရှေးဦးစွာ သိင်္ဂုတ္တရကုန်း၏ အရှေ့မြောက်ယွန်းတွင် ဆံတော် ၆ ဆူနှင့် ဓာတ်တော် အချို့ကိုဌာပနာ၍ ကျိုက္ကစံစေတီတည်၏။ ထို့နောက် ရွှေတိဂုံဘုရား တောင်ဘက်အနီးတွင် ရဟန္တာသိမ်တော်ကြီးတစ်ခုနှင့် ယခုအခါ သိမ်ကြီးဈေးအနီးရှိ သိမ်တော်ကြီး တစ်ခုကို တည်ဆောက်ကြ၏။


ရွှေတိဂုံဘုရားအနီးရှိ သိမ်တော်ကြီးကို ဆောက်နေဆဲကာလ၌ ရဟန္တာတစ်ပါး ပျံလွန်တော်မူသဖြင့် သံလျင်မင်းသည် စိတ်ငယ်အားလျော့ပြီးလျှင် ဆူးလေစေတီကို တည်ရန် ကိစ္စတွင် အသုတ်အမည်ရှိ မိမိ၏အမတ်ကြီးကို တာဝန်လွှဲတော်မူသည်။ အသုတ်အမတ်ကြီးဦးစီး၍ တည်ခြင်းကြောင့် စေတီ၏ ဘွဲ့မည်မှာ ကျိုက်အသုတ်ဟု တွင်သည်။ ထိုစေတီကိုပင် ယခုအခါ ဆူးလေစေတီဟုခေါ်ကြသည်။' ကျိုက်အသုတ် ဟူသောအမည်ကို မွန်ဘုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ဟံသာဝတီမင်း ဆင်ဖြူရှင်အမည်ခံ ဗညားဦးသည် ဒဂုံဆံတော် ရှင်သို့ ဖူးမြင်ပူဇော်ရန်လာသော် 'အသုတ်ဘုရားရှင် ပြာဋိတ်ပြ တော်မူ၏'ဟူ၍၎င်း၊ ဗညားနွဲ့သည် ခမည်းတော်ဗညားဦးကို ပုန်ကန်၍ ဒဂုံသို့ထွက် ပြေးခိုဝင်လာသော် 'ကျိုက်အသုတ် ဘုရားနှင့် ပါရမီဘုရားအကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏။'ဟူ၍၎င်း တွေ့ရ၏။ ထို့နောက်တစ်ဖန် ဟံသာဝတီဘုရင်မ ရှင်စောပုသည် ဒဂုံစေတီတော်ကို ရွှေချပြီးနောက် ကျိုက်အသုတ်စေတီကိုလည်း ထပ်မံ ပြုပြင်ချဲ့ထွင်တော်မူခဲ့သည်ဟု တွေ့ရှိရပြန်သည်။ ကျိုက်အသုတ်စေတီ၏ တည်နေရာကို သမိုင်းအထောက်အထားများနှင့် ချိန်ထိုးကြည့်သောအခါ ယခုဆူးလေ စေတီပင်လျှင်၊ ရှေးက ကျိုက်အသုတ်စေတီဖြစ်ခဲ့ ကြောင်းကို သိရသည်။ သို့ဖြစ်လေရာ ကျိုက်အသုတ်စေတီမှ အဘယ်ပုံအဘယ်နည်းဖြင့် ဆူးလေစေတီဟူသောအမည်သို့ ပြောင်းလဲလာသည်ကို ဆင်ခြင်ကောက် ယူရမည်ဖြစ်၏။ အချို့က ရွှေတိဂုံသမိုင်းတွင် ဆက်စပ်ဖော်ပြထားသည့် အတိုင်း စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာသည်ဟု ဆို၏။ စေတီတော်၏ တည်နေရာမှာ ထိုခေတ်က မွန်တို့ဒေသဖြစ်သဖြင့် မြန်မာအမည်ဖြင့် စတင်ခေါ်ဝေါ်ခဲ့မည်မဟုတ်ကြောင်း သိသာသည်။


