ဗဒုံမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဘိုးတော်ဘုရား ( မြန်မာသက္ကရာဇ် ၁၁ဝ၆-၁၁၈၁ )[ပြင်​ဆင်​ရန်​]

ဘုန်းတောက်သော ဘဝရှင်မင်းတရား ဘိုးတော်ဦးဝိုင်းဟု ဆိုလျှင် ကုန်းဘောင်ဆက်တွင် အထူးထင်ရှားသော ဘုရင်တစ်ဆူဟု လူသိများသည်။ ထိုမင်း လက်ထက်၊ မြန်မာနိုင်ငံသည် များစွာကျယ်ဝန်းလာ၍ နိုင်ငံခြားသားများ ဂရုစိုက်လေ့လာခြင်း ခံခဲ့ရသည်။ တိုင်းပြည် ဝပြောစည်ပင်၍ စာပေနှင့် သာသနာရေး ထွန်းပြောင်ခဲ့လေသည်။


ဘိုးတော်ဘုရားသည် ကုန်းဘောင်နန်းတည် အလောင်းမင်း တရားကြီးနှင့် မဟာမင်္ဂလာ ရတနာဓိပတိ သီရိရာဇာ စန္ဒယဒေဝီဘွဲ့ခံ မိဖုရားခေါင်ကြီးတို့မှ မြင်သည့် စတုတ္ထ သားတော် ဖြစ်သည်။ ၁၁ဝ၆ ခုနှစ် တန်ခူးလပြည့်ကျော် ၆ ရက် တနင်္လာနေ့တွင် ဖွားမြင်၍ ငယ်မည်မှာ မောင်ရွှေဝိုင်း ဖြစ်သည်။

သက်တော် ၁ဝ နှစ်အရွယ်တွင် သတိုးမင်းလှ ရွှေတောင်၊ ၁၆ နှစ်တွင် သတိုးမင်းစော၊ ၂ဝ တွင် သုဓမ္မ ရာဇာဘွဲ့အမည်များကို ချီးမြှင့်ခြင်း ခံရသည်။ ခမည်းတော်နှင့် နောင်တော် ၂ ပါးလက်ထက် ဗဒုံ၊ မြဝတီမြို့များကို ကံကျွေး ခံရ၍ ဗဒုံမင်းသားဟု ထင်ရှားသည်။ ထို့ကြောင့်လည်း ၁၁၄၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက် တနင်္လာနေ့တွင် မင်း အဖြစ်သို့ရောက်တော်မူသောအခါ ဗဒုံမင်းတရားကြီးဟု ခေါ် ကြသည်။ မင်းတရားကြီး နောက် ထီးနန်းဆက်ခံသူ စစ်ကိုင်း မင်းနှင့် သာယာဝတီမင်း၏ ဘိုးတော် ဖြစ်သဖြင့်လည်း ဘိုးတော်ဘုရားဟု ရာဇဝင်တွင် ကျော်ကြားခဲ့သည်။ ၁၁၄၄ ခုနှစ် တပို့တွဲလဆန်း ၇ ရက်နေ့တွင် မြစ်ငယ်မြစ် မြောက်ဘက် ထီးပေါင်းကား အရပ်၌ အမရပူရမြို့နှင့်တကွ ထီးနန်းကို စတင်တည်စိုက်သောကြောင့် အမရပူရ ပထမ မြို့နန်း တည်မင်းဟုလည်း တွင်သည်။

