ပထမ အင်္ဂလိပ် - မြန်မာစစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ
British attack in Burma 1824.gif
မြန်မာ့ သစ်လုံးခံတပ်များနှင့် ဗြိတိသျှတပ်တို့ ရန်ကုန်မြို့အနီး အပြင်းအထန်စစ်ဖြစ်ပွားနေပုံကို ဖော်ပြထားသော ပန်းချီကားချပ် (၈ ရက် ဇူလိုင်လ ၁၈၂၄ ခုနှစ်)
ရက်စွဲ 1823–1826
နေရာ မြန်မာ–အိန္ဒိယ
ရလာဒ် ဗြိတိသျှစစ်နိုင်၊ ရန္တပိုစာချုပ်
စစ်ရင်ဆိုင်သည့်နိုင်ငံများ
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ အလံတော် ယူနိုက်တက်ကင်းဒမ်း Flag of the Alaungpaya Dynasty of Myanmar.svg ကုန်းဘောင်အင်ပါယာ
တပ်မှူးများ
Charles Grant
Sir Archibald Campbell
သာရာဝတီမင်း
မဟာဗန္ဓုလ (ကျဆုံး)
မဟာနေမျိုး (ကျဆုံး)


ပထမအင်္ဂလိပ်မြန်မာစစ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရှင်မဖြူကျွန်း ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။ ပထမ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် အာသံ၊ မဏိပူရ နှင့် တနင်္သာရီဒေသ တို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရသည်။ စစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ ဓနုဖြူ တိုက်ပွဲတွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရင်း ခရစ်နှစ်-၁၈၂၅ခု၊ ဧပြီ (၁) ရက်နေ့တွင် ကျဆုံးခဲ့သည်။

စစ်ပွဲ ဖြစ်ရသည့် အကြောင်းများ[ပြင်​ဆင်​ရန်​]

ဘကြီးတော်မင်း နန်းတက်သော အခါ မိဖုရားကြီး မယ်နုနှင့် ၎င်း ဆွေမျိုးသားချင်းများ၊ ၎င်းတို့၏ အလိုတော်ရိများသည် နန်းတွင်း၌ ဩဇာ ကြီးမား ခဲ့ကြသည်။ ခြုံ၍ ကြည့်လျှင် ၎င်းတို့သည် အရည်အသွေး ရှိသူများ၊ အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော် အများအားဖြင့် ၎င်းတို့သည် ပြင်ပ ကမ္ဘာ အကြောင်းကို သတိမမူသူများ ဖြစ်၍ မြန်မာ့ အင်အားကို လွန်စွာ အထင်ကြီးနေသူများ ဖြစ်ကြသည်။ မည်သည့်နိုင်ငံနှင့် မဆို မြန်မာတို့ အလိုကျ ဆက်ဆံနိုင်သည် ဟူ၍လည်း ယူဆကြလေသည်။


