မြန်မာပြက္ခဒိန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာပြက္ခဒိန်အကြောင်းအား ဖတ်ရှုရန်အတွက် ရှေးဦးစွာ နေ့၊ ည၊ ရက် ဟူသော ဝေါဟာရတို့၏ အဓိပ္ပါယ်အား အကြမ်းဖျဉ်း သိရှိရန် လိုအပ်ပေလိမ့်မည် ဖြစ်သည်။ ဝေါဟာရအလို၌ ကောင်းကင်တွင် နေထွန်းလင်းနေသမျှသော ကာလကို နေ့ ဟုခေါ်သည်။ နေကွယ်၍ နေကို မမြင်ရသော ကာလတစ်လျှောက်လုံးကို ညဟုခေါ်သည်။ နေ့နှင့် ည ကို ပေါင်းလျှင် နေ့ဟူ၍ပင် ခေါ်ပြန်သည်။ တိကျလိုသော် ရက်ဟူသော ဝေါဟာရကို အသုံးပြုကြသည်။ သို့သော် တနင်္ဂနွေနေ့၊ တနင်္လာနေ့ဟု ခေါ်ဝေါ်သုံးစွဲသည့်အခါ တနင်္ဂနွေ၊ တနင်္လာဟု သတ်မှတ်ထားသော ရက်ကို ဆိုလိုသည်ဟု မှတ်ယူရမည်ဖြစ်သည်။ ဂြိုဟ်သွား၊ ဂြိုဟ်လာတို့ကို တွက်ချက်ရာ၌ နေ့ဟူသော စကားကိုပင် သုံးစွဲသည်ဖြစ်ရာ ယင်းနေ့တွင် ညကာလလည်း ပါဝင်သည်ဟု မှတ်ယူရမည်။ ဤကဲ့သို့ နေ့ကို တွက်ချက်ရာ၌ နေကို အကြောင်းပြု၍ တွက်ချက် သည်လည်း ရှိ၏။ နက္ခတ်တည်းဟူသော ကြယ်ကို အကြောင်းပြု၍ တွက်ချက်သည်လည်း ရှိသည်။ နေကိုအကြောင်းပြု၍ နေ့ကို သတ်မှတ်သောအခါ နေနေ့ဟု ခေါ်နိုင်သည်။ နေနေ့ကို အင်္ဂလိပ်တို့က Solar Day ဟု ခေါ်သည်။ ကြယ်ကို အကြောင်းပြု၍ နေ့ကို သတ်မှတ်သောအခါ နက္ခတ်နေ့ဟု ခေါ်နိုင်သည်။ နက္ခတ်နေ့ကို အင်္ဂလိပ်တို့က Sidereal Day ဟု ခေါ်သည်။ နေနေ့စူသည်ကား မြေပြင်ပေါ်မှနေ၍ နေကို ကြည့်ရှုသူ တစ်ဦး၏ ဦးခေါင်းတည့်တည့်၌ နေရောက်ရှိသော နေမ္န်းတည်သည့် အချိန်မှ အစပြု၍ နောက်တစ်ကြိမ် အလားတူ နေမွန်းတည့်သော အချိန်အထိဟူသော ကာလဖြစ်သည်။ ယင်းမှ နေ့နှင့်ညကို တပေါင်းတည်း ပြုထားသည်ဖြစ်၍ တစ်ရက်ဟုလည်း ခေါ်နိုင်သည်။ နေနေတစ်နေ့၏ အချိန်တာသည် နက္ခတ်နေ့တစ်နေ့အချိန်၏ ၁၂ နာရီ၊ ၃ မိနစ်၊ ၂၆ ဒဿမ ၅၅ စက္ကန့်နှင့် ညီမျှသည်။ နက္ခတ်နေ့ဟူသည်ကား မြေပြင်မှနေ၍ ကြယ်(နက္ခတ်)ကို ကြည်ရှု့သူတစ်ဦး၏ ဦးခေါင်းတည့်တည့်၌ ကြယ်မွန်းတည့်သော အချိန်မှ အစပြု၍ နောက်တစ်ကြိမ် အလားတူ ကြယ်မွန်းတည့်သော အချိန်အထိ ဖြစ်သည်။ ယင်းမှာလည်း နေ့နှင့်ညကို တပေါင်းတည်းပြုလုပ်ထားသော ရက်ပင်ဖြစ်သည်။ နက္ခတ်နေ့တစ်နေ့၏ အချိန်တာသည် နေနေ့အချိန်၏ ၂၃ နာရီ၊ ၅၆ မိနစ်၊ ၅၄ ဒဿမ ၀၉ စက္ကန့်နှင့် ညီမျှသည်။ ကျွန်ုပ်တို့နေ့စဉ် ခေါ်ဝေါ်ပြောဆိုသုံးစွဲနေသော နေ့၊ ည၊ ရက်တို့မှာကား ဤသို့ဖြစ်သည်။ ရှေးလူတို့၏ ဝေါဟာရ၌ နေလုံးတစ်ခြမ်းထွက်ချိန်မှ နေလုံးတစ်ခြမ်းဝင်ချိန်အထိသော ကာလကို နေ့ဟုခေါ်သည်။ ထို့နောက် နေလုံးတစ်ခြမ်းဝင်ချိန်မှ နောက်တစ်ကြိမ် နေလုံးတစ်ခြမ်းထွက်ချိန်အထိသော ကာလကို ညဟု ခေါ်သည်။ ဤနေ့နှင့်ည နှစ်ရပ်ပေါင်းသော် ရက်ကို ရသည်။ မြန်မာတို့သည် ဤအစဉ်ကိုလိုက်၍ နေ့ရက် သတ်မှတ်ကြစမြဲဖြစ်ဖြစ်သည်။ အထူးသဖြင့် လောကုတ္တရာအရေးနှင့်ဆိုင်သော ကိစ္စတို့၌ ပထမအကြိမ်နေထွက်အထိသော ကာလကို တစ်ရက်ဟု ယူသည်။ သို့ရာတွင် ကမ္ဘာ့ထုံးစံမှာကား ပထမအကြိမ် ညသန်းခေါင်အချိန်မှ စ၍ နောက်တစ်ကြိမ် ညသန်းခေါင်အချိန်အထိသော ကာလကို တစ်ရက်ဟု ယူသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်သည် စက်နာရီအားဖြင့် သုညနာရီဖြစ်သည်။ ထိုနာရီမှ တစ်နာရီ၊ နှစ်နာရီ စသဖြင့် ရေတွက်ခဲ့ရာ ၁၂ နာရီ မွန်းတည့်သို့ ရောက်သော် ယင်းပထမပိုင်းကာလကို နံနက်ပိုင်းဟုခေါ်သည်။ အင်္ဂလိပ်ဘာသာ စကား၌ ယင်းနံနက်ပိုင်းနှင့် ဆိုင်သော တစ်ဆယ့်နှစ်နာရီ၏ အစိတ်အပိုင်းကို a.m ဟူသော သင်္ကေတဖြင့် မှတ်သားရသည်။ စကားအရှည်မှာ ante-meridian ဖြစ်သည်။ မွန်းလွဲအချိန်မှစ၍ ယင်းနာရီ အသီးသီးတို့ကို p.m ဟူသော သင်္ကေတဖြင့် မှတ်သားရသည်။ ။စကားအရှည်မှာ post-mederian ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်လို 12 midnight ဟုရေးသော် ညဉ့်သန်းခေါင်ဟု သိရာသည်။ 12 Noon ဟု ရေးသော် မွန်းတည့်ချိန်ဟု နားလည်ရာသည်။ တိတိကျကျနှင့် အများနားလည်အောင် သုံးစွဲသောအခါ၌မူ သန်းခေါင် ၁၂ နာရီဟူ၍လည်းကောင်း၊ မွန်းတည့် ၁၂ နာရီဟူ၍လည်းကောင်း သုံးစွဲသည်။ အြကမ်းအားဖြင့် ပြောရသော် မြန်မာနိုင်ငံတွင် စက်နာရီပေါ်သော ခေတ်မှစ၍ ဤနာရီအသုံးအနှုန်းကိုလိုက်ပြီးလျှင် လုပ်ငန်းဆောင်တာကိစ္စ၊ ရုံးပင် ကန္နားကိစ္စဟူသော လောကီကိစ္စရေးရာတို့၌ ကမ္ဘာအသိအမှတ်ပြုသော သန်းခေါင်ယံတစ်ခုမှ သန်းခေါင်ယံတစ်ခုသို့ ကူးပြောင်းသော ရက်ကိုပင်လျှင် အသုံးပြုလျှက် ရှိသည်။ ရှေးမြန်မာမင်းတို့သည် ရေနာရီကို သုံးသည်။ ရေနာရီပြုလုပ်ပုံမှာ ဤသို့ဖြစ်သည်။ ရတနာအတိ စီခြယ်ထားသော အင်တုံထဲတွင် ရေအပြည့်ထည့်၍ ရေမျက်နှာပြင်ပေါ်တွင် ကြေးဖလားကို အပေါက်ဖော်က၍ တင်ရသည်။ ယင်းကြေးဖလား ရေစိမ်၍ နှစ်မြုပ်သောအခါ ယင်းနစ်မြုပ်ချိန်ကို တစ်နာရီဟု သတ်မှတ်သည်။ ကြေးဖလားသည် ကြေးနီအချိန် တစ်ဆယ့်ခြောက်ကျပ်သား လေး၍ အစောက် ခုနှစ်လက်သစ်၊ မျက်နှာဝ ထောင့်ဖြတ်ကိုးလက်သစ် ရှိသည်။ ဖလားအောက်ခြေ၌ မိန်းမပျိုတစ်ဦး၏ ဆံခြည်မျှင် တစ်ဆယ့်ခြောက်မျှင် ဝင်ရုံမျှ အပေါက်ဖောက်ထားသည်။ဖလားတစ်ခါနစ်လျှင် ငွေမောင်းတီးရသည်။ဤသည်ကို ရည်၍ တစ်နာရီကို တစ်မောင်းဟု မှတ်ရသည်။ စက်နာရီနှင့် နှိုင်းသော် တစ်မောင်းခေါ် မြန်မာနာရီသည် ၂၄ မိနစ်အဓွန့်ရှည်သည်။ ၄ ပါဒ်လျှင် တစ်မောင်းဟူ၍ လည်း အနုစိတ်ထားသည်။ မြန်မာမင်းများ လက်ထက်၌ နေထွက်(စက်နာရီ ၆ နာရီ)မှ အစပြု၍ ဗဟိုရ်နာရီဖြင့် နေ့ဗဟိုရ်နာရီ လေးချက်၊ ညဗဟိုရ်နာရီ လေးချက်၊ ပေါင်း ဗဟိုရ်နာရီ ရှစ်ချက်ဖြင့် တစ်ရက်ဟု သသတ်မှတ်သည်။ ဤ ဗဟိုရ်နာရီစနစ်ကို စက်နာရီဖြင့် ယှဉ်သော် အောက်ပါအတိုင်း ဖြစ်သည်။

စက် နာရီ မြန်မာ နာရီ ဗဟိုရ်
နံနက် ၉ နာရီ ၂၂ နာရီ ၂ ပါဒ် နေ့ဗဟိရ် ၁ ချက်တီး
မွန်းတည့် ၁၂ နာရီ နာရီ ၃၀ နေ့ဗဟိုရ် ၃ ချက်တီး
ညနေ ၃ နာရီ ၃၇ နာရီ ၂ ပါဒ် နေ့ဗဟိုရ် ၃ ချက်တီး
နေဝင် ၆ နာရီ ၄၅ နာရီ နေ့ဗဟိုရ် ၄ ချက်တီး
ည ၉ နာရီ ၅၂ နာရီ ၂ ပါဒ် ညဗဟိုရ် ၁ ချက်တီး
သန်းခေါင် ၁၂ နာရီ နာရီ ၆၀ ညဗဟိုရ် ၂ ချက်တီး
သန်းခေါင်ကျော် ၃ နာရီ ၇ နာရီ ၂ ပါဒ် ညဗဟိုရ် ၃ ချက်တီး
၆ နာရီ (နေထွက်) ၁၅ နာရီ ညဗဟိုရ် ၄ ချက်တီး

ဤဇယားကား နေ့တာနှင့် ညတာ ညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လ နှစ်လအတွက်ဖြစ်သည်။ တစ်ဆယ့်နှစ်ရာသီပတ်လုံး နေမင်း လှည့်လည်သော လမ်းကြောင်းကို လိုက်၍ နေထွက် နေဝင်နှင့် နေ့တာ ညာတာ မညီမျှသော ကျန်ဆယ်လအပါအဝင်အားလုံးသော လများအတွက် အလွယ်တကူ တွက်ချက်နိုင်စေရန် ပတ်၊ သံ၊ တာ၊ ရှည်၊ တီး၊ သံ၊ မြည်၊ လက်၊ ဆဘ်၊ ကန်၊ စာ၊ ရေ: ဟူသော သံပေါက်ကို ဖော်နည်းကား သင်္ကေတအဖြစ် ဖြင့် မှတ်သားရသည်။ ယင်းစကားလုံးတို့မှာ ကိန်ဂဏန်းကိုပြသော စကားလုံးများ ဖြစ်သည်။ ထိုစကားများမှ ညွှန်းသော ကိန်းဂဏန်းကို တစ်ဆယ်နှင့် ပေါင်း၍ ရလဒ်ကို နှစ်နှင့်မြှောက်လျှင် နေ့နာရီ၏ အဓွန့်(အရှည်) ကို ရသည်။ နေ့၊ ရက်၊ ညတို့၏အခြေခံအကြောင်းများကိ ပြဆိုပြီးသော် မြန်မာနေ့အမည်များကို ပြဆိုပါမည်။ မြန်မာနေ့အမည်များ၏ ဗျုပ္ပတ်ကို ဖော်ပြရာ၌ ရှေးမြန်မာတို့၏ အယူအဆနှင့် ယခုခေတ် သုတေသန ပညာရှင်တို့၏ အယူအဆကို ယှဉ်၍ ဖော်ပြပါမည်။ ရှေးက အယူအဆ ဆိုသည်မှာ ရာဇမတ္တဏ်စသော နက္ခတ်ဗေဒင်ကျမ်းတို၏ အဆိုကို လိုက်နာသော သူတို့၏ အယူအဆဖြစ်သည်။ ယခုခေတ် သုတေသန ပညာရှင်တို့၏ အယူအဆကား မြန်မာမှုနှင့် စပ်လျဉ်း၍ သုတေသနပြုသူ ဦးဖိုးလတ်နှင့် ယင်း၏အယူအဆများကို လက်ခံကြသော ပုဂ္ဂိုလ်တို့၏ အာဘောဖြစ်သည်။ မြန်မာရက်များတွင် ခုနှစ်ရက်ရှိသည်။ သို့သော် ရာဟု ဟူသော အမည်ဖြင့် ဗုဒ္ဓဟူးနေ့၏ တစ်ဝက်အား ခေါ်ဝေါ်သော အမည်တစ်မျိုး ထပ်မံ ရှိသဖြင့် အမည်ရှစ်မျိုးဖြင့် ၇ ရက်ရှိသည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့အား သက်ဆိုင်ရာ အမည်များအား နိုပ်၍ ကြည့်ရှုလေ့လာနိုင်ပါသည်။ တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး၊ ရာဟု ကြာသာပတေး သောကြာ သောကြော စနေ

လနှင့် ရာသီ[ပြင်ဆင်ရန်]

ဤကမ္ဘာမြေကြီးက နေကို တစ်ပတ်ပြည့်အောင် လှည့်သော အချိန်ကာလကို တစ်နှစ်ဟု ယူသည်။ ယင်းတစ်နှ