မောင်မောင်တုတ်၊ ရနောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရနောင်မောင်မောင်တုတ်သည် ကုန်းဘောင်ခေတ် သီပေါမင်း နန်းတက်စဉ် သီပေါမင်း၏ အရေးပေးသော ငယ်သူချင်းတစ်ဦးဖြစ်သည်။ မောင်မောင်တုတ်သည် မြန်မာသက္ကရာဇ် ၁၂၀၇-ခုတွင်ဖွားမြင်သည်။ [၁]

ရနောင်မောင်မောင်တုတ်


သီပေါမင်းတရားခေတ်တွင် နန်းတွင်ရေးသည် အလွန်ရှုပ်ထွေးခဲ့သည်။ ထိုနန်းတွင်း အရှုပ်အထွေးအကြားတွင် အရှင်သီပေါမင်း၏ အချစ်ရေးသည်လည်း အတွင်းတော်၌ မီးထတောက်ရလောက်အောင် ကြီးကျယ်ခဲ့လေသည်။ ဤအချစ်ရေးတွင် အရေးပါအရာရောက်ခဲ့သူတစ်ယောက်ကား "ရနောင်မောင်မောင်တုတ်"ပင် ဖြစ်သည်။ ရနောင်မောင်မောင်တုတ်၏ ငယ်မည်သည် မောင်ညိုတုတ်ဖြစ်သည်။ မောင်ညိုတုတ်၏ ဖခင်မှာ ရေနံချောင်းမင်းကြီး ဦးပိန်ဖြစ်၍ မိခင်မှာ ရေနံချောင်းဝန်ကြီးကတော် သခင်ကြီးဖြစ်သည်။ မောင်ညိုတုတ်မိခင်သည် စုဖုရားလတ်၏ နို့ထိန်းဖြစ်သည်။ မင်းတုန်းမင်းတရားသည် ပုဂံမင်းကို ပုန်ကန်၍ ရွှေဘိုသို့ ထွက်စဉ်အခါက မောင်ညိုတုတ်၏ ဖခင် ဦးပိန်သည် ကျေးကျွန်တော်ရင်း ဖြစ်သည့်အားလျော်စွာ နောက်တော်ကပါသည်ဟု ဆိုသည်။ လမ်းခရီးတွင် မောင်ညိုတုတ်၏ဖခင် ဦးပိန်မှာ ကျဆုံးခဲ့သည်။ မင်းတုန်းမင်းတရား အမရပူရသို့ ပြန်၍ ရွှေနန်းတော်သိမ်းတော်မူချိန်တွင် တိုင်တားမင်းကြီး ဦးဖိုး၏ မ၊စ ပေးချက်အရ မောင်မောင်တုတ်သည် လက်သုံးတော်ကိုင်ကလေးရာထူးတွင် ခစားရသည်ဟု ဆိုသည်။ မောင်ညိုတုတ်အောက်တွင် ညီ မောင်မောင်ပြောင်းနှင့် ညီမ ယင်းမာချောင်း ခင်ခင်လေးတို့ ရှိသည်။ ယင်းမာချောင်း ခင်ခင်လေးသည် မောင်မောင်တုတ်၏ ဖခင် ဦးပိန်၏ ဒုတိယမယားမှ မွေးသော သမီးဖြစ်သောကြောင့် မောင်မောင်တုတ်နှင့် ဖအေတူမအေကွ မောင်နှမတော်သည်။ ညီမောင်မောင်ပြောင်းသည် လှေအသင်းအတွင်းဝန်၊ နတ်မောက်မြို့စား၏ ညီမဖြစ်သူ ပင်းသာခင်ဖူးနှင့် လက်ထပ်ခဲ့သည်။ မောင်မောင်တုတ်၏ အရည်အသွေးနှင့် ဖျတ်လက်မှု၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကင်းဝန်မင်း၊ ယောမင်းကြီးနှင့် တိုင်းတားမင်းတို့က သဘောကျသည်။ မောင်မောင်တုတ်သည် အလုံးအရပ်လည်းကောင်းသည်။ အသားညိုသည်။ ကျောက်ပေါက်မာသက်သက်ရှိသည်။ ကျင်စွယ်လည်း ရေးရေးထားသည်။ မောင်မောင်တုတ်ကို အဝေးမှ ဖြစ်စေ၊ အနီးမှဖြစ်စေ၊ မြင်ရလျှင် မောင်မောင်တုတ်၏ ကျက်သရေရှိသော အင်္ဂါရုပ်ကို လူတိုင်းနှစ်ခြိုက်မည်ပင်ဖြစ်သည်။ မောင်မောင်တုတ်၏ မျက်နှာပေါက်မှာ ခန့်ညားထည်ဝါသော သဘောရှိသည်။စူးရှသော မျက်လုံးရှိ၍ အသံဩဇာ တို့နှင့် ပြည်စုံသည်။ စင်စစ်လူချောလူလှဖြစ်၍ မိန်းမများကိုက မောင်မောင်တုတ်ကို ကြိုက်ကြသည်ဟု သိရသည်။ မောင်မောင်တုတ်ကလည်း သူကိုယ်တိုင်မယားများသည်။ လင်ရှိမယားကိုပင် မရှောင်ဟု ဆိုကြသော်လည်း လင်ကြီးကျေနပ်မှ တစ်နည်းဆိုသော် လင်ကြီးကျေနပ်အောင် ပြုပြီးမှသာ မောင်မောင်တုတ်၏လက်ဝယ်ရောက်ရသည်ဟု အချို့မှီလိုက်သူများက ပြောကြသည်။ ဥပမာဆိုသော် တောင်တွင်းကြီးသူ သဘင်သည် မမလေးကို သူ၏လင်ကြီးကို ရွှေငါးပိဿာနှင့် မယားနှစ်ယောက်အပြင် မြို့သူကြီးရာထူးကိုပေးသဖြင့် လင်ကြီးကျေကျေနပ်နပ်ထည့်ပေးလိုက်ကြောင်း၊ ဆင်ခိုးမလေးကိုယ်တိုင်ကလည်း မောင်မောင်တုတ်ကို ကို ချစ်ကြောင်းတို့ကို ဖွင့်ပြောကြောင်း သိရသည်။ မောင်မောင်တုတ်ကို တွေ့မြင်သိရှိဖူးသူများကမူ မောင်မောင်တုတ်သည် အလွန်ကျက်သရေရှိကြောင်း၊ သူကမပိုးရပဲ မိန်းမများကသာ သူ့ကို ပိုးနေကြောင်း၊ သူ့ကို အပျိုအအိုများက ငမ်းငမ်းတက် လိုချင်ကြောင်း သိရှိရသည်။ သီပေါမင်းနန်းတက်လာသည့်အခါ အရည်အသွေးကိုကြည့်၍ သီပေါမင်းတရား များစွာနှစ်သက်သောကြောင့် ရနောင်မြို့ကို အပိုင်စားစေ၍ လက်သုံးတော်ကြီးကိုင် မြောက်ထားဝယ်ဗိုလ်၊ ဝဲလှည့်ခေါင်း ခန့်တော်မူသည်။ သီပေါမင်းနန်းတက်၍ မင်းမှူးမတ်များအား ဘွဲ့မည်ရည်ပေးသောအခါ ရနောင်မောင်မောင်တုတ်အား "မဟာမင်းလှမင်းထင် စည်သူ" ရွှေဘွဲ့ချီးမြှင့်တော်မူသည်။ ရနောင်မောင်မောင်တုတ်သည် ရွှေနန်းတော်တွင်း၌ အချိန်မရွေး ကျောက်စည်ရွှေဓားကို လွယ်၍ ခံရစားရသည်။ ရွှေနန်းတွင်းအတွင်းတော်၌ လက်သုံးတော်ကြီး၊ လက်သုံးတော်ကလေးများသာလျှင် ရွှေဓားကိုင်၍ ခစားနိုင်သည်။ ရနောင်မောင်မောင်တုတ်၏ လက်အောက်တွင် လက်သုံးတော်ကြီးကိုင် (၁၂) ယောက်ရှိသေးသည်။ ၎င်းတို့သည် မြောက်ဘက်ထားဝယ်ဆောင်တွင် နေထိုင်၍ စောင့်ကြပ်ရသည်။ ထားဝယ်ဆောင်ဆိုသည်မှာ မှန်နန်းဆောင်နှင့် ကပ်လျက်ရှိသော အဆောင်ကို ဆိုလိုသည်။ ရနောင်မောင်မောင်တုတ်သည် အနားရွှေကြယ်ပွင့်ထိုး ကတ္တီပါစိမ်းထိုင်မသိမ်း ဒူးအထိအရှည်ကို ဝတ်သည်။ ဘောင်ဘီအနားကွပ်အောက်ခံနှင့် အပေါ်က လွန်းပုဆိုးကို အောက်ပိုးကျိုက်ထားသည်။ ရွှေကျင်ခတ်ပဝါကိုလည်း ပေါင်းထားသည်။ သူ့အဝတ်အစားနှင့် သူ့ရုပ်ရည်မှာ မင်းသားရုပ်ပေါက်သည်။ အမှုထမ်းသားများ၏ယာလက်ဖမိုးတွင် ခြင်္သေ့နီရုပ်ဆေးနီဖြင့် ထိုးမှတ်ထားသည်။ မောင်မောင်တုတ်သည် တိုင်တားမင်းကြီး၊ ကင်းဝန်မင်းကြီးတို့က အရေးပေးခြင်း ခံရသည်သာမက ဆင်ဖြူမရှင် မိဖုရားကြီးကိုယ်တိုင်က အရေးပေးခြင်း ခံရသဖြင့်လည်း ဩဇာကြီးသည်။ အတွင်းရေးကိစ္စများကို တိုင်ပင်သည့်အခါများ၌ မောင်မောင်တုတ် မပါလျှင်မပြီးသလောက် အရေးပေးခြင်း ခံရသည်။