ဘကြီးတော်မင်း ဘိသိက် မင်္ဂလာ ဆင်ယင်သောအခါ၌ မဏိပူရ ရာဇာ မတက်ရောက် ခြင်းသည် မြန်မာတို့ကို မထီလေးစား ပြု၍ ပုန်ကန်ခြင်း ဖြစ်သည်ဟု မြန်မာတို့က ယူဆကြ ကုန်သည်။ နောင်ကျင် သွားစေရန် သင်ခန်းစာ ပေးရမည် ဖြစ်၍ မြန်မာ တပ်ကြီးကို မဏိပူရသို့ သွားရောက် တိုက်ခိုက်စေသည်။ မာဂျစ်ဆင် နောက်လိုက် နောက်ပါ ထောင်ပေါင်း များစွာဖြင့် အိမ်နီးချင်း နယ်ပယ်ဖြစ်သော ကချာ ဒေသတွင်းသို့ ထွက်ပြေး တိမ်းရှောင်လေသည်။ ကချာ ရာဇာသည် ကြောက်ရွံ့ ထိတ်လန့်ခြင်းဖြင့် အနီးအနား ဖြစ်သော ဗြိတိသျှပိုင် စပ်လျက် နယ်သို့ ဝင်ပြေးလေသည်။ ကချာရာဇာ ဂေါဝိန္ဒ ချန္ဒရသည် ဗြိတိသျှနှင့် မြန်မာ နှစ်ဦးစလုံးထံ အကူအညီ တောင်းသည်။ ဗြိတိသျှတို့သည် ကချာနှင့် ဂျိန်းတိယ နယ်များတွင် မြန်မာတို့ လွှမ်းမိုးမည်ကို ထိတ်လန့်လာခဲ့သည်။ ထိုနယ် နှစ်နယ်ကို မြန်မာတို့ သိမ်းပိုက်မိလျှင် မြန်မာတို့ ဘင်္ဂလားသို့ ဝင်ရောက် စစ်ခင်းမည်မှာ အမှန် ဖြစ်ချေသည်ဟု စိုးရွံ့လာကြသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် ဂျိန်းတိယနှင့် ကချာ နယ်များကို ဗြိတိသျှတို့ လက်အောက်ခံ နယ်မြေများ ဖြစ်သည်ဟု အလျင်အမြန် ကြေညာ လိုက်လေသည်။


ထိုအတော အတွင်း၌ ရခိုင် နယ်စပ် ပြဿနာသည် ဗြိတိသျှနှင့် မြန်မာတို့ မလွှဲမရှောင်သာအောင် ပဋိပက္ခ ဖြစ်ပွားရန် ဖန်တီးခဲ့သည်။ အရှေ့အိန္ဒိယ ကုမ္ပဏီမှ ဆင်လိုက်မုဆိုးများသည် မြန်မာတို့က မြန်မာ့နယ်မြေဟု ယူဆသော နယ်မြေ အတွင်းသို့ ကျူးကျော် ပေါက်ရောက်ခဲ့ သဖြင့် မြန်မာတို့က ၎င်းတို့အား ဖမ်းဆီး ချုပ်နှောင်ထားပြီးနောက် နတ်မြစ်ဝကို အစောင့်အကြပ် ထူထပ်စွာ ချထားလိုက်သည်။ ဗြိတိသျှတို့ကလည်း နတ်မြစ်ဝရှိ ရှင်မဖြူ (ရှပူရီ)ကျွန်းပေါ်တွင် စစ်တပ်ငယ် တခု ချထားသည်။ ၁၈၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာတို့က ရှင်မဖြူကျွန်းကို တိုက်ခိုက် သိမ်းယူလိုက်သည်။ အိန္ဒိယရှိ ဘုရင်ခံချုပ် လတ်မင်းကြီး အင်းမတ်စ်သည် ရှင်မဖြူကျွန်းကို ဗြိတိသျှတို့အား ပြန်အပ်ရန် မြန်မာ အာဏာပိုင်များထံ အကြောင်းကြားသည်။ နယ်စပ်ကိုလည်း သေချာစွာ သတ်မှတ်ရန် အားထုတ်လေသည်။ ဗြိတိသျှ အရာရှိ နှစ်ဦးဖြစ်သော ချူးနှင့် ရိုက်စ်တို့ကို နယ်စပ်ကိစ္စ ဆောင်ရွက်ရန် စေလွှတ်ရာ မြန်မာတို့က ၎င်းတို့ကို ဖမ်းဆီး ချုပ်နှောင်လိုက်သည်။ ထို့ပြင် မြန်မာတို့သည် ကချာနယ်တွင်းသို့ ဝင်ရောက် တိုက်ခိုက် ကြလေသည်။ ထိုအချိန်၌ ဗြိတိသျှတို့သည် ရှေးယခင်ကထက် ပို၍ အင်အားများစွာ ပြည့်ဖြိုး နေလေသည်။ ဗြိတိသျှတို့သည် နပိုလီယံနှင့် ယှဉ်ပြိုင် တည်ဆောက်ကြရာ၌ ကမ္ဘာ့ အနှံ့အပြားတွင် အနိုင်ရခဲ့ပြီ ဖြစ်လေသည်။


