ရွှေတောင်မင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရွှေတောင်မင်းသည် ဗဒုံမင်း၏ သားတော်ကြီး ဖြစ်သည်။ မြောက်နန်း မိဖုရား သီရိမဟာစန္ဒဒေဝီမှ ၁၁၂၄ နယုန်လပြည့်ကျော် ၉ ရက် တနင်္လာနေ့ ဖွားမြင်သည်။ ရွှေတောင်မင်း သတိုးဓမ္မရာဇာဟု ထင်ရှားသည်။ ငယ်မည်က မောင်ပေါ်ဟု ရခိုင် ရာဇဝင်တွင် တွေ့ရသည်။


ဗဒုံမင်းသည် သားတော်ကြီး ရွှေတောင်မင်းကို အလွန်မြတ်နိုး အားကိုးတော် မူသည်။ အသက် ၂ဝ အရွယ် ၁ဝ ဇူလိုင် ၁၇၈၃ ကြာသပတေးနေ့တွင် မိဖုရားခေါင်ကြီး၏ သမီးတော်လတ် တောင်တွင်းကြီး မြို့စား မင်းသမီး သီရိမဟာတိလောက ရတနာဒေဝီနှင့် ရေသွန်း လက်ထပ်၍ အိမ်ရှေ့မင်းအရာ အပ်နှင်းခံရသည်။


အိမ်ရှေ့ ဥပရာဇာ သတိုးဓမ္မရာဇာ ရွှေတောင်မင်းသည် မငြိမ်မသက် ဖြစ်နေသာ ရခိုင်ပြည်ကို ၁၇၈၄ ခုနှစ်တွင် စစ်ကြောင်း လေးကြောင်း ချီ၍ သွားရောက် သိမ်းပိုက်သည်။ မြန်မာနိုင်ငံတော်နှင့် တဆက် တစပ်တည်း ဖြစ်စေခဲ့သည်။


ခမည်းတော် ဗဒုံမင်း၏ လက်ရုံးတဆူ၊ အားကိုး အားထားပြုရသော သားကြီး ဥပရာဇာ ဖြစ်သည်။ နိုင်ငံတော် အစွန်အဖျား ဝေးရပ် နိုင်ငံခြားသို့ စစ်ချီရာတွင်လည်း ဦးဆောင် ခေါင်းရွက် အဖြစ် လိုက်ပါရသည်။ ခမည်းတော် ဗဒုံမင်းကြီး မင်းကွန်း စံနန်းတော်တွင် ထွက်စံ နေချိန်များတွင်လည်း နေပြည်တော် အုပ်ချုပ်ရေးကို တာဝန် ယူရသည်။


သစ္စာဖောက်ခြင်းသည် စစ်ဖြစ်ခြင်း၏ အကြောင်းအရင်း တရပ် ဖြစ်သည်ဟု အဆိုရှိသည်။ ထားဝယ်မြို့ဝန် မြင်စိုင်းစား နေမျိုးကျော်ထင် သစ္စာဖောက်၍ တဖက်မင်းထံ ခိုဝင်သွားသည်တွင် ဥပရာဇာ ရွှေတောင်မင်းသည် ထားဝယ်ကြောင်း စစ်ကို ဦးစီး ချီတက်ရသည်။ ရန်ကုန်တွင် စစ်ချ ရပ်နေစဉ် ရွှေတိဂုံ အရှေ့မြောက်ယွန်းတွင် ကြေးနီအုပ့်ကပ်မိုး ရွှေဇရပ် တဆောင် ဆောက်လုပ် လှူဒါန်းသည်။ သံဃာတော်များအားလည်း ပရိက္ခရာ အစုံ လှူသည်။


