တန်ဆောင်မုန်းလ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တန်ဆောင်မှုန်း ခေါ် တန်ဆောင်မုန်းသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ တန်ဆောင်မုန်းလတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလဖြစ်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။ တောင်သူအများ ကောက်လျင် (ခေါ်) ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ်ပန်းမှာ ခဝဲပန်း (Dysolobium grande) ဖြစ်သည်။

ပွဲတော်များ[ပြင်ဆင်ရန်]

ကထိန်ပွဲ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကထိန်

တန်ဆောင်မုန်းလသည် မီးရှုး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလဖြစ်၏။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ၌ "ကထိန်ပွဲတော်" ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြသည်။ "ကထိန်" သည် "ကထိန" ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်၏။ ကထိန် ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရပင်ဖြစ်သည်။

မြတ်စွာဘုရားသည် ပါဝေယျတိုင်းသား၊ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ "ရဟန်းတော်များ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ" ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်သင်္ကန်းအလှူသည် ထူးခြားသော ဝိနည်းကံနှင့်အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်၏။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသော ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ်သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်းမပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင်သင်္ကန်းတစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ "ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏။" ဟူ၍ လည်းကောင်း၊ "ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ" ဟူ၍ လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။

ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရအပ်သည့်အကျိုးတရားများမှာ -

  1. ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း။
  2. တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း။
  3. ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။
  4. မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး၊ လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း။
  5. ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း။

ဟူသော အကျိုးတရားငါးပါးတို့ကို ရရှိခံစားနိုင်ပါသည်။

ဝါတွင်းကာလ၌ ဝါမကျိုးမပြတ်အောင် စောင့်စည်းထိန်းသိမ်းနေထိုင်ကြသည့် သံဃာတော်များအား ချီးမြှောက်ဂုဏ်ပြုသည့်အနေဖြင့် ထိုအာနိသင် (အကျိုးသက်ရောက်မှု) ငါးမျိုးကို တပေါင်းလပြည့်တိုင်အောင် ငါးလကျယ်ပြန့်စွာရရှိစေရန် ပြုလုပ်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ပေသည်။ ကထိန်အာနိသင် ငါးမျိုးသည် ကထိန်သင်္ကန်းတည်းဟူသော ဝတ္ထုပစ္စည်းကြောင့် ရဟန်းတော်များ လိုက်နာကျင့်သုံးရသည့် သိက္ခာပုဒ်အချို့ ခေတ္တခဏ ကင်းလွတ်သက်သာခွင့်ရသွားခြင်းဖြစ်သည်။ ဤသည်ကိုပင် ဘုရားရှင်တို့ ချီးမွမ်းခြင်းဖြစ်၏။ မြတ်စွာဘုရား၏ အာဏာစက်ဖြစ်သည့် ဝိနည်းသိက္ခာပုဒ်တို့ကို ခေတ္တခဏ ပယ်နုတ်နိုင်သည်မှာ ကထိန်အလှူတစ်ခုတည်းသာရှိပေသည်။

ကထိန်သင်္ကန်းလှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးတရားများကို ရရှိခံစားကြရမည်ဖြစ်ပေသည်။ ထိုအကျိုးတရားများကား-

  1. သွားလေရာရာ အရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာ သွားရခြင်း။
  2. မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
  3. စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။
  4. မိမိပိုင်ပစ္စည်များကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
  5. ပစ္စည်းများရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက် အပုံလိုက် ရခြင်း။
  6. ရုပ်ရည်အဆင်း ချောမောလှပခြင်း။

ဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ပေသည်။

မသိုးသင်္ကန်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မသိုးသင်္ကန်း

"မသိုးသင်္ကန်း" ဟူသည် သံဃာတော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးဝတ်ကြရသည့်ခေတ်က ကထိန်သင်္ကန်း၏ နာမည်ထူးတစ်မျိုးပင်ဖြစ်သည်။ ထိုခေတ်က ရဟန်းသံဃာတော်များသည် ကထိန်ခင်းရန်အတွက် လှူဒါန်းသောအဝတ်ကို ညသိပ် သိမ်းဆည်းမထားဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီအချိန်အတွင်း သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုကိစ္စများ ပြီးစီးအောင် ဆောင်ရွက်ကြရသည်။ ယင်းကဲ့သို့ ကိစ္စအားလုံးကို နေ့ချင်းပြီးအောင် လုပ်ဆောင်နိုင်သော သင်္ကန်းမျိုးကို "မသိုးသင်္ကန်း" ဟုခေါ်သည်။ သင်္ကန်းချုပ်ဆိုးနေစဉ် အရုဏ်တက်ခဲ့လျှင်ဖြစ်စေ၊ သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုတို့ကို လုံးဝမပြုဘဲ ညအိပ်ထားလျှင်ဖြစ်စေ သင်္ကန်းသိုးသည်ဟုဆိုသည်။ အချိန်မီအောင် မဆောင်ရွက်နိုင်သဖြင့် သင်္ကန်းသိုးသွားသည်အခါ ထိုသင်္ကန်းဖြင့် ကထိန်ခင်း၍ မရတော့ပေ။

ယခုမျက်မှောက်ကာလ၌ကား အလှူရှင် ဒါယကာ ဒါယိကာမများက ချုပ်ဆိုးပြီး သင်္ကန်းများကို ကထိန်သင်္ကန်းအဖြစ် လှူဒါန်းကြသဖြင့် ချုပ်ခြင်း၊ ဆိုးခြင်းကိစ္စများကို သံဃာတော်များကိုယ်တိုင်ပြုလုပ်ရန် မလိုတော့ပေ။ အသင့်ချုပ်ဆိုးပြီး လှူဒါန်းသော သင်္ကန်းဖြင့် ကထိန်ခင်းကြရန်သာရှိပေတော့သည်။ မသိုးသင်္ကန်းရက်လှူပွဲသည် ကထိန်ပွဲတော်မှ ဖြာထွက်လာသော ပွဲငယ်တစ်ခုဖြစ်၏။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများက မသိုးသင်္ကန်းရက်၍ မြတ်စွာဘုရားအား လှူဒါန်းပူဇော်ကြရာမှ "မသိုးသင်္ကန်းရက်လှူပွဲ" ဟူသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပဲသုကူပစ်ပွဲ[ပြင်ဆင်ရန်]

"ပဲသုကူပစ်ပွဲ" သည်လည်း တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံသုကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများကွယ်ရာမှာတွင်ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲမျိုးဖြစ်သည်။ ပံသုကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ "ပံသုကူဓုတင်" အကျင့်ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး၊ ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။

ဤတန်ဆောင်မုန်းလသည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာပွဲတော် အများဆုံးသော ကာလဖြစ်၏။ ကုသိုလ်ကောင်းမှုဟူသည် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်သောကြောင့် ဤတန်ဆောင်ကာလသမယ၌ မိမိတို့ စွမ်းအားအလျောက် ကူသိုလ်ကောင်းမှုအစုစုတို့ကို ဖြည့်ကျင့်ပြုလုပ်ပွားများအားထုတ်နိုင်ကြပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တင်ပြရပါသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကျော်စိန် (မန္တလေး) ရေးသားခဲ့သော "တန်ဆောင်ကာလ လှူကြကထိန်" ကြေးမုံသတင်းစာ ၂၆ နိုဝင်ဘာ ၂၀၁၅