အိန္ဒိယတွင် ဗြိတိသျှတို့၏ စစ်အောင်နိုင်မှုကို ထိရောက်စွာ အသုံးပြုနိုင်စေရန် အိန္ဒိယ နိုင်ငံသားများက ဗြိတိသျှတို့၏ တန်ခိုးအာဏာ လွှမ်းမိုးခြင်းကို အကျောက်အကန် မပြုတော့ဘဲ အသာတကြည် လက်ခံရန် လိုလေသည်။ ထိုကြောင့် မြန်မာတို့က ထိပါးလာသည်ဟု ယူဆသော အခါ၌ ဗြိတိသျှတို့သည် ချက်ခြင်း တုံ့ပြန်မည်သာ ဖြစ်လေသည်။ ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့၌ မြန်မာနိုင်ငံကို ဗြိတိသျှတို့က စစ်ပြုကြောင်း ကြေညာလိုက်လေသည်။

ဘိုးတော်ဘုရားနှင့် ဗြိတိသျှ သံအမတ်များ အမရပူ၌ တွေ့ဆုံစဉ်
ဘိုးတော်ဘုရားနှင့် ဗြိတိသျှ သံအမတ်များ အမရပူ၌ တွေ့ဆုံစဉ်

အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲ[ပြင်​ဆင်​ရန်​]

ဗြိတိသျှတို့သည် မြန်မာတို့ထက် မိမိတို့က အင်အား သာနေကြောင်းကို ယုံကြည် စိတ်ချကြသည်။ ထို့ပြင် မြန်မာ့ အခြေအနေသည် အပေါ်ယံ အမြင်ထက် ပိုမို၍ ချို့ငဲ့ နေသည်ဟု ယူဆသည်။ ဥပမာ ဗြိတိသျှနှင့် မြန်မာ စစ်ဖြစ်လျှင် ယိုးဒယားတို့က အခွင့်ကောင်းယူ၍ မြန်မာတို့ကို အလျင်အမြန် ကလဲ့စား ချေကြလိမ့်မည်ဟု လည်းကောင်း၊ မွန်တို့က ဗြိတိသျှတို့အား မိမိတို့ကို မြန်မာ့ လက်အောက်မှ ကယ်တင်ပေးသူ အဖြစ်နှင့် ဝမ်းပန်းတသာ ကြိုဆို ကြလိမ့်မည်ဟု လည်းကောင်း၊ ရခိုင်တို့ကလည်း ထိုနည်းတူပင် ရှိလိမ့်မည်ဟု လည်းကောင်း တွေးထင် ယူဆလေသည်။


ဗြိတိသျှတို့ တွေးထင်ချက်သည့် မှန်သင့်သလောက် မှန်သည်။ ရခိုင်သားတို့သည် မြန်မာ အရာရှိများကို နှစ်မြို့ခြင်း မရှိချေ။ မြန်မာတို့ထက် ဗြိတိသျှတို့က အင်အားသာ၍ ဗြိတိသျှတို့သည် စစ်နိုင်မည့်သူ ဖြစ်ကြောင်းကို ကောင်းစွာ ချိန်ဆ တတ်သူများ ဖြစ်သည်။ ထိုကြောင့် ဗြိတိသျှတို့သည် ရခိုင် စစ်တပ် တတပ်ကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ရခိုင်သားတို့သည် ရခိုင်ဒေသမှ မြန်မာတို့ ထွက်ခွာ သွားစေရန်ကိုသာ အလိုရှိသူများ ဖြစ်၍ မြန်မာတို့ ဆုတ်ခွာရလျှင်ပင် ဗြိတိသျှ အုပ်ချုပ်မှုကိုလည်း အလိုမရှိ ဖြစ်ကြတော့သည်။