မင်းတုန်းမင်း နာမကျန်းရှိတော်မူစဉ်အခါ မည်သူ့အား နန်းလျာထားမည်ဟု မှူးကြီးမတ်ရာများနှင့် ဆင်ဖြူမရှင်တို့ လျှို့ဝှက်စွာ တိုင်ပင်ကြစဉ်အခါကလည်း မောင်မောင်တုတ်သည် မိဖုရားတို့နှင့် အတူပါသည်။ ထို့နောက် သီပေါမင်သားသည် နန်းလျာအဖြစ် ရွေးကြပြီးသည့်နောက်တွင် ကြေးတိုက်အတွင်း အကျဉ်းချထားသော မင်းသားများအနက် သီပေါမင်းသားကု မောင်မောင်တုတ်သည် ပုခုံးပေါ်တွင် ထမ်း၍ ထုတ်ယူလာသည်။ မင်းသားသည် ပဉ္စင်းဘဝမှ လူဘောင်ထွက်လာသည်မှာ ရက်မျှပင်မလည်သေးပေ။ ဘုမသိ ဘမသိ အဖမ်းခံလိုက်ရသည်တွင် ယခုအခါ မောင်မောင်တုတ်က ပုခုံးပေါ်တင်၍ ထုတ်လာသည်ကို ကြေးတိုက်အပြင်ဘက်ရောက်မှ မေးမိသည်။ မောင်မောင်တုတ်က "အရှင်မင်းသား ဘုရင်ဖြစ်တော့မည် အမှန်ပါပင်၊ ဘုရင်ဖြစ်လာသည့်အခါ အရှင့်ကို အသက်ပေး၍ အမှုတော်ကို ထမ်းပါမည်။ အမှုတော်ထမ်းရာ၌ အမှားရှိချင်သော်လည်း ရှိပေမည်။ သို့သော် အရှင့်သား လက်နက်ဖြင့် ဒီတစ်သက်တွင် အသက်မသေစေရ ဟူသော ကတိကို ပေးတော်မူးပါဘုရား" ဟူ၍ လျှောက်ထားသည်။ ရနောင် မောင်မောင်တုတ်အား သီပေါမင်းသားက "မောင်တုတ်တစ်သက်မှာ ငါ့လက်နက်နှင့် အသက်မသေစေရ" ဟူ၍ ကတိထားတော်မူဖူးသည်။ ပေါ့ပေါ့ဆဆ ထားသော ကတိမဟုတ်ပါပေ။ မောင်တုတ်အပေါ်ဘုရင်ကလည်း ကတိထားသည်နှင့်အမျှလည်း မောင်တုတ်က သီပေါဘုရင်ကလေးကို အသက်ပေး၍ ချစ်သည်။ သစ္စာရှိသည်။ သီပေါဘုရင်လေး၏ ရိုးသားစိတ်ကိုလည်း ကြည်ညိုမိသည်။ မောင်တုတ်သည် ဘုရင့်အတွက်ဆိုက အကယ်ပင် အသက်ပေးဝံ့သူလည်း ဖြစ်သည်။ သီပေါမင်းတရားသည် ထို့ကြောင့်ပင်လျှင် မောင်တုတ်အား ရနော်မြို့ကို စားစေလျက် မင်းသား၏ အဆင့်အတန်းတွင် ထား၍ မင်းသား၏ အဆောင်အယောင်များနှင့်အတွက် မြှောက်စားတော်မူသည်။ ရနောင် မောင်မောင်တုတ်ကို တစ်နည်းအားဖြင့် ရနောင်မင်းသားဟု ခေါ်ရသည်။ အရှေ့ပွဲတက်အခမ်းအနားတွင်လည်း မောင်တုတ်သည် မင်းသားများ၏ နေရာတော်တွင် နေရသည်။ မင်း၏သားတော်၊ ညီတော်ပင် စစ်စစ်မဟုတ်သော်လည်း ဘုရင်မင်းမြတ် ချီးမြှင့်သူကောင်းပြုခြင်းခံရသူဖြစ်၍ မင်းသားဟု ခေါ်ရသည်။ သီပေါမင်းတရား နန်းတက်ပြီးသည့်နောက်တွင် ရနောင်မောင်မောင်တုတ်သည် များစွာ တန်ခိုးကြီးလာသည်။ နန်းတွင်းနန်းပြင်တွင် မောင်မောင်တုတ် ဩဇာညောင်းကြသည်။ ထိုသို့အရေးပေးခြင်းခံရသည့်အထဲတွင် မိဖုရားခေါင်ကြီး စုဖရားလတ်နှင့်တကွ ဆင်ဖြူမရှင် မိဖုရားကြီးတို့ကပါ မောင်မောင်တုတ်မပါလျှင် မပြီးသလောက် အမှုကိစ္စတိုင်းတွင် မောင်တုတ်ကို တိုင်ပင်လေ့ရှိသဖြင့် တိုင်းပြည်ရှိ ဥပဒေများကိုပင် မောင်တုတ်က လက်တစ်လုံးခြား ကွေ့ရှောင်၍ မိမိထင်သလို ပြုတတ်လေသည်။ ဘုရင်မင်းမြတ်ပေးသနားတော်မူထားသော ဝင်းခြံကြီးအတွင်း အဆောင်ခန်းပေါင်းများစွာရှိသော အိမ်ကြီးတစ်လုံးတွင် မောင်မောင်တုတ်သည် မယားပေါင်း မြောက်မြားစွာနှင့် ကြီးစွာသော စည်းစိမ်ကို ခံစားနေလေသည်။ မယားများ တိုးတက်များပြားလာတိုင်း အိမ်ကြီးကို ချဲ့ထွင်၍ ဘေးပတ်ပတ်လည်တွင် အဆောင်ခန်းများက ထပ်မံတိုးချဲ့ဆောက်လုပ်ရသဖြင့် မောင်တုတ်၏အိမ်ကြီးမှာ အိမ်နှင့်ပင် မတူတော့ဘဲ အဝန်းအဝိုင်းကြီး ဖြစ်၍ မည်သည့်အဆောက်အဦးကြီးဖြစ်သည်ကိုပင် ရုတ်တရက် မပြောနိုင်အောင် ရှိတော့သည်။ မောင်တုတ်သည် သီပေါမင်းက​လေးအား အလွန်ချစ်ခင်၍ အသက်ပေးကာ အမှုတော်ကို ထမ်းဆောင်ပါမည်ဆိုသည့်အတိုင်းလည်း သီပေါမင်းအလိုရှိပါက ဘာမဆို မရ၊ ရအောင် ဆောင်ရွက်​ပေးမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။ ထို့ထက် သီပေါမင်းကို မှီ၍ မိမိ ဘုန်းတန်ခိုး တိုးတက်အောင်လည်း ကြံဆောင်လိုသည်။ သို့သော် သီပေါမင်း၏ ထီးနန်းကိုကား မမျှော်မှန်းခဲ့ချေ။ သီပေါမင်းကလေး၏ ရိုးသားသော အမူအကျင့် စိတ်နေသဘောထားကို မောင်တုတ်သည် များစွာ နှစ်ခြိုက်သည်။ မိဖုရားအခြံအရံတို့၏ အလယ်တွင် ဘုရင်မင်းမြတ်တို့၏ ခံစားအပ်သော စည်းစိမ်ဖြင့် မခံစားရဘဲ တစ်ဦးတည်း ပျင်းရိစွာ တစ်လင်တစ်မယားစနစ်ဖြင့် ငြီးငွေ့ဖွယ်ရာ ခံစားနေသော သီပေါမင်းသားကို သူကိုယ်ချင်းစာမိသည်။ ထို့ကြောင့်လည်း ဒိုင်းအတွင်းဝန်၏ သမီး ခင်ခင်လေးခေါ် ဒိုင်းခင်ခင်နှင့် နီးစပ်အောင် မောင်တုတ်နှင့် သူငယ်ချင်း မောင်ဖေငယ်တို့က ကြံဆောင်ပေးသည်။ ဒိုင်းခင်ခင် သည် ဒိုင်းအတွင်းဝန် ဦးဘိုးကြီးနှင့် ဒိုင်းအတွင်းဝန်ကတော်တို့၏ သမီးမဟုတ်ပေ။ ဒိုင်းဝန်ကတော်၏ မောင်မှ ဖွားမြင်သည့် သမီးရင်းဖြစ်သောကြောင့် တူမတော်ဖြစ်သည်။ အစောင့်အရှောက် အခြံအရံများစွာထားသည့်ကြားထဲကပင် မောင်တုတ်သည် သီပေါမင်းကလေး၏ စိတ်ကို ဖျောင်းဖျဖို့ ကြံကြသည်။ ဤအချက်သည် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသလိုပင် မောင်တုတ်၏ ကံကြမ္မာကို ဖန်တီးလာသော အချက်ပင်ဖြစ်သည်။ မြို့ဝန်ရွှေလှံဗိုလ်ကလေး ဦးချုံ(ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ဝတ္တု၌ ဦးချစ်ဟု ဆိုသည်)နှင့် မောင်တုတ်သည် မသင့်မတင့် ဖြစ်နေသည်မှာ ကြာလေပြီ။ ရွှေလှံဗိုလ်မင်း ဦးချုံသည်လည်း မောင်တုတ်ကဲ့သို့ပင် မယားများသူဖြစ်ပြီး သူ့မယား၊ ကိုယ့်မယား စည်းမစောင့်ကြဟု သိမှီသူများက မှတ်ချက်ချကြသည်။ အကြံတူရန်သူဟူသကဲ့သို့ပင် ဤအရေး၌ မောင်တုတ်နှင့် ရွှေလှံဗိုလ်တို့သည် တစ်ယောက်ကိုတစ်ယောက် မနာလိုဝန်တိုဖြစ်သည်သာမက တစ်ခါတရံ မယားနှင့် ပက်သက်၍ လုဖော်လုဖက်လည်း ဖြစ်သည်ဟု ဆိုကြသည်။


သူတို့၏ သူရသတ္တိချင်းမှာလည်း သူမသာ ငါမသာပင်ဖြစ်သည်။ သို့သော် ဘုရင်မှစ၍ တစ်နန်းတော်လုံးက အရေးပေးခြင်းခံရသူမှာ မောင်တုတ်သာဖြစ်သည့်အတွက် ရွှေလှံဗိုလ်က အလျှော့ပေးလိုက်ရသည့် ကိစ္စများလည်း ရှိသည်။ ဤအချက်များကြောင့်လည်း ရွှေလှံဗိုလ်သည် မောင်တုတ်၏အပေါ်တွင် များစွာ အခဲမကျေ ဖြစ်ခဲ့လေသည်။ များမကြမီ ထောင်ထမှုတစ်ခုဖြစ်ပွားသည်။ ရန်လင်း၊ ရန်ကင်း၊ ဓားပြညီနောင်တို့ကို နေဝင်ဖြိုးဖျအချိန်တွင် အမှတ်မထင် ထောင်ထ၍ ဆူညံစွာ သေနတ်မီးပေါက်များ ပစ်ခတ်ပြီး ရန်လင်း၊ ရန်ကင်းတို့ ထောင်မှလွတ်ထွက်သွားကြသည်။ (ထောင်ထ၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ၉၉ ဦး သေသည်။ ထောင်တစ်ဝိုက် သွေးချင်းချင်းနီသည်ဟု ဆိုသည်။) ရွှေလှံဗိုလ်သည် ဤအရေးကိစ္စတွင် များစွာကြိုးပမ်း၍ ဓားပြများကို ပြန်လည်မိအောင် ကြိုးစားသော်လည်း မရလိုက်ပေ။ ထို့ကြောင့် တစ်နေ့သောအခါတွင် ရနောင်မောင်မောင်တုတ်က ရွှေလှံဗိုလ်ထံ စာပေး၍ ခေါ်သည်ဟု ဆိုသည်။ ရန်လင်း၊ ရန်ကင်းတို့ကို သူဖမ်းဆီးမိထားပြီးဖြစ်၍ မြို့ဝန်းမင်းအိမ် ကြွခဲ့ပါ။ တိုင်ပင်လိုပါသည်ဟု ဆိုသည်။ ရွှေလှံဗိုလ်သည် အတော်အတန် စဉ်းစားပြီးမှ သွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ မသွားလျှင်လည်း ကြောက်ရွှံ့ရာကျမည်။ သွားပြန်ကလည်း မောင်တုတ်ကတစ်နည်းနည်းဖြင့် ရန်စမည်ကို သူသိသည်။ သို့သော် ယောက်ျားကောင်း၏ သတ္တိကို ပြလို၍ မောင်တုတ်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။

