ရန္တပိုစာချုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရန္တပိုစာချုပ်သည် သက္ကရာဇ် ၁၁၈၅ ခုနှစ် ဘကြီးတော်ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်တော်များသည် သက်ဆိုင်ရာ နိုင်ငံတို့၏ကိုယ်စား လက်မှတ်ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့မှ တောင်ဘက် မိုင် ၄ဝ ခန့်ကွာ၍ မြင်းခြံမြို့အထက် ခြောက်မိုင်ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံချုပ်ဆိုကြသောကြောင့် ရန္တပိုစာချုပ်ဟုခေါ်သည်။ ထိုစာချုပ်ကို ၁၁၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက် (ခရစ် ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်)နေ့တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီး မဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှ သီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်အရေးပိုင် အာစီဘော်ကံဘက် (ဆာအာခီဗေဒကင်းဗဲ)၊ အရေးပိုင် ရော်ဘစ်စံ (ရောဗတ်ဆန်)၊ တိုက်သမ္ဗာန်အုပ်ချုပ်သူ မင်းစပ်(ချတ်)တို့ နှစ်တိုင်းနှစ်ပြည် မိတ်လက္ခဏာနှင့်အညီ အချင်းချင်း နှုတ်ဆက်ကြပြီးလျှင် မဟာမိတ်အဖြစ် စာချုပ်ထားကြသည်။ ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန္တပို စာချုပ်ကို နှစ်ဖက် စုံညီစွာ ချုပ်ဆိုကြရာ စာချုပ်ပါ အချက်များမှာ -

  1. မြန်မာက ရခိုင်၊ တနင်္သာရီ၊ အာသံကို ဗြိတိသျှတို့ထံ ပေးရသည်။
  2. မဏိပူရ၊ ကချာနှင့် ဂျိန်းတိယ နယ်များသို့ မြန်မာတို့ ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။
  3. စစ်လျော်ကြေးငွေ ၁ ကုဋေကို အရစ်ကျ ပေးဆပ်ရမည်။
  4. အင်းဝတွင် ဗြိတိသျှ ကိုယ်စားလှယ် ထားခွင့်ပြုကာ၊ ကလကတ္တားတွင် မြန်မာသံ နေခွင့်ပြုသည်။
  5. ကူးသန်း ရောင်းဝယ်ရေး အတွက် စာချုပ် သီးခြား ချုပ်ဆိုမည်။ စသည်တို့ ဖြစ်သည်။

နိုင်ငံတကာရေးရာ အဆင့်အတန်းနှင့် ဆိုလျှင် စာချုပ်ပါ အချက်များကို ပြင်းထန် လှသည်ဟု မဆိုသာပေ။ ဗြိတိသျှတို့သည် စစ်အတွင်း၌ လူပေါင်း ၁၅,၀၀ဝ ဆုံးရှုံးခဲ့၍၊ စတာလင်ပေါင် ၁၃ သန်း သို့မဟုတ် ငွေသိန်းပေါင်း ၁,၃၀ဝ သုံးစွဲခဲ့ရသည်။ မည်သို့ဖြစ်စေ မြန်မာတို့ အဖို့ ထိုထက်ပို၍လည်း ပေးဆပ်နိုင်ခြင်း မရှိချေ။ ဤအခြေတွင် မြန်မာ တနိုင်ငံလုံးကို သိမ်းပိုက်ရန်လည်း မဖြစ်နိုင်သေးပေ။

ရခိုင်နှင့် တနင်္သာရီ ဒေသကို ရခြင်းဖြင့် နောက်စစ်ပွဲများ ထပ်မံ ဖြစ်ပွားလျှင် မြန်မာနိုင်ငံတွင်းသို့ တဖက်တချက်မှ အလွယ်တကူ ဝင်ရောက်နိုင်သည်ဟု ဗြိတိသျှတို့က ယူဆသည်။ ထို့ပြင် ဒေသ နှစ်ခုမှ မကြာမီ အကျိုးအမြတ် များစွာ ခံစားရလိမ့်မည် ဟုလည်း ဗြိတိသျှတို့က မျှော်လင့်ကြသည်။

မြန်မာမင်းဘက်မှ ကြည့်လျှင် ဆုံးရှုံး လက်လွှတ်ရသော နယ်မြေများ အတွက် မထောင်းသာလှသည်ကို တွေ့ရသည်။ ရခိုင်နှင့် တနင်္သာရီတို့ကို ပိုင်ဆိုင်ထားရခြင်းမှာ မြန်မာ မင်းအဖို့ဝန်ထုတ် ဝန်ပိုးသဖွယ် ရှိနေ၍ ထိုဒေသ နှစ်ခုကို ဗြိတိသျှ လက်တွင်းသို့ အပ်လိုက်ရသော အခါ မြန်မာမင်းသည် မြန်မာနိုင်ငံ ပြည်မတွင် ပိုမို အာရုံ စူးစိုက်နိုင်၍ အကျိုး ခံစားဖွယ် ရှိသည်။ [၁]