ရွှေတောင်မင်းသည် စစ်ရေးတွင် ပြတ်သားသည်။ အမှုတော်ကို ကောင်းစွာ မထမ်း ခိုကပ် ပေါ့လျော့သော တပ်မှူး ၁၃ ယောက်ကို ကွပ်မျက်စေသည်။ တပ်မှူး ဗိုလ်မှူးများက အင်အား လျော့မည်ကို ထောက်၍ ဝင်ရောက် အသနားခံ တောင်းပန် သော်လည်း မရ၊ အခြား အမှုကိုသာ ငါသည်းခံ နိုင်မည်၊ စစ်ရေးဖြစ်၍ သည်းမခံနိုင်ဟု မိန့်သည်။ စစ်ပွဲတွင် စစ်ချီတပ်များ အရေးမလှ သဖြင့် စစ်ရေးတွင် နှေးသင့်သည်ကို လျင်လျင်ဆောဆော လုပ်လှျင် မအောင်မြင် သကဲ့သို့ လျင်လျင်မြန်မြန် လုပ်သင့်သည်ကို ဖြည်းဖြည်းနှေးနှေး လုပ်လှျင် မအောင်မြင်နိုင်။ မိုးလည်း ကျပြီ၊ အကြေ အောက်အရပ် ဖြစ်၍ စစ်တက် စစ်လမ်း ခက်သည်။ ရန်ကုန်တွင် မိုးခို၍ မိုးစဲ ပွင့်လင်းသည့် ကာလမှ လုပ်ကြံလှျင် လွယ်ကူမည်ဟု ဝန်ကြီး မဟာသူရ လှျောက်ထားသည်ကို လုံးဝ လက်မခံ။ ခမည်းတော်က စစ်ကာလကို ထောက်၍ ခန့်တော်မူသည် မဟုတ်၊ မုတ္တမ စသော ပြည်များကို ရန်သူတို့ နှောင့်ယှက်၍ ချီလာရခြင်း ဖြစ်သည်၊ လျင်လျင်ထက်ထက် မလုပ်ဘဲ မိုးခိုနေလှျင် ရန်သူတို့ အခြေအမြစ် ဖြစ်လိမ့်မည်။ အခြေအမြစ် ဖြစ်ချေက လုပ်ကြံရေး မခက်ပြီလောဟု မိန့်တော်မူ၍ ဆက်လက် ချီတက်စေသည်။


ထားဝယ် အရေး ပြီးပြေ အောင်မြင်ခဲ့ သဖြင့် ဗဒုံမင်းသည် သားကြီး ဥပရာဇာ ရွှေတောင်မင်းကို အလွန် အားရတော်မူသည်။ တိုင်းကြီး ပြည်ကြီး စော်ဘွား မြို့စား ရာကြီး ထူးကြီးများ ခန့်ထားရေးနှင့် တိုင်းရေး ပြည်ရေး သာသနာရေးများကို ငါကဲ့သို့ စီရင်စေဟု ဧကရာဇ်မင်းတို့၏ အလွန် ပေးခဲလှသော ဆုကို ပေးတော်မူသည်။


ဥပရာဇာ ရွှေတောင်မင်း၏ အိမ်ရှေ့ မိဖုရား (မောင်ဇင်၊ မောင်ခင်တို့၏ မယ်တော်) သည် ၂၅ နိုဝင်ဘာ ၁၇၉၃ ခုတွင် နတ်ရွာစံသည်။ ရွှေတောင်မင်းသည်လည်း ၂၉ မတ် ၁၈ဝ၉ ခုနှစ်၊ သက်တော် ၄၆ နှစ် ၁ဝ လတွင် နတ်ရွာစံသည်။ အိမ်ရှေ့မင်း စည်းစိမ် ၂၆ နှစ် စံစား ခဲ့ရသည်။ မင်းအဖြစ်သို့ မရောက်ရှိခဲ့ပေ။


ရွှေတောင်မင်းတွင် မိဖုရား ၄ ပါး၊ ကိုယ်လုပ်တော် ၁၅ ယောက် ရှိသည်။ သားတော် ၃ဝ၊ သမီးတော် ၂၆ ၊ စုစုပေါင်း ၅၆ ယောက် ရှိသည်။ ရွှေတောင်မင်းသည် မင်းအဖြစ်ကို မရရှိ ခဲ့သော်လည်း သားတော် ၂ ပါး ဖြစ်သော မောင်ဇင် (စစ်ကိုင်းမင်း) နှင့် မောင်ခင် (ရွှေဘိုမင်း) တို့သည် ထီးနန်း ဆက်ခံ စိုးစံ ခဲ့ကြရသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မကြန် ပိတောက်နွယ် မဂ္ဂဇင်း၊ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ။