မဟာသီဟသူရ၊ ဗိုလ်မှူး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဗိုလ်မှူး မဟာသီဟသူရ သည် ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက်က ဝန်ကြီးတစ်ပါးဖြစ်၍ ထိုမင်း လက်ထက် တော်တွင် သက္ကရာဇ် ၁၁၂၇ ခုနှစ်မှ ၁၁၃ဝ ပြည့်နှစ်အထိ ဖြစ်ပွားသော တရုတ် - မြန်မာ စစ်ပွဲများအပြင် ယိုးဒယား စစ်ပွဲများတွင် ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခြင်းခံရကား ဗိုလ်ချုပ် အဖြစ်ဖြင့် တရုတ်တို့ကို လုံဝအောင်မြင်အောင် အမှုတော် ထမ်းရွက်ခဲ့သော သူရဲကောင်း ဗိုလ်ချုပ်ကြီး ဖြစ်လေသည်။ တရုတ်တို့နှင့် ဖြစ်ပွားသော ပထမစစ်ပွဲ (သက္ကရာဇ် ၁၁၂၇ ခုနှစ်) အပြီးတွင် ဇင်းမယ် ငါးဆယ့်ခုနှစ် ခရိုင် မငြိမ်မဝပ်ရှိသည်ကို ဆင်ဖြူရှင်မင်းသည် ဝန်ကြီးမဟာ သီဟသူရအား ဗိုလ်ချုပ်ခန့်၍ စစ်သည်သူရဲ ၂ဝဝဝဝ နှင့် ချီတက်စေသည်။

ဒုတိယစစ်ပွဲ (သက္ကရာဇ် ၁၁၂၈ ခုနှစ်) တွင် မဟာသီဟသူရသည် အောင်ပွဲများရသည်။ တတိယ အကြိမ် တရုတ်တို့ဘက်မှ နာမည်ရ ဗိုလ်ချုပ်မင်းဂျူး (မြင်းခုံရဲ) သည် အလုံးအရင်းဖြင့် သိန္နီစစ်ကြောင်းမှ ချီလာသည်မှာ အင်းဝ မြို့တော်နှင့် မိုင် ၃ဝ ကွာ ဆင်ဂေါင်းအရပ်သို့ တိုင်၏။ သို့ရာတွင် မြစ်ငယ်ကြောင်းမှ ချီလာသော မဟာသီဟသူရ၏ စစ်တပ်များက မင်းဂျူး၏ စစ်ကြောင်းကို ဖြတ်တောက်ကာ ရိက္ခာပို့ဆောင်ရေးကို ဟန့်တားလိုက်သောကြောင့် တရုတ် စစ်တပ်သည် အင်းဝဘက်သို့ဆက်လက် မချီတက်နိုင်ဘဲ ဆင်ဂေါင်းမှပင် တပ်ဆုတ်ခဲ့ရ၏။ ဤသို့ဖြင့် မဟာသီဟသူရ သည် တရုတ်တို့လက်တွင်းသို့မြန်မာတို့၏ မြို့တော် ကျရောက် မည့် ဘေးမှ ကာကွယ်ခဲ့လေသည်။ အောင်ပွဲရ မဟာသီဟသူရ ၏ တပ်မကြီးသည် မိုးမိတ် စစ်ကြောင်းချီ လက်ဝဲဝင်းမှူး၏ တပ်နှင့် ပေါင်းမိပြီးလျှင် သိန္နီမြို့ရှိ တရုတ်တပ်မကြီးကို တိုက်ခိုက်အောင်မြင်ပြန်၏။ ယင်းသို့အားဖြင့် တတိယ တရုတ် မြန်မာစစ်ပွဲတွင် ဝန်ကြီးမဟာသီဟသူရမှာ နာမည်ထွက် ခဲ့ပေသည်။