​မောင်တုတ်၏အိမ်သို့​ ​ရောက်​သောအခါ ​မောင်တုတ်၏ ရဲ​ဘော်ရဲဘက်များ​သည် လက်ပြန်ကြိုး​တုတ်ထား​သော ဓား​ပြဗိုလ်ရန်လင်း​ကို ဧည့်​ခန်း​ဆောင်သို့​ ထုတ်ယူလာသည်။ ​ရွှေလှံမြို့​ဝန်သည် များ​စွာ အံ့​အား​သင့်​နေခိုက် ရာဇဝတ်​ကောင်ကို ကြမ်း​ပေါ်သို့​ ပက်လက်ထား​၍ ချုပ်ကိုင်ထား​စေပြီး​ ဝမ်း​ဗိုက်ကိုခွဲကာ အူကိုထုတ်သည်။ ထို့​နောက် '​ရေ​ဆေး​မ​နေနဲ့​ ပြုတ်ပြီး​ယူခဲ့​' ဟု အ​ဆောင်ကိုင်ကို မှာလိုက်သည်။ ထိုအ​တောအတွင်း​ အခြား​စကား​တစ်လုံး​စနှစ်လုံး​စကို ​ပြောရင်း​ လူအူသုပ်သည် မည်သည့်​အရသာနှင့်​မျှမတူ​ကြောင်း​ ထို့​ကြောင့်​ ယ​နေ့​ည ​ရွှေလှံမြို့​ဝန်မင်း​အား​ လူအူသုပ်ဖြင့်​ ဧည့်​ခံလို၍ ရာဇဝတ်​ကောင်ကို ည​နေကပင် ရှာထား​ရ​ကြောင်း​ ​ပြောပြကာ သူတိုင်ကိုင် စား​ပြသည်။ ​ရွှေလှံမြို့​ဝန်အား​လည်း​ စား​စေသည်။ ​ရွှေလှံမြို့​ဝန်ကား​ မစား​ပေ။ အတန်ကြာ၍ စကား​စမြည်​ပြောပြီး​မှ ​ရွှေလှံမြို့​ဝန်သည် ​မောင်တုတ်အိမ်​ပေါ်မှ ဆင်း​သည်။


