ကောင်း၊ ဦး (ကင်းဝန်မင်းကြီး)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးကောင်း
Ukaung.jpg
'
မွေးသက္ကရာဇ် ၁၁၈၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်
အမည်ရင်း မောင်ချင်း
မိဘအမည် ဦးမှို- ဒေါ်စီ
မွေးဖွားရာဒေသ
နိုင်ငံသား Flag of Myanmar.svg မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း {{{ပညာအရည်အချင်း}}}
အလုပ်အကိုင် {{{အလုပ်အကိုင်}}}
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု {{{ထင်ပေါ်ကျော်ကြားမှု}}}
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် ၁၂၇၀-ခုနှစ် ဝါဆိုလဆန်း ၃-ရက် အင်္ဂါနေ့ နံနက် ၅-နာရီ ( အသက်အားဖြင့် ၈၆-နှစ် ၄-လနှင့် ၂၂-ရက် )
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက် {{{ကွန်ယက်}}}


မြန်မာ ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်သော စနစ်ကို ခေတ်နှင့် အညီ ပြုပြင် ပြောင်းလဲကာ အနောက်တိုင်း နိုင်ငံများကဲ့သို့ အစိုးရဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်ရေး စနစ်သစ်ကို လိုလားသူ ကင်းဝန်မင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်းတွင်သာမက မြန်မာ စာပေတွင်လည်း အထူးပင် ထင်ရှားလှသော ပညာရှိ တစ်ဦးဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံး မင်းဆက်များ ဖြစ်ကြသော မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ လက်ထက်တွင် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်ကာ ထင်ပေါ် ကျော်ကြားလှသော သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ခံ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့ အထက် မြန်မာပြည်ကို သိမ်းပိုက် ပြီးစဉ် ခေတ်က လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ အဖြစ်မှန်ကို မသိသူအချို့က “ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ် ” ဟူသော စာအရ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့လက်သို့ လက်သိပ်ထိုး အပ်ခဲ့သည်ဟု အယူမှားကာ သိနားလည် ခဲ့ကြသည်။ [၁]အထက်ပါ လင်္ကာ၏ အနက်မှာ ဦး = တနင်္ဂနွေနံ = ၁ ၊ ကောင်း= တနင်္လာနံ = ၂ ၊ လိမ် = ဗုဒ္ဓဟူးနံ = ၄ ၊ ထုတ် = သောကြာနံ= ၇ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အေဒီ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဦးကောင်း ကြောင့် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည့် အဓိပ္ပယ်အား ရည်ညွန်း ချိုးနှိမ်ထားခြင်းဖြစ်သည်။ [၂]

အမှန်မှာ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ခေတ်မမှီပဲ နောက်ကျကျန်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မှီတိုးတက်လျက်ရှိသော အခြား နိုင်ငံတို့နှင့် ရင်ဘောင်တန်းနိုင်အောင် စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ နိုင်ငံခြား ဆက်သွယ်ရေး ၊ ပြုပြင် ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် ရှေးမြန်မာကြီးများတွင် ကင်းဝန်မင်းကြီးသည် ထင်ရှားစွာ ပါဝင်ခဲ့လေသည်။


ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

ယခု ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ ဖြစ်သော ဗန့်ကျီတိုက်နယ် ၊ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာ (သက္ကရာဇ် ၁၂၃၃-ခုနှစ်အတွင်း “အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီး၏ ချက်ကြွေရာဒေသဖြစ်သော “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။) ဇာတိ ဖြစ်၍ အဖမှာ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေးသောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကို မောင်နှမ (၇) ယောက်အနက် ဒုတိယသား ဖြစ်သည်။ အသက် (၇) နှစ်တွင် ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမဏေ ဖြစ်သည်။ မိမိဖခင်၏ တပ်တွင် အမှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှု မထမ်းခဲ့ရပေ။ ရဟန်းဘွဲ့မှာ ဦးအာလောက ဖြစ်သည်။ ကိုရင် ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ သာသနာပိုင် ဗားကရာ ဆရာတော်၏ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ကိုရင်ဘဝ[ပြင်​ဆင်​ရန်​]

မောင်ချင်း ၇-နှစ်သား အရွယ်သို့ရောက်လျှင် အမိအဖတို့က မုန်တိုင်ပင်ရွာ၏ မြန်မာခရီး ၁-တိုင်ခန့်ကွာသော ငှက်ပျောတောရွာ ကျောင်းထိုင် ပုဂ္ဂိုလ်ဦးဆန်းထံတွင် စာပေသင်ကြားရန် အပ်နှံကြလေသည်။ သက္ကရာဇ် ၁၁၉၃-ခုနှစ် အသက် ၁၀-နှစ်သားအရွယ်သို့ရောက်လတ်သော် မောင်ချင်းကို ထိုကျောင်း၌ပင် သျှင်သာမဏေပြုကြ၍ ဆရာ-ဘုန်းတော်ကြီးဦးဆန်းက “အာသဘ” ဟု ဘွဲ့ချီတော်မူလေသည်။

သက္ကရာဇ် ၁၁၉၈-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် သျှင်အာသဘသည် ဆရာမိဘတို့ထဲမှ ခွင့်ပန်၍ စစ်ကုန်းရွာကျောင်း ဆရာ-ဘုန်းတော်ကြီး ဦးအာသဘထံ၌ အဘိဓာန်၊ဆန်း၊အလင်္ကာ ပါဌ်အနက်များကို ကြိုးစားအားထုတ် ကျက်မှတ် သင်ကြားသည်။ ထို့နောက်မှလည်း ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမထံ၌၄င်း၊ ငါးရံ့အို-မြစ်စုတ်ရွာကျောင်း ဘုန်းတော်ကြီး ဦးကျော်ခေါင်ထံ၌၄င်း၊ ပြောင်းရွှေ့နေထိုင်ပြီးသကာလ သင်ရိုး-ပိဋကတ်ကျမ်းဂန်များကို နှံ့စပ်အောင် အားထုတ်သင်ကြားသည်။ ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကား နောင်သောအခါ ဦးရန်ဝေးဟု ထင်ရှား ကျော်စောလာသူ၏ ဦးရီးဖြစ်လေသည်။ထိုစဉ်အခါကလည်း ပဒူးရွာသား ဦးရန်ဝေးသည် ထိုပဒူးရွာကျောင်း၌ပင်လျှင် ဦးပဉ္စင်း ဦးသုဒ္ဓအဖြစ်နှင့် ရှိသောကြောင့် သျှင်အာသဘနှင့် လွန်စွာ ခင်မင်ရင်းနှီးသော ဆရာတပည့် အဖြစ်သို့ရောက်ခဲ့ သည်။

ရဟန်းဘဝ[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၁၂၀၃-ခုနှစ် အသက် ၂၀-ပြည့်လေသော် ငါးရံ့အို-မြစ်စုတ်ရွာကျောင်းမှ ငှက်ပျောတော ရွာကျောင်း ငယ်ဆရာ ဘုန်းတော်ကြီးဦးဆန်းထံသို့ ပြန်ခဲ့၍ ရဟန်းအဖြစ်သို့ ရောက်တော်မူလေသည်။ ရဟန်းအဖြစ်သို့ ရောက်တော်မူ ပြန်သောအခါ၌လည်း ငှက်ပျောတောရွာကျောင်း၌ ကြာရှည်စွာ သီတင်းသုံးတော်မမူ။ ငါးရံ့အို-မြစ်စုတ်ရွာကျောင်းသို့ပင် ပြန်ကြွတော်မူကာ မာတိကာ ဓာတုကထာ ယမိုက် ပဋ္ဌာန်းဟု ဆိုအပ်သော ညဝါကျမ်းများကို ကြိုးပမ်း သင်ကြားတော်မူလေသည်။

သက္ကရာဇ် ၁၂၀၉-ခုနှစ် အသက် ၂၉-နှစ် ရှိသောအခါ ဦးပဉ္စစင်း ဦးအာသဘသည် ငါးရံ့အို-မြစ်စုတ်ရွာ ကျောင်းမှသည် အမရပူရမြို့ ဗားကရာတိုက်ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူလေသည်။ ထိုအခါ ပဒူးရွာ ဦးဥတ္တမကျောင်းတွင် နေခဲ့ကြစဉ်က ဆရာဖြစ်ခဲ့ဘူးသည့် လူမည်ဦးရန်ဝေး၊ ရဟန်းဘွဲ့ဦးဝိသုဒ္ဓအား ထိုဗားကရာတိုက်တော်ကြီးအတွင်း အနောက်ဖက် ရွှေရေးကျောင်းတွင် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်နှင့် ပြန်လည် တွေ့ရပြန်လေသည်။

မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်

မင်းမှုထမ်းဘဝ[ပြင်​ဆင်​ရန်​]

အမရပူရ စုတ္ထနန်းစံ “မဟာလောကရံသီ စေတီတော်၏ ဒါယကာ” ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်းတောင်စဉ် ခုနစ်ခရိုင်ကို အသုံးကံကျွေးခံ လွှတ်တက်မင်းသားကြီးက ရွှေရေးကျောင်း ဘုန်းတော်ကြီး ဦးဝိသုဒ္ဓအား “ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုတော်မြတ်ရှိကြောင်း” နှင့် လျှောက်ထားလေသောကြောင့် ဦးဝိသုဒ္ဓက မိမိ၏တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီးနောက် မင်းတုန်းမင်း အပါးတော်တွင် မြဲစွဲထမ်းရွက်စေလေသည်။ ထိုအခါ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန်အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေပြီးလျှင် ၁၂၁၁-ခုနှစ်မှစ၍ မိမိ၏ မင်္ဂလာအိမ်တော်တွင် စွဲမြဲ ခယမ်းစေတော်မူသည်။


သက္ကရာဇ် ၁၂၁၂-ခုနှစ်အတွင်း မင်းတုန်းမင်း အထွတ်အမြတ်သို့ရောက်တော်မူလေသည်။ ထိုအခါ “မင်းလှသိင်္ခသူ” ဟူသော “မင်း”တပ်ဘွဲ့နှင့် စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာကို ရွာစား သနားတော်မူ ပြီးလျှင် ရွှေတိုက်စိုးခန့်တော်မူပြန်သည်။

သက္ကရာဇ် ၁၂၁၈-ခုနှစ်အတွင်း တိသနိပါတ် “တိန္ဒုကဇာတ်” ကို ပျို့လင်္ကာရေးသားဆက်သွင်းရမည် ဟူသော အမိန့်တော်မြတ်အရ ပျို့လင်္ကာ ပုဒ်ရေ-၁၀၀ ရှိသော “ဝဇီရိန်မိုးကြိုး”ချီ “တိန္ဒုကပျို့” ကို ၁၅-ရက်နှင့် အပြီး ရေးသား စီကုံး တင်ဆက်ခဲ့လေသည်။ သို့ ရေးသားစီကုံးတင်ဆက်ရာတွင် မင်းတုန်းမင်းတရားကြီး အထူးနှစ်သက်တော်မူသဖြင့် “ရွှေတိုက်စိုး အရာ ဌာနမျှ မတန်ချေ။ တိုင်းပြည် နိုင်ငံမှုကို စီမံဆောင်ရွက်နိုင်သော မှူးကြီး မတ်ကြီးအရာ ဌာနသို့ ရောက်အောင်ထမ်းရွက်စေမည်” ဟု ရွယ်ရည်မျှော်ထောက်တော်မူပြီးလျှင် နိုင်ငံတော် အချက်အချာဖြစ်သော လွှတ်တော်ကြီးဌာနတွင် အမှာတော်ရေးအရာ၊ ပခန်းမြို့စီရင်စု သပြေငါးရွာစား ခန့်တော်မူဘိသည်။

ဤကဲ့သို့ အမှာတော်အရေးအရာနှင့် လွှတ်တော်တွင် ထမ်းရွက်နေသည့်အတွင်း မန္တလေးအရပ်၌ မြို့နန်းတည်ထောင်ရန် အခမ်းအနားရှိသည်များကို ဝန်ရှင်တော်မြတောင်မြို့စား သေနတ်ဝန်ကြီး ဆင့်ဆိုရာ နာခံ ထမ်းရွက်ရလေရာ ၇-ဌာနနှင့်တကွ အရပ်ရပ် လုပ်ဆောင် တည်ထားရန် အဆောက်အဦဌာန ရှိသည်များ ကိုလည်း တိုင်းတာ မှတ်သားစနစ် ပုံစံရေး၍ ဘဝရှင်မင်းတရားကြီးထံ မပြတ်တင်းလျှောက်ခြင်းများကို အားရ နှစ်သက်တော်မူသောကြောင့် သက္ကရာဇ် ၁၂၁၉-ခုနှစ်အတွင်း “လွှတ်တော် စာရေးကြီးအရာ” သို့ တိုးတက်ခန့်ထားတော်မူပြန်၏။ ထို့နောက် လွှတ်တော်တွင် အမှာတော်ရေး ရာထူးကို ဆက်လက်ထမ်းရွက်စဉ် ပုဂံမင်း၏ မိဖုရား (ကိုယ်လုပ်တော်) တစ်ဦးဖြစ်သော ဆင်ကြန်သခင်နှင့် လက်ဆက်ခဲ့သည်။

သက္ကရာဇ် ၁၂၂၀-ပြည့်နှစ်အတွင်း စာရေးတော်ကြီး သပြေငါးရွာစားအရာနှင့် ထမ်းရွက်၍နေစဉ် “မောင်တိုး၊ ရွှေတောင်နန္ဒသူတို့ရေးသားသည့် ရာမရကန် ငွေတောင်ရကန်များသည် နာပျော်ဘွယ်မျှသာ သပ္ဖပ္ပလာပ ဖြစ်သောကြောင့် အကျိုးကျေးဇူးမများ။ သို့ဖြစ်၍ နာပျော်ဘွယ်လည်းဖြစ်အောင် အကျိုးကျေးဇူး လည်းများအောင် မဟာနိပါတ်နေမိဇာတ်-ကို ရကန်ရေးသား ဆက်သွင်းရမည်” ဟုအမိန့်တော်မြတ်အရ “မင်္ဂလာအောင်ကိန်း” ချီ “နေမိ-ရကန်” ကို ရေးသား ဆက်သွင်းရလေသည်။

ထိုအတောအတွင်း “ရတနာပုံရွှေမြို့တော်ကြီးတည် စာတမ်းကိုရေးသားဆက်သွင်းရမည်” ဟူသော အမိန့်တော်မြတ်အရ “မြို့တည်စာတမ်း” အချီး နိဒါန်းစကား ရေးသားဆက်သွင်းရာ အားရတော်မူ၍ စာရေးတော်ကြီးတို့ အစဉ်သနားတော်မြတ် ခံရမြဲထက် တိုးတက် ချီးမြှင့်ကာ “မဟာမင်းကျော်စည်သူ” ဟူသော “မဟာ” ဘွဲ့နှင့် ကတ္တီပါ-ဗောင်း ရွှေစလွယ် ၉-ချပ်စသော အစီးအနင်း အဆောင် အရွက်များကို သနားတော်မြတ်ခံရသည်။

သက္ကရာဇ် ၁၂၂၂-ခုနှစ်အတွင်းတွင်လည်း အမိန့်တော်မြတ်အရပင် “အထူးထူးသောတိုင်းကြီးပြည် ကြီး”ချီ “စိတ္တုပက္ကိလေသ-စာတမ်း” ကို ရေးသားဆက်သွင်းပေသေး၏။ ပြီးမှတဖန် ထိုနှစ်အတွင်းမှာပင် ထို “စိတ္တုပက္ကိလေသ-စာတမ်း” ကို သူခပ်သိမ်းတို့ လွယ်လင့်တကူ မှတ်ယူနိုင်ကြစေခြင်းအလို့ငှာ အမိန့်တော်မြတ်အရပင်လျှင် “ကြားစိမ့်သိလော့”ချီ “ဓမ္မောဇမော်ကွန်း” ကိုရေးသားတင်သွင်းရပေသည်။

သို့အလုံမြို့ဝန်အရာနှင့် ထမ်းရွက်ရစဉ်အတွင်း မင်းတုန်းမင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၆-ခုနှစ်တွင် ရတနာပုံရွှေမြို့တော်သူ ရွှေမြို့တော်သားတို့ နွေမိုးမပြတ် သုံးရေသောက်ရေ အလိုရှိသမျှ ရနိုင်ကြစေခြင်း အလို့ငှာ မတ္တရာမြို့အထက် နဂါးရစ်မြစ်ကသည် ရွှေမြို့တော်အရောက် “ရတနာနဒီ” မြစ်တော်ကို ဖောက်လုပ်စေရာတွင် အမိန့်တော်မြတ်အရပင် “ကြားပိမ့်မင်္ဂလာ” ချီ “ရတနာနဒီမြစ်တော်ဖွဲ့မော်ကွန်း” ကိုရေးသား ဆက်သွင်းသည်။

ထို “ရတနာနဒီ မြစ်တော်ဖွဲ့မော်ကွန်း” ကို ရေးသားဆက်သွင်းသည့်နှစ် သက္ကရာဇ် ၁၂၂၆-ခုနှစ်အတွင်း တောင်ငူ-ရမည်းသင်း သစ်တောများတွင် သစ် အလုပ် အဆောင်နေရာမကျ၍ အခွန်ဘဏ္ဍာတော်ယုတ်လျော့ခြင်း ရှိသည်နှင့် “မဟာမင်းကျော်စည်သူ” ဘွဲ့ခံ ဦးကောင်းအား အလုံမြို့ဝန်အရာမှပြောင်း၍ လွှတ်တော်စာရေးကြီးဘဝသို့ ပြန်လည် ခန့်တော်မူသည့်အပြင် သက္ကရာဇ် ၁၂၂၇-ခုနှစ်အတွင်းမှာလည်း လွှတ်တော်စာရေးကြီး အရာရင်းတွင် တောင်ငူ-ရမည်းသင်း ၂-မြို့ အခွန်ဝန်အရာ ထပ်မံ ခန့်ထားတော်မူသည်။

သက္ကရာဇ် ၁၂၂၈-ခုနှစ်တွင် မြင်ကွန်း အရေးတော်ပေါ်ပေါက်လာခဲ့၏။ ထိုအခါ ဗိုလ်၊ရဲမက်၊လက်နက်ကိရိယာများနှင့်တကွ နေ့ည မရပ်မနား ဆင့်ဆို စည်းကြပ် စီမံကွပ်ကဲသည်ကို မင်းတုန်းမင်းတရားကြီး အထူးလေးမြတ် သဒ္ဓါတော်မူသောကြောင့် မှူးတော် မတ်တော်ကြီးတို့မှသာ အသနားတော်မြတ်ခံရသော “မင်းကြီးမဟာစည်သူ” ဟူသော “မင်းကြီး” တပ်ဘွဲ့နှင့်တကွ ဝန်ထောက်တော် အရာ ခန့်ထားသူကောင်းပြုတော်မူပြန်သည်။


တာဝန်များကို အရည်အချင်းရှိစွာနှင့် ကျေပွန်စွာ ထမ်းရွက်နိုင်သောကြောင့် ၁၂၂၃ ခုနှစ်တွင် အလုံဝန်အဖြစ် ခန့်အပ်ခြင်း ခံရ၍ အလုံမြို့သို့ ရွှေ့ပြောင်းအမှုထမ်းရသည်။ အလုံနယ်မှာ စစ်သူကြီး မဟာဗန္ဓုလ မွေးဖွားကြီးပြင်းရာ ဒေသ ဖြစ်သည်သာမက ရှေးမြန်မာ တပ်မတော်အတွင်း ခြောက်စုတပ်များတွင် ထင်ရှားကျော်ကြားသော စစ်သူရဲကောင်းများ ပေါ်ထွက်ရာ ထင်ရှားသည့် ဒေသဖြစ်သည်။ အလုံမြို့ဝန်အဖြစ် အမှုထမ်းရွက်စဉ် စီမံအုပ်ချုပ်ခြင်း ၊ တရားစီရင်ခြင်းတို့တွင် အထူး အောင်မြင်သည့်အလျောက် အလုံဝန်အဖြစ် ဦးကောင်း၏ အုပ်ချုပ်မှုနှင့် တရားစီရင်မှုအာဏာ တို့ကို လွှတ်တော်ကသာ ပြင်ဆင်ပယ်ဖျက်နိုင်သည်ထိ အခွင့်အရေး ရရှိခဲ့သည်။ ဤသို့ ဆောင်ရွက်နေစဉ်အတွင်း စာပေ ဝါသနာ ပါသည့်အလျောက် ပြုစုရေးသားခဲ့သဖြင့် နေပြည်တော်၌ပင် ကျော်ကြားခဲ့သည်။ အလုံမြို့ဝန်အဖြစ်နေစဉ် အလုံမြို့သူကြီး ဦးအို ၏နှမ မရွှေမေနှင့် လက်ဆက်ခဲ့သည်။

ကင်းဝန်ဖြစ်လာခြင်း[ပြင်​ဆင်​ရန်​]

၁၂၂၈-ခုနှစ်တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ပေါ်ပေါက်ခဲ့၍ အိမ်ရှေ့မင်း ကနောင်မင်းသား ကျဆုံးသဖြင့် မင်းတုန်းမင်းသည် အလုံဝန် ဦးကောင်းအား နေပြည်တော်သို့ ပြန်လည် ခေါ်ယူတော်မူပြီးလျှင် မင်းကြီး မဟာစည်သူ ဘွဲ့နှင့် ဝန်ထောက်တော် ရာထူးဖြင့် အပါးတော်၌ ခစားစေသည်။ အရေးတော် အေးငြိမ်းသွားသည့် အခါ၌ ကြည်းကင်း ၊ ရေကင်း စသည်တို့ကို အုပ်ချုပ်ရန် ဝန်ထောက် ကင်းဝန်ရာထူးသို့ တိုးမြှင့်ပေးခဲ့လေသည်။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးဦးကောင်းဟု ထင်ရှား ကျော်ကြားလာလေသည်။

ကင်းဝန်ဆိုသည်မှာ နေပြည်တော် ၊ မြို့ကြီး ၊ ရွာကြီးများတွင် အကာအကွယ် ၊ အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ် ခန့်ခွဲရုံသာ မဟုတ်သေး ၊ နယ်စပ်ဒေသတို့တွင် ကူးလူးဆက်သွယ် ရောင်းဝယ်နေကြသော ကုန်သည် ၊ ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်ခွန်များ စည်းကြပ်ရသည့် တာဝန်လည်း ပါဝင်လေသည်။

၁၂၃၂-ခုနှစ်တွင် အောက်မြစ်စဉ် မြို့ရွာများမှာ အင်္ဂလိပ်ပိုင် နယ်မြေနှင့် နီးစပ်ယှက်တင်နေ၍ ဆက်သွယ်မှု ပြေပြစ်လျက် ရာဇဝတ်ရေး ကင်းလွတ် လုံခြုံအောင် ကင်းဝန်မင်းကြီးကို ထိုမြစ်စဉ်ရှိ ဝန် ၊ စစ်ကဲ ၊ အကြီးအအုပ် စသူတို့ကို ကြီးကြပ် အုပ်ချုပ်ရန် ခန့်ထားခဲ့လေသည်။ ကင်းဝန်မင်းကြီးသည် မင်းလှမြို့မှနေ၍ ဤအရေးကြီးသော တာဝန်ကြီးကို ကျေပွန်အောင် ထမ်းဆောင်ခဲ့လေသည်။

နိုင်ငံခြားသို့ သံအဖြစ် သွားရောက်ခြင်း[ပြင်​ဆင်​ရန်​]

ဗြိတိန်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာ တိုက်ရိုက်ဆက်ဆံနိုင်ရန် လည်းကောင်း၊ ဥရောပတိုက်ရှိ အခြားနိုင်ငံကြီးများနှင့်လည်း နိုင်ငံခြားဆက်သွယ်မှု ရရှိရန် လည်းကောင်း၊ ၁၂၃၃ ခုနှစ် တပေါင်းလဆုတ် ၉ ရက်နေ့တွင် မင်းတုန်းမင်းတရားကြီး စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်ခဲ့၏။ ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ပထမဦးဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ဖြစ်သည်။ သံအဖွဲ့တွင် ဝန်ကြီး ကင်းဝန်မင်းကြီး မဟာစည်သူ (ဦးကောင်း) က သံကြီး၊ ဝန်ထောက်ပန်းတဉ်းဝန် - မဟာမင်းလှကျော်ထင် (ဦးရွှေဘင်)၊ ဝန်ထောက် ဖန်ချက်ဝန် - မဟာမင်းကျော်ရာဇာ (ဦးရွှေအိုး) တို့က သံလတ်နှင့် စာရေးကြီး မင်းလှဇေယျသူ (ဦးခြိမ့်) က သံငယ်အဖြစ် ပါဝင်ကြပြီး ဘုရင့် ရာဇသဝဏ်လွှာများ၊ လက်ဆောင်ပဏ္ဍာတော်များ၊ သယ်ဆောင်သွားရောက်ခဲ့ကြသည်။ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ အီတလီနိုင်ငံသို့ သွားရောက်ကာ နိုင်ငံအစိုးရချင်း ဆက်သွယ်ရေး၊ ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်ပြင် ထိုနိုင်ငံတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးတပ်များဖွဲ့ပုံနှင့် ကာကွယ်ရေးစီမံမှုတို့ကို လေ့လာခဲ့၏။ ပညာသင်ကြားရေး၊ ဝန်ထမ်းလုပ်ငန်း၊ ငွေနှင့် ဘဏ်စနစ်၊ ကြေးနန်းနှင့် စာပို့တိုက်လုပ်ငန်း၊ ပြတိုက်၊ ဇာတ်သဘင် စသည်တို့ကိုလည်း ဆည်းပူးလေ့လာခဲ့သည်။ ထူးခြားသည်မှာ အင်္ဂလန်ပြည်မှ မပြန်မီ ပြင်သစ်သို့ဝင်၍ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ ပြင်သစ်အစိုးရနှင့် မဟာမိတ်စာချုပ်တစ်ခုကို မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်၊ ပြာသိုလဆုတ် ၁၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းစာချုပ်အမည်မှာ ၁၈၇၃ ခု၊ ပြင်သစ်နှင့် မြန်မာ နှစ်နိုင်ငံ အချင်းချင်း ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် ဟူ၍ ဖြစ်သည်။ ကင်းဝန်မင်းကြီး ဦးဆောင်သော အဖွဲ့သည် ၁၂၃၄ ခု တပို့တွဲလပြည့်ကျော် ၁ ရက်၊ ကြာသပတေးနေ့တွင် အင်္ဂလန်ပြည်မှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ အပြန်ခရီးတွင်လည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ဝင်ရောက်ဖြတ်သန်းပြီး အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်ကာ ပုပ်ရဟန်းမင်းကြီး၊ အီတလီမင်းတို့နှင့် တွေ့ဆုံကြသည်။ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ပြီး စွယ်တော်ပွားတစ်ဆူကိုလည်း ပင့်ဆောင်ခဲ့သည်။ အိန္ဒိယဘုရင်ခံထံသို့လည်း ဝင်ရောက်ခဲ့ပေ၏။ ရန်ကုန်သို့ ရောက်သောအခါ အသွားခရီးကဲ့သို့ပင် အင်္ဂလိပ်အရာရှိများ၏ နှောင့်ယှက်ရှာဖွေ စစ်ဆေးမှုများ ခံခဲ့ရပေသည်။

သံအဖွဲ့သည် ချစ်ကြည်ရေး ဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုများနှင့်အတူ အင်္ဂလန်ပြည် ဥရောပနိုင်ငံများမှ မဟာမိတ်စာချုပ်များ၊ လက်ဆောင်ပဏ္ဏာတော်များ သယ်ဆောင်လျက် မိမိတို့၏ ရတနာပုံမြို့တော်သို့ ၁၂၃၅ ခု၊ ကဆုန်လဆန်း ၆ ရက် (၁၈၇၃ ခု၊ မေလ ၂ ရက်) သောကြာနေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်မှုကြောင့် ကုန်းဘောင်ရာဇဝင်ကြီးတွင် ကောင်ဒီရော်ရွှဟု ခေါ်သော Count de Rochechouart သူသည် မန္တလေးမြို့သို့ ပြင်သစ်သံအဖြစ် ရောက်လာခဲ့လေသည်။ ၁၂၃၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၂ ရက်နေ့တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ ထပ်မံသွားရောက်ခဲ့ရာ ပြင်သစ်သံ ကောင်ဒီရော်ရွှပါ လိုက်ပါသွားခဲ့သည်။ ပြင်သစ်သို့သွားရာတွင် စင်္ကာပူမှတဆင့် သွားခဲ့သည်။ ဤသံအဖွဲ့သည် ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာ ရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေး၊ အင်္ဂလိပ်-မြန်မာဆက်ဆံရေး တို့ကို များစွာ ဂယက်ရိုက်ခဲ့ပြီး မြန်မာပြည်၏ နိုင်ငံရေးကစားကွက်၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ခဲ့သည်။ ၁၂၃၆ ခုနှစ်တွင် ကင်းဝန်မင်းကြီးမှာ သေနတ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရ၍ မြောက်ထားဝယ်၊ တောင်ထားဝယ် စသော သေနတ်အစု ၂၂ တပ်၊ စစ်သည်ငါးသောင်း (၅၀,ဝ၀ဝ) ကျော်တို့ကို အုပ်ချုပ်ခန့်ခွဲရ၏။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးမှာ နိုင်ငံကာကွယ်ရေးနှင့် စစ်မှုရေးရာ တို့တွင် ပိုမိုတာဝန်ယူကာ ဆောင်ရွက်ခဲ့ရ၏။ သေနတ်ဝန်ရာထူးမှာ ကြည်းတပ်များကို ကြီးကြပ်အုပ်ချုပ်ရသဖြင့် ဩဇာအာဏာရှိသည်။ ထို့နောက် ၁၂၃၇ ခုနှစ်တွင် လယ်ကိုင်းမြို့စားအဖြစ်ပါ သနားတော်မြတ်ခံရသည်။

အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး[ပြင်​ဆင်​ရန်​]

ဒီမိုကရေစီဝါဒ ထွန်းကားသော ဥရောပနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည့်အတိုင်း၊ မိမိနိုင်ငံ တိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံ သို့ ဘုရင်၏ အာဏာကို ကန့်သတ်ကာ ဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများတွင် စီမံခန့်ခွဲသွားနိုင်သည့် စည်းမျဉ်းခံဘုရင်စနစ်တစ်ခုကို တီထွင်ရန် ကင်းဝန်မင်းကြီး ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းနတ်ရွာစံသောအခါတွင် မိမိ၏ ဩဇာညောင်းမည့် သီပေါမင်းသားကို ထီးနန်းဆက်ခံစေရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို စတင်ခဲ့သည်။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် (၁၄)ဌာနခွဲပြီးလျှင် မိမိကမူ ကာကွယ်ရေးဌာနဟု ခေါ်ရမည့် ကြည်းတပ်များကို တာဝန်ယူအုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေးကို စီစဉ်ခဲ့သည်။

တိုင်းပြည်အုပ်ချုပ်ရာ၌လည်း လွှတ်တော်တွင် အခွန်အာဏာများကို ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့၏။ လွှတ်တော်အစည်းအဝေးတို့တွင် ဘုရင်ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ရှေ့မင်းသားသော်လည်းကောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်မြဲဖြစ်သော်လည်း၊ မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ ဤအစဉ်အလာမှာ ပျက်ပြားသကဲ့သို့ရှိရာ လွှတ်တော်အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်ခဲ့ရ၏။ အုပ်ချုပ်ရေးအသစ်မှာ ဘုရင်၏အာဏာကို ကန့်သတ်ရန်ဖြစ်သဖြင့် ကန့်သတ်ခြင်းမခံလိုသူတို့ဘက်မှ အတိုက်အခံများ ပေါ်ပေါက်ခဲ့၏။ သို့ဖြစ်၍လည်း သီပေါမင်းလက်ထက် နောက်ပိုင်းတွင် ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဘုရင့်ယောက္ခမ ဆင်ဖြူမရှင်အမှူးရှိသော တိုင်းတားမင်းကြီးတို့က ဩဇာထက်၍ လာလေသည်။ ဤသို့အားဖြင့် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ကင်းဝန်မင်းသည် စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။

နိုင်ငံခြား ဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

ဗြိတိသျှတို့၏ နယ်ချဲ့စစ်ခြေလှမ်းကို ကောင်းစွာရိပ်စားမိသည့်အလျောက် နိုင်ငံခြားဆက်သွယ်ရေး ကျားကစားမှုအောင်မြင်စေရန် ကင်းဝန်မင်းကြီးသည် ပြင်သစ်အစိုးရကို ကျားတစ်ကောင်အနေဖြင့် အသုံးပြုရန် ကြိုးစားခဲ့ပေသည်။ ပြင်သစ်အစိုးရကို ကျားတစ်ယောက် အနေဖြင့် အသုံးပြုရန် ကြိုးစားခဲ့ပေသည်။ ထိုသို့ကြိုးစားခဲ့သော်လည်း ဗြိတိသျှတို့နှင့် ပဋိပက္ခမဖြစ်အောင် လိမ္မာပါးနပ်စွာ ဆက်ဆံရေးသိမ်းမွေ့မှုများကို တစ်ဖက်မှ ဆောင်ရွက်ခဲ့သည်။ မင်းတုန်းမင်းလက်ထက် ဗြိတိသျှဝေလမင်းသား အိန္ဒိယနိုင်ငံသို့ ရောက်လာစဉ်က မြန်မာနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်အဖြစ် သွားရောက်နှုတ်ဆက်ခဲ့သည်။ ဗြိတိသျှကုမ္ပဏီကြီးများနှင့် ဆက်သွယ်မှုတို့တွင်လည်း မိမိ၏ အစိုးရငွေရရေးတွင် ဗြိတိသျှကုမ္ပဏီသို့ ကျေနပ်မှုရအောင်လည်း ဆောင်ရွက်ခဲ့၏။

သို့သော်လည်း ပြင်သစ်တို့မှာ အနည်းငယ် တန်ခိုးမှိန်နေသည့်အချိန်၊ ဗြိတိသျှတို့၏ နယ်ချဲ့စီမံကိန်း အလွန်အရှိန်ကောင်းနေသော အချိန်ဖြစ်သည့်အပြင် မိမိနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် လွှတ်တော်ဝန်ကြီးတို့ကို မိမိအမြင်သို့ပါအောင် ဆွဲဆောင်နိုင်စွမ်း မရှိခဲ့သောကြောင့် ကင်းဝန်မင်းကြီး၏ နိုင်ငံခြားဝါဒနှင့် လုပ်ငန်းများမှာ မအောင်မြင်ခဲ့ပေ။ ပြင်သစ်တို့နှစ် မဟာမိတ်အဖြစ် ဆက်သွယ်မှုများကို ဗြိတိသျှအစိုးရက ပြင်သစ်အစိုးအား ကန့်ကွက်ခြ့သည်။ ကန့်ကွက်ရုံသာမက ပြင်သစ်တို့ အချိန်မဆိုင်းမီ မြန်မာနိုင်ငံကို လက်ရသိမ်းယူရန် ၁၂၄၇ ခုနှစ်တွင် အကြောင်းပြ စစ်ကြေညာခဲ့လေသည်။


ကင်းဝန်မင်းကြီးသည် မိမိ၏ အရှင်ပေါ်၌ သစ္စာရှိသည်။ `ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်´ ဆိုသော စကားတို့မှာ မမှန်ချေ။ အင်္ဂလိပ်တို့ ချီတက်လာစဉ် သီပေါမင်းတရား လွတ်ရာသို့ရှောင်ရှားကာ ပြန်လည်ခုခံနိုင်ဖို့ အကြံဉာဏ်ပေးခဲ့၏။ သို့ရာတွင် ယောက္ခမတော် ဆင်ဖြူမရှင်မိဘုရားနှင့် မိဘုရားခေါင်ကြီး စုဘုရားလတ်တို့ မမာမကျန်းဖြစ်ခြင်း၊ သမီးတော်များ ငယ်ရွယ်ခြင်းစသည့် အကြောင်းတို့ကြောင့် ဘုရင်ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆိုးခဲ့၏။ ကင်းဝန်မင်းကြီးသည် လူသတ်ဝါဒကို လုံးဝမနှစ်မြို့။ မင်းတုန်းမင်း နတ်ပြည်စံ၍ မင်းပြောင်းမင်းလွှဲတွင် မင်းညီမင်းသားတို့အား စီစဉ်ရန် ကြံစည်ကြစဉ် မိမိစွမ်းအားရှိသမျှ ဟန့်တားကန့်ကွက်ခဲ့၏။

မိမိတန်ခိုးမှိန်စဉ်တွင် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့သော်လည်း မိမိဆောင်ရွက်နိုင်သည့်အခါ၌ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုမှတစ်ပါး ကင်းဝန်မင်းကြီးသည် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့၏။ ၁၂၄၅ ခုနှစ်တွင် သူ၏အစီအမံဖြင့် သူတစ်ပါးအိမ်တွင် ကြေးယူ၍ ကျွန်အဖြစ် အသက်မွေးနေကြသော လူကြီး ၂၄၀၊ ကလေးသူငယ် ၁၁၅၄ ယောက် ကို ငွေအမ်းရွေးယူပြီးလျှင် သူတို့ဆန္ဒအလျောက် သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့၏။ ထိုအစီအမံတို့ကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးခဲ့၏။

ပါတော်မူခြင်းနှင့် ဦးကောင်း[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်တို့ ချီတက်လာစဉ်တွင် သီပေါမင်းအား လွတ်ရာသို့ ရှောင်တိမ်းကာ ပြန်လည် ခုခံရန် ကင်းဝန်မင်းကြီး အကြံပေးခဲ့လေသည်။ သို့ရာတွင် ဆင်ဖြူမရှင် မိဖုရားကြီး နာမကျန်း ဖြစ်ခြင်း ၊ သမီးတော်များ ငယ်ရွယ်ခြင်း စသည့် အကြောင်းများကြောင့် သီပေါမင်း ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆန်ခဲ့သည်။ ထို့ပြင် ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံ ပေးမည်ဖြစ်ကြောင်း ၊ သတ္တဝါတို့ အသက်မသေစေရန် တိုက်ခိုက်မှု မရှိစေလိုကြောင်း အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ ချီတက်လာရာတွင် ဟန့်တား တိုက်ခိုက်မှု မရှိရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ် အင်္ဂလိပ်တို့ အလိုရှိနေသည်မှာ ကျန်ရှိနေသေးသော အထက်ဗမာပြည် တစ်ခုလုံး ဖြစ်သည် ဆိုသည်ကိုမူ ကင်းဝန်မင်းကြီးရော ၊ သီပေါမင်းပါ မသိရှိခဲ့ကြပေ။

ရရှိခဲ့သည့် ဘွဲ့ထူးများ[ပြင်​ဆင်​ရန်​]

ကင်းဝန်မင်းကြီး နိုင်ငံခြားသို့ သံအဖြစ် မသွားမီ အဂ္ဂမဟာ သေနာပတိ ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ သီပေါမင်း လက်ထက်တွင် သက်တော်ရှည်ဘွဲ့ ၊ သုဓမ္မဘွဲ့တို့ ရရှိခဲ့သည်။ နိုင်ငံခြားသို့ သွားရောက်စဉ်တွင် ပြင်သစ်သမ္မတက တံဆိပ် တစ်ခုနှင့် အီတာလျံ ဘုရင်က ရင်သိုင်းနှင့် တံဆိပ် တစ်ခုကိုလည်းကောင်း ၊ ဝိတိုရိယ ဘုရင်မက CSI ဘွဲ့ထူးဖြင့်လည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ပြုစုခဲ့သည့် ကျမ်း ၊ စာပေများ[ပြင်​ဆင်​ရန်​]

ကင်းဝန်မင်းကြီး ပြုစုခဲ့သော ကျမ်းများမှာ မြန်မာ စာပေလောကတွင် များပြားလှသည်။ ကဗျာဘက်တွင် ရတု ၊ အိုင် ၊ ရကန် ၊ သဖြန် ၊ တေးထပ် ၊ ဧချင်း ၊ မော်ကွန်း ၊ လူးတား ၊ ပျို့ စသည်ဖြင့် မျိုးစုံကို ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ထင်ပေါ်သော ကျမ်းများမှာ စကားပြေဖြင့် လန်ဒန်သွား ၊ ပြင်သစ်သွား နေ့စဉ် မှတ်တမ်းများ ၊ ဓမ္မသတ် (၃၆) စောင်ချုပ် ၊ အမွေမှု ဓမ္မသတ် ၊ အိမ်မှု ဓမ္မသတ် ကျမ်းနှင့် အခြား စာပေများ ဖြစ်သော တိဏ္ဍုကပျို့ ၊ ရတနာ နဒီ မော်ကွန်း ၊ ဓမ္မသတ် လင်္ကာများ ၊ အဍသံခေ ပဝဏ္ဏနာ ၊ ပကိဏ္ဏကဍ ဓမ္မသတ် လင်္ကာတို့ ပါဝင်သည်။ ဂီတဘက်တွင် ယိုးဒယား ၊ ပတ်ပျိုး ၊ ဟန်ချင်းများ ရေးဖွဲ့ခဲ့လေသည်။

ကင်းဝန်မင်းကြီး အဖြစ်[ပြင်​ဆင်​ရန်​]

နောက် အရေးတော် ပြီးပြေသည့်ကာလ ကျောက်တလုံးကင်း၊ မင်းကွန်းကင်း၊ စမ္ပာယ်နဂိုရ်ကင်း ဟူသော ရေကင်းများနှင့် ဆင်ကြန်ကင်း၊မြောက်ဦးကင်း၊လေသာကင်း၊ပြင်ထိပ်ကင်း၊နတ်ထိပ်ကင်း၊ရှောင်က ဗွေကင်းစသော အရပ်ရပ်ကြည်းကင်းများကိုလည်း ကြည့်ရှု ကြပ်မရန် ကင်းဝန်အရာနှင့် ထပ်မံခန့်ထားတော်မူ သေးသည်။ ထိုအခါမှစ၍လည်း “ကင်းဝန်-မင်းကြီး” ဟု ကျော်စောထင်ရှားခြင်းဖြစ်သတည်း။

ထိုသို့ ဝန်ထောက်တော်-ကင်းဝန်အရာနှင့် ထမ်းရွက်စဉ် သက္ကရာဇ် ၁၂၃၀-ပြည့်နှစ်တွင် “ဗု-ဓံ-သံ-န” ချီ “အဋသံခိပ် ဓမ္မသတ် လင်္ကာ” ကို ပြုစုရေးသားသည်။

သက္ကရာဇ် ၁၂၃၂-နှစ်တွင် အောက်မြစ်စဉ် မြို့ရွာများသည် အင်္ဂလိပ်အစိုးရတို့ နယ်မြေများနှင့်နီးစပ် ရှက်တင်ရှိခြင်းကြောင့် ထိုမြို့ရွာများကို လုံခြုံစွာစောင့်ရှောက် ထိန်းသိမ်းရန် အောက်မြစ်စဉ်ဆိုင်ရာ ဝန်ထောက်တော်-ကင်းဝန်အရာနှင့် မင်းလှမြို့က ရပ်နေ ဆင့်ဆို စီရင်ရပြန်သည်။

သက္ကရာဇ် ၁၂၃၃-ခုနှစ်တွင် ရွှေဖဝါးတော်မြတ်အောက်သို့ ပြန်လည်ခေါ်တော်မူပြီးလျှင် အနောက်နိုင်ငံ အင်္ဂလန်ပြည်ကြီးသို့ အာဒိ ကမ္မိက-အဦးအစ သွားရောက်ရသော သံကြီး တမန်ကြီး အဖြစ်ဖြင့် “အဂ္ဂမဟာ သေနာပတိ ဝန်ရှင်တော်မင်းကြီး” အရာအထူးသို့ တိုးတက် ခန့်ထားကာ ထိုသက္ကရာဇ် ၁၂၃၃-ခုနှစ်အတွင်းမှာပင် သံလတ်-သံငယ်အရာရှိစုံ ပေးအပ်တော်မူ၍ သွားရောက် နေထိုင်ရစဉ် တနှစ်ကျော်ကျော် အတွင်း အင်္ဂလန်ပြည်ကြီး တခုတည်းသာမက ပြင်သစ်နိုင်ငံ၊အီတလီ နိုင်ငံတို့ကိုလည်း သွားရောက် လှည့်လည် ကြည့်ရှု၍ သက္ကရာဇ် ၁၂၃၅-အတွင်း ပြန်လည်ရောက်ရှိလာခဲ့၏။ ထိုအခါ အရပ်ရပ် တွေ့မြင် မှတ်သားခဲ့ရသမျှသော အကြောင်းအရာတို့ကို တင်လျှောက်သည်တွင် အထူးအားရ နှစ်သက်တော်မူသော ကြောင့် “သတိုးမင်းကြီးမဟာစည်သူ” ဟူသော “သတိုး” ဘွဲ့ကိုထပ်မံချီးမြှင့် သူကောင်းပြုတော်မူပြန်သည်။

ထိုနှစ် သက္ကရာဇ် ၁၂၃၅-ခုနှစ်အတွင်း ပြင်သစ်နိုင်ငံသို့ သံတော်ကြီးအရာနှင့်ပင် ထပ်မံစေလွှတ်ခြင်းခံ ရပြန်လေရာ ပြင်သစ်သို့အသွားလမ်းခရီးအကြားတွင် “အဋသံခိပ် ဓမ္မသတ်” တွင် ကြွင်းကျန်ရှိနေသည့် မြေမှုခန်း ရောင်းဝယ်မှုခန်း အစရှိသည့် တရားအဆုံးအဖြတ်များကို “ဗွာဒိတျံန” ချီ “ပကိဏ္ဏက ဓမ္မသတ်-လင်္ကာ” ပုဒ်ရေ-၂၈ ကို စီကုံးရေးသားပြန်လေသည်။

သက္ကရာဇ် ၁၂၃၆-ခုနှစ်တွင် ရွှေမြို့တော်သို့ ပြန်လည် ဆိုက်ရောက်လာခဲ့၏။ ထိုအခါ ဥရောပနိုင်ငံများသို့ သွားရောက်ကာ အလိုတော်မြတ်ရှိသည်အရာတို့ကို ကုံတွင် ပြီးမြောက်အောင် ဥရောပနိုင်ငံများသို့ နှစ်ကြိမ်နှစ်ခေါက် သွားရောက် ထမ်းရွက်ခဲ့ဘူးသည် ဖြစ်သည်ဟု သေနတ် အစုတပ်ပေါင်း ၂၂-တပ်၊ စစ်သည် လက်နက်ကိုင်ပေါင်း ၅-သောင်းကျော်တို့တွင် အကြီးအမှူးအဖြစ်ဖြင့် “သေနတ်ဝန်”အရာ ထပ်မံခန့်ထား သူကောင်းပြုတော်မူလေသည်။

တဖန် ထိုနှစ်အတွင်းမှာပင် သားတော်-အိမ်ရှေ့မင်း အိန္ဒိယနိုင်ငံသို့လှည့်လည်လာသည်ကို အမိန့်တော်မြတ်အရ လက်ဆောင်တော်အများနှင့် ကာလကတ္တားမြို့သို့ သွားရောက်တွေ့ဆုံရသေးသည်။

သက္ကရာဇ် ၁၂၄၀-ပြည့်နှစ်တွင် ဘဝရှင် မင်းတုန်းမင်းတရားကြီး နတ်ပြည်စံတော်မူ၍ သားတော် သီပေါမင်းတရားကြီး ထီးနန်းစည်းစိမ်ကို ဆက်ခံ သိမ်းပိုက်တော်မူ၏။ ထိုအခါ အထူးသဒ္ဓါတော်မူသော ဝန်ကြီးမင်းမှသာ သနားတော်မြတ်ခံရသော လက်ဝဲတော် စစ်သူကြီးနေရာနှင့် ဘုရင်မင်းမြတ်တပါး လက်ထက်တော်တွင် အထူးသဖြင့် သဒ္ဓါ ယုံမှတ် လေးမြတ်ထိုက်ပေသည့် မှူးကြီး မတ်ကြီး တယောက်ကိုမျှသာ ပေးသနားတော်မူမြဲဖြစ်သော “သုဓမ္မ” ဘွဲ့ “သက်တော်ရှည်” ဘွဲ့တို့ဖြင့် ဆင့်ကဲ ထပ်လောင်း၍ “သတိုးသုဓမ္မ မဟာသက်တော်ရှည်” ဟူသော ဘွဲ့ကို တိုးတက် သနားတော်မူခြင်းခံရသည်။ ထိုအခါ “ကင်းဝန်မင်းကြီး” ဟူ၍၄င်း၊“သေနတ်ဝန်ကြီး” ဟူ၍၄င်း၊ “လယ်ကိုင်းမြို့စား မင်းကြီး” ဟူ၍၄င်း၊ “မင်းကြီးသက်တော်ရှည်” ဟူ၍၄င်း ခေါ်ဝေါ်စမှတ်ပြုကြလေကုန်သည်။

ဤသို့လျှင် လယ်ကိုင်းမြို့စား ကင်းဝန် သေနတ်ဝန် မင်းကြီးသက်တော်ရှည်အရာနှင့် ထမ်းရွက်နေရစဉ် သက္ကရာဇ် ၁၂၄၁-ခုနှစ် အတွင်း အရှင်မိဘုရားခေါင်ကြီး၏ သားတော်ကို မြပုခက်တော်တင် မင်္ဂလာ အခမ်းအနား၌ ဖတ်လျှောက်ရန် အမိန့်တော်မြတ်အရ “မင်္ဂလာလျှံထိန်” ချီ မင်္ဂလာ ဧချင်းကို၄င်း၊ သက္ကရာဇ် ၁၂၄၃-ခုနှစ်အတွင်း သမီးတော်ထိပ်စုမြတ်ဘုရားကြီး မြပုခက်တင် မင်္ဂလာ အခမ်းအနား၌ ဖတ်လျှောက်ရန် “မင်္ဂလာစက်ရွှေ” ချီ မင်္ဂလာ ဧချင်းကို၄င်း၊ထိုနှစ်အတွင်းမှာပင် အထက်စီရင်ရေးသားခဲ့ရင်း “အဋသံခေပဝဏ္ဏနာဓမ္မသတ်” ကို၄င်း၊ ရေးသားစီရင်ပေသေး၏။

အင်္ဂလိပ် ကိုလိုနီလက်အောက် ကျပြီးနောက်[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၁၂၄၇-ခုနှစ်တွင် ထီးကျိုးစည်ပေါက် ပြည်မှောက်လေပြီး၍ အင်္ဂလိပ် အစိုးရတို့ဝင်ရောက်လာခဲ့သည့် အခါကာလမှစ၍ နိုင်ငံမြို့ရွာ သာယာငြိမ်းချမ်းရေးအတွက် အထူးကူညီ ဆောင်ရွက်လေရကား သက္ကရာဇ် ၁၂၄၉-ခုနှစ်အတွင်း ဝိတိုရိယ ဘုရင်မကြီး၏ နန်းစံ ၅၀-ပြည့် “ဂျူဘလီ” ပွဲတော်တွင် “စီ-အက်(စ်)အိုင်” ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်မြှေက်စားခြင်းခံရပြန်လေသည်။

နောက် သက်ရွယ်ကြီးရင့်ပြီဖြစ်သော်လည်း သက္ကရာဇ် ၁၂၅၅-ခုနှစ်သို့အရောက်တွင် “မုနိန္ဒက္ကော”ချီ “အမွေမှုခန်းဓမ္မသတ်ကျမ်းကြီး” ကို၄င်း၊“မုနိန္ဒဝဒနမ္ဗောဇ” ချီ “အိမ်မှုခန်း ဓမ္မသတ်ကျမ်းကြီး” ကို၄င်း ကြိုးပမ်းပြုစုပေသေးသည်။

ပြဆိုခဲ့ပြီးသော ပျို့လင်္ကာ အခန်းခန်း ကျမ်းအစောင်စောင်တို့အပြင်လည်း ကျောက်စာ၊ခေါင်းလောင်း စာ၊မေတ္တာစာ၊ မိုးဖွဲ့၊မယ်ဖွဲ့၊တောဖွဲ့၊ဂုဏ်ချင်း၊ဟန်ချင်း၊သာချင်း အစရှိသည့် မြောက်မြားလှစွာသော စာအမျိုးမျိုးတို့ကိုလည်း စီကုံးရေးသားခဲ့ပေသေး၏။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်တပ်များချီတက်လာစဉ်တွင်သိီပေါမင်းကိုယ်တိုင်က လွတ်ရာလွတ်ကြောင်း မရှောင်လိုဟု ဆိုသည့်အပြင် ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံပေးမည်ဖြစ်ကြောင်း၊ သတ္တဝါတို့ အသက်မသေစေရန် တိုက်ခိုက်မှုမရှိစေလိုကြောင်းဖြင့် အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ချီတက်လာစဉ်တွင် ဟန့်တားတိုက်ခိုက်မှုမရှိရန်နှင့် အင်္ဂလိပ်တို့ကလည်း မတိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ဤသို့အားဖြင့် အားမတန်မာန်လျှော့ကာ အညံ့ခံခြင်းသာဖြစ်သည်။ ကင်းဝန်မင်းကြီးသည် သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိသျှတို့ တောင်းပန်သည့်အတိုင်း လွှတ်တော်၊ မှူးတော်၊ မတ်တော်တို့နှင့်အတူ နိုင်ငံတော်အုပ်ချုပ်ရေးကို ကူညီခဲ့၏။ ၁၂၅၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ၏ ဥပဒေပြု မင်းတိုင်ပင်အဖြစ် အမှုထမ်းခဲ့သည်။ အနိစ္စမရောက်မီ တွေ့မြင်ခဲ့သူတစ်ဦးက ကင်းဝန်မင်းကြီး၏ တည်ငြိမ်ပုံ၊ ထက်မြက်ပုံ၊ ယဉ်ကျေးသိမ်မွေ့ပုံ၊ ဗဟုသုတ များပုံတို့ကို ချီးကျူးရေးသားထားသည်။

ဤကဲ့သို့ မြန်မာအစိုးရမင်းတို့ လက်ထက်တော်နှင့် အင်္ဂလိပ်အစိုးရမင်းတို့ လက်ထက် မင်းလေးဆက်တိုင် ရာထူးဌာနန္တရဘွဲ့ အမည်တံဆိပ်များနှင့်တကွ ချီးမြှောက်သူကောင်းပြုတော်မူသည်ကို ပါရမီဒဗ္ဗသန္ဘာရ သီလ သမာဓိ ပညာ ဗဟုသုတ ဒီဃာယုက ဟူသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော ကင်းဝန်မင်းကြီး ဦးကောင်းသည် အသက် ၈၆ နှစ်၊ ၄ လ၊ ၂၂ ရက် အရွယ်တွင် သင်္ခါရသဘောကို မလွန်ဆန်နိုင်သည်ဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်၊ ဝါဆိုလဆန်း ၃ ရက် (ခရစ် ၁၉၀၈ ခု၊ ဇွန်လ ၃၀ ရက်) အင်္ဂါနေ့ နံနက်ငါးနာရီတွင် ခန္ဓာပဉ္စကသမုတ္တိမရဏသဘောကို ရွေ့လျောကာ ကွယ်လွန်အနိစ္စ ရောက်ရလေသည်။

ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ရှေးမြန်မာမင်းတို့လက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး သက်တော်ရှည်အမတ်တို့ ကွယ်လွန်ရာ သင်္ဂြိုဟ်သည့် ဆောင်ရွက်မြဲဓလေ့ထုံးစံ အခမ်းအနားနှင့်အညီ တပ်မြို့တွင်း အိန္ဒိယ မဟာအတုလတာရာသဟာယ (C.S.I) စီအက်စ်အိုင်ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။[၃] [၄]

ပြုစုခဲ့သောစာပေများ[ပြင်​ဆင်​ရန်​]

  1. ၃ ၆စောင်တွဲ ဓမ္မသတ်ကြီး
  2. သမီးတော်ဧချင်း နှင့် ပုခက်တင်ဧချင်း
  3. စိတ္တုပက္ကိလေသစာတမ်း
  4. တိန္ဒုကပျို့
  5. ရတနာနဒီမော်ကွန်း
  6. ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်တမ်းနှင့် ပြင်သစ်သွား နေ့စဉ်မှတ်တမ်း
  7. နာနာနယသင်္ခေပကဗျာဗန္ဓကျမ်း ခေါ် ကင်းဝန်မင်းကြီး ကဗျာစု
  8. အမွေမှု ဓမ္မသတ်ကြီး
  9. အဍ္ဍသင်္ခေပဝဏ္ဏနာဓမ္မသတ်
  10. မေတ္တာစာများ
  11. ဓမ္မောဇမော်ကွန်း
  12. ပကိဏ္ဏကဓမ္မသတ်လင်္ကာ
  13. နေမိရကန်
  14. ကဗျာ နှင့် ဂီတသီချင်းများ ဖြစ်လေသည်။ [၅]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Kinwon_Min_Gyi
  2. သီပေါမင်း ပါတော်မူခြင်း-အမျိုးသား ပညာဝန်ဦးဖိုးကျား
  3. သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ ဇွဲပုံနှိပ်တိုက်၊၁၉၆၈။
  4. Burmese Encyclopedia Vol 2, p-406 printed in 1955
  5. (သန်းဝင်းလှိုင်)