အချို့က 'ဆူးလေ'ဟူသည်မှာ မွန်စကား 'စဲလေဟ်' (မြေး လည်းကောင်း) ဟူသောစကားမှ ဆင်းသက် လာသည် ဟူ၍၎င်း၊ 'ဇူလေ'ဟူသော မွန်စကား (နားနေရန် ၎င်း)မှ ကူးပြောင်းလာသည်ဟု၎င်း အဆိုရှိပြန်သည်။ ထိုစကား ၂ မျိုးလုံး ပင် လက်ခံနိုင်ဘွယ်မရှိချေ။ အချို့ကလည်း ကျိုက် အသုတ်စေတီတော်သည် ရှေးအခါက မင်းပြောင်းမင်းလွှဲ ခေတ် အမျိုးမျိုးနှင့် ကြုံခဲ့ရသဖြင့် ပြုပြင်ဂရုစိုက်မည့်သူမရှိဘဲ ဆူးလေပင်များ ဝန်းရံဖုံးကွယ်နေသည်ကို နောင်အခါတွင် မြန်မာတို့က ထိုဒေသကို ဆူးလေကုန်း၊ ထိုစေတီကို ဆူးလေစေတီဟု ခေါ် တွင်ကြောင်းနှင့် ယူဆကြ၏။ အချို့ကလည်း ပါဠိ စကား စူဠ(ငယ်သော)မှ ဆင်းသက်လာသည်။ ရွှေတိဂုံဘုရားထက်ငယ် သဖြင့် စူဠစေတီဟု မူလက ခေါ်ဝေါ်ခဲ့ဟန်ရှိသည်ဟု ထင်မြင် ကြ၏။ သို့သော် စူဠဟူသော ပါဠိမှာ ဆံတော်အနက်ကိုလည်း ရ၏။ မူလဘွဲ့တော် ကျိုက်အသုတ်တွင်လည်း အသုတ်ဟူသော မွန်စကားသည် ဆံတော်ကိုပင်ဆို၏။ ထိုကြောင့် စူဠစေတီ (ဆံတော်စေတီ)မှ ဆူးလေစေတီဖြစ်လာသည်ဟု ကောက်ယူ နိုင်ပေသည်။ ဆူးလေဘုရား၏ ပုံသဏ္ဌာန်မှာ ရန်ကုန်မြို့ ဘုရားများ အနက်တစ်မူထူးခြားလှ၏ အောက်ခြေမှစ၍ ချယားသီးပိန္နဲ တိုင် သို့တိုင်အောင်ပင် ရှစ်မြှောင့်ထောင့်ချိုးများသာ ဖြစ်သည်။ ပန်းတင်ခုံ၏ အောက်ခြေသည် ရှေးကရှစ်မြှောင့်ပင်ဖြစ်ခဲ့ဟန် တူသော်လည်း၊ ယခုအခါ အဝိုင်းသဏ္ဌာန်ဖြစ်နေသည်။ ပန်းတင်ခုံ ရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့်ရှိသည်။ ပန်းတင်ခုံရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့် ရှိသည်။ စေတီတော်၏ ဉာဏ်တော်မှာ ပန်းတင်ခုံမှ စိန်ဖူးတော် သို့တိုင်အောင် ၁၄၄ ပေနှင့် ၉ လက်မခွဲ ရှိသည်။ ဆူးလေစေတီ၏ ရင်ပြင်တော်သည် စေတီအောက်ခြေရင်းမှ ရင်ပြင် အစွန်းပတ်လည်သို့ တိုင်အောင် ပေ ၂ဝ ခန့်ကျယ် သည်။ စေတီတော်၏ စိန်ဖူးတော်သစ်နှင့် ငှက်မြတ်နားတော် တင်ပွဲကို ၁၃ဝ၉ ခုနှစ်တွင် ကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့ သည်။ ထိုအသစ်မွန်းမံထားသော စိန်ဖူးတော်နှင့် အလေးချိန် နှစ်ပိဿာ ၅ဝ ခန့်ရှိသော ရွှေအစစ်ငှက်မြတ်နားတို့တွင် စီချယ် ထားသော စိန်ကျောက် နီလာ ပတ္တမြားစသည့် ရတနာကျောက်မျက် ရတနာများသည်ပင် ယခုခေတ်တန်ဘိုးနှင့် ၆ သိန်းကျော် ခန့် တန်သည်။ ရွှေဆည်းလည်း အဟောင်းအသစ် ၂၅၄ လုံး မှာလည်း ခေတ်တန်ဖိုးနှင့် ၄ သောင်းကျော်တန်၏။ ၁၉၄၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စေတီတော်၏ကြေးစလောင်း နှင့် ၁၂ ပေအကွာမှစ၍ ကိုယ်လုံးပြည့် ရွှေပြားသင်္ကန်းကပ်လှူ ခဲ့သည်၊ လျှပ်စစ်မီးချောင်း ရောင်စုံများမှာလည်း ညဉ့်အခါတွင် ရှုမငြီးဘွယ် ထိန်ထိန်ဝင်းနေလေ့ရှိသည်။ စေတီတော်ရှိ ရှေးက သစ်သားဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အအုံများကို ယခုအခါ အုတ်ဖြင့် ဆောက်လုပ်ထားသည်။ မုခ်ဦးတန်ဆောင်းများ လည်း လေးမျက်နှာလုံးတွင် ရှိ၏။ ယင်ပြင်ပတ်လည်တွင် ရှေးက သံတံတိုင်းများ ထားရှိခဲ့သော်လည်း၊ ယခုအခါ အုတ် ဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ထားရှိလေသည်။ ဆူးလေစေတီ၏ ယင်ပြင်တွင် ကျောက်ပြားများ ခင်းထားသည်။ ဆူးလေဘုရားတွင် အသစ်စိုက်ထူထားရှိသော ဘုရားသမိုင်းကျောက်စာတိုင်တစ်ခုရှိ၏။ ယင်းမှာ ရွှေတိဂုံစေတီသမိုင်းနှင့် ဆက်စပ်နေ သော စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာ ပုံကိုသာ ရေးထိုး ထား၏။


ဆူးလေဘုရားတွင် ထင်ရှားသော မဟာဗောဓိနှင့် ဆူးလေနတ်ကြီးရုပ်တုတို့ရှိ၏။ ဆူးလေနတ်ကြီးမှာ စင်စစ်သော်ကား စေတီတော်စောင့်နတ်မျှသာ ဖြစ်၏။ အချို့ကမူ ရွှေတိဂုံစေတီကို တည်ရန် မြေနေရာရှာစဉ်က ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီးလေးပါးက ညွှန်ပြခဲ့သည်ဟူသော အကြောင်းနှင့်ဆက်စပ်၍ ထိုစဉ်က ဆူးလေနတ်ကြီးကို ယခုထုလုပ်ထားရှိသော ဆူးလေ နတ်ကြီးအမှတ်နှင့် ရောနှောယုံကြည်နေကြသည်။ သမိုင်း အစောင်စောင်တွင် ထိုနတ်ကြီးလေးပါး၏ အမည်ကိုဖေါ်ပြကြရာ တစ်ခုနှင့် တစ်ခုမညီညွှတ်ကြချေ။ မွန်သမိုင်းများတွင်လည်း ဆူးလေနတ်ကြီးအကြောင်းကို လုံးဝမတွေ့ရချေ။ မည်သို့ ပင်ဖြစ်စေကာမူ ဆူးလေနတ်ကြီးသည် လောကီရေးများတွင် စောင်မကူညီနိုင်သည်ဟု အယူရှိကာ အထူးပူဇော်ပသ နေကြသည်။ စစ်မဖြစ်မီခေတ်က 'ပဲခူးမယ်ကြော့ကိုရယင်၊ ပုဆိုးနှစ်ထည်နဲ့ ကန်တော့ပါ့မယ်၊ အောင်မယ်မင်း ဆူးလေ နတ်ကြီးရဲ့ မတော်မူလိုက်ပါ'ဟူသော တေးတစ်ပုဒ်ပင်လျှင် ခေတ် စားခဲ့ဘူးသည်။ ဆူးလေနတ်ကြီး၏ ရုပ်တုမှာ နှုတ်ခမ်းမွေးနှင့် အဘိုးအိုအရွယ် လူစင်စစ်ကဲ့သို့ပင် ထုလုပ်ထားသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးသည့်နောက်တွင် ဆူးလေနတ်ကြီးရုပ်တုသည် ယခုကဲ့သို့ ရင်ပြင်တော်ပေါ်၌ မရှိသေးချေ။ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်း၏ အနောက် မြောက်ထောင့် ယခုဗလီကြီး ရှိရာနေရာ၌ နေရသည်ဟု မှော်ဘီဆရာသိန်း၏ ရန်ကုန်မြို့ဟောင်း ဆောင်းပါးတွင် ဖော်ပြထား၏။ ၁၉၁ဝ ခုနှစ်တွင်ကား နတ်ရုပ်တု ရှိနေသေးသည်ဟုလည်း သိရ၏။ ထို့နောက်ပိုင်းတွင်မှ ဆူးလေရင်ပြင်ပေါ်သို့ ရောက်ရှိ လာ၍၊ ထင်ရှားလာသည်ဟု ယူဆရပေသည်။[၁]

သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟု သိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် - ဘုရား၊ အသုတ် - အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟု ဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။

သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင် တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စေု၀းတိုင်ပင်ရာဌာနဖြစ်သဖြင့် “စေု၀းစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။ ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စေု၀းနေရာ၌တည်ထားသောကြောင့်“လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။ ဆူးလေစေတီတော်၏ ပရိ၀ှုဏ် အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။ ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ ဖိနပ်ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။ ကြာ၀န်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်၏။ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။

သိဖွယ်မှတ်ဖွယ်များ[ပြင်​ဆင်​ရန်​]

ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀င်ရောက်နားတော် မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ရန်ကုန်မြို့ ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။ အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်၀န်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်း၀န်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ဝန်းကျင်ဖြစ်၏။ ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။

ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်း၀ယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။ မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာ၀တီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ဝန်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။

ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ တည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။

ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။ ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမေ၀းတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကား နေသည်ဟုဆို၏။

အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။ မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။


သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီး(Queen Victoria) က `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ၊ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တ်္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ၀တ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့၏။ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။

ဆူးလေဘိုးဘိုးကြီး သမိုင်း[ပြင်​ဆင်​ရန်​]

ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး”” ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။ ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်၀ိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။ လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။


ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ၀တ်လဲတော် ပုဆိုး၊ အင်္ကျီပု၀ါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။ လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအများ၏ အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။

လေးဆူနတ်ကြီး အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ဆူးလေဘိုးဘိုးကြီး ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။


ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘ၀နာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။ မြို့လည်တစ်၀ိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြောက်နိုင်တယ် ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)