ဤကား​ ​မောင်တုတ်သည် ​ရွှေလှံမြို့​ဝန်ကို ဦး​ကျိုး​အောင်ချိုး​သည့်​ ပရိယာယ်တစ်မျိုး​ ဟူ၍ပင် ဆိုရ​ပေမည်။ လူအူအစစ် ဟုတ်မဟုတ်ကိုကား​ အမှန်မ​ပြောနိုင်​ပေ။ သို့​သော် မိမိ၏ ရန်သူတစ်​ယောက်ဖြစ်ပြီး​ မိမိအား​ အင်အား​ပြိုင်လို​သော လူတစ်​ယောက်အား​ လှလှကြီး​ ဦး​ချိုး​လိုက်​သော​ကြောင့်​ ဤသို့​ ပြု​လေသ​လောမသိရ​ပေ။ ယင်း​ကိစ္စနှင့်​ ပတ်သက်၍လည်း​ ​ရွှေလှံမြို့​ဝန်သည် ​မောင်တုတ်အ​ပေါ် များ​စွာမှပင် မ​ကျေနပ်လှ​ချေ။ ဤသို့​ အိမ်သို့​ ​ခေါ်၍ ​စော်ကား​လိုက်ခြင်း​၊​ မိမိသိမ်း​ပိုက်မည့်​ မယား​ကို အတင်း​လုယူခြင်း​ စ​သော ​မောင်တုတ်၏ အပြုအမူများ​ကို မိမိထက် တန်ခိုး​ကြီး​နေသူဖြစ်၍သာ ခံလိုက်ရ​ပေသည်။ စိတ်ထဲ၌ကား​ အခဲမ​ကျေလှဘဲ တစ်​နေ့​အလှည့်​ကြုံလျှင် ငါ့​အ​ကြောင်း​သိ​စေရမည် ဟူ၍သာ ကြုံး​ဝါး​နေရ​လေ​တော့​သည်။


ရ​နောင်​ မောင်​မောင်တုတ်နှင့်​အတူ နန်း​တော်က​မြှောက်စား​ခြင်း​ခံရသူမှာ ​ရွှေတိုက်စိုး​ ၊​ စီး​တော်မြင်း​ဝန်၊​ ​တောင်သမန်စား​ ​မောင်​​ဖေငယ်ဖြစ်သည်။ ​မောင်​ဖေငယ်နှင့်​ ​မောင်တုတ်တို့​မှာ ​ရောင်း​ရင်း​ဘက်ဖြစ်သည့်​အတိုင်း​ တစ်ဦး​နှင့်​တစ်ဦး​ များ​စွာ ရင်း​နှီး​ချစ်ခင်ကြသည်။ တိုင်ပင်​ဖော် တိုင်ပင်ဖက်လည်း​ဖြစ်သည်။ ​တောင်သမန်စား​သည် ကဗျာအဖွဲ့​အနွဲ့​၌လည်း​ ကျွမ်း​ကျင်သဖြင့်​ သီ​ပေါဘုရင်က​လေး​ စာဆို​တော်လည်း​ ဖြစ်သည်။


ရ​နောင်​မောင်​ မောင်တုတ်တန်ခိုး​ကြီး​လာချိန်တွင် ​မောင်​ဖေငယ်သည်လည်း​ ​မောင်တုတ်ကိုပင် မှီခိုရ​တော့​မလို ဖြစ်လာသည်။ ရ​နောင်၏ ​နောက်လိုက်များ​နှင့်​ ရ​နောင်ကို အား​ကိုး​လို​သောသူများ​ ၊​ ရ​နောင်နှင့်​ ​ကျေး​ဇူး​မကင်း​သူများ​သည် ရ​နောင်ကို ပိုမိုအထင်ကြီး​အောင် ​မြှောက်​ပေး​ကြသည်။ ရ​နောင်​မောင်​မောင်တုတ်သည် သီ​ပေါဘုရင်ထက် အသက် (၁၀)နှစ်ခန့်​ကြီး​သည်။ ထို့​ကြောင့်​ ဘုရင်မင်း​က​လေး​ကလည်း​ အစစအရာရာတွင် ရ​နောင်မပါလျှင် မပြီး​သကဲ့​သို့​ အတွင်း​ရေး​များ​ကိုပါ တိုင်ပင်​လေ့​ရှိသဖြင့်​ ​တောင်ငူ​ခေတ်က တပင်​ရွှေထီး​၏ အထိန်း​တော်သား​ ဘုရင့်​နောင်နှင့်​တူသည်ဟု ​ပြောကြသည်။ ဤကဲ့​သို့​ပင် ဘုရင့်​နောင်၏အချိုး​ကို ​မောင်တုတ်က ချိုး​နေသည်ဟု စွပ်စွဲသူများ​ကလည်း​ စွပ်စွဲ​နေကြသည်။ တပင်​ရွှေထီး​အစ်မ ခင်ခင်ကြီး​နှင့်​ ဘုရင့်​နောင်တို့​ လက်ဆက်ပြီး​နောက် တပင်​ရွှေထီး​၏ ထီး​နန်း​ကိုပင် ဘုရင့်​နောင်က ဆက်ခံခဲ့​သည့်​အတိုင်း​ ယခုလည်း​ ရ​နောင်​မောင်​မောင်တုတ်သည် ဘုရင့်​နောင်လုပ်ချင်သည်ဟု ဆိုကြသည်။ သီ​ပေါဘုရင်က​လေး​တွင် အစ်မ​တော် ပခန်း​ကြီး​စုဘုရား​နှင့်​ နှမ​တော် မိတ္ထီလာစုဘုရား​ တို့​ရှိ​နေသည်။ ဘုရင်က​လေး​သည် ​မောင်တုတ်နှင့်​ တိုင်ပင်ရာ၌ သင့်​သည်မသင့်​သည် အ​ရေး​မဟုတ်၏ ​မောင်တုတ်၏ ဆုံး​ဖြတ်ရာကိုသာ လုပ်​လေ့​ရှိသည်ဟုလည်း​ ဆိုကြသည်။ ထိုအခါ ​မောင်တုတ်သည် ​တောင်ငူ​ခေတ်၏ တပင်​ရွှေထီး​ရာဇဝင်ကို စု​ဆောင်း​လေ့​လာသည်။ ​မောင်တုတ်၏အိမ်တွင် ပွဲလမ်း​သဘင်များ​ခံရာ၌ ​တောင်ငူရာဇဝင် တပင်​ရွှေထီး​နှင့်​ ဘုရင့်​နောင်တို့​၏ ဇာတ်လမ်း​ကိုပင် ကပြ​စေခဲ့​သည်။ ​မောင်တုတ်ကို အား​ပေး​အား​မြှောက်ပြု​နေ​သော ​တောင်သမန်စား​မောင်​ဖေငယ်ကလည်း​ ​အောက်ပါဘုရင့်​နောင်၏ ​တေး​ထပ်ကို ​ရေး​စပ်၍ ​မောင်တုတ်၏ဘဝ မြင်​စေသည်။