တောင်ပိုင်း မွန်တို့သည်လည်း မြန်မာတို့ကို တော်လှန် တိုက်ခိုက် နေခြင်းဖြင့် အချိန်ကုန် လူပန်း နစ်နာ ခဲ့သည်ဟု သဘောပေါက်ကာ မြန်မာဘုရင် အုပ်စိုးခြင်းကို အကြည်အသာ ခံယူကြပြီ ဖြစ်သည်ကို တွေ့ရသည်။ သံလျင်ရှိ မွန်မြို့ဝန်သည် မိမိ နှစ်မကို မြန်မာမင်းနှင့် လက်ဆက်ခဲ့သည်။ ၎င်းသည် မြန်မာတို့၏ တန်ခိုးအင်အား ခိုင်လုံခြင်း မရှိတော့ကြောင်းကို သိမြင်သည့် အချိန်အထိ ဗြိတိသျှတို့ကို အကူအညီ မပေးဘဲနေခဲ့သည်။


ယိုးဒယားတို့က ဗြိတိသျှတို့ စစ်အောင်နိုင်လျှင် ဝင်၍ အမြတ်ထုတ်ရန် စိတ်အား သန်လျက် ရှိကြသည်။ သို့သော် ဗြိတိသျှတို့သည် မြန်မာတို့ကို အလွယ်တကူ တိုက်ခိုက် နှိမ်နင်း နိုင်သည်ဟု ယုံကြည်မှု မရှိသောကြောင့် နောက်ဆုတ် နေကြလေသည်။ မြန်မာနိုင်ငံ ပြိုကွဲသော အခါမှ ရသမျှကို ဝင်ရောက် သိမ်းယူမည်သာ ဖြစ်လေသည်။


ဗြိတိသျှတို့သည် ရန်ကုန်ကို သိမ်းပိုက်ပြီးလျှင် မြန်မာတို့ထံမှ စစ်ပြေငြိမ်းစကား ဆိုလာလိမ့်မည်ဟု ထင်မှတ် ခဲ့ကြသည်။ အကယ်၍ ရန်ကုန် သိမ်းပိုက်ပြီးသည့် တိုင်အောင် မြန်မာတို့က စစ်ပြေငြိမ်းစကား မဆိုလာလျှင် မွန်နှင့် အခြား မြန်မာ မဟုတ်သော တိုင်းရင်းသားများသည် ဗြိတိသျှ စစ်တပ်ကြီးကို ပြည်မတွင်းသို့ ချီတက်နိုင်စေရန် သယ်ယူ ပို့ဆောင် ပေးလိမ့်မည်ဟု မျှော်လင့်နေသည်။


ဗြိတိသျှ တပ်မကြီး၌ ဥရောပ စစ်သည် ၅,၀၀ဝ အပါအဝင် စစ်သည်ပေါင်း ၁၁,၀၀ဝ ရှိသည်။ ဗြိတိသျှ စစ်တပ်ကြီးသည် အိန္ဒိယ ဆိပ်ကမ်း အသီးသီးမှ ထွက်ခွာ၍ အန်ဒမန် ကျွန်းစုတွင် ဆုံတွေ့ပြီးနောက် ရန်ကုန် ဆိပ်ကမ်းသို့ ဝင်ကြလေသည်။ ထိုစစ်တပ်ကြီး အပြင် အာသံ၊ မဏိပူရနှင့် ရခိုင်သို့လည်း မြန်မာတို့ကို တိုက်ခိုက် နှင်ထုတ်ရန် စစ်တပ်ခွဲများ စေလွှတ်သည်။ တနင်္သာရီကို သိမ်းရန် အတွက်လည်း ရေတပ် တတပ် စေလွှတ်လိုက်သည်။


