ကနောင်မင်းသား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကနောင်မင်းသား

ကနောင်မင်းသား(မြန်မာ ၁၁၈၁-၁၂၈၁) သည်မြန်မာနိုင်ငံ ကိုယ့်မင်းကိုယ်ချင်းဘဝနှင့်နေစဉ်ကပင် နိုင်ငံတော်ကို ခေတ်သစ်နိုင်ငံတခု ဖြစ်မြောက်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မြန်မာမင်းသားကြီး တစ်ပါး ဖြစ်သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစံနစ် ပြောင်းလဲခြင်းကို အကြောင်းပြု၍ လူ့သမိုင်းတွင် ခေတ်တစ်ခေတ်မှ အခြားခေတ်တစ်ခေတ်သို့ ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစု နှစ်များ အလယ်လောက်က ခေတ်ပြောင်းလဲခြင်းကို ဖန်တီးပေးသည့် အဖြစ် အပျက်များပေါ်ပေါက်ခဲ့လေသည်။

အောက်မြန်မာပြည်တွင်ဗြိတိသျှတို့ ရောက်ရှိ ကြီးစိုးလာခြင်း၊ ကိုယ့်မင်း ကိုယ်ချင်းနေသော မြန်မာနိုင်ငံ အထက်ပိုင်းသည် ထိုစဉ်အခါက တိုးတက်လျက်ရှိသော ဥရောပနိုင်ငံအချို့နှင့် ဆက်သွယ်မှုများ ရရှိလာခြင်းကြောင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစနစ်တို့၏ အခြေခံဖြစ်သောအသစ်အဆန်း ထွင်မှုပြောင်းလဲမှုတို့သည် အထက် မြန်မာပြည်သို့ ရောက်ရှိလာကာ ခေတ်ကိုပြောင်းလဲစေနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့လေသည်။ ထိုအခွင့်အလမ်းများကို အမြင်ကျယ်စွာနှင့် အသုံးပြုကြသော ထိုခေတ်မြန်မာခေါင်းဆောင်တို့တွင် အရေး ပိုမိုပါဝင်ခဲ့သူကို ရှာဖွေလျှင်ကနောင်မင်းသားကြီးကိုပင် တွေ့ရပေမည်။

အတ္ထုပ္ပတ္တိ အကျဉ်း[ပြင်​ဆင်​ရန်​]

ကုန်းဘောင်ခေတ် အမပူရ ဒုတိယမြို့တည် သာယာဝတီမင်း (၁၈၃၇-၁၈၄၆)နှင့် `သီရိသုစန္ဒာမာလာမဟေ´ဘွဲ့အမည်ရှိ ရွှေဘိုမင်းတရားကြီး၏ တောင်ဆောင်တော်၊ ကျောက်မော်မြို့စား မိဖုရားတို့တွင် သားတော်နှစ်ပါးတို့ ထွန်းကားခဲ့ရာ သားအကြီးမှာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း ဖြစ်၍ အငယ်မှာ သတိုးမင်းရဲကျော်ထင် ဘွဲ့ခံ ကနောင်မင်းသား ဖြစ်လေသည်။ ကနောင်မင်းသားသည် သက္ကရာဇ် ၁၁၈၁ ခုတော်သလင်း လပြည့်ကျော်၂ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်၏။ ဖွားစဉ်က မီးနေဆောင်သို့မရောက်မီ တောင်ဆောင်၌ဖွားမြင်သဖြင့် ခမည်းတော်က မောင်တောင်မင်းဟု ကိုယ်တိုင်မှည့်ခေါ်ခဲ့၏။ ချစ်စနိုးခေါ်သော ငယ်မည်မှာ `ထိပ်တင်ကောက်´ ဖြစ်၍ မင်းသားလတ်အဆင့်တွင် မင်းတပ်မြို့ကိုစားခဲ့ရသည်။ နောင်တော် ပုဂံမင်း (၁၈၄၆-၁၈၅၃) ထီးနန်းဆက်ခံတော်မူသောအခါ `သီရိသုမဟာ ဓမ္မရာဇာ´ဟူသော ဘွဲ့တော်နှင့် ကနောင်မြို့ကို စားရသည်။ ထို့ကြောင့် ကနောင်မင်းဟု တွင်လေသည်။

သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပုဂံမင်းအား နောင်တော် မင်းတုန်းမင်းက ရွှေဘိုမှပုန်ကန်ရာတွင် အတူဦးဆောင်ပါဝင်ခဲ့သည်။ သက္ကရာဇ် ၁၂၁၄-ခုနှစ်၊ သက်တော် (၃၃)နှစ်တွင် ရွှေဘိုမင်းတရားကြီး၏ အနောက်နန်းတော် မိဖုရား (အနောက်နန်းမတော်မမြလေး)၏ သမီးတော် လှိုင်ထိပ်ခေါင်တင်နှင့် လက်ထပ်တော်မူပြီးလျှင် တပယင်း၊ တောင်တွင်းကြီး၊ ပဉ္စလငါးမြို့နှင့် စလေမြို့များကို စားရလေသည်။

ကနောင်မင်းသားသည် အိမ်ရှေ့စံမင်းသား (နန်းညွန့်နန်းလျာမင်းသား) လည်းဖြစ်ပြီး ထီးနန်းစည်းစိမ်နှင့် အချုပ်အခြာအာဏာကိုဆက်ခံရန်အခွင့်ရှိသူဖြစ်နေပေရာ ထိုအခွင့်အရေးကို မက်မောကြသော တူတော်များ (မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင်မင်းသား) တို့၏လုပ်ကြံမှုကြောင့် ကံတော်ကုန်ခဲ့ရသည်။ ကနောင်မင်းသား ကံတော်ကုန်စဉ် သက်တော်မှာ (၄၇)နှစ်သာ ရှိသေးသည်။ ပဒေသရာဇ်ခေတ်ရှိ နန်းတွင်း အရေးအခင်းများမှာ သမိုင်းတင်ထားသည်ထက်လည်း ပိုမိုရှုပ်ထွေးနေတတ်သည်။

မိဖုရားများနှင့် သားသမီးတော်များ[ပြင်​ဆင်​ရန်​]

ကနောင်မင်းသားသည် မိဖုရားနှင့် ကိုယ်လုပ်တော်ပေါင်း ၅၂-ပါးရှိပြီး ၎င်းတို့မှဖွားမြင်သော သားသမီးတော်များမှာ ၁၀၂-ပါးရှိသည်။

သားတော်၊တူတော်များအား စိတ်မချခြင်း[ပြင်​ဆင်​ရန်​]

အိမ်ရှေ့စံ ကနောင်မင်းသားနှင့် မင်းတုန်းမင်းတို့ ဆုံသောအခါ သားတော်၊တူတော်များအား စိတ်မချကြောင်း လျှောက်တင်တင်သောအခါ မင်းတုန်းမင်းက `အေး...မောင်ပုရေ...နောင်တော်ဘုရားကလည်း သီလဝတို့ကို စိတ်မချဘူး။ မောင်ပုကလည်း မောင်ညိုတို့ကို ဂရုမစိုက်၊ သူတို့ကလည်း ထနောင်းပင်က မီးတကျည်ဆိုသလို လာကြလိမ့်ဦးမည်´ဟု မိန့်တော်မူသည်။

  • မောင်ညိုဆိုသူမှာ ပန်းထိမ်းမင်းသားကို ဆိုလိုသည်။
  • သီလဝဆိုသည်မှာ မြင်ကွန်းမင်းသားကို ဆိုလိုသည်။
  • မောင်ပုဆိုသည်မှာ ကနောင်မင်းကို မင်းတုန်းမင်းက ငယ်စဉ်အခါက ညီပုလေးဟု ချစ်စနိုးခေါ်တွင်ရာမှ အရွယ်ရောက်လာသောအခါ မောင်ပု ဟုခေါ်ဆိုလေသည်။

[၁]

ကြိုးပမ်းမှုများ[ပြင်​ဆင်​ရန်​]

ကနောင်မင်းသားသည် သာယာဝတီမင်း၏ သားတော် ၊ မင်းတုန်းမင်း၏ ညီတော် ဖြစ်သည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးကာနီးတွင် မင်းတုန်းမင်းသားနှင့် ပူးပေါင်း၍ နောင်တော် ပုဂံမင်းကို ပုန်ကန် ခြားနားခဲ့ပြီး ၁၈၅၃ ၊ ဇူလိုင် (၁၁) တွင် မင်းတုန်းမင်း နန်းတက်ကာ ကနောင်မင်းသားက အိမ်ရှေ့မင်း ဖြစ်လာခဲ့သည်။ မင်းတုန်းမင်းကြီးသည် ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပြီး ကနောင်မင်းသားမှာမူ စီမံခန့်ခွဲရေးတွင် နိုင်နင်းသူ ဖြစ်သည်။ ကနောင်မင်းသားသည် အနောက်နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်၍ ဗမာ့တပ်မတော်ကို ခေတ်မှီစေရန် ခေတ်မှီ လက်နက်များ တပ်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများလည်း တည်ဆောက်ခဲ့သည်။ ကနောင်မင်းသားသည် ဧရာဝတီ မြစ်ရိုးအတိုင်း ဆန်တက်လာမည့် ဗြိတိသျှတို့၏ စစ်သင်္ဘောများကို တားဆီးနိုင်ရန် ရေမြှုပ်ဗုံးကို တီထွင်စမ်းသပ် အောင်မြင်ခဲ့သည်။ သို့သော် ဘာသာတရား ကိုင်းရှိုင်းသည့် နိုင်ငံတော် ဖြစ်သည့် အားလျှော်စွာ ဘုန်းတော်ကြီးများက ရေသတ္တဝါများ သေကြေပျက်စီးကြောင်း ပြောကြား ကန့်ကွက်သဖြင့် ရေမြှုပ်ဗုံး ထုတ်လုပ်မှု စီမံကိန်းကို ရပ်တန့်ခဲ့ရသည်။ ထိုနည်းတူပင် အခြားသော စက်မှုထူထောင်ရေး ကြိုးပမ်းမှုများမှာလည်း ၄င်းကွယ်လွန်ပြီးချိန်မှ တစ်စစနှင့် ရပ်ဆိုင်းသွားခဲ့ရသည်။ အချို့စက်ရုံများကိုမူ အင်္ဂလိပ်တို့ မန္တလေးကို သိမ်းယူအပြီးနောက်ပိုင်းတွင် ပြန်လည်ပြီး လည်ပတ်ခဲ့ကြသေးသည်။