'ခ ​ပေါင်း​ရေစမ်း​ငဲ့​ရယ်နှင့်​ ၊​ သန်း​ရွှေထု သခင်၊​ နန်း​ကေတုပလ္လင်ဝယ် ၊​ တဘုရင်​ရွှေထီး​။ ပင်တိုင်နတ်လှမ​နော် ၊​ အမ​တော်နန်း​လုံဆီမီး​၊​ ရဲထွဋ်ဟု တစ်ကိန်း​ပေါ်၊​ တစိမ်း​နော်မနီး​၊​ အထိန်း​တော်ကြီး​နှင့်​၊​ ဇနီး​မြတ်လွန်​သော် ၊​ ဖွား​ဘက်​တော်လူက​လေး​ရယ်လို့​၊​ ​ကောက်ယူ​မွေး​နန်း​ထက်မှာ​ပျော်။ လူရည်ဝစန်း​လဂ်​ပေါ်လျှင်၊​ ကွမ်း​ဆက်​တော်ဝင်ပြီး​မှ တပင်​ရွှေထီး​အမပျို၊​ ရလို​ကြောခို ၊​ ဆင်ဖြူရှင့်​စံထုံး​ဆိုလျှင် ၊​ ကံဘုန်း​ကိုသိဖူး​ဖျော့​လေး​'


ညစဉ်ညတိုင်း ​ ရ​နောင်​မောင်တုတ်၏အိမ်မျ တခြိမ့်​ခြိမ့်​ခံ​နေ​သော အငြိမ့်​သံပွဲများ​ကို ဆူညံစွာ ကြား​ရသည်။ ​တောင်တွင်း​ကြီး​မှဆင်း​၍ တင်ခိုး​လာခဲ့​သော အငြိမ့်​မင်း​သမီး​၊​ ရ​နောင်၏ မယား​တစ်​ယောက်ဖြစ်သူ ဆင်ခိုးမလေး​ကလည်း​ ဤ​တေး​ထပ်ဖြင့်​ ရ​နောင်အား​ အဆို​တော်ဆက်ရသည်မှာ အကြိမ်​ပေါင်း​များ​လှ​ချေပြီ။ ရ​နောင်နှင့်​ ​မောင်​ဖေငယ်တို့​သည် ဘုရင်က​လေး​ထံသို့​လည်း​ အမြဲခစား​ဝင်၍ ဘုရင်က​လေး​၏ အကြိုက်ကို အမြဲ​ဆောင်ကြဉ်း​ပေး​ခြင်း​ဖြင့်​ မျက်နှာရ​အောင်ပြုသည်။ ဒိုင်း​ခင်ခင်နှင့်​ ဘုရင်က​လေး​တို့​တွေ့​ဆိုင်နိုင်ဖို့​အ​ရေး​ကိုလည်း အ​ထောက်​တော်အထပ်ထပ် အ​စောင့်​အ​ရှောက် အယှက်ယှက်တို့​၏ကြား​မှ စွန့်​စား​၍ ပို့​ဆောင်​ပေး​သည်။ သီ​ပေါဘုရင်က​လေး​၏ စိတ်ထဲတွင် ​လောကစည်း​စိမ်ဟူသမျှကို အမျိုး​သမီး​ချော​လေး​များ​၏အ​ကြောင်း​ကို အခွင့်​ရပါက စီကာပတ်ကုံး​ တင်​လျှောက်ကြသည်။ နန်း​တော် 'ပန်း​ကြာဝတ်မှုံ' ပြဇာတ်ကိုပင် တင်ဆက်​စေသည်။


သို့​ဖြင့်​ မီး​ရှူး​သန့်​စင်​တော်မူပြီး​၍ မိဖုရား​ခေါင်ကြီး​ ကျန်း​မာ​တော်မူလာပြီး​နောက် ညအခါ ​တောင်ဥယျာဉ်အတွင်း​၌ ဒိုင်း​ခင်ခင်နှင့်​ သီ​ပေါဘုရင်တို့​ ​ပွေ့​ဖက်ချစ်ကြည်​နေသည်ကို မိဖုရား​ကြီး​ကိုယ်တိုင် ပက်ပင်း​တွေ့​ရ​လေသည်။ မိဖုရား ​ကြီး​သည် ရ​နောင်​မောင်​မောင်တုတ်အား​ အခဲမ​ကျေဖြစ်လာသည်။ ဤလက်ချက်သည် ရ​နောင်​မောင်​မောင်တုတ်၏ လက်ချက်ပင်ဖြစ်သည်ကိုလည်း​ သိ​နေသည်။ ထို့​ကြောင့်​ ရ​နောင်​မောင်​မောင်တုတ်၏ အ​ကြောင်း​ကို အမြဲစုံစမ်း​စေသည်။ မကြာမီ နန်း​တော်တံခါး​လေး​ပြင် ​လေး​ရပ်တို့​၌လည်း​ တိုင်း​သူပြည်သား​များ​အဖို့​ မင်း​တရား​စည်း​တား​သကဲ့​သို့​ တိုင်း​ပြည်ဆိုး​သွမ်း​ဟော့​ရမ်း​ အကျင့်​တန်​သော မင်း​မှူး​မတ်တို့​အ​ကြောင်း​ လျှို့​ဝှက်စာများ​ ​ပေး​လိုပါက ​ပေး​နိုင်ရ​အောင် ​ရွှေ​သေတ္တာကြီး​များ​ကို ချထား​သည်။ ထို​သေတ္တာများ​အတွင်း​မှ ရ​နောင်​မောင်တုတ်သည် တိုင်း​ပြည်၌ ​ဟော့​ရမ်း​ဆိုး​သွမ်း​နေရုံမက ထီး​နန်း​ကိုပင် လုယူရန် ကြံရွယ်​နေ​ကြောင်း​ လျှို့​ဝှက်စာများ​ ရလာသည်ဟု ဆိုသည်။ ထိုစာများ​အရ မိဖုရား​ခေါင်ကြီး​နှင့်​ တိုင်း​တား​မင်း​ကြီး​ ၊​ ​ရွှေလှံဗိုလ်တို့​ ပူး​ပေါင်း​၍ ရ​နောင်​မောင်​မောင်တုတ်ကို ဖမ်း​ဆီး​၍ ​ထောင်သွင်း​ အကျဉ်း​ချထား​လိုက်သည်။ ရ​နောင်​မောင်​မောင်တုတ်နှင့်​အတူ တစ်ပြိုင်နက်အဖြစ် အဖမ်း​ခံရသူများ​မှာ လက်သုံး​တော်ငယ်ကိုင် ​မောင်​မောင်လတ်၊​ ​ငွေခွန်မှူး​ ​မောင်​မောင် ၊​ ဘုန်း​တော်တိုး​ဗိုလ်​ပေါ်ညွန့်​၊​ နတ်ရှင့်​လူ​တော် ဗိုလ်ဘိုး​မောင် ၊​နတ်ရှင့်​ရဲတင်း​ဗိုလ်မှန်၊​ နတ်ရှင်ဗိုလ်ညို ၊​ သံ​တော်ဆင့်​မောင်​စော ၊​ မြို့​စာ​ရေး​ကံ​ကော် ၊​ ဗြဲတိုက်သံ​တော်ဆင့်​မောင်တုတ် ၊​ ပန်း​ဘဲစာဘိုး​အို စ​သော ရ​နောင်​မောင်တုတ်၏ အ​ပေါင်း​အပါများ​ဖြစ်သည်။


ရ​နောင်​မောင်တုတ်နှင့်​ ပြိုင်ဘက်ဖြစ်​သော ​ရွှေလှံမြို့​ဝန်မင်း​ ဦး​ချုံသည် ​မောင်တုတ် ဤကဲ့​သို့​ဖြစ်ရသည်ကို ကျိတ်၍ ဝမ်း​သာ​နေမိ​တော့​သည်။ တစ်​နေ့​တွင် ​မောင်တုတ်သည် တစ်နည်း​နည်း​ဖြင့်​ ငါ၏လက်ထဲ​ရောက်ရမည်ဟု အခဲမ​ကျေနိုင်​သော ဦး​ချုံသည် လူအူသုပ်နှင့်​ လက်ဖက်ရည်​သောက်ဖိတ်သည်ကိုလည်း​ အမြဲတ​စေ သတိရ​နေမိသည်။ သို့​သော် သီ​ပေါမင်း​ကိုယ်တိုင်က '​မောင်တုတ်တစ်သက် ငါ့​လက်နက်နှင့်​ မ​သေ​စေရ'ဟူ​သော ကတိထား​ရုံတွင်သာမက မှူး​မတ်​ပေါင်း​စုံညီသည့်​ ဘွဲ့​မည်ရည် အ​ဆောင်အ​ယောင်​ပေး​သည့်​နေ့​က မိန့်​တော်မူချက်ကိုလည်း​ ပြန်လည် သတိရ​နေမိသည်။