မြန်မာတို့က ဗြိတိသျှတို့သည် ဘင်္ဂလားနယ်ကို သိမ်းပိုက်ထားသည်နှင့် တချိန်တည်းတွင် ပင်လယ်ကြောင်းမှ မြန်မာနိုင်ငံသို့ ဝင်ရောက် တိုက်ခိုက် လိမ့်မည်ဟု တကြိမ် တခါမျှ စဉ်းစားမိခြင်း မရှိခဲ့ပေ။ ၁၈၂၄ ခုနှစ်၊ မေလ ၁ဝ ရက်နေ့တွင် ရန်ကုန် ဆိပ်ကမ်းသို့ ဗြိတိသျှ စစ်သင်္ဘောများ ရောက်လာသော အခါ၌ မြန်မာတို့သည် အံ့အား အသင့်ကြီး သင့်ကုန်ကြသည်။ ဗြိတိသျှတို့သည် ရန်ကုန်ကို အလွယ်တကူပင် ရလိုက်လေသည်။ သို့သော် ရန်ကုန်ကို သိမ်းပိုက်နိုင်ခြင်းဖြင့် ရုတ်တရက် ထူးခြားခြင်း မရှိချေ။ မြန်မာ စစ်မှူး စစ်ကဲတို့သည် ရန်ကုန် ပတ်လည်တွင် နေထိုင်သူ အားလုံးတို့ကို ရွှေ့ပြောင်းစေသည်။ ရန်ကုန် ဝန်းကျင် ပတ်လည်တွင် လူသူ ဆိတ်သုဉ်း၍ တောကြီး မြက်မဲသာလျှင် ရံ၍ ရှိရကား ဗြိတိသျှတို့သည် စားနပ်ရိက္ခာနှင့် လမ်းပြများ၊ သတင်း ပေးပို့မည့်သူများ၊ သယ်ယူ ပို့ဆောင် ပေးမည့်သူများကို ရှာဖွေ မရနိုင် ဖြစ်လေတော့သည်။ မကြာမြင့်မီ မိုးကျ၍ လာလေရာ ဗြိတိသျှတို့မှာ ထိုနေရာမှ ထပ်မံ ရွေ့လျားနိုင်ခြင်း မရှိတော့ဘဲ မြန်မာတို့ လာရောက် တိုက်ခိုက်ခြင်းကိုသာ စောင့်ဆိုင်း၍ နေကြရလေသည်။

မင်းကြီး မဟာဗန္ဓုလ၏ တိုက်စစ်[ပြင်​ဆင်​ရန်​]