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်းသည် အလောင်းဘုရား၏ တတိယသားတော်ဖြစ်သည်။မြန်မာ့သမိုင်း တွင်နန်းသက်အရှည်ဆုံး ဘုရင်များအနက်မှ တစ်ပါးဖြစ်ပြီး နန်းသက် ၃၇ နှစ်ထိ နန်းစံခဲ့သည်။ ၄င်းလက်ထက်တွင် သမိုင်းဝင် ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်သည့် မင်းကွန်းပုထိုးတော်ကြီးကို တည်ထားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မြို့တော်ကို အင်းဝမှအမရပူရ နန်းသစ်ကိုတည်ပြီး ပြောင်းရွေ့ခဲ့သည်။ ၄င်းလက်ထက်တွင် မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်ကို အိမ်ရှေ့မင်းသားကြီးတောင်ငူစား ဦးပေါ်က သွားရောက်သိမ်းယူပြီး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ကိုလေးပိုင်းပိုင်းဖြတ်ကာ ရခိုင်မှ ပင့်ဆောင်လာခဲ့သည်။ အောက်ပြည်အရပ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နှင်းရသည်။သာဿနာရေးဆိုင်တွင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြေရှင်းစေပြီး မဟာယနဆန်သည့် ပွဲကျောင်းဝါဒကို နှိမ်နှင်းရန်ကြိူးပမ်းဆောင်ရွက်သော်လည်း ထိရောက်သောအောင်မြင်မှုတို့ ရရှိသည်မတွေ့ရပေ။ ထို့ပြင် အိန္ဒိယသို့ သံတမန်များ စေလွတ်ပြီး ဗေဒင်နှင့် ဗြဟာဏဆိုင်ရာကျမ်းများကို ယူဆောင်လာစေကာ မြန်မာဘာသာသို့ပြန်ဆိုရန် အားပေးခဲ့သည်။ ရှေး အယူအဆများနှင် ့ဆန့်ကျင်ပြီး တိုးတက်သည့် အတွေးအခေါ်အယူအဆများကို သွပ်သွင်းလိုသော်လည်း အယူအစွဲကြီးသည့် ပြည်သူနှင့် လက်အောက်ခံများကြောင့် အရာမထင်ပေ။ ထင်ရှားသည့် ပျော်တော်ဆက်သက်တော်ရှည်အမတ်ကြီးမှာ ဦးပေါ်ဦး ဖြစ်သည်။ အိမ်ရှေ့မင်းသားဦးပေါ်မှာ ဘိုးတော်ဘုရား အသက်ရှိစဉ်ပင် နာမကျန်းဖြစ်ကာ ကွယ်လွန်သည့်အတွက် မြေးတော်နှစ်ပါးဖြစ်သည့် စစ်ကိုင်းမင်းသားနှင့် သရက်မင်းသားတို့ အပြိုင်နန်းလျာဖြစ်လာပြီး နောက်ဆုံးတွင် စစ်ကိုင်းမင်းသားအိမ်ရှေ့အရာရကာ ဘိုးတော်ဘုရားလွန်လျှင် နန်းစံသည်။ မြန်မာ့သမိုင်းတွင် ဘကြီးတော် မင်းအဖြစ်လည်း လူသိများသည်။



ဘိုးတော်ဘုရားသည် ၁၁၄၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၁၄၆ ခုနှစ်တွင် တစ်ကြိမ် ရာဇာဘိသေက မုဒ္ဓါဘိသေခံပြီး လျှင် ထီးဆောင်းမင်္ဂလာ မဟာဥကင်သဖွင့်တော်မူ၍ သီရိ ပဝရ တိလောကပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ် နာမံများကို ခံတော်မူသည်။ ၁၁၆၆ ခုနှစ်တွင် သီရိ မဟာသုဘတ္တာဟူသော ဆင်ဖြူမ တစ်စီးနှင့် ၁၁၆၈ ခုနှစ်တွင် နှာိူန ပစ္စယနာဂရာဇာ ဆင်ဖြူတစ်စီးကို ရတော်မူ၍ ရွှေစက်တင်တော်မူပြီးလျှင် ဆဒ္ဒန်ဆင်မင်းသခင်ဘွဲ့ ခံတော်မူသည်။

ဘိုးတော်ဘုရားသည် ခမည်းတော်၏ ဆန္ဒအရ ကုန်းဘောင်မင်းဆက်တွင် စတု·မင်းဖြစ်ရန် ရှိသော်လည်း နောင်တော်ဆင်ဖြူရှင်မင်းက သားတော် စဉ့်ကူးမင်းအား အရိုက်အရာ လွှဲအပ်ခဲ့သဖြင့် တူတော်များဖြစ်သော စဉ့်ကူးမင်း နှင့် ဖောင်းကားစားမင်းတို့အား ဖယ်ရှင်းပစ်ပြီးနောက်မှထီးနန်း ကို ဆက်ခံရသဖြင့် ကုန်းဘောင် မင်းဆက်တွင် ဆဋ္ဌမမင်း ဖြစ်ခဲ့ရသည်။


နန်းတက်စတွင် ဘိုးတော်ဘုရားသည်ထီးနန်းအန္တရာယ် ကြောင့် မင်းဆွေစိုးမျိုး မှူးမတ်မှုထမ်း အမြောက် အမြားတို့ကို ကွပ်မျက်သုတ်သင်ခဲ့ရသည်။ တရုတ်မြန်မာ စစ်ပွဲတွင် ထင်ရှား သော ဝန်ကြီးမဟာသီဟသူရကို မရှုတ်မချ ဝန်ကြီးအရာနှင့် သူကောင်းပြုသော်လည်း မကြာမြင့်မီ ညီတော်စည်သား မင်းသားနှင့် မသင့်သော အကြံအစည် ကြံစည်ကြောင်း သိသဖြင့် ကြံရာပါသူတို့နှင့်တကွ ထုံးစံနှင့်အညီ စီရင် တော်မူရသည်။ ၁၁၄၄ ခုနှစ်တွင် ငဖုန်းဆိုသူ ရှမ်းအမျိုးသား တစ်ယောက်က မိမိ ကိုယ်ကို ဟံသာဝတီ ရောက်မင်းတရားကြီး၏ သားတော် မင်းရဲမြတ်ဖုန်းဟုဆိုကာ ဖောင်းကားစား မောင်မောင်၏ ကြွင်းကျန်ပုန်းလျှိုး နေသေးသော ကျေးကျွန်တို့နှင့် ပေါင်း၍ နန်းမြို့တွင်းသို့အတင်းဝင်ရောက် ပုန်ကန်ရာ နှိမ်နင်းတော် မူပြီးနောက် ငဖုန်းနှင့် အပေါင်းပါတို့ကို ကွပ်မျက်တော် မူရသည်။ ပုသိမ်နယ်မှ မွန် ၃ဝဝ ကျော်တို့သည် ရန်ကုန်သို့ ချီတက် တိုက်ခိုက်သိမ်းယူကြသည်ကိုလည်း နှိမ်နင်းရသည်။ ၁၁၄၅ ခုနှစ်တွင် ဘိုးတော်ဘုရားသည် သားတော်ကြီး သတိုး ဓမ္မရာဇာဘွဲ့ခံ ရတနာရွှေတောင်မင်းကို အိမ်ရှေ့အရာ နှင်းတော် မူရာ ညီတော် ပင်းတလဲမြို့စား စိတ်ထောင့်၍ ထီးနန်းကို ကြံ စည်သဖြင့် ထုံးစံနှင့်အညီ စီရင်ရသည်။ ၁၁၇ဝ ပြည့်နှစ်တွင် သားတော် မဟာဥပရာဇာ နတ်ပြည် စံသောအခါ မြေးတော် စစ်ကိုင်းမင်းသားအား အိမ်ရှေ့နှင်းတော်မူသည်။