မဟာသီဟသူရပါဝင်ရသည့် တရုတ်-မြန်မာစစ်ပွဲများ

စတုတ္ထစစ်ပွဲတွင် မဟာသီဟသူရ၏ စစ်မှုရေး၌ အမြင်ကျယ်ပုံ ပေါ်လွင်ပေသည်။ စတုတ္ထအကြိမ် တရုတ် မြန်မာ စစ်ပွဲ(သက္ကရာဇ် ၁၁၃ဝ ခုနှစ်) ဖြစ်သောအခါ ဆင်ဖြူရှင်မင်းသည် မဟာသီဟသူရအား ဗိုလ်ချုပ်ခန့်၍ ရေကြောင်းဖြင့် ဗန်းမော်သို့ ချီစေ၏။ ဗိုလ်ချုပ်မဟာသီဟ သူရ သည် လက်ဝဲဝင်းမှူးအား အချုပ်ခန့်၍ ဧရာဝတီ မြစ် အရှေ့ဘက် မိုးမိတ်စစ်ကြောင်း ချီစေ၏။ တစ်ဖန် တိမ်ကြား မင်းခေါင်ကို အချုပ်ခန့်၍ တရုတ်တို့၏ ရိက္ခာကြောင်းကို ဖျက်ဆီးစေကာ၊ တရုတ်တပ်ကို နောက်မှလှည့်တိုက်ရန် တာဝန်ပေးပြန်သည်။ တတိယ တရုတ်-မြန်မာ စစ်ပွဲ၊ စတုတ္ထတရုတ်-မြန်မာ စစ်ပွဲများတွင် ဗိုလ်ချုပ်မဟာသီဟသူရ သည် တရုတ်တို့အား ရိက္ခာဖြတ်တောက်ရန် ကြိုးပမ်းပြီးမှ စစ်ဆင်လေ့ရှိသည်။ တရုတ်တို့ ရိက္ခာမရလေက မြန်မာတို့အဖို့ စစ်ဆင်အောင်မြင်ရန် လွယ်ကူသည်ဟု ဗိုလ်ချုပ်မဟာသီဟသူရ နားလည်ဟန်ရှိသည်။ ဗိုလ်ချုပ် မဟာသီဟသူရ၏ ယူဆချက် အတိုင်းပင် တရုတ် ရာဇဝင်၌ တရုတ်-မြန်မာစစ်ပွဲတွင် တရုတ်တို့စစ်ရှုံးနိမ့်ရသည့် အကြောင်းရင်း တစ်ချက်မှာ ရိက္ခာပြတ်လပ်မှုပင် ဖြစ်သည်ဟု ဆိုထားသည်။ ဤသည်မှာ ဗိုလ်ချုပ်မဟာသီဟသူရ၏ စစ်ရေးအမြင်ကျယ်မှုတည်း။

မဟာသီဟသူရသည် ဗိုလ်ချုပ်အဖြစ် စစ်ရေးအမြင် ကျယ်သကဲ့သို့ဝန်ကြီးတစ်ပါး အနေနှင့်လည်း နိုင်ငံ ရေးအမြင် ကျယ်လေသည်။ တရုတ်တို့ရိက္ခာပြတ်လပ်၍ စစ်ပြေငြိမ်းရန် စေ့စပ်ပြောဆိုသော အခါ မြန်မာ ဗိုလ်မှူးများက လက်မခံလို ကြချေ။ သို့ရာတွင် မဟာသီဟသူရသည် တရုတ်တို့နှင့် ဆက် လက်၍ အရှည်စစ်ဖြစ်ပွား နေသည်ထက် သင့်မြတ်ချစ်ကြည်စွာ နေထိုင်ပါက အကျိုးရှိဖွယ် ဖြစ်သည်ကို မြော်မြင်မိ၍ တစ်ဦး တည်း တာဝန်ယူကာ စစ်ပြေငြိမ်းခဲ့သည်။ ယင်းသို့သော မဟာသီဟသူရယ၏ အပြုအမူသည် ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းဟု ဆိုအပ်သော နိုင်ငံရေးမြော်အမြင် ကျယ်ခြင်း၊ ရဲဝံ့စွာဆုံးဖြတ်ခြင်း စသည်တို့ဖြင့် မဟာသီဟသူရသည် ပြည့်စုံ ကြောင်းကို အထောက်အထား သာဓကပြုသည်။ ဤသို့ စစ်ပြေငြိမ်းမှုကို သဘောတူသောကြောင့် ထိုအချိန်ကစ၍ တရုတ်တို့နှင့် မြန်မာတို့ စစ်မက်ရေးမရှိတော့ဘဲ နှစ်ပြည့် တစ်ပြည် မဟာမိတ်ဖြစ်ကာ သံအတုံ့အပြန် စေလွှတ်၍ အရောင်းအဝယ်လည်း တိုးပွားလာလေသည်။ မြန်မာတို့မှာ ယိုးဒယားစစ်နှင့် တရုတ်စစ်တို့ကို တိုက်ခိုက်ရ၍ ပင်ပန်း နေစဉ်တွင် ဤကဲ့သို့ဆောင်ရွက်နိုင်စွမ်း ရှိသဖြင့်၊ စတုတ္ထ မြန်မာနိုင်ငံ တည်မြဲရေးကို ဂုဏ်သရေရှိစွာဖြင့် ဖန်တီးပေး လိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပေမည်။