ထိုစဉ် သီ​ပေါမင်း​သည် ရ​နောင်​မောင်တုတ်၏ အိမ်သို့​ မင်း​ချင်း​များ​ကို လွှတ်၍ ပြစ်မှုအတွက် သက်​သေအ​ထောက်အထား​များ​ကို ရှာခိုင်း​သည်။ ပစ္စည်း​တစ်ခုတည်း​နှင့်​ပင် ရ​နောင်​မောင်တုတ်ကို ​သေဒဏ်​ပေး​နိုင်​လေသည်။ သူ၏ အိပ်ခန်း​ထဲ၌ ​ရွှေများ​ ဝင်း​အောင်ခြယ်သထား​သည့်​ ​ရွှေသလွန်တစ်ခုကို ​တွေ့​ရသည်။ ယင်း​ရွှေသလွန်မှာ ရှင်ဘုရင်များ​သာ အသုံး​ပြုခွင့်​ရှိသည့်​ ​ရွှေသလွန်ဖြစ်သည်။ ထို့​နောက် မင်း​တရား​ထံ သံ​တော်ဦး​တင်လိုက်ကြသည်။ သူတို့​ဆင်ထား​သည့်​ အကွက်များ​ကလည် ပိပိရိရိရှိလှသည်။ အလွယ်တကူ သီ​ပေါဘုရင် ယုံကြည်သွား​ဟန်တူသည်။ သီ​ပေါဘုရင် မိမိရဲ့​နောင်​တော်တမျှ ချစ်ခင်အား​ကိုး​ခဲ့​သော ရ​နောင်​မောင်​မောင်တုတ်အား​ မည်သို့​ အပြစ်​ပေး​ရန် စဉ်း​စား​နေစဉ် မိဖုရား​ခေါင်ကြီး​ စုဖုရား​လတ်သည် ဤအ​ရေး​၌ မိမိအား​ အား​သွန်ခွန်စိုက် ကူညီခဲ့​သော တိုင်တား​မင်း​ကြီး​၏အလို ဖြည့်​ဆည်း​သည့်​အ​နေဖြင့်​ ၎င်း၏တူ​တော်သူ ဗိုလ်မင်း​ကျော်ကို ​တောင်ထား​ဝယ်ဗိုလ်လက်သုံ​တော်ကိုင် ရ​နောင်​မောင်​မောင်တုတ်အရာကျလျှင် ၎င်း​နေရာ၌ ခန့်​ထား​ရန် ကတိ​ပေး​ခဲ့​သည်။ လက်သုံး​တော်ကိုင်အဖြစ်ကမူ မိဖုရား​ခေါင်ကြီး​ အထူး​စိတ်ချ​တော်မူ​သော မင်း​ထင်ရာဇာဆိုသူအား​ ခန့်​အပ်ရန် စီစဉ်ထား​သည်။ သည်လို ကတိ​ပေး​ထား​သည်ဆိုကတည်း​ကပင် ရ​နောင်​မောင်တုတ်ကို စုဖုရား​လတ်နှင့်​ တိုင်တား​မင်း​ကြီး​တို့​သည် နဂိုကပင် အပြတ်ရှင်း​ဖို့​ စီစဉ်ထား​ဟန်တူသည်။


ဤသို့​ ရ​နောင်​မောင်​မောင်တုတ် အဖမ်း​ခံရပြီး​နောက် မကြာခင်မှာပင် ဗန်း​မော်တွင် ​ရောက်​နေပြီး​ အရာအချခံထား​ရသည့်​ ​တောင်သမန် ​မောင်​ဖေငယ်ကို ဗန်း​မော်၌ပင် အဆုံး​စီရင်လိုက်ကြသည်။ ထိုစဉ် အ​ခြေအ​နေအရပ်ရပ်ကို နား​လည်ပြီး​ထား​ ရှိဟန်တူသည့်​ တိုင်တား​မင်း​ကြီး​က ရ​နောင်​မောင်​မောင်တုတ်၏ အ​ခြေအ​နေကို ​မေး​မြန်း​၍ ​ရွှေလှံမြို့​ဝန်မင်း​အား​ သတိ​ပေး​စကား​ပြောလိုက်သည်။ '​မောင်မင်း​ လုပ်ရမယ့်​အလုပ်​တွေ ဘာ​ကြောင့်​ ဖင့်​နှေး​နေရသလဲ၊​ ဟိုက ဘုရင်မင်း​တရား​ကြီး​ စိတ်​ပြေလို့​ လွှတ်​စေဆိုရင် မင်း​သေမယ်သာပြင်​ပေ​တော့​' ဟု ​ပြောလိုက်ရာ ​ရွှေလှံဗိုလ်မြို့​ဝန်သည် အထိတ်ထိတ်အလန့်​လန့်​ဖြစ်သွား​သည်။ ထို့​နောက် တိုင်တား​မင်း​ကြီး​ကို နှုတ်ဆက်ပြီး​ လက်မရွံ့​ထောင်ကြီး​ထဲသို့​ဝင်၍ လူအလစ်တွင် သူကိုယ်တိုင် ​မောင်တုတ်၏ လည်ပင်း​သို့​ လှံဖြင့်​ ထိုး​သတ်လိုက်သည်။ ပြီး​မှ ​မောင်​မောင်တုတ်သည် ချုပ်ခန်း​ထဲ၌ သူ့​ကိုယ်သူ ကပ်​ကြေး​ဖြင့်​ သတ်​လေဟန် အကွက်ဆင်ထား​ခဲ့​သည်။ ဤသို့​ဖြင့်​ ရ​နောင်​မောင်​မောင်တုတ်သည် ဘဝနိဂုံး​ချုပ်ငြိမ်း​သွား​ခဲ့​ရ​လေသည်။ သို့​သော် သူသည် ဆင်း​ရဲ​သော ပြည်သူပြည်သား​များ​အ​ပေါ်၌ မိမိတတ်နိုင်သမျှ ​ပေး​ခဲ့​ကမ်း​ခဲ့​ကျွေး​မွေး​ခဲ့​သည်။ ထင်ထင်ရှား​ရှား​ ပြစရာဟူ၍ ဘုရား​ကျောင်း​ကန်များ​ မလှူနိုင်ခဲ့​ချေ။ သူ့​ညီဖြစ်သူ ပင်း​သာမြို့​စာ ​မောင်​မောင်​ပြောင်း​ကမူ မဟာမုနိဘုရား​ကြီး​တိုက် အာနန္ဒာဘုရား​ အ​ရှေ့​ဘက်တွင် ပင်း​သာ​ကျောင်း​ဟူ​သော ​ကျောင်း​ကြီး​တစ်​ကျောင်း​ လှူဒါန်း​ခဲ့​သေး​သည်။ ဘုရား​စေတီများ​လည်း​ အများ​အပြား​လှူဒါန်း​ခဲ့​သည်။

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း

ကျမ်း​ကိုး​စာရင်း​

  • ​မောင်​ဖေငယ် ရ​နောင်​မောင်​မောင်တုတ် ရန်ကုန်၊​ တင်​ဆွေစာ​ပေတိုက် ၊​ ပ-ကြိမ်၊​ ၁၉၇၅ ခု။
  • မြ​ကေတု 'ရ​နောင်​မောင်​မောင်တုတ်' မြဝတီ မဂ္ဂဇင်း​ ၊​ စာ-၅၆၊​၆၃။
  • တက္ကသိုလ်နန္ဒမိတ် 'ရ​နောင်​မောင်​မောင်တုတ်' မြဝတီ မဂ္ဂဇင်း​ ၊​ စာ-၉၇၊​၁၀၂။