သက္ကရာဇ် ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလတွင် ရခိုင်ဓညဝတီပြည်ကြီးကို သိမ်းယူတော်မူမည်ဟု သားတော် မဟာဥပရာဇာကို အချုပ်ခန့်၍ အလုံးအရင်းနှင့် ချီစေသည်။ မဟာဥပရာဇာသည် စစ် ၄ ကြောင်းဖြန့်၍ ချီတက်ရာ ရခိုင်တို့ အပြင်းအထန် ခုခံတိုက်ခိုက်ကြသော်လည်း ရခိုင်တို့ရှုံးကာ သံတွဲမြို့နှင့်တကွ တောင်စဉ် ခုနစ်ခရိုင်သာမက ရခိုင်တပြည် လုံးကို မင်းနှင့်တကွ ရရှိသည်။ ရခိုင်ဘုရင်နှင့်တကွ မင်းဆွေ မင်းမျိုး မှူးမတ် ပညာသည်များ၊ အလျားအတောင် ၂ဝ လုံး ပတ် ၆ တောင်ရှိ အမြောက်ကြီးနှင့် ခဲယမ်းမီးကျောက် အမြောက်သေ နတ်များ၊ ဆင်မြင်းလူသူ ၃ သောင်းကျော်နှင့် တကွ ယိုးဒယားလုပ် ကြေးရုပ် ၃ဝ ကျော်တို့ကို ဆောင်ယူ၍ တပို့တွဲလပြည့်ကျော် ၇ ရက်နေ့တွင် ရခိုင်မှ ပြန်လာသည်။ ထိုပြင်ရခိုင်မင်းများ အစဉ်အဆက် ကိုးကွယ်သော မဟာမုနိ ရုပ်ပွားတော်ကြီးကိုလည်း တောင်ကုပ်လမ်းဖြင့် ပင့်ဆောင်ကာ ပန်းတောင်းမြို့ဆိပ်ကမ်းမှ ရွှေဖောင်တော်နှင့် တင်ဆောင်၍ အမရပူရမြို့သို့ရောက်လျှင် မြို့မြောက်ဘက်၌ ရွှေပြဿာဒ်နှင့် တည်ထားကိုးကွယ်သည်။ ရှေးက ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက် အောင်မြင်ခဲ့ဖူးသော်လည်း ခရီးအထောက် အလှမ်း မသင့်ခြင်းကြောင့် ကြာရှည်သိမ်းပိုက်မထားနိုင်ခဲ့ချေ။ ဘိုးတော်ဘုရား လက်ထက်တော်တွင်မှ ရခိုင်မင်းဆက် ပြတ်လေတော့သည်။

ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်လိုက်သဖြင့် မြန်မာနယ်စပ်သည် ဗြိတိသျှတို့သိမ်းပိုက်ထားသော ဘင်္ဂလား နယ်နှင့် တစ်စပ်တည်းဖြစ်ခဲ့ရာ နယ်စပ်အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် မြန်မာတို့အိန္ဒိယသို့စေလွှတ် သော သာသနာရေးအဖွဲ့အား ဗြိတိသျှတို့က နိုင်ငံရေး မကင်း ဟု ယူဆကာ တားမြစ်သည်။ ဤအချက်များကြောင့် ဘိုးတော် ဘုရားနှင့် ဗြိတိသျှတို့အဆက်အသွယ် ပြုလာရသည်။ သက္ကရာဇ် ၁၁၅၆ ( ခရစ်နှစ် ၁၇၉၅ ) ခုနှစ်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ကက်ပတိန် မိုက်ကယ်ဆိုင်းအား ဘိုးတော်ဘုရားထံသို့စေလွှတ်ကာ မြန်မာဘုရင်နှင့် ကုမ္ပဏီ တို့အကြား ဖြစ်ပေါ်နေသော အရှုပ်အထွေးများကို ဖြေရှင်းစေ သည်။ ဘိုးတော်ဘုရားက ကက်ပတိန်ဆိုင်းသည် ဘင်္ဂလားအစိုး ရက စေလွှတ်သော ကိုယ်စားလှယ်သာ ဖြစ်သည်ဟု ယူဆကာ အရေးမပေးနေသည်။ သို့ရာတွင် မြန်မာမှူးမတ်များနှင့် ကက်ပတိန်ဆိုင်းသည် ကုန်သွယ် ရေး ခွင့်ပြုချက်အချို့ကို သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ကက်ပတိန်ဆိုင်း၏ အစီရင်ခံချက်အရ အရှေ့အိန္ဒိယ ကုမ္ပဏီသည် မြန်မာတို့နှင့် သံတမန်လဲလှယ်ရန်နှင့် ကုန် ကူးသန်းရောင်းဝယ်ရန် အလို့ငှါ သက္ကရာဇ် ၁၁၅၆ ( ခရစ် ၁၇၉၆ ) ခုနှစ်တွင် ကက်ပတိန် ကောက်စအား ကိုယ်စား လှယ်အဖြစ် ရန်ကုန်သို့စေလွှတ်ပြန်သည်။ ကက်ပတိန် ကောက်စသည် ၁၁၅၈ ခုနှစ်တွင် အမရပူရ နေပြည်တော်သို့ ဆန်တက်၍ ဘိုးတော်ဘုရားထံ လက်ဆောင်ပဏ္ဏာများနှင့်တကွ အဖူးအမြော်ဝင်သည်။ ကက်ပတိန်ကောက်စက မိမိအားဗြိတိသျှ တို့၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် တောင်းဆို သည်ကို မြန်မာတို့က ငြင်းပယ်သည်။ မြန်မာတို့ အမြင်တွင် ကက်ပတိန် ကောက်စသည် မြန်မာပြည်ရှိ ဗြိတိသျှ ကုန်သည်များအား ကြီးကြပ်ရန်လာသော ကုန်သည်တစ်ဦးဟု သာ မြင်သည်။ သို့ဖြင့် ကက်ပတိန်ကောက်စသည် ရန်ကုန်မှ ပြန်လာခဲ့ရသည်။

၁၁၅၉ ခုနှစ်တွင် ရခိုင်တွင် မြို့သူကြီးငသန်တဲ ဆိုသူ ခေါင်းဆောင်သော ပုန်ကန်မှုတစ်ရပ် ပေါ်ပေါက် လာခဲ့သည်။ မြန်မာတို့သည် ငသန်တဲအား လိုက်လံတိုက်ခိုက်သောအခါ ဗြိတိသျှပိုင်နက်ဖြစ်သော ဘင်္ဂလားနယ်ထဲ သို့အလုံးအရင်းဖြင့် ခိုဝင်သည်။ မြန်မာတို့ကလည်း ဗြိတိသျှ ပိုင်နက်တွင်းသို့ပင် လိုက်လံဝင်ရောက် တိုက်ခိုက်ခဲ့သည်။ သို့ဖြစ်၍ ဗြိတိသျှနှင့် မြန်မာဆက်ဆံရေးမှာ တင်းမာသည်ထက် တင်းမာလာလေ သည်။ ကလကတ္တားရှိ ဗြိတိသျှဘုရင်ခံ ဝယ်လက်စလေသည် ဘိုးတော်ဘုရားအား သားတော် အိမ်ရှေ့မင်းနှင့် တောင်ငူမင်း တို့က နန်းချ မည်ဆိုက နန်းချနိုင်လောက်အောင် အားနည်း သည်ဟု အယူရှိသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်းအား အိမ်ရှေ့မင်းနှင့် တောင်ငူမင်းထံ ချဉ်းကပ်ရန် ဒုတိယအကြိမ် စေလွှတ်သည်။ သို့ရာတွင် ဝယ်လက်စလေ ထင်မြင်သကဲ့သို့ ဘိုးတော်ဘုရားသည် အားနည်းသော ဘုရင်မဟုတ်ကြောင်းကို ကက်ပတိန်ဆိုင်း သိရှိရသည်။ ဘိုးတော်ဘုရားသည် ဒုတိယ အကြိမ် ထပ်မံရောက်လာသော ကက်ပတိန်ဆိုင်းအား ပထမ ခေါက်ထက်ပင် အရေးမပေးရှိသည်။ ဗြိတိသျှ ကိုယ်စားလှယ် ထက် ပြင်သစ် ကိုယ်စားလှယ်မှာ ပိုမို၍ အရေးပေးခံရသည်ကို ကက်ပတိန်ဆိုင်း သိမြင်ခံ စားခဲ့ရသည်။ သို့ဖြစ်၍ မြန်မာ တို့ထံပါး ပြင်သစ်တို့အရေးသာနေမှုကို ဖြိုဖျက်ရန် ကလ ကတ္တားရှိ ဗြိတိသျှတို့အဖို့လိုအပ်လာသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်း ပြန်လာသောအခါ ကက်ပတိန်ကန်းနင်းကို ထပ်မံ၍ စေလွှတ်ပြန်သည်။