သို့သော် ဆင်ဖြူရှင်မင်းကား မဟာသီဟသူရ၏ သဘောဖြင့် စစ်ပြေငြိမ်းခဲ့သည်ကို အမျက်ရှိလေသည်။ သို့ဖြစ်၍ ဗိုလ်ချုပ် မဟာသီဟသူရသည် အရှင်သခင် အမျက်တော် ပြေစေရန် မငြိမ်မသက်ဖြစ်နေသော မဏိပူရ သို့စစ်ကြောင်း လှည့်ကာ တိုက်ခိုက်အောင်မြင်ပြီးမှ နေပြည်တော် အင်းဝသို့ ပြန်လာခဲ့၏။ ဆင်ဖြူရှင်မင်းသည် မဏိပူရကို အောင်မြင်စွာ နှိမ်းနင်းခဲ့သည်တိုင် ကျေနပ်ခြင်း မရှိပေ။ မဟာသီဟသူရသည် အသက်ချမ်းသာပေးခြင်း ခံရသော်လည်း မြစ်ငယ်အရှေ့ဘက် ကြက်ယက်လယ်ပြင် သို့ပို့ထားခြင်း ခံရသည်။ အတန်ကြာမှာ အမျက်ပြေကာ နေပြည်တော်သို့ ဝင်ခွင့်ပြုခဲ့ပေသည်။

မဟာသီဟသူရသည် ယိုးဒယားတိုက်ပွဲတွင်လည်း ဦးစီးပါဝင် တိုက်ခိုက်ခဲ့ရသည်။ အလောင်းဘုရား လက်ထက် တွင် အယုဒ္ဓယမြို့တော်ကို တိုက်ခိုက်အောင်မြင်စဉ်က ထွက်ပြေးတိမ်းရှောင်ခဲ့သော ဖယားတက်ဆင် (ဘယားတက် သေဉ်) သည် ဗန်ကောက်မြို့တွင် မြို့သစ်တည်ကာ မြန်မာ တို့၏ ဩဇာကို မခံတော့ကြောင်း သိရသဖြင့် ယိုးဒယားသို့ စစ်ချီပြန်၏။ ထိုအခါ ဝန်ကြီးမဟာသီဟသူရကို ဘုရားသုံးဆူ စစ်ကြောင်းမှ ချီစေသည်။ လက်ထောက် ဗိုလ်အချို့0x100သဇာမခံဘဲ အစီအမံ နှောင့်နှေး၍ အရေးမလှခဲ့ပေ။ ယိုဒယားသို့ စစ်ချီရာမှ ပြန်လည်လာသောအခါ အင်းဝနန်းတွင် ဆင်ဖြူရှင်မင်း နတ်ရွာ စံပြီး စဉ့်ကူးမင်း နန်းတက်၏။ စဉ့်ကူးမင်းသည် မင်းဖြစ်လျှင် ဝန်ကြီးမဟာသီဟသူရကို မျက်တော်မူ၍ ဝန်ကြီးအရာက နုတ်ပြီးလျှင် စစ်ကိုင်းတွင်ထားသော ကြောင့် အငြိမ်းစား နေရသည်။ စဉ့်ကူး၏ နန်းကို ဖောင်းကားစားမောင်မောင် သိမ်းပိုက်သောအခါ အငြိမ်းစား နေရာမှ ဗိုလ်ချုပ်အဖြစ် တာဝန်ယူရ၏။ ဖောင်းကားစား မောင်မောင်၏ နန်းသက်ခုနစ် ရက်တွင် ဘိုးတော်မင်း တရားက အင်းဝနန်းကို လုပ်ကြံ အောင်မြင်ပြန်၏။ ဤသို့ အောင်မြင်ရာတွင် ဗိုလ်ချုပ် မဟာသီဟသူရ၏ အကူအညီပါသည်ဟု ဆိုကြသည်။ ဝန်ကြီး မဟာသီဟသူရကို မရှုတ်မချ ဝန်ကြီးအရာနှင့် သူကောင်း ပြုသည်။ သို့ရာတွင် နန်းတက်ပြီးသည့် နောက်ပိုင်းတွင် ဘိုးတော်ဘုရားသည် ဝန်ကြီး မဟာသီဟသူရအား ညီတော် စည်သာ မင်းသားနှင့် ပူးပေါင်း၍ လုပ်ကြံရန် ကြံစည်သည်ဟု စွပ်စွဲကာ ၁၁၄၃ ခုနှစ် တပေါင်းလတွင် ကွပ်မျက်လိုက်လေ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)