ကနောင်မင်းသားကို တိုင်းသူပြည်သားများက ချစ်ကြည်လေးစားကြပြီး မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် မင်းသားကြီးသာ လုပ်ကြံ မခံခဲ့ရပါက မြန်မာပြည် သည်နယ်ချဲ့လက်အောက်သို့ ဤမျှလောက်လွယ်ကူစွာ၊ စောစီးစွာ မရောက်နိုင်ဟု ယုံကြည်ကြသည်။[၂]

ထိုစဉ်က အင်္ဂလိပ်နှင့် ပြင်သစ်စသည့် နိုင်ငံတို့က ကိုလိုနီနယ်မြေများရရှိရန် အပြိုင်အဆိုင် လုံးပမ်းနေကြခြင်းဖြစ်ရာ အထွေထွေ ခေတ်နောက်ကျနေသော ပဒေသရာဇ်နိုင်ငံများအဖို့ အနှေးနှင့်အမြန်သာကွာခြားပြီး နယ်ချဲ့လက်တွင်းသက်ဆင်းကြရန် တာစူနေပေသည်။ ကနောင်မင်းသားမှာ အချုပ်အခြာအာဏာ ပိုင်စိုးသူမဟုတ်သဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် ကန့်သတ်ချုပ်ခြယ်မှုများ မလွတ်ကင်းသေးချေ။

File:KaN.jpg
ကနောင်မင်းသား၏ အရိုးအိုးဂူ
File:KaN2.jpg
ကနောင်မင်းသား၏ အုတ်ဂူတော် ကျောက်စာ

သဂြိုဟ်ပုံ[ပြင်​ဆင်​ရန်​]

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းသားနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားများ လုပ်ကြံခံရသည်မှာ သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်နေ့၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ဖြစ်သည်။ သင်္ဂြိုဟ်သည်မှာ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် ဖြစ်ရာ (၁၁)လကြာမှ သင်္ဂြိုဟ်ခြင်း ဖြစ်သည်။ ကြားတွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းနှင့် ပန်းထိမ်းမင်းသား အရေးအခင်းတို့ ဖြစ်ပေါ်နေ၍ အလောင်းများကို ခေါင်းသွင်းပြီး နန်းမြေဘုံသာ စံနန်းတော် ဆောင်မဘုံတွင် ခင်းကျင်းထားပုံရသည်။

သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် နန်းမြေဘုံသာ စံနန်းတော် ဆောင်တော်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်းသင်္ဂြိုဟ်ရန် အုတ်ဂူ၊ ၎င်းအနီးတွင် မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ကို သင်္ဂြိုဟ်ရန် အသီးသီး တန်းစီ၍ အုတ်ဂူတည်ပြီးလျှင်၊ ၎င်းဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်ပူဇော်ရန် အုတ်ပြသာဒ် ပြုလုပ်ထားသည်။ အနောက်ဘက်မှ စေတီကြီးကိုလည်း စန္ဒာမုနိ ရုပ်ပွားတော် ကိုစွဲ၍ စန္ဒာမုနိ ဘုရားဟုခေါ်လေသည်။ စေတီနှင့် ရုပ်ပွားထားရာ အုတ်ပြသာဒ်အကြားကား အိမ်ရှေ့မင်းနှင့် မင်းသားများ၏ အလောင်းများကို အုတ်ခုံပေါ်တွင် မြုတ်နှံထားသည်။ အိမ်ရှေ့မင်း၏ အုတ်ဂူကို အုတ်ပြသာဒ်ငယ် လုပ်ထားသည်။ ၎င်းအုတ်ပြသာဒ်ငယ်ကို စေတီနှင့် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ဂန္ဓကုဋီတိုက်နှင့် အုတ်ရိုးသွယ်ဆက်ထားသေးသည်။ [၃]

ကနောင်မင်းသား ရုပ်ကလာပ်အား မန္တလေးတောင် ခြေရင်းရှိ ဂူသွင်းသဂြိုလ်ခဲ့သည်။ ၁၉၈၈ စစ်အစိုးရလက်ထက်တွင် ကနောင်မင်းသား၏ အုတ်ဂူကို စန္ဒာမုနိစေတီ ဘုရားဝင်းအတွင်း ရွေ့ပြီး အခု မန္တလေးတောင်အသွား လမ်းဆုံမှာ အုတ်ဂူတည်ထားသည်။ [၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်)
  2. နေထွတ်၏ ‘မန္တလေးအဘိဓာန်’ စာအုပ်
  3. ရွှေကိုင်းသား၏ နှစ်(၁၀၀)ပြည့် မန္တလေး
  4. မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း