ကက်ပတိန်ကန်းနင်း အဖွဲ့သားများသည် အင်းဝသို့ သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်တွင် ရောက်လာကြသည်။ ကက်ပတိန်ကင်းနင်း၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေ အနေသည် အင်အားနည်းပါးနေကြောင်း၊ ဗြိတိသျှတို့၏ အင်အားကို မြန်မာတို့ထင်မကြီးကြောင်းနှင့် စစ်တစ်ကောင်း နှင့် ဒက္ကားကို မြန်မာတို့တိုက်ခိုက်ရန် ကြံရွယ်နေကြောင်း ပါရှိသည်။

သက္ကရာဇ် ၁၁၇၃ ခုနှစ်တွင် သူပုန်ငသန်တဲ၏ သားငချင်းပျံသည် ဘင်္ဂလားနယ်မှ ရခိုင်သို့ဝင်ရောက် တိုက်ခိုက်သည်။ မြန်မာတို့က ငချင်းပျံကို ဗြိတိသျှတို့ အားပေးသည်ဟု ယူဆသဖြင့် ဗြိတိသျှ မြန်မာ ဆက်ဆံရေး မှာ ပိုမိုဆိုးရွားလာလေသည်။

ဘိုးတော်ဘုရား လက်ထက်တွင် မြန်မာတို့သည် ယိုးဒယားသို့မကြာခဏ ချီတက်ရလေသည်။ သက္ကရာဇ် ၁၁၄၇ ခုနှစ်တွင် မင်းတရားကြီးကိုယ်တော်တိုင် တစ်ကြိမ်၊ ၁၁၄၈ ခုနှစ်တွင် မင်းကြီး နန္ဒကျော်ထင်ကို အအုပ်အချုပ် ခန့်၍ တစ်ကြိမ်၊ ၁၁၅၃၊ ၁၁၅၄ ခုနှစ်များတွင် သားတော် မဟာဥပရာဇာ အုပ်ချုပ်၍ တစ်ကြိမ် ယိုးဒယားသို့ချီရာ အရေးမလှ၍ ဆုတ်ခဲ့ရသည်က များသည်။

ဘိုးတော်ဘုရားလက်ထက်တွင် တရုတ်မြန်မာဆက်ဆံ ရေး ပြေပြစ်ချောမောသည်။ ၁၁၄၉ ခုနှစ် တန်ခူး လပြည့် ကျော် တစ်ရက်နေ့တွင် တရုတ်ဥတည်မင်းထံမှ ၂ ပြည့်တပြည် မဟာမိတ် ဖြစ်လိုကြောင်း ရွှေပေရာဇာသံ၊ အထူးထူးသော လက်ဆောင်တော်များနှင့် အေးဆော်ရဲကို သံအကြီးခန့်၍ လူ ၃ဝဝ ကျော်နှင့် ဘိုးတော်ဘုရား ရွှေပေရာဇသံ လက်ဆောင် တော်များနှင့်တကွ လက်ရွေးကြီးမှူး နေမျိုးရွှေတောင်၊ သီဟ ကျော်ခေါင်၊ ဝေလုသာရတို့ကို သံဘက်ခန့်၍ အေးဆော်ရဲ နှင့်အတူ ပြန်ထည့်လိုက်သည်။ ၁၁၅၁ ခုနှစ် ကဆုန်လတွင် တရုတ်ဥတည်မင်းက သကျမုနိ ရုပ်တုတော် စွယ်တော်ပွားများ ပင့်ဆောင်ပို့ရောက်သည်ကို မြစ်ညာအုန်းတစဉ်ရောက် ကိုယ်တော်တိုင် ကြိုတော်မူပြီးလျှင် ရတနာရွှေပန်းတောင်းတို့ ဖြင့် ခံတော်မူ၍ ဘုံ ၉ ဆင့်ရှိသော ရန်နိုင်လှော်ကားတော် ထက် တင်ဆောင် ပင့်ယူတော်မူသည်။ ထိုနှစ် တန်ဆောင်မုန်း လတွင် တရုတ်ဥတည်မင်းက ဆက်သသော အဖိုးအတိုင်း မသိထိုက်သည့် လက်ဆောင် ရတနာများနှင့်တကွ သမီးကညာ ၃ ပါး နေပြည်တော်သို့ရောက်ရာ အခမ်းအနား ကြီးကျယ်စွာ ဖြင့် ကြိုဆိုဆက်သခံသည်။ သမီးအကြီး တာကူငြင်ကို သီရိ မဟာဂန္ဓာရ ဒေဝီ၊ သမီးအလတ် ဧကူငြင်ကို သီရိမဟာပဉ္စာလ ဒေဝီ၊ သမီးအငယ် သံကူငြင်ကို သီရိမဟာဂန္ဓာရ စန္ဒာဒေဝီ ဟူသော ဘွဲ့အမည်ဖြင့် မြေ|ာက်စားတော်မူသည်။

ဝဇ္ဇီတိုင်း ဝေသာလီပြည်ကြီးကို အစိုးရသော မင်းက လည်း ၁၁၅၈ ခုနှစ်တွင် လက်ဆောင်ပဏ္ဏာများနှင့် တကွ သမီးတော် စွံပါဝတီကို ဆက်သ၍ ဘဝါးကျွန်အဖြစ်ခံရာ ဝေသာလီမင်းသမီးအား သီရမဟာု ဝိမလာဒေဝီ ဘွဲ့ဖြင့် မြေ|ာက်စားလေသည်။ ထို့နောက် စွံပါဝတီ၏ ညီမတော် ရွတ်ပုရိ၊ ပဒုမ္ပနီ ဥပေါထရာ သမီးကညာ ၃ ပါးကို ဝေသာလီမင်းက ဆက်သ၍ ဘဝါးကျွန်းအဖြစ် ခံတော်မူသည်။

မဇ္ဈိမတိုက် ၁၆ တိုင်းကလည်း အထူးထူးသော လက်ဆောင် ပဏ္ဏာတို့ဖြင့် နှစ်စဉ်မပြတ် ဆက်သပို့ရောက်သည်။ သီဟိုမ္ဗ် မင်းကလည်း သာသနာတော် တည်ထွန်းပွင့်လင်းအောင် မစပြုစုတော်မူပါမည့်အကြောင်း အထူးထူးသော လက်ဆောင် များဖြင့် ခြေတော်ဦးခိုက်၍ သီဟိုမ္ဗ်တစ်ကျွန်းလုံး နှင်းအပ် ဆက်သသည်။

၁၁၇၄ ခုနှစ်တွင် မဏိပူရ ကသည်းစော်ဘွား မဟာ ရာဇာနှင့် ဇူပရာဇာတို့မသင့်မတင့် ရှိသောကြောင့် ဇူပရာဇာ ထွက်ပြေးလာ၍ ဘိုးတော်ဘုရားထံ ခြေတော်ဦးခိုက် ခိုဝင် လာသည်။ မဟာရာဇာဇူပရာဇာ ညီနောင် ၂ ဦး သင့်တင့်ရန် ဖြန်ဖြေဖို့မဟာရာဇာအား အခေါ်လွှတ်ရာ မလာမရောက် နေသဖြင့် ချီတက်တိုက်ခိုက်စေရာ မဏိပူရမြို့ကို သိမ်းယူ ရရှိလေသည်။

ဘိုးတော်ဘုရားသည် သူပုန် သူကန်တို့အား တစ်ဖက် တွင် အောင်မြင်စွာ နှိမ်နင်းငြိမ်ဝပ်စေခဲ့၍၊ တစ်ဖက် ကလည်း နိုင်ငံတော် စည်ပင်ဝပြောတိုးတက်ရေးကို ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ အရပ်ရပ်၌ရှိသည့် ရှေးဟောင်းမင်းတို့စိုက်ထား ခဲ့သော ကျောက်စာများကို စုဆောင်း၍ နေပြည်တော်သို့ ပို့စေကာ အသစ်ပြင်ဆင် စိုက်လုပ်စေသည်။ ယင်းသို့ ကျောက်စာများကို စုဆောင်းခြင်းအားဖြင့် ဘုရင်ပိုင်ဆိုင်သော မြေ၊ သံဃာ့မြေ၊ ဘုရားမြေ စသည်တို့ကို ကွဲကွဲပြားပြား သိနိုင်ခဲ့သည်။ ထို့နောက် ငယ်ဆရာ ဖြစ်သော တွင်းသင်း တိုက်ဝန် မဟာစည် သူအား ကျောက်စာဝန်ခန့်တော်မူသည်။

တွင်းသင်းတိုက်ဝန်သည် ထိုကျောက်စာတို့ဖြင့် ည|ိနှိုင်းကာ ညောင်ရမ်း ခေတ်က ဦးကုလားရေး မဟာရာဇဝင်ကြီးကို ပြင်ဆင်၍ ရာဇဝင်သစ်ကို ရေးသားပြုစုသည်။ ၁၁၄၅ ခုနှစ်တွင် ဘိုးတော်ဘုရားသည် သာလွန်မင်းတရားကြီး လက်ထက်တော်ကကဲ့သို့မြို့ရွာနယ်ပယ် လူနေအိမ်ခြေ၊ ထွက်သော အသီးအနှံ၊ အရောင်းအဝယ် အခွန်အကောက်နှုန်း စသည်တို့ကို စစ်တမ်းထုတ်စေသည်။ ထို့ပြင် မြို့ရွာ နယ်နိမိတ် အလိုက် အပိုင်းအခြား လက်စွဲကိုယ်ရံတော်စုသား ငန်းသားသည် ဒိုင်ထမ်းတို့ကို ရှေးအစဉ်အဆက်အတိုင်း မငုပ် မတိမ်စေရ၊ အမှန်အကန် သီးသန့်ခြားနားတော်မူ၍ သည်ဒိုင်ထမ်းတို့မှာ အိမ်ခြေ ၂၅ လျှင် တဒိုင်စည်းကြပ် ဖွဲ့စုတော်မူသည်။ ယင်းစာရင်း စုငန်းစာရင်းများကိုလည်း ပေထက်တင်၍ ရွှေတိုက်တော်၌ သွင်းတော်မူသည်။

သာသနာရေးဘက်၌လည်း ဘိုးတော်ဘုရားသည် အထူးဂရုပြုကာ ဆောင်ရွက်တော်မူ၏။ စစ်ကိုင်း အိမ် တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား ၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅၅ ခန့်အချိန်ရှိသော ကြေးခေါင်းလောင်းကြီး ကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။


နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၅၆ မြို့သို့တစ်မြို့လျှင် ပိန္ထကတ်တော် တစ်စုံနှင့် သံဃာတော် ၅ ပါးကို သာသနာပြု စေလွှတ်တော်မူသည်။ သီဟိုမ္ဗ်မှလည်း သာသနာပြုစုပါမည့်အကြောင်း လျှောက်ထားသဖြင့် ပိန္ထကတ် စာပေနှင့် ရဟန်းတော်များပို့၍ သာသနာပြုသည်။ သီရိဓမ္မာ သောက မင်းကြီးသည် မုဋ္ဌောဘုရားများကို တစ်ချိန် တစ်ခါ တည်း တည်လုပ်သကဲ့သို့ဘိုးတော်ဘုရားသည် မြန်မာနိုင်ငံ အရပ်ရပ်ရှိဌာန ၂၃ဝ ၌ ရွှေဂူ ၂၃ဝ ကို တစ်ချိန်တည်း တည်တော်မူသည်။ ထိုပြင် သပိတ်မှောက်အောက်တိုင် ပြိုပျက်နေသော ဟံသာဝတီ-မော်ဓောရှင် စေတီတော်ကို ပြန်လည်တည်လုပ်ရန် ဝန်ကြီးမဟာသီဟသူရအား ကံကျွေး လက်ခ ငွေတော်ပေးအပ်၍ စေလွှတ်ပြင် ဆင်တော်မူစေသည်။

ပြိုကျပျက်စီးသော အခြားထင်ရှားသည့် ဘုရားစေတီတော် များကိုလည်း အသစ်တည်၍ ရွှေxD;tထွတ်တင် လှူတော်မူ သည်။ ရဟန်းသံဃာတော်များ အတင်ဂိုဏ်း အရုံဂိုဏ်းဟူ၍ ဂိုဏ်းကွဲကြရာ ဘိုးတော်ဘုရားက ကျောင်းတိုက် အပြင်အပသို့ ထွက်ကြွတော်မူသည့်အခါ သင်္ကန်းကို ရုံသင့်သည်ဟု အရုံ ဂိုဏ်းကို အနိုင်ပေး၍ ဆုံးဖြတ်ကာ သာသနာတော်အား တညီ တစ်ညွတ်တည်း ဖြစ်စေခဲ့သည်။

ဘိုးတော်ဘုရား လက်ထက်၌ အနောက်အိန္ဒိယ မဇ္ဈိမ ဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာ တော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာ ကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့် သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် ဘင်္ဂလီ၊ နာဂရီ၊ သက္ကတ ဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် ပါမ္ဗိဘာသာ၊ မြန်မာဘာသာ ပြန်ဆို စေသည်။ အိန္ဒိယနိုင်ငံတစ်ဝန်းကို လှည့်လည်ခဲ့သော မြန်မာ မှူးမတ်တို့သည် မဟာ ဗောဓိပင်ကို ဝင်ရောက်ဖူးမြော်၍ ဗောဓိပင်ပွား ၂ ပင်ကို ပင့်ဆောင်ခဲ့ကြသည်။

ဘိုးတော်ဘုရားသည် နိုင်ငံတော် စည်ပင်ဝပြောရေး အတွက် မန္တလေးအရှေ့ဘက် အောင်ပင်လယ်ကန်နှင့် ယင်းကန် ၏ မြောက်ဘက်ရှိ မောင်မကန်ဟုလည်းခေါ်သော နန္ဒာကန် တို့ကို ပြုစုတော်မူသည်။ ယခုအခါ မေမြို့သို့တက်သော ကား လမ်းကြီးဖြစ်သည့် အောင်ပင်လယ်ကန်၏ လက်ရှိ ကန်ရိုးကြီး မှာ ဘိုးတော်ဘုရား ထပ်မံ ဆည်ဖို့တော်မူသော ကန်ရိုးသစ် ကြီးပင် ဖြစ်သည်။ ၁၁၅၈ ခုနှစ်တွင် သတ္တဝါအပေါင်းတို့ မှီခိုရာ ဖြစ်စိမ့်သောငှာ ဘိုးတော်ဘုရားသည် မိ·ီလာကန်ကို ဆည်ဖို့တော်မူသည်။ သက္ကရာဇ် ၁၁၆၂ ခုနှစ်တွင် ပြည်သူ ပြည်သားတို့အား စပါးတစ်သိန်း ဝေငှပေးလှူတော်မူသည်။

နိုင်ငံတော်အတွင်း အရက်သေစာသောက်စားခြင်း၊ သားကြီး ငါးကြီးတို့ကို သတ်ဖြတ်ရောင်းချခြင်းတို့ကို တားမြစ်တော် မူသည်။

ဘိုးတော်ဘုရား လက်ထက်မှစ၍ မြန်မာနိုင်ငံ၌ မြန်မာငွေဒင်္ဂါးများ စတင်သွန်းလုပ်သည်။ ၁၁၄၃ ခုနှစ်တွင် အင်္ဂလန်ပြည်မှ ဆက်သလာသော ဒင်္ဂါးစက်ဖြင့် အမရပူရ ရွှေမြို့တော်၌ ငွေဒင်္ဂါး ကြေးနီဒင်္ဂါးများ သွန်းလုပ်သည်။ ယင်းသို့သာသနာတော်အကျိုး၊ နိုင်ငံတော် အကျိုးများကို မပြတ်ဆောင်ရွက်တော်မူသော ဘိုးတော်ဘုရား သည် သက္ကရာဇ် ၁၁၈၁ ခုနှစ် နယုန်လဆန်း ၁၃ ရက်နေ့ တွင် စည်းစိမ်တော် ၃၈ နှစ်၊ သက်တော် ၇၅ နှစ် အရွယ်၌ နတ်ပြည်စံတော်မူသည်။

ဘိုးတော်ဘုရား၏ မိဖုရားခေါင်ကြီးကား မင်းသီရိရန္တဇ သမီးတော် မဟာအတုလ ဒေဝီနှင့် အင်းဝ ဗိုလ်မှူးတို့၌ ၁၁ဝ၅ ခုနှစ်တွင် မြင်သည့် သမီးတော် အောင်မြေဘုံကျော် ကျောင်း ဒါယိကာမ သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီ ဖြစ်သည်။ ၁၁၂၂ ခုနှစ်တွင် မင်းတရားကြီးနှင့် စုလျားရစ်ပတ် ၍ ၁၁၆၈ ခုနှစ် တပေါင်းလတွင် နတ်ပြည်စံသည်။


ဘိုးတော်ဘုရားတွင် သားတော် သမီးတော်ပေါင်း ၁၂၂ ယောက်ရှိသည်တွင် သမီးတော် ၆၁ ပါး၊ သားတော် ၆၁ ပါး ဖြစ်သည်။

ဘိုးတော်ဘုရားသည် အတတ်ပညာရှိသည်။ ဆင်ခြင် တိုင်းထွာတတ်သော ဉာဏ်လည်းရှိသည်။ ရဲရင့် တည်ကြည် သည်။ ပညာရှိတို့ကို မြတ်နိုးတော်မူ၍ ပညာရှိတို့နှင့် မပြတ်တိုင်ပင်လေ့ရှိသည်။ ဘိုးတော်ဘုရား လက်ထက်၌ လုပ်ရည်ကြံရည်နှင့် ပြည့်စုံသော အမှုထမ်းကောင်း မှူးမတ် သူရဲကောင်း ပေါများသဖြင့် နိုင်ငံတကာမှ ဘဝါးကျွန်အောက် ပြု၍ ချစ်ကြည်မှုကို ပြုကြသည်။ ဘိုးတော်ဘုရားသည် ရန်သူ တို့ကို အကျပ်အတည်း နှိပ်ကွပ်သော်လည်း သစ္စာစောင့်သိသော ကျွန်တော်မျိုးတို့ကိုကား မြေ|ာက်စားချီးမြှင့်တော်မူသည်။

ဘိုးတော်ဘုရား လက်ထက်၌ မှူးကောင်းမတ်ကောင်း သူရဲကောင်းတို့သာ ပေါသည်မဟုတ်၊ စာဆိုပညာရှိကြီး များစွာ လည်း ထွန်းကားခဲ့သည်။ မင်းလက်ဝဲသုန္ဒရ၊ တွင်းသင်းမင်း ကြီး မဟာစည်သူ၊ ဝက်မစွတ်မြို့စား နဝဒေး၊ အမတ်ကြီး ဦးပေါ်ဦး၊ သာချင်းဆရာကြီး ဦးအောင်ဖြိုး၊ ဝန်ကတော် မယ်ခွေ၊ မင်းပူးဆရာတော် ဦးဩဘာသ စသည်တို့သည် ဘိုးတော်ဘုရား လက်ထက် ကျော်ကြားသော စာပြုစာဆို ပညာရှိကြီးများ ဖြစ်သည်။[၁]


ထင်ရှားသူများ[ပြင်​ဆင်​ရန်​]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)