ဗြိတိသျှတို့ စစ်ကြေညာသော အချိန်၌ မြန်မာတို့၏ တပ်မကြီးသည် စစ်တကောင်းနှင့် ဘင်္ဂလားကို တိုက်ခိုက်ရန် အိန္ဒိယ နယ်စပ်တွင် ရောက်နေလေသည်။ သို့သော် မြန်မာနိုင်ငံ အတွင်း၌ စစ်တပ်များ အလျင်အမြန် ဖွဲ့စည်း၍ သုံးပါး ဝန်ကြီးနှင် ကျည်ဝန်ကြီးတို့ ကွပ်ကဲပြီးလျှင် ဗြိတိသျှ စစ်တပ်ကို ခုခံ တိုက်ခိုက်ကြသည်။ ဗြိတိသျှတို့သည် ရန်ကုန်ကို သိမ်းပိုက်ပြီးနောက် ရွှေတိဂုံ ကုန်းမြင့်တွင် တပ်စွဲ၍ တြိဂံ ပုံသဏ္ဍာန် ခံတပ် တည်ဆောက်ကြသည်။ တပ်စခန်းထိပ်ဖျားမှာ ရွှေတိဂုံ ဘုရား ဖြစ်၍ တပ်အခြေမှာ ရန်ကုန်မြစ် ဖြစ်သည်။ မြန်မာတို့သည် ကြည့်မြင်တိုင်တွင် တပ်စွဲပြီးနောက် ထိုမှ တဆင့် ဗြိတိသျှ ရေတပ် ဆုတ်ခွာရန် သို့မဟုတ် မီးလောင် ပျက်စီး သွားစေရန် မီးဖောင်များကို ကြည့်မြင်တိုင် ဆိပ်ကမ်းမှ မျှောချကြသည်။ ဤတွင် ဗြိတိသျှ စစ်တပ်သည် ကြည့်မြင်တိုင်ကို တိုက်ခိုက်၍ ပထမ မြန်မာ ခံတပ်ကို သိမ်းယူလေသည်။ မင်းကြီး မဟာ ဗန္ဓုလကို ရခိုင်တိုင်းမှ အမြန်ပြန်လာရန် ဆင့်ခေါ် လိုက်လေသည်။ စစ်သူကြီး ဗန္ဓုလသည် မုတ်သုန်မိုး အပြင်းထန်ဆုံး ရွာသွန်းနေချိန်တွင် တပ်မတော် တခုလုံးနှင့် အမြောက် လက်နက်များပါ သယ်ဆောင်၍ ရခိုင်ရိုးမကို အပြင်းချီတက် ဖြတ်ကျော် ခဲ့လေသည်။ ဤအချက်ဖြင့် မြန်မာတပ်များ၏ တပ်ချီ တပ်ဆုတ် လျင်မြန်မှု အစွမ်းကို ပေါ်လွင်စေခဲ့ရာ ဗြိတိသျှ စစ်ဗိုလ်များပင် အံ့ဩ ခဲ့ကြလေသည်။ ဤသို့သော မြန်မာ့စွမ်းရည်ကို ပြောက်ကျား စနစ် စစ်ဆင်ရေးတွင် အသုံးချ သင့်သော်လည်း ဗန္ဓုလသည် ခေတ်မှီ လက်နက်များ တပ်ဆင်၍၊ အကျအန ပြင်ဆင်ထားသော ရန်သူ စစ်တပ်ကို ရှေ့မှနေ၍ ရင်ဆိုင် တိုက်ခိုက်လေသည်။ ဗန္ဓုလသည် ရွှေတိဂုံ ဘုရားနှင့် ကြည့်မြင်တိုင်ကို အဓိက ထား၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတို့သည် ဗြိတိသျှတို့ တပ်စွဲဌာနသို့ ခံတပ်များကို တဖြေးဖြေး ရှေ့သို့ တိုး၍ တရွေ့ရွေ့ ချဉ်းကပ် လာကြပြီးနောက် အလုံးအရင်းနှင့် တိုက်ခိုက်ကြသည်။ ဗြိတိသျှ စစ်တပ်သည် ရွေ့လျားနေသော မြန်မာတပ် နီးကပ်လာသော် အဆက်မပြတ် ပစ်ခတ်ကြပြီးလျှင် ပတ်ပတ်လည်ရှိ မြန်မာတို့၏ ခံတပ်များကို ပစ်ခတ် ဖြိုဖျက်လေသည်။