စာချုပ်[ပြင်​ဆင်​ရန်​]

  • (၁) အင်္ဂလိပ်မင်းနှင့် မြန်မာရှင်ဘုရင်တို့သည် စစ်ငြိမ်း၍ မိတ်သဟာယ အစဉ်အဆက် ဖြစ်စေ။
  • (၂) မြန်မာရှင်ဘုရင်က အာသံပြည်မြို့ရွာ၊ အက္ကပတ်ပြည် (ကချာ)၊ ဝေသာလီပြည် (ဂျိန်တိယ) တို့ကို အစိုးရ မပိုင်၊ နောက်တစ်ဖန် မစီရင်ရ။ မဏိပူရမြို့မှာလည်း ဂမ္ဘီရရှိန်တို့သည်

မိမိပြည်သို့ ပြန်၍ မင်းပြုလိုလျှင်၊ မြန်မာဘုရင်က အဆီးအတား အနှောင့်အရှက်မပြု နေရမည်။

  • (၃) နောက် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို မငြင်းခုံရအောင် အင်္ဂလိပ်တို့ကအောင်ခဲ့သော ရခိုင် ရမ်းဗြဲ မန်အောင် သံတွဲတို့ကို အစဉ်ယူ၍၊ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ၊ ရိုးမ၊

ဘိုးခေါင်တောင်တန်း၊ မော်တင်စွန်းစေတီကြီးထိ စပ်ကြားအပိုင်း အခြားဖြစ်စေ။ နောက်အပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင်၊ အင်္ဂလိပ်မင်း မြန်မာမင်းတို့က ခန့်ထားသောသူတို့သည် အထက်နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင်စေ။ ခန့်ထားသော သူတို့လည်း အရာရှိ မှူးမတ်သူကောင်း ဖြစ်စေရမည်။

  • (၄) မြန်မာရှင်ဘုရင်သည် အင်္ဂလိပ်မင်းကို ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီမြို့ရွာ နယ်နိမိတ် တောင်ကမ်း ကျွန်းများနှင့်တကွ အပိုင်ပေးသည်။ သံလွင်မြစ်အပိုင်းအခြား ဖြစ်စေရ

မည်။ နောက်မှ အပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင် အထက်က ပြဆိုခဲ့ပြီးသည့်အတိုင်း စီရင်စေ။

  • (၅) မြန်မာရှင်ဘုရင်သည် ပြည်ကြီးနှစ်ပြည် အစဉ်မိတ်ဖွဲ့ စေချင်သော စေတနာထင်ရှားစေခြင်းငှာ၊ ၎င်း အင်္ဂလိပ်က စစ်တိုက်၍ ကုန်ကျသော စားရိတ်အနက်၊ အနည်းငယ် ပြေကြေ

အောင် ကျပ်သုံး ဒင်္ဂါးပြားရေ တစ်ကုဋေပေးရမည်။

  • (၆) ယခုစစ်တိုက်ကြသည်အတွင်း ကုလားဘက် ဝင်သော မြန်မာ၊ မြန်မာဘက်ဝင်သောကုလားတို့ကို အလိုလို ဝင်သည်ဖြစ်စေ၊ အနိုင်အထက်ပြု၍ ဝင်သည်ဖြစ်စေ ဝင်ရောက်မှု

အတွက် ရာဇဝတ်ပြစ်ဒဏ် အနှောင့်အယှက် မရှိစေရ။

  • (၇) ပြည်ကြီးနှစ်ပြည် ယခုဖွဲ့သော မိတ်သဟာယ မြဲစေခြင်းငှာ၊ အင်္ဂလိပ်အရာရှိတစ်ယောက်၊ အခြွေ အရံ ၅ဝ လက်နက်ကိရိယာအစုံနှင့် မြန်မာမြို့တော်မှာ ဖြစ်စေ၊ မြန်မာ

အရာရှိတစ်ယောက်၊ အခြွေအရံ လူ ၅ဝ လက်နက်အစုံနှင့် ကုမ္မဏီဘုရင်မြို့တော်မှာဖြစ်စေ၊ ကုလားပြည်ရှိ မြန်မာမင်း၊ မြန်မာပြည်ရှိ ကုလားမင်းတို့သည် မိမိတို့နေရန် အိမ်ကို ဝယ် လိုလျှင် ဝယ်၍နေစေ။ အသစ်တည်လိုကလည်း တည်လုပ်စေ။ ၎င်းနိုင်ငံနှစ်ပါး အကျိုးစီးပွားကို ဖြစ်ထွန်းစေခြင်းငှာ၊ ရွှေလမ်းငွေလမ်းဖွင့်၍ အချင်းချင်း ဖောက်ကားရောင်းဝယ်မှုနှင့် ဆိုင် သော စာချုပ်ကို ထပ်၍ လုပ်စေရမည်။

  • (၈) စစ်မရှိ မတိုက်မီ၊ ကြွေးဟောင်းရှိသမျှ မင်းအရာရှိ ဆိုင်သည်ဖြစ်စေ၊ ဆင်းရဲသားဆိုင်သည်ဖြစ်စေ သစ္စာရှိသည့်အတိုင်း ကုန်အောင် ဆပ်ပေးစေရမည်။ ကြွေးတင်ပြီးမှ ဖြစ်

သည်ဆို၍ မကပ်မခိုစေရ။ သူ့ဥစ္စာကို အသိမ်းအယူ မရှိစေရ။ အင်္ဂလိပ်ရှင်ဘုရင်ကျွန်တို့သည် မြန်မာနိုင်ငံတွင် သေ၍ အမွေခံမရှိလျှင်၊ ကျန်ရစ်သော ဥစ္စာပစ္စည်းများကို မြန်မာနိုင်ငံတွင်းရှိ အင်္ဂလိပ်အရေးပိုင်လက်သို့ ကုလားဖြူထုံးစံအတိုင်း အပ်ရမည်။ မြန်မာကိုလည်း ထိုနည်းအတူ ဖြစ်စေရမည်။

  • (၉) အင်္ဂလိပ် သင်္ဘောများကို မြန်မာမြို့ဆိပ်သို့ ဝင်ရောက်လျှင်၊ တက်မချွတ် အမြောက်မချဘဲ နေသကဲ့သို့ အင်္ဂလိပ်မြို့ဆိပ်သို့ ဝင်ရောက်လာသော မြန်မာသင်္ဘောများသည်လည်း အနှောင့်အယှက်မရှိဘဲ နေစေရမည်။
  • (၁ဝ) အင်္ဂလိပ်မင်းနှင့် မိတ်သာဟာယဖွဲ့သော ယိုးဒယားဘုရင်သည် အင်္ဂလိပ်ဘက်သို့ စစ်ကူဝင်လာ သည်မှာ ယခုပြု လုပ်ကြသော မိတ်သဟာယစာချုပ်အပါအဝင် ဖြစ်ရမည်။
  • (၁၁) ယခုပြုလုပ်သော မိတ်သဟာယ စာချုပ်ကို မြန်မာဘုရင် ခန့်ထားတော်မူသည့် အရေးပိုင်သံတမန်တို့က လက်မှတ်တံဆိပ် ခတ်မှတ်ရမည်။ အချုပ်နှင့်ထားသော အင်္ဂလိပ်လူမျိုး

များနှင့် အင်္ဂလိပ်တိုင်းသားကုလားလူမျိုး ရှိသမျှတို့ကို အင်္ဂလိပ် အရေးပိုင် သံတော်လက်သို့ အပ်ရမည်။ ၎င်းအတိုင်း အိန္ဒိယကုမ္ပဏီအစိုးရက ခံဝန်ပြု၍ လက်မှတ်တံဆိပ်ခတ်သော စာချုပ်ကို လေးလအတွင်း မြန်မာဘုရင်လက်တော်သို့ပြန်၍ ပေးလိုက်ရမည်အပြင်၊ အင်္ဂလိပ်မင်းချုပ်ထားသည့် မြန်မာတို့ကိုလည်း မြန်မာမင်းထံသို့ အပ်ပေးရမည်။ ၎င်းစာချုပ်အတိုင်း မြန်မာမှူးမတ်များနှင့် အင်္ဂလိပ်တို့ ရေးကူးကြသည်။

စစ်ပြေငြိမ်းရန် ပြောဆိုရာ၌ မြန်မာတို့ဘက်က ဆရာ ယုဒသန် (ဒေါက်တာဂျပ်ဆင်)နှင့် ဆရာပရိုက်တို့ စကားပြန် အဖြစ်ဖြင့် ပါလာသည်၊ စာချုပ်ကို လက်မှတ်ထိုးပြီးသောအခါ အင်္ဂလိပ်တပ်များ ရန်ကုန်သို့ ပြန်ကြသည်။ ဒုတိယအရစ် ပေးပြီးသောအခါ အင်္ဂလိပ်တို့ ရန်ကုန်က ထွက်ခွာသွားကြ လေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း'
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)