မြန်မာတို့၏ သေနတ်မှာ ကျည်တခါ ပစ်ပြီး နောက်တဖန် ကျည်သွင်းရန် နှေးကွေး နေလေရာ ဒုတိယအကြိမ် ကျည်မသွင်းနိုင်မီ ဗြိတိသျှ စစ်သားများသည် မြန်မာတပ်တွင်းသို့ လှံစွပ်များဖြင့် ဝင်ရောက် တိုက်ခိုက် နိုင်လေသည်။ ရှေးယခင်က မြန်မာတို့ အဖို့ စစ်အောင်နိုင်မှုများကို ဖန်တီးခဲ့သော မြန်မာ ခံတပ်များမှာ ယခု အကြိမ်တွင် မြန်မာ့ သေတွင်းသဖွယ် ဖြစ်တော့သည်။ သို့သော် မြန်မာတို့သည် မလျော့သော သတ္တိဖြင့် အသေခံ၍ ခုခံ တိုက်ခိုက်ကြသည်။ မြန်မာတို့သည် လက်နက်ချခြင်း၊ ထွက်ပြေးခြင်း မပြုကြဘဲ ဓား လှံကို စွဲကိုင်၍ ဗြိတိသျှ စစ်သည်တို့၏ သေနတ် လှံစွပ်များ အကြားသို့ တိုးဝင် ထိုးခုတ်ကြရာဗြိတိသျှတို့သည် အံ့ဩ ကြရပြန်သည်။ တိုက်ပွဲမှာ လွန်စွာ ပြင်းထန်လှ သဖြင့် ဗြိတိသျှတို့သည် မြန်မာ့ တပ်မကြီးကို ရုတ်တရက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။ မြန်မာတို့လည်း ကုက္ကိုင်းတွင် တပ်များ ပြန်လည် စုရုံးရန် အချိန်ရလိုက်သည်။ သို့သော် ဤအဖြစ်မှာ ကြာရှည် တည်တံ့ခြင်း မရှိပေ။ ဗြိတိသျှတို့က အပြင်းအထန် တိုက်ခိုက်ပြန် သဖြင့် မြန်မာတပ်သည် ရွေ့လျားရ ပြန်သည်။ စစ်သူကြီး ဗန္ဓုလတွင် စစ်သည် ၇,၀၀ဝ မျှသာ ကျန်ရစ်သော်လည်း ထိုစစ်သည်များနှင့်ပင် ဓနုဖြူခံတပ်သို့ ရွှေ့ပြောင်း ဆုတ်ခွာပြီးလျှင် နေပြည်တော်သို့ ရှေးရှု ချီတက်လာမည့် ဗြိတိသျှ စစ်ကြောင်းကို စောင့်ကြိုနေလေသည်။

မြန်မာ့တပ်များ၏ ခံစစ်[ပြင်​ဆင်​ရန်​]

ဗြိတိသျှ စစ်ဗိုလ်ချုပ် ဆာအာချီဘော ကင်းဘဲလ် တောင်းဆိုထားသော စစ်ကူတပ် ထပ်မံ ရောက်လာ ပြန်သောအခါ ဗြိတိသျှတို့သည် ပြည်မြို့ဘက်သို့ ဆက်လက်၍ စစ်ချီ တက်လေသည်။ ဓနုဖြူမြို့မှာ ဧရာဝတီ မြစ်ကြောင်းနှင့် ပုသိမ်သို့ ကုန်းကြောင်း ချီနိုင်သော စစ်ရေးရာ အချက်အချာ ဌာန ဖြစ်လေသည်။


မြန်မာတို့ တပ်စွဲရာ နေရာမှာ ကျယ်ပြန့်သော ပတ်ဝန်းကျင် တဝိုက်တွင် တခုတည်းသော ကုန်းမြင့် ဖြစ်လေသည်။ အကယ်၍ မြန်မာတို့တွင် ကောင်းမွန်သော အမြောက် လက်နက်များသာ အပြည့်အစုံ ရှိခဲ့ပါလျင် မြစ်ကြောင်းမှ ဆန်တက်လာသော ဗြိတိသျှ စစ်တပ်ကို အချိန်ကြာမြင့်စွာ ဟန့်တားထားနိုင်ခဲ့မည် ဖြစ်လေသည်။ ဗန္ဓုလသည် ဗြိတိသျှတို့၏ စစ်ဆင်ရေး ညံ့ဖျင်းမှုများ တပ်စွဲပုံ စနစ်မကျမှုများကို သိမြင်သော်လည်း မြန်မာ စစ်တပ်၏ စည်းကမ်းစနစ် လက်နက် အင်အားမှာ ဗြိတိသျှတို့နှင့် ကွာခြားလွန်း သဖြင့် မည်သို့မျှ မတတ်နိုင်ချေ။ ဗန္ဓုလသည် တကြိမ် ထပ်မံ စစ်ရေး နိမ့်ခြင်းဖြင့် အသရေ မပျက်ရတော့ဘဲ တိုက်ပွဲတွင်ပင် ကျဆုံးလေသည်။ ဗန္ဓုလ ကျသည်နှင့် တပြိုင်နက် မြန်မာတပ်လည်း ပြိုကွဲ လေတော့သည်။ ဤတွင် ဗြိတိသျှ တပ်များသည် အဟန့်အတား မရှိ ပြည်မြို့သို့ ချီတက် နိုင်လေတော့သည်။

မြန်မာ့တပ်အတွင်း ဗြိတိသျှတို့ ထိုးဖောက်ဝင်ရောက်သွားခြင်း
မြန်မာ့တပ်အတွင်း ဗြိတိသျှတို့ ထိုးဖောက်ဝင်ရောက်သွားခြင်း

စာချုပ်ချုပ် ဆိုခြင်း[ပြင်​ဆင်​ရန်​]

ဗြိတိသျှ စစ်တပ်သည် ပြည်တွင် တမိုးနားကြလေရာ မြန်မာတို့ အဖို့ နောက်ထပ် စစ်တပ်ကြီး တတပ် ထပ်မံဖွဲ့ရန် အချိန် ရပြန်သည်။ အချိန်ဆွဲသည့် သဘောဖြင့် ပြည်ဝန်ကြီးသည် စစ်ပြေငြိမ်းရေး စကားကို ကမ်းလှမ်းခြင်း ပြုခဲ့သည်။ ဤသို့ စကားကမ်းလှမ်း ဆဲတွင် ထပ်မံ ဖွဲ့စည်းသော မြန်မာ တပ်ကြီးသည် ပြည်သို့ အလျင်အမြန် ချဉ်းကပ်ကြသည်။ ဗြိတိသျှတို့သည် ပြည်မြို့မှ ထွက်၍ တိုက်ခိုက်သော အခါ ပွဲဦးထွက်၌ အခြေမလှသော်လည်း နောက်တိုက်ပွဲများတွင် မြန်မာတို့ ရှုံးနိမ့်ကာ တပ်ကြီး တကြိမ် ပြိုကွဲ ပြန်လေသည်။ ဗြိတိသျှတို့ ပြည်မှ ဆက်လက် ချီတက်ရာ မလွန်သို့ ရောက်လျှင် စစ်ပြေငြိမ်းပါက ဗြိတိသျှတို့ အလိုရှိသည့် အချက်များကို မြန်မာတို့က စုံစမ်းကြသည်။ ထိုအခါ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရကို ဗြိတိသျှတို့ လက်သို့ အပ်နှင်း၍ စစ်လျော်ကြေးငွေ ၁ ကုဋေ ပေးရမည်ဟု တောင်းဆိုသည်။ တောင်းဆိုချက် များလွန်း သဖြင့် မြန်မာတို့ ပြန်ကြသည်။[၁]


ပုဂံမြို့ အနီးသို့ ဗြိတိသျှ စစ်တပ် ရောက်သော အခါ မြန်မာတို့သည် နောက်ဆုံးအကြိမ် ခုခံ တိုက်ခိုက် ကြသော်လည်း အောင်မြင်ခြင်း မရှိချေ။ ဗြိတိသျှ စစ်တပ်သည် နေပြည်တော်နှင့် ၄၅ မိုင်သာကွာသော ရန္တပိုအရပ်သို့ ရောက်သော အခါ မြန်မာတို့သည် ဗြိတိသျှတို့ အလိုရှိသော အချက်များကို ချွင်းချက်မရှိ လိုက်လျောမည်ဟု ဆို၍ ရန္တပိုစာချုပ်ချုပ်ဆိုကာ စစ်ပြေ ငြိမ်းကြ လေတော့သည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://projectsouthasia.sdstate.edu/Docs/history/primarydocs/Treaties/Burma/002.htm Text of the Treaty of Yandabo
  2. ပထမမြန်မာ အင်္ဂလိပ်စစ်ပွဲ [www.wikimyanmar.co